← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း(၂၀၉) အနာဂတ်အတွက် ကြံစည်ခြင်း

လန်မိသားစုက ဒုတိယမင်းသမီးဆိုသည်မှာ ဖေးအဆင့် မယ်မယ်တစ်ပါး၏ သမီးဖြစ်ပြီး အဆင့်အတန်း မြင့်မားပါလျက်နှင့် ကွေ့ရန်အဆင့်လေးသာ ရှိသူတစ်ယောက်က ပြုစုစောင့်ရှောက်နေရသည်ဟု ထင်မြင်နေကြသည်။

ဤသည်က ဒုတိယမင်းသမီး၏ အဆင့်အတန်းကို နှိမ့်ချလိုက်သလို ဖြစ်နေသည်။

ထို့ကြောင့် သူတို့က လုံးဝ သဘောမတူကြပေ။

သို့သော် လင်ဝမ်ယိကလည်း ဘုရင့်အမိန့်ကို ရရှိထားပြီး နွေရာသီအပန်းဖြေနန်းတော်တွင် ဒုတိယမင်းသမီးကို စောင့်ရှောက်ရန် အထူးတာဝန်ပေးခံထားရသူ ဖြစ်သည်။

ထို့ကြောင့် မသိသလို ဟန်ဆောင်ကာ ဆက်လက် စောင့်ရှောက်နေခဲ့သည်။

သို့သော် အမတ်ကြီးလန်ကလည်း ဒီတိုင်းထားမည့်သူ မဟုတ်ရာ ပြဿနာရှာကာ လင်ကွေ့ရန်ကို အခက်တွေ့အောင် လုပ်နေတော့သည်။

အမတ်ချုပ်လင်၏ မျက်နှာကိုပင် အနည်းငယ်မျှ ထောက်ထားခြင်း မရှိပေ။

ယနေ့ ဒုတိယမင်းသမီး နေ့လယ်ခင်း အိပ်ရာမှ နိုးလာပြီး ခဏအကြာတွင် သခင်မလန်၏ ဖိတ်စာက ရွေ့ယန်စံအိမ်သို့ ရောက်လာပြန်သည်။

ရန်လိုသည့်ဟန် အပြည့်ပါနေသော ထိုဖိတ်စာကို ကြည့်ပြီး အမြဲတမ်း စိတ်သဘောထား ကောင်းမွန်သော ရှအန်းပင်လျှင် လန်မိသားစုက အရမ်း အတင်းအကျပ် လုပ်လွန်းနေသည်ဟု ခံစားလာရသည်။

အရင်က ဒုတိယမင်းသမီး အသက်အန္တရာယ် ကြုံတွေ့နေရချိန်တွင် လင်ဝမ်ယိနှင့် သမားတော်များ၊ မားမားများ၊ ထို့အပြင် ဒုတိယသခင်မ ယွင်ရှီတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းခဲ့ကြလို့သာ အသက်ရှင်ခဲ့ရသည်ကို ပြန်မတွေးကြပေ။

သေမင်းတံခါးဝ ရောက်နေချိန်က ဘယ်သူမှ လာမကြည့်ဘဲ ယခု နည်းနည်းလေး သက်သာလာတော့မှ လာလုနေကြသည်။

ထို့ကြောင့် ဖိတ်စာကို ပြန်သိမ်းထားလိုက်ပြီး မကျေမနပ်ဖြင့် ညည်းညူလိုက်မိလေသည်။

"ဒီလန်သခင်မ က တကယ်ကို အကြံအစည် ကြီးတာပဲ"

လင်ဝမ်ယိလည်း ဖိတ်စာကို ကြည့်လိုက်ပြီး လန်မိသားစု၏ အကြံအစည်ကို စိတ်ထဲတွင် သေချာသိနေသော်လည်း မပြောချင်တော့ပေ။

သူမ၏ အာရုံစိုက်မှု အားလုံးကို ဒုတိယမင်းသမီးဆီသို့သာ ထားလိုက်ပြီး ပစ္စည်းတစ်ခုကို ယူကာ ဒုတိယမင်းသမီးလေး၏ မျက်စိရှေ့တွင် လှုပ်ယမ်းပြနေလိုက်သည်။

ဒုတိယမင်းသမီးကို ရယ်အောင် စနေသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ အသံထွက်အောင် မရယ်နိုင်ခြင်းပင်။

အပြုံးလေး တစ်ခု ဖန်တီးပြရုံသာ တတ်နိုင်လေသည်။

"လန်ဖေး နန်းတွင်းဝင်လာချိန်က ချောမွေ့ပြီး အောင်မြင်ခဲ့တော့… လန်မိသားစု က အဲဒီအတိုင်း လိုက်လုပ်ပြီး နောက်ထပ် ကွေ့ဖင်မယ်မယ် တစ်ပါးကို နန်းတွင်းထပ်ပို့ချင်နေတာ ဖြစ်မယ်"

လင်ဝမ်ယိ၏ စကားတစ်ခွန်းက လန်မိသားစု၏ အကြံအစည် အားလုံးကို ကွက်တိ ထုတ်ဖော်ပြောလိုက်သလို ဖြစ်သွားသည်။

အကယ်၍ ဤကွေ့ဖင်မယ်မယ် အသစ် နန်းတွင်းဝင်လာလျှင် ဒုတိယမင်းသမီးကို သူမဆီ ပြန်အပ်ရမည် ဖြစ်ပြီး လန်မိသားစုက ဆက်လက် ပြုစုပျိုးထောင်မည် ဖြစ်သည်။

ဤနည်းအားဖြင့် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုနှင့် သနားညှာတာမှုများကို ပိုမို ရရှိနိုင်ပေလိမ့်မည်။

ဤမျှ ကောင်းမွန်သော ဖဲချပ်ကို လန်မိသားစုက ဘယ်လိုလုပ်ပြီး အလွတ်ခံမည်နည်း။

နှမြောစရာကောင်းသည်မှာ သူတို့၏ အကြံအစည်များ လွဲချော်သွားခြင်းပင်။

လန်ဖေး နန်းတွင်းဝင်လာစဉ် အချိန်က နန်းတော်ထဲတွင် ပထမမင်းသား တစ်ပါးတည်းသာ ရှိသေးသောကြောင့်ပင်။

ထို့အပြင် ညီလာခံရှိ အင်အားစု အသီးသီးကလည်း အလွန် ရှုပ်ထွေးပွေလီနေသဖြင့် သူမကို ရာထူးမြင့်မြင့်တစ်ခု မပေးထားလျှင် အခြေအနေကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ယခုမူ အရှင်မင်းကြီးမှာ ပြည့်စုံနေပြီဖြစ်ရာ ထိုခေါင်းမာသော အမတ်ဟောင်းများကို စောစောကတည်းက နှိမ်နင်းထားပြီးပြီ ဖြစ်သည်။

ဘယ်လိုလုပ်ပြီး လန်မိသားစု၏ ဤကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုချက်ကို လက်ခံနိုင်မည်နည်း။

လန်မိသားစုကလည်း ဤအချက်ကို သဘောပေါက်သွားပုံရသဖြင့် ဒုတိယမင်းသမီးကို ခေါ်သွားပြီး နယ်ရုပ်အဖြစ် အသုံးချချင်နေကြခြင်း ဖြစ်သည်။

ဘေးနားရှိ တုမားမား အကဲခတ်တတ်သူပီပီ လန်မိသားစု၏ အကြံအစည်အကုန် ကို သိမြင်နေလေ၏။

မျက်နှာထား လေးနက်စွာဖြင့် ချက်ချင်း ပြန်ပြောလိုက်သည်။

"သခင်မလေး အေးအေးချမ်းချမ်းနဲ့ ဒုတိယမင်းသမီး ကိုသာ သေချာ ပြုစုပါ… တကယ်လို့ လန်မိသားစု က လူတွေ ရောက်လာရဲရင် ဒီအစေခံကြီး က သူတို့ကို မပြန်နိုင်အောင်အထိ လုပ်ပေးပါ့မယ်"

တုမားမား၏ ဤမျှ ပြတ်သားသော လေသံကြောင့် လင်ဝမ်ယိပင် အနည်းငယ် အံ့ဩသွားမိသည်။

သူမမှာ နောက်ခံ တစ်ခုခု ရှိနေသေးသလားဟု ခံစားနေရသည်။

သို့သော် ပြန်တွေးကြည့်သောအခါ သူမက မျိုးဆက် သုံးဆက်တိုင်တိုင် ပြုစုခစားခဲ့ရသော နာမည်ရ မားမားတစ်ဦး ဖြစ်ရာ ဘယ်လို မုန်တိုင်းမျိုးကို မကြုံဖူးဘဲ နေမည်နည်း။

ထို့ကြောင့် ထပ်ပြီး စူးစမ်းမနေတော့ပေ။

ပြုံးကာ ပြောလိုက်လေသည်။

"နှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မားမား… ကျွန်မ အခု ဘာမှ မတွေးချင်တော့ဘူး… ဒုတိယမင်းသမီး မြန်မြန် ကြီးပြင်းလာပြီး ပုံမှန်လူတွေလို ဖြစ်လာဖို့ပဲ မျှော်လင့်တော့တယ်… ဒါဆိုရင် သောင်းသိန်းမက ပျော်ရွှင်ရမှာပဲ"

တုမားမားက ခေါင်းညိတ်လိုက်သည်။ လင်ဝမ်ယိ၏ ဤစကားအပေါ် သူမ တစ်ခါမှ သံသယ မဝင်ခဲ့ဖူးပေ။

မည်သို့ပင်ဆိုစေ ဒုတိယမင်းသားက ရှေ့တွင် ရှိနေပြီး ကလေးများကို ပြုစုပျိုးထောင်ရာတွင် သူမက အစွမ်းကုန် ကြိုးစားသူ ဖြစ်သည်။

ကျိမားမားကတော့ သဘောထားပျော့ပျောင်းသူ ဖြစ်ပြီး ဘယ်တော့မှ ပြဿနာ မရှာတတ်ပေ။

ဒုတိယမင်းသမီးကို သေချာ ပြုစုစောင့်ရှောက်ဖို့ကိုသာ အာရုံစိုက်ထားပြီး ဤစကားဝိုင်းတွင် ဝင်မပါပေ။

သူတို့ စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ ချိုးမင်က ချင်အန်းကုန်းကုန်း ရောက်လာကြောင်း သတင်းပို့လာလေသည်။

သူတို့ နွေရာသီအပန်းဖြေနန်းတော်တွင် ရှိနေစဉ်အတွင်း အရာအားလုံးကို ချင်အန်းက စီစဉ်ပေးရခြင်း ဖြစ်သည်။

ထို့ကြောင့် သူက အားလပ်နေလျှင် နေ့စဉ် နေ့တိုင်း လာရောက် ဂါရဝပြုလေ့ရှိသည်။

လင်ဝမ်ယိက အများကြီး မတွေးဘဲ ယခင်ကလိုပင် ဖြစ်မည်ဟု ထင်ကာ သူ့ကို ဝင်ခွင့်ပြုလိုက်သည်။

သို့သော် သူ၏ မျက်နှာထားက လေးနက်ပြီး အလွန် တည်တင်းနေသည်ကို တွေ့လိုက်ရ၏။

ရုတ်တရက် အခန်းထဲရှိ လူအားလုံးက ရန်သူကြီး ရောက်လာသည့်အလား ဖြစ်သွားကြပြီး လန်မိသားစုမှ လူတွေများ ဒုတိယမင်းသမီးကို အတင်း လာလုကြပြီလားဟု ထင်သွားမိကြသည်။

"ဒီအစေခံ ချင်အန်း သခင်မလေး ကို ဂါရဝပြုပါတယ်"

"ချင်ကုန်းကုန်း ထပါ"

ထို့နောက် ကောင်းကင်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။

"ကုန်းကုန်း ဒီနေ့ လာတာ အစောကြီးပါလား"

လင်ဝမ်ယိက အလကားနေရင်း စကားစပ်ရုံမျှသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ချင်အန်း၏ မျက်နှာပေါ်တွင်တော့ အနေရခက်မှုများ ပေါ်လာလေသည်။

သူ၏ ဤကဲ့သို့သော မျက်နှာထားမျိုးကို လင်ဝမ်ယိ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူမ နန်းတွင်းဝင်လာကတည်းက ချင်အန်းမှာ အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး ဖော်ရွေသော ပုံစံများဖြင့်သာ ဖော်ပြလေ့ရှိသည်။

ခေတ္တ စဉ်းစားပြီးနောက် မေးလိုက်လေ၏။

"ချင်ကုန်းကုန်း… ဘာဖြစ်လာတာလဲ"

လင်ဝမ်ယိ စကားပင် မဆုံးသေးခင် ချင်အန်းက ဒူးထောက်ချလိုက်သည်။

ထို့နောက် တိတ်ဆိတ်သွားလေ၏။

တုမားမားက အတွေ့အကြုံရှိသူပီပီ ဤသည်က ဘာကို ဆိုလိုသလဲဆိုသည်ကို ချက်ချင်း သိလိုက်သည်။

ထို့ကြောင့် လင်ဝမ်ယိကို ပြောလိုက်လေသည်။

"သခင်မလေး… ဒီအစေခံကြီး သွားပြီး ဒုတိယမင်းသား ရဲ့ ဆေးကျိုလို့ ပြီးပြီလား သွားကြည့်လိုက်ဦးမယ်"

"အင်း"

သူမက ဤမျှ သိတတ်စွာဖြင့် ထွက်ခွာသွားသည်ကို မြင်သောအခါ ကျိမားမားလည်း ဒုတိယမင်းသမီးကို ပွေ့ချီကာ နို့ဆာနေပြီဟု အကြောင်းပြပြီး ထွက်ခွာသွားလေသည်။

ရှအန်းကလည်း အကဲခတ်တတ်သူပီပီ ချင်အန်းက သခင်မလေးနှင့် သီးသန့် စကားပြောစရာ ရှိနေကြောင်း နားလည်သွားသည်။

ထို့ကြောင့် အပြင်ထွက်ချိန်တွင် တံခါးကိုပါ သေချာ ပိတ်ပေးခဲ့လေ၏။

အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး စင်္ကြံလမ်းတွင် ရပ်ကာ အပြင်ဘက်ကိုသာ စောင့်ကြည့်နေလေသည်။

အပြင်လူတွေ အားလုံး ထွက်သွားမှသာ လင်ဝမ်ယိက ကိုယ်ဟန်ကို မတ်မတ်ထားလိုက်ပြီး မေးလိုက်လေသည်။

"ချင်ကုန်းကုန်း ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ… ဒီမှာ ဘယ်သူမှ မရှိတော့ပါဘူး"

လူတိုင်းက သူ့အတွက် ထွက်သွားပေးနေသည်ကို ချင်အန်း ဘယ်လိုလုပ်ပြီး မသိဘဲ နေမည်နည်း။ ဂုဏ်သိက္ခာကြီးမားသော နန်းတွင်းရေးရာဌာန၏ လက်ထောက်မိန်းမစိုးချုပ် တစ်ယောက်က အဆင့်နိမ့် ကွေ့ရန်လေး တစ်ယောက်ရှေ့တွင် ဤကဲ့သို့ အောက်ကျို့နေရသည်ဟု အပြင်လူတွေ သိသွားလျှင် အနည်းငယ်တော့ မျက်နှာပျက်စရာ ဖြစ်ပေမည်။

သို့သော် သူ ဂရုမစိုက်နိုင်တော့ပေ။

မျက်လုံးများ နီရဲလာပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ပြောလိုက်လေသည်။

"သခင်မလေး ခွင့်လွှတ်ပေးပါ… ဒီအစေခံ နန်းတွင်းမဝင်ခင်က အပြင်မှာ ရောဂါသည် အဖေ တစ်ယောက် ရှိခဲ့တယ်… အဖေ့ကို ဆေးကုပေးဖို့ မဟုတ်ရင် ဒီအစေခံ က ဒီနန်းတွင်းထဲ ဝင်ပြီး သင်းကွပ်ခံမှာ မဟုတ်ပါဘူး… ဒါပေမဲ့ အခု အပြင်ကနေ သတင်းပို့လာတယ်… အဖေက အခြေအနေ သိပ်မကောင်းတော့ဘူးတဲ့… ဒီအစေခံ… ဒီအစေခံ သခင်မလေး ကို တောင်းပန်ချင်ပါတယ်… သခင်မ ယွင်ရှီကို သွားကြည့်ပေးဖို့ အကူအညီ တောင်းပါတယ်… တကယ်လို့ အဖေ့ကို ကယ်လို့ရသေးရင် သခင်မ ယွင်ရှီ ရဲ့ မေတ္တာကို ခံယူပါရစေ"

ချင်အန်း၏ ဤစကားများက လင်ဝမ်ယိကို အမှန်တကယ်ပင် မထင်မှတ်ထားစေခဲ့ပေ။

သူမက ချင်အန်း၏ မိသားစု အကြောင်းကို တစ်ခုမှ မသိခဲ့ပေ။ သို့သော် ချင်အန်းက သူမဆီအထိ လာတောင်းပန်နေမှတော့ သူမ ငြင်းဆန်မည် မဟုတ်ပေ။

ထို့ကြောင့် ပြန်ပြောလိုက်လေသည်။

"ငါ စာတစ်စောင် ရေးပေးမယ်… နင် လူလွှတ်ပြီး သုန်မိသားစု ဆီ ပို့လိုက်ပါ… ငါ့ ဒုတိယဦးလေး စာဖတ်ပြီးတာနဲ့ သေချာပေါက် နင့်အဖေဆီ လာပြီး ဆေးကုပေးပါလိမ့်မယ်… သူ့ရဲ့ ဆေးပညာက သခင်မယွင်ရှီ ထက် မလျော့ပါဘူး… နင် စိတ်ချလို့ ရပါတယ်… ဒါပေမဲ့ တကယ်လို့…"

"သခင်မလေး စိတ်ချပါ… ဒီအစေခံ ရဲ့ အဖေက နေမကောင်းတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ… တကယ်လို့ ကယ်တင်လို့မရတော့တဲ့ အခြေအနေမျိုးဆိုရင်လည်း ဒီအစေခံ အတင်းအကျပ် မလုပ်ပါဘူး"

"ဒါဆိုရင်လည်း အဆင်ပြေတာပေါ့"

ကယ်တင်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်သော်လည်း အကယ်၍ မကယ်တင်နိုင်လျှင် ချင်အန်းနှင့် သူမကြားက ဆက်ဆံရေးကို မထိခိုက်စေချင်ပေ။

မည်သို့ပင်ဆိုစေ နန်းတော်ထဲတွင် သူမ၏ အဆင်ပြေမှု အတော်များများက ချင်အန်း စီစဉ်ပေးခဲ့ခြင်း‌ကြောင့် ဖြစ်သည်။

ထို့ကြောင့် အနည်းငယ် သတိထားရပေမည်။

ချက်ချင်းပင် စာတစ်စောင် ရေးပေးလိုက်ရာ ချင်အန်းက ထိုစာကို ယူပြီး အကြိမ်ကြိမ် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုပြီး ထွက်သွားလေသည်။

အလျင်စလို ထွက်သွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း လင်ဝမ်ယိ ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ဒီလူ့ဘဝ ဆိုတာ အမြဲတမ်း ဒုက္ခတွေနဲ့ ပြည့်နှက်နေတာပဲလေ။

All Chapters