အခန်း ၂၁၀
Vol. 21 Ch. 210
အခန်း(၂၁၀) လူ့အသက်က အရေးကြီးဆုံး
ချင်အန်း လို နန်းတော်ထဲမှ တက်ကြွသူတောင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကိစ္စကို ရင်ဆိုင်ရချိန်မှာတော့ ကြောက်လန့်တကြားနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရလေသည်။
အတိတ်က အကြောင်းအရာတွေကို တွေးမိပြီး သက်ပြင်းတစ်ချက်ကို ချမိလိုက်လေသည်။
ချင်ကုန်းကုန်း က စာကို ရပြီးသည်နှင့် နွေရာသီအပန်းဖြေနန်းတော် ကနေ ထွက်လာခဲ့ပြီး သုန်မိသားစုအိမ်တော် ဆီသို့ တန်းတန်းမတ်မတ် သွားလေသည်။
သခင်မသုန်က ကိစ္စတစ်ခုဖြင့် အပြင်ထွက်ရန် ပြင်ဆင်နေချိန်တွင် အလျင်စလို ဖြစ်နေသော ချင်ကုန်းကုန်း ကို တိုက်တိုက်ဆိုင်ဆိုင်ပင် တွေ့လိုက်ရလေသည်။
သူမက ချင်ကုန်းကုန်း နှင့် တစ်ခါနှစ်ခါ ဆုံဖူးသဖြင့် မှတ်မိနေလေသည်။
သူ၏ ဤမျှလောက် အလျင်စလိုနှင့် စိုးရိမ်တကြီး ဖြစ်နေသော ပုံစံကို မြင်လိုက်ရသောအခါ သူမ၏ သမီးဖြစ်သူ နန်းတော်ထဲတွင် တစ်ခုခုများ ဖြစ်သွားပြီလားဟု ထင်ကာ အမြန်ရှေ့တိုးပြီး မေးလိုက်လေ၏။
"ချင်ကုန်းကုန်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ… သခင်မလေး ဆီမှာများ…"
"ပထမသခင်မ စိတ်ချပါ… သခင်မလေး နဲ့ ဒုတိယမင်းသမီး တို့ အားလုံး အဆင်ပြေပါတယ်… ဒီအစေခံ ရဲ့ အိမ်မှာ ပြဿနာလေး ရှိနေလို့… သခင်မလေး ဆီက စာတစ်စောင် အကူအညီတောင်းပြီး… ဒုတိယသခင်ကြီးသုန် ကို ဒီအစေခံ ရဲ့ အဖေ အခြေအနေကို သွားကြည့်ပေးဖို့ တောင်းဆိုချင်လို့ပါ"
ထိုစကားကို ကြားသောအခါမှ သခင်မသုန် ၏ ရင်ထဲက အလုံးကြီး ကျသွားတော့သည်။ သို့သော် ချင်ကုန်းကုန်း ၏ တောင်းဆိုမှုကိုတော့ အနည်းငယ်မျှ မပေါ့ဆရဲပေ။
ချက်ချင်းပင် သူ့ကို အတွင်းဆောင်ဆီသို့ ခေါ်သွားလေ၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့ ဒုတိယသခင်ကြီးသုန် က ဆေးခန်းသို့ မသွားဘဲ ဆေးအသစ်များ ဖော်စပ်ရန် အိမ်တွင် ကျန်ရစ်နေခဲ့သည်။
ညီမဖြစ်သူက မျက်နှာစိမ်း တစ်ယောက်ကို ခေါ်လာသည်ကို မြင်သောအခါ သူ အနည်းငယ် လန့်သွားရသည်။
သို့သော် ထိုသူ၏ မေးစေ့တွင် မုတ်ဆိတ်မွေး မရှိသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း သဘောပေါက်သွားတော့၏။
"ဒီလူက…"
ချင်ကုန်းကုန်း က စိတ်လောနေသဖြင့် သခင်မသုန် မိတ်ဆက်ပေးသည်ကိုပင် မစောင့်နိုင်တော့ဘဲ ချက်ချင်း ဝင်ပြောလိုက်လေသည်။
