အခန်း ၄၈၈
Vol. 49 Ch. 488
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၈၈)
" ခမည်းတော် သူကို ဘယ်လိုစီရင်ရမလဲဆိုတာ ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ။ " ကျောက်ဖုန်းက သက်ပြင်းချပြီး ရင်ကျန့်ကို ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရင်ကျန့်က ဖြည်းညင်းစွာ လှည့်လာပြီး ဟူဟိုက်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။ ရင်ကျန့်၏ အကြည့်အောက်တွင် ဟူဟိုက်က ခေါင်းငုံ့သွားသည်။
" ငါသာ သူ့ကို ခွင့်လွှတ်လိုက်ရင် မင်းကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။ သူက တကယ်ပဲ မင်းအသက်ကို လိုချင်နေခဲ့တာပဲ။ " ရင်ကျန့်က သက်ပြင်းချပြီး ပြောလိုက်သည်။
" ဟူဟိုက် မင်းက ငါ့သားဖြစ်ပေမယ့် ညီအကိုသံယောဇဉ်ကို မထောက်ထားဘဲ လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ မင်းက အိမ်ရှေ့စံမင်းသားကို လုပ်ကြံဖို့ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေနဲ့ ပူးပေါင်းခဲ့တယ်။ ဒီလောက်ကြီးမားတဲ့ ရာဇဝတ်မှုကို ငါ ဘယ်လိုခွင့်လွှတ်ရမလဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဟူဟိုက်ကို သေဒဏ်ပေးလိုက်တယ်။ သူရဲ့မိခင်နဲ့ ဆွေမျိုးအားလုံးကိုလည်း သုတ်သင်စေ။ " ရင်ကျန့်က ခဏတွေဝေပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
ထိုစကားများထွက်ပေါ်လာသည်နှင့် နန်းတော်တစ်ခုလုံးက အံ့အားသင့်သွားကြသည်။ ရင်ကျန့်က ဟူဟိုက်ကို တိုက်ရိုက်သေဒဏ်ပေးကြလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ မည်သို့ပင်ဖြစ်စေ ဟူဟိုက်က သူ၏ သားတစ်ယောက်ဖြစ်သည်။
" ခမည်းတော်က သားတော်ကို သတ်မလို့လား။ သားတော်က ခမည်းတော်ရဲ့သားတော်လေ။ ကျောက်ဖုန်းအတွက်နဲ့ ခမည်းတော်က သားတော်ကို တကယ်ပဲ သတ်ချင်တာလား။ " ဟူဟိုက်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ရင်ကျန့်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" ခမည်းတော်က ငါ့အတွက်နဲ့ ဟူဟိုက်ကို သေဒဏ်ပေးလိုက်တာပဲ။ " ကျောက်ဖုန်းကလည်း ရင်ကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ရင်ကျန့်က ဟူဟိုက်နှင့် သူ၏ မိသားစုကို သုတ်သင်ရန် တိုက်ရိုက်အမိန့်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အစက ရင်ကျန့်က ဟူဟိုက်ကို မင်းသားအဆင့်မှ ဖယ်ရှားပြီး အကျဉ်းချမည် သို့မဟုတ် မြောက်ဘက်နယ်စပ်သို့ ပို့ဆောင်လိမ့်မည်ဟုသာ သူက ထင်ခဲ့သည်။
" ဖုန်းအာ ငါ မင်းရဲ့ မိခင်နဲ့ မင်းတို့မောင်နှမအပေါ် အကြွေးတင်တာ များနေပြီ။ ဒီလိုအခြေအနေမျိုးမှာတောင် မင်းကို ကြိုးစားတဲ့ ဒီသစ္စာဖောက်ကို ငါကယ်တင်ခဲ့ရင် ငါ မင်းရဲ့ ဖခင်ဖြစ်ဖို့ မထိုက်တန်တော့ဘူး။ " ရင်ကျန့်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ ဟူဟိုက်နှင့် ကျောက်ဖုန်းတွင် သူက ကျောက်ဖုန်းကိုသာ ရွေးချယ်ခဲ့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်ဖုန်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ " ခမည်းတော်က ငါ့အတွက်နဲ့ ဟူဟိုက်ကို သတ်ရဲရင် ငါကလည်း ခမည်းတော်ကို စိတ်မကောင်းမဖြစ်အောင် လုပ်ပေးရမှာပေါ့။ "
" ခမည်းတော် ဝန်ကြီးတို့ ငါ မပေါ်လာခဲ့ရင် ချင်နိုင်ငံရဲ မူလသမိုင်းကြောင်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို ဝန်ကြီးတို့ ကြည့်ချင်ကြသလား။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်နှင့် ဝန်ကြီးများက နားမလည်နိုင်ဖြစ်သွားကြသည်။
" ဖုန်းအာ ဒါက ဘာကိုဆိုလိုတာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ချင်နိုင်ငံမှာ သားတော်သာ မရှိခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ ခမည်းတော်ကို ပြပေးနိုင်တယ်။ မူလသမိုင်းကြောင်းက ဘယ်လိုလဲဆိုတာ ခမည်းတော် ကြည့်လို့ရတယ်။ ဒါကလည်း သားတော် ပိုင်ယွဲ့ကို စောင့်ရှောက်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းရင်တစ်ခုပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားက အနာဂတ်ကို ကြိုမြင်နိုင်တာလား။ " ယွီလျောင်က အံ့ဩစွာ ပြောလိုက်သည်။
ကျောက်ဖုန်းက သူတို့ကို လျစ်လျူရှုပြီး လက်ဝှေ့ရမ်းလိုက်သည်။ သူ၏ လက်ထဲတွင် မှော်အင်းကွက်ပြားတစ်ခုပေါ်လာပြီး ၎င်းက ပုံရိပ်ယောင် မှော်အင်းကွက်တစ်ခုဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးကို မူလသမိုင်းကြောင်းအထိ တိုက်ရိုက်ပိတ်လှောင်ထားရန် ကျောက်ဖုန်း၏ အဆင့်က ထိုမျှအထိ မရောက်သေးပေ။ သို့သော် ပုံရိပ်ယောင်မှော်အင်းကွက်ဖြင့် ကျောက်ဖုန်းက ပုံရိပ်ယောင်ကို ဖန်တီးပြီး ချင်သမိုင်းကို ပြသနိုင်လေသည်။
" ဖုန်းအာ အဲ့ဒါ ဘယ်လိုလုပ်မှာလဲ။ " ရင်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
" လွယ်ပါတယ်။ " ကျောက်ဖုန်းက ပြုံးပြီး လက်ဝှေ့ရမ်းလိုက်သည်။ သူ၏ ယွမ်စွမ်းအားများအောက်တွင် မှော်အင်းကွက်ပြားက အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး လေထဲသို့ ပျံတက်သွားသည်။
" အိမ်ရှေ့စံမင်းသားက ဘယ်လိုလုပ်လိုက်တာလဲ။ အဲ့ဒါက သူ့ဟာသူ လေထဲပျံသွားတာလား။ "
" မယုံနိုင်စရာပဲ။ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ "
ဝန်ကြီးများက ထိတ်လန့်သွားကြပြီး ဘာပြောရမှန်းမသိကြပေ။ သို့သော် ရင်ကျန့်က တည်ငြိမ်စွာ ကြည့်နေသည်။
" အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ချင်နိုင်ငံရဲ့ မူလသမိုင်းကြောင်းကို ပြသပေးမယ်။ " ကျောက်ဖုန်းက ပြောပြီး သူ၏ နတ်ဘုရားအာရုံက လှုပ်ရှားသွားသည်။
မှော်အင်းကွက်ပြား၏ အလင်းများက ထွက်ပေါ်လာပြီး ညီလာခံခန်းမရှေ့ရှိ ရင်ပြင်ကို လွှမ်းခြုံသွားသည်။ မှော်အင်းကွက်က စတင်လည်ပတ်လာသည်နှင့် လူတိုင်းက ခဏမူးဝေသွားသကဲ့သို့ ခံစားလိုက်ရပြီး နောက်ခဏတတွင် သူတို့၏ ရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။
ချင်ရှီဟွမ်က နန်းတွင်းကိုယ်ရံတော်များစွာဖြင့် ကမ္ဘာကို လှည့်လည်စစ်ဆေးရင်း ရှချူးသို့ ရောက်လာခဲ့သည်။ တော်ဝင်ရထားလုံးအတွက်၌။
" အဟွတ် အဟွတ်..." ချင်ရှီဟွမ်က ပြင်းထန်စွာ ချောင်းဆိုးနေသည်။
" ဧကရာဇ်မင်းမြတ် သက်သာပါရဲ့လား။ " ကျောက်ကောင်းက စိုးရိမ်တကြီး ပြောလိုက်သည်။
" ငါ... ငါ့ရဲ့ နောက်ဆုံးအချိန်ကို မကျော်လွန်နိုင်တော့ဘူး။ ထာဝရအသက်ရှည်ခြင်းဆိုတာ အဓိပ်ပါယျမရှိတဲ့အရာတှပေဲ။ ပိုးထည်စယူခဲ့စမ်း။ လီစီကို ခေါ်ခဲ့။ ငါ့အရိုက်အရာကို ဆက်ခံဖို့အတွက် အမိန့်တော်ကို ရေးသားရမယ်။ " ရင်ကျန့်၏ မျက်နှာက ဖြူဖျော့နေပြီး ကျောက်ကောင်းကို ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ပိုးထည်စတစ်ခုကို ထုတ်ယူလိုက်သည်။
ရင်ကျန့်က တုန်ယင်နေသော လက်များဖြင့် အမိန့်တော်ကို ရေးသားလိုက်သည်။ တစ်ချိန်တည်းတွင် ကျောက်ကောင်းက လီစီကို ခေါ်ရန် ရထားလုံးထဲမှ ထွက်ခွာသွားသည်။
" ငါ သေဆုံးပြီးရင် ချင်နိုင်ငံက အရှင်သခင်ရှိလို့မရဘူး။ ဖုစုက ငါ့ရဲ့ အကြီးဆုံးသား။ သူက ကြင်နာတတ်သလို ထီးနန်းကို ဆက်ခံနိုင်တယ်။ ဒီအမိန့်တော်ကို မြင်တဲ့အခါ ဝန်ကြီးတွေ ဖုစုကို ချင်နိုင်ငံရဲ့ ဒုတိယမြောက်ဧကရာဇ် ချင်အာရှီအဖြစ် တင်မြှောက်ကြပါ။ " ရင်ကျန့်က အမိန့်တော်ကို ရေးသားလိုက်သည်။ သူက တော်ဝင်တံဆိပ်တုံးကို ကောက်ယူပြီး တံဆိပ်ခတ်နှိပ်လိုက်သည်။
" ဖုစု... ဖုစု..." ရင်ကျန့်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
" ဧကရာဇ်မင်းမြတ် " ရထားလုံးအပြင်ဘက်တွင် လီစီက ရိုသေစွာ ခေါ်လိုက်သော်လည်း အထဲမှ မည်သည့်အသံမှ ထွက်ပေါ်မလာပေ။
လီစီနှင့် ကျောက်ကောင်းတို့က အတွင်းသို့ ဝင်လိုက်သောအခါ လဲကျနေသော ရင်ကျန့်ကို တွေ့လိုက်ရသည်။
" ဧကရာဇ်မင်းမြတ် လီစီက အမြန်လျှောက်သွားပြီး ရင်ကျန့်၏ နှာခေါင်းအောက်တွင် လက်တင်လိုက်သော်လည်း အသက်ရှူသံထွက်ပေါ်မလာပေ။
" ဧကရာဇ်မင်းမြတ် နတ်ရွာစံသွားပြီ။ " လီစီ၏ အသံက တုန်ယင်နေသည်။
ကျောက်ကောင်းကလည်း တုန်လှုပ်သွားပြီး မျက်ရည်များ စီးကျလာသော်လည်း တစ်စုံတစ်ခုကို တွေးမိပြီး ရှေ့မှစားပွဲကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ အမိန့်တော်ထဲတွင် ဖုစုက ထီးနန်းဆက်ခံရမည်ဟူသော စကားလုံးများကို သူက တွေ့လိုက်ရသည်။
" ဝန်ကြီးချုပ် ကြည့်လိုက်ဦး။ " ကျောက်ကောင်းက စားပွဲပေါ်မှ အမိန့်တော်ကို လက်ညှိုးထိုးပြလိုက်သည်။
" ဖုစုက ထီးနန်းဆက်ခံရမယ်ဟုတ်လား။ " လီစီ၏ အသံက အနည်းငယ် တုန်ယင်နေသည်။
" ဝန်ကြီးချုပ် ဘယ်လိုစီစဉ်ထားလဲ။ " ကျောက်ကောင်းက မေးလိုက်သည်။
" ငါက ဘာစီစဉ်ရမှာလဲ။ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ကို လိုက်နာပြီး အကြီးဆုံးမင်းသားကို ထီးနန်းတင်မြှောက်ရမှာပေါ့။ " လီစီက တည်ငြိမ်စွာ ပြောလိုက်သည်။
" ဝန်ကြီးချုပ် ဒီနေရာမှာ ငါတို့နှစ်ယောက်ပဲရှိတာ ဧကရာဇ်မင်းမြတ် ကွယ်လွန်သွားတာကို ဘယ်သူမှ မသိသေးဘူး။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဖုစုက ဘယ်လိုလူလဲဆိုတာ ဝန်ကြီးချုပ်မသိဘူးလား။ သူက ဝန်ကြီးချုပ်ရဲ့ သမီးကို ဒီနှစ်တွေအတွင်းမှာ ကြင်ကြင်နာနာ ဆက်ဆံဖူးလို့လား။ ဝန်ကြီးချုပ်က အရာရှိတွေရဲ့ ခေါင်းဆောင်ဖြစ်နေတာတောင် ဖုစုက ဝန်ကြီးချုပ်ကို အလေးအနက်ထားလို့လား။ ဖုစုသာ ဧကရာဇ်ဖြစ်လာရင် ဝန်ကြီးချုပ်ပိုင်တာအားလုံး ဆုံးရှုံးရလိမ့်မယ်။ " ကျောက်ကောင်းက အေးစက်စွာ ပြောလိုက်သည်။
" မင်း ဒါ ဘာကိုဆိုလိုတာလဲ။ " လီစီက မျက်မှောင်ကြုတ်သွားသည်။
" ဝန်ကြီးချုပ် ကျုပ်ဆိုလိုတာ ရှင်းပါတယ်။ ဖုစုက ဧကရာဇ်ဖြစ်လို့မရဘူး။ သူ ဧကရာဇ်ဖြစ်လာရင် ကျုပ်တို့နှစ်ယောက်လုံး ကောင်းကျိုးရှိမှာမဟုတ်ဘူး။ မင်းသားဟူဟိုက်ကို ဧကရာဇ်အဖြစ် ထောက်ခံမယ်။ သူက ထူးချွန်တဲ့သူမဟုတ်ပေမယ့် သစ္စာတရားကို တန်ဖိုးထားတယ်။ ငါတို့ သူ့ကို ထောက်ခံရင် အလေးထားခံရမှာသေချာတယ်။ ဝန်ကြီးချုပ်က စာအရေးအသားမှာ ကျွမ်းကျင်တယ်။ ဧကရာဇ်မင်းမြတ်ရဲ့ လက်ရေးကို အတုယူပြီး မင်းသားဟူဟိုက်ကို ထီးနန်းဆက်ခံဖို့ အမိန့်တော်တစ်စောင် ရေးပေးပါ။ " ကျောက်ကောင်းက ပြောလိုက်သည်။
အချိန်အတော်ကြာ ရုန်းကန်ပြီးနောက် လီစီက နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။ အမိန့်တော်ကို ပြင်ဆင်ပြီး ဟူဟိုက်ကို ထီးနန်းဆက်ခံရန် ပြောင်းလဲပြီးနောက် မူလအမိန့်တော်ကို ဖျက်ဆီးပစ်လိုက်သည်။
" ဝန်ကြီးချုပ် အခု ဧကရာဇ်မင်းမြတ်က နတ်ရွာစံသွားပြီ။ ငါတို့ မြို့တော်ကို အမြန်ပြန်ပြီး မင်းသားဟူဟိုက်ကို ထီးနန်းတက်စေရမယ်။ အခုလောလောဆယ်တော့ ဒီကိစ္စကို လျို့ဝှက်ထားပါ။ " ကျောက်ကောင်းက ဆက်ပြောလိုက်သည်။
" အင်း ငါတို့ မြို့တော်ကို ပြန်ဖို့ ရန်ရှောင်ကို အမိန့်ပေးလိုက်မယ်။ " လီစီက ပြောပြီး ရထားလုံးထဲမှ ထွက်ခွာသွားသည်။ သူက မထွက်ခွာမီ ရင်ကျန့်၏ ရုပ်အလောင်းကို ကြည့်လိုက်သည်။ " ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးက သစ္စာမရှိတာမဟုတ်ပါဘူး။ အသက်ရှင်ဖို့ ကြိုးစားရုံပါပဲ။ "
လီစီထွက်သွားပြီးနောက် ကျောက်ကောင်းကလည်း ရင်ကျန့်၏ အလောင်းကို စိုက်ကြည့်နေသည်။ " ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်နောက်ကို ငယ်ငယ်ကတည်းက လိုက်ပါလာခဲ့တာပါ။ ဧကရဇ်မင်းမြတ်က ကျွန်တော်မျိုးကို ယုံကြည်ပြီး ဂုဏ်ကျေးဇူးတွေ ပေးခဲ့တယ်။ ဒါပေမယ့် ဧကရာဇ်မင်းမြတ်သာ မရှိရင် ကျွန်တော်မျိုးက ပုရွက်ဆိတ်တစ်ကောင်ပါပဲ။ ဒါကြောင့် အသက်ရှင်ဖို့အတွက် ဧကရာဇ်