"ဒီအစေခံ က နန်းတော်ထဲက လူပါ… အခု လင်ကွေ့ရန် ရဲ့ ကျေးဇူးကြောင့်… ဒုတိယသခင်ကြီးသုန် ကို ဒီအစေခံ ရဲ့ အဖေကို ဆေးကုပေးဖို့ လာပင့်တာပါ"
ထိုသို့ပြောပြီးသည်နှင့် စာကို ကမ်းပေးလိုက်လေ၏။
ဒုတိယသခင်ကြီးသုန် ကလည်း ဟန်ရေးမပြဘဲ ချက်ချင်းပင် စာကို ဖွင့်ဖတ်လိုက်သည်။
ထို့နောက် မျက်နှာထား လေးနက်သွားပြီး ချင်ကုန်းကုန်း ကို ပြောလိုက်လေ၏။
"ဆေးကုရမယ့် ကိစ္စဆိုမှတော့ မြန်မြန် သွားကြတာပေါ့… နောက်ကျသွားရင် လူနာအတွက်လည်း မကောင်းဘူး"
ချင်ကုန်းကုန်း မှာ အလွန်တရာ ကျေးဇူးတင်သွားမိတော့သည်။
ဒုတိယသခင်ကြီးသုန် က လင်ကွေ့ရန် ၏ မျက်နှာကြောင့် သူ၏ ဖခင်ကို ဆေးလာကုပေးမည် ဆိုသော်လည်း ဤကဲ့သို့ စကားမျိုးက သူ့အတွက် ရင်ထဲတွင် အများကြီး သက်သာရာ ရသွားစေသည်။
ထို့ကြောင့် အလျင်အမြန် ဝေါယာဉ်ပေါ်တက်ကာ အနောက်တောင်ဘက်ရှိ လူနေအိမ်ခြေများဆီသို့ ဦးတည်ပြီး ထွက်လာခဲ့ကြတော့သည်။
ဒုတိယသခင်ကြီးသုန် က ပုံမှန်အားဖြင့် နေရာအနှံ့ သွားလာနေသူ ဖြစ်ရာ မြင်ကွင်းမျိုးစုံကို တွေ့ဖူးလေသည်။
ဤလူနေအိမ်ခြေများမှာ ဆင်းရဲသားများ နေထိုင်ရာ နေရာဖြစ်ကြောင်းကိုလည်း သိထားပြီးသား ဖြစ်သဖြင့် လာရသည်မှာ ပထမဆုံးအကြိမ်လို မဖြစ်တော့ပေ။
သူ၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်မှုများ မရှိသည်ကို မြင်ရသောအခါ ချင်ကုန်းကုန်း က သူ့ကို အထင်ကြီး လေးစားသွားမိလေ၏။
သူ့ဖခင်ကို ဆေးကုပေးရန် တော်ဝင်ဆေးကုသဆောင် မှ သမားတော် တစ်ဦးဦးကို သွားရောက် အကူအညီတောင်းဖို့ ဆိုသည်မှာ သူ၏ အဆင့်အတန်းဖြင့် သိပ်ခက်ခဲသော ကိစ္စတော့ မဟုတ်ပေ။
သို့သော် ထိုသမားတော်များမှာ အနာဂတ်တွင် တော်ဝင်သမားတော် ဖြစ်လာမည့်သူများ ဖြစ်ပြီး မင်းဆွေမင်းမျိုးများနှင့် သခင်မလေးများကိုသာ ဆေးကုပေးလေ့ရှိရာ ဤကဲ့သို့ ဆင်းရဲနွမ်းပါးမှုများကို သိပ်ပြီး ဆေးကုပေးသည်မှာ မဖြစ်နိုင်ပေ။
ချင်ကုန်းကုန်း က သူ၏ လျှို့ဝှက်ချက်များကို အခြားသူများရှေ့တွင် ဤသို့ မဖော်ပြချင်သလို တစ်ချိန်က သူ့ကို သိမ်ငယ်စေခဲ့သော ရွံရှာသည့် အကြည့်မျိုးကို ပို၍ ကြောက်ရွံ့မိလေသည်။
ထို့ကြောင့်သာ သူက လင်ဝမ်ယိ နှင့် သုန်မိသားစုအိမ်တော် ဆီသို့ အကူအညီ လာတောင်းရခြင်း ဖြစ်သည်။
ဒုတိယသခင်ကြီးသုန် ၏ မျက်နှာထားက ပုံမှန်အတိုင်း တည်ငြိမ်နေသည်ကို မြင်သောအခါမှသာ သူ့ရင်ထဲက အလုံးကြီး ကျသွားတော့၏။
အိမ်က မကြီးဘဲ သစ်သားနှင့် သက်ကယ်များကို အသုံးပြုကာ ရိုးရှင်းစွာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။
စုစုပေါင်း အခန်း သုံးခန်းသာ ရှိပြီး ဘယ်ဘက်ရှိ အခန်းက မီးဖိုချောင်ငယ်လေး ဖြစ်ကာ ညာဘက်ရှိ အခန်းမှာ ကလေးများ နေထိုင်သည့် နေရာဖြစ်ပုံရပြီး မျက်နှာစာရှိ အခန်းကတော့ ပင်မအခန်း ဖြစ်လေသည်။
အိမ်ထဲ ဝင်လိုက်သည်နှင့် သူတို့ နှစ်ယောက်လုံး အလွန် အံ့အားသင့်သွားကြလေ၏။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ အိမ်ထဲတွင် အနံ့အသက်များ အလွန် ဆိုးရွားပြီး မွန်းကြပ်နေသောကြောင့်ပင် ဖြစ်သည်။
နာတာရှည် ရောဂါသည်များတွင် အနံ့ဆိုး ရှိတတ်ကြောင်းကို သူတို့ နှစ်ယောက်လုံး သိထားကြသည်။
သို့သော် ယခုလို အခြေအနေမျိုးမှာ သေချာ ပြုစုစောင့်ရှောက်မည့်သူ မရှိကြောင်း သိသာလွန်းနေလေ၏။
ချင်ကုန်းကုန်း ၏ ရင်ထဲတွင် ရုတ်တရက် ဒေါသများ ဆူပွက်လာသော်လည်း ဒုတိယသခင်ကြီးသုန် ရှိနေသေးသည်ကို သတိရကာ ဒေါသမီးကို အတင်းဖိနှိပ်ထားလိုက်ရသည်။
ထို့နောက် ဒုတိယသခင်ကြီးသုန် ကို အားနာသည့်ဟန်ဖြင့် ပြောလိုက်လေ၏။
"ဒုတိယသခင်ကြီး ကို ဒုက္ခပေးရပါပြီ"
"ချင်ကုန်းကုန်း အားနာစရာ မလိုပါဘူး"
အခန်းက မကြီးသဖြင့် ထောင့်တစ်နေရာတွင် လဲလျောင်းနေသော လူတစ်ယောက်ကို ချက်ချင်း မြင်တွေ့နိုင်လေသည်။
ခန္ဓာကိုယ်ပေါ်တွင် ခြုံထားသော စောင်မှာ ဝါဂွမ်းများ သိပ်မရှိတော့ဘဲ စောင်တစ်ခုလုံး ဖာထေးထားသော အကွက်များဖြင့် ပြည့်နေ၏။
ဆင်းရဲသား မိသားစုများတွင် ဤကဲ့သို့ စောင်မျိုး ရှိနေခြင်းက အနည်းငယ်မျှ မထူးဆန်းပေ။
သို့သော် ထိုစောင်ပေါ်ရှိ အညစ်အကြေးများကို ကြည့်ရသည်မှာ မလှုပ်မရှား ရှိသည်မှာ ကြာပြီဖြစ်ကြောင်း သိသာနေသည်။ ဤအကြောင်းကို တွေးမိသည်နှင့် သူ့မျက်ဝန်းများထဲတွင် ဒေါသမီးများ တောက်လောင်လာတော့၏။ ချက်ချင်းပင် ရှေ့သို့ အမြန် ပြေးသွားလိုက်သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော လူကို ကြည့်လိုက်ရာ မျက်နှာမှာ မည်းနက်နေပြီး သတိလစ်နေပုံ ရလေသည်။
ဘေးနားတွင် ပန်းကန်ကွဲလေး တစ်လုံး ရှိနေပြီး အဲ့ဒီအကွဲလေးပေါ်တွင် ရေအနည်များ ရှိနေကာ ဘယ်လောက်ကြာကြာ ထားထားမှန်းပင် မသိနိုင်ပေ။
ထိုအပုပ်နံ့များမှာ စောင်အောက်မှ ထွက်ပေါ်လာခြင်းပင်။
ချင်ကုန်းကုန်း က စောင်ကို လှန်ကြည့်စရာပင် မလိုဘဲ အထဲတွင် ရှုပ်ပွနေမည်ကို သိနေလေ၏။
"မိုးကြိုးပစ်ခံရမဲ့ ချိုက်မိသားစု က မိန်းမ… ငါ့အဖေ အပေါ် ဒီလို ရက်ရက်စက်စက် လုပ်ရက်တယ်… သူက တကယ်ပဲ…"
ဆဲဆိုချင်သော စကားများက နှုတ်ခမ်းဖျားအထိ ရောက်လာသော်လည်း သူက အတင်း မြိုချလိုက်ရသည်။
ယခုအချိန်က လူကို ဆဲဆိုနေရမည့် အချိန်မဟုတ်ဘဲ ဆေးကုသရန်ကသာ ပိုအရေးကြီးသည်။
ချက်ချင်းပင် နေရာဖယ်ပေးလိုက်ပြီး အနည်းငယ် အားနာစွာဖြင့် ပြောလိုက်လေ၏။
"ဒုတိယသခင်ကြီး အားနာပါတယ်… ရွံရှာမနေဘဲ ကျွန်တော့်အဖေ ကို အရင် ဆေးစစ်ပေးပါဦး"
"အင်း"
ဒုတိယသခင်ကြီးသုန် က မျက်စိရှေ့ရှိ အခြေအနေကို ကြည့်ပြီး အသက်ကယ်ရန် မဖြစ်နိုင်တော့ဟု ခံစားမိသည်။
သို့သော် သွေးခုန်နှုန်းကိုတော့ သေချာစွာ စမ်းသပ်ကြည့်လိုက်လေ၏။
ခေတ္တအကြာတွင် မျက်နှာထား လေးနက်စွာဖြင့် ပြောလိုက်လေသည်။
"ချင်ကုန်းကုန်း စိတ်ကို တင်းထားပါ… ကုန်းကုန်း ရဲ့ အဖေ က ဒီနေ့ကိုတောင် ကျော်နိုင်ပါ့မလား မသိဘူး"
ဤစကားကို ကြားသည်နှင့် ဒုက္ခမျိုးစုံကို တွေ့ကြုံခဲ့ဖူးသော ချင်ကုန်းကုန်း ပင်လျှင် မတ်တပ်မရပ်နိုင်လုနီးပါး ဖြစ်သွားရလေသည်။
ကုတင်ပေါ်တွင် အိပ်မောကျနေသလား၊ သတိလစ်နေသလားကိုပင် မသိနိုင်သော အဖေဖြစ်သူကို ကြည့်ပြီး ချက်ချင်းပင် ဝမ်းနည်းမှုများ ပေါက်ကွဲထွက်လာတော့၏။
"တကယ်ပဲ… ကယ်လို့မရတော့ဘူးလား"
ဒုတိယသခင်ကြီးသုန် က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ခေါင်းခါပြပြီး ပြောလိုက်လေသည်။
"ကုန်းကုန်း ရဲ့ အဖေ က အရင်ကတည်းက ရောဂါဟောင်း ရှိနေတယ်… အရင်တုန်းက လေဖြတ်ဖူးတာ ဖြစ်ရမယ်… လေဖြတ်တဲ့သူတွေအတွက် အရေးအကြီးဆုံးက သေချာ ဂရုစိုက် ပြုစုဖို့ပဲ… ဒါပေမဲ့ အခုတော့… ကျွန်တော် သွေးခုန်နှုန်း စမ်းကြည့်တော့ နှလုံးခုန်တာကိုတောင် သေချာ မခံစားရတော့ဘူး… အေးပြီး အဆာငတ်နေတာ တစ်ရက်နှစ်ရက် မကတော့ဘူး ထင်တယ်… ဒါကြောင့်…"
သူ၏ ဤစကားများကြောင့် ချင်ကုန်းကုန်း ၏ ဝမ်းနည်းမှုများက မုန်းတီးမှုအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ချိုက်မိသားစု က ထိုမိန်းမကို သတ်ပစ်ချင်စိတ်များ ပေါက်လာတော့သည်။
သို့သော် ယခုအချိန်တွင် အခန်းထဲ၌ သူတို့ နှစ်ယောက်နှင့် သူ၏ အဖေသာ ရှိလေသည်။
သူ သတ်ချင်လျှင်တောင် သတ်ရမည့်သူကို ရှာရဦးမည်သာ။
မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီး ဖခင်ဖြစ်သူ၏ ခြောက်သွေ့ကာ အေးစက်နေသော လက်ကို ဆုပ်ကိုင်ရင်း အသံထွက်အောင် အော်ဟစ် ငိုကြွေးတော့လေသည်။
သေခါနီးအချိန်မို့ အသိစိတ် ပြန်ဝင်လာတာလား၊ ဒါမှမဟုတ် သားအဖ သံယောဇဉ်ကြောင့်လား မသိနိုင်ပေ။
ရက်အတော်ကြာ မျက်လုံးမဖွင့်နိုင်ခဲ့သော သူ၏ အဖေက တဖြည်းဖြည်း သတိပြန်ရလာလေ၏။
"ဒါ… သားကြီး လား"
ချင်ကုန်းကုန်း မှာ မူလက အလွန် ဝမ်းနည်းစွာ ငိုကြွေးနေသော်လည်း ဤစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ ဖခင်ဖြစ်သူက ခက်ခက်ခဲခဲ စကားပြောနေသည်ကို မြင်တွေ့လိုက်ရသည်။
ချက်ချင်းပင် ဒုတိယသခင်ကြီးသုန် ကို လှမ်းကြည့်လိုက်လေ၏။
သူ့မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ရှိနေပြီး ဒုတိယသခင်ကြီး က သူ့အဖေကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မည်လားဟု မျှော်လင့်နေပုံရသည်။
သို့သော်လည်း ဒုတိယသခင်ကြီးသုန် က ခေါင်းခါပြပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်လေ၏။
"ချင်ကုန်းကုန်း အချိန်ကို အကျိုးရှိရှိ အသုံးချလိုက်ပါ"
ဤစကားတစ်ခွန်းက ချင်ကုန်းကုန်း ၏ မျှော်လင့်ချက်များကို ချက်ချင်း ပြန်လည် ရိုက်ချိုးလိုက်လေသည်။
ဤသည်က အဖေဖြစ်သူနှင့် သားဖြစ်သူတို့ နောက်ဆုံး စကားပြောရမည့် အချိန်ဖြစ်ကြောင်း သိသဖြင့် ဒုတိယသခင်ကြီးသုန် က မနှောင့်ယှက်တော့ပေ။
အခန်းထဲမှ ထွက်လာပြီး ခြံတံခါးအပြင်ဘက်တွင် ရပ်ကာ စောင့်နေလိုက်လေသည်။
ဤကဲ့သို့ သေကွဲကွဲရသော မြင်ကွင်းများကို သမားတော် တစ်ယောက်အနေဖြင့် သူ အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီ ဖြစ်သည်။
သို့သော် အကြိမ်တိုင်းတွင် သူ အမြဲတမ်း သက်ပြင်းချမိဆဲပင်။ အကယ်၍ သူ့ရဲ့ ဆေးပညာက ဒီထက် နည်းနည်းလောက် ပိုကောင်းခဲ့ရင် လူတွေကို ပိုပြီး ကယ်တင်နိုင်မှာလား။
ရင်ထဲတွင် ဝမ်းနည်းစွာ သက်ပြင်းချမိသော်လည်း ဘာမှ မလုပ်နိုင်ခဲ့ပေ။
အခန်းထဲတွင် ဖခင်အိုကြီးက သူ့၏ နောက်ဆုံး အသက်ကို အစွမ်းကုန်ရှူကာ အားယူပြီး အသုံးပြုနေပုံရသည်။
ချင်ကုန်းကုန်း ကို ကြည့်လိုက်ချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေပုံပင် ပေါ်လာလေ၏။
"အဖေ ထင်ခဲ့တာ… ဒီဘဝမှာ မင်း… ပြန်မလာတော့ဘူး… ပြန်မလာတော့ဘူးလို့…"
"အဖေ… သားရဲ့ မိုက်မဲမှုတွေကို ခွင့်လွှတ်ပေးပါ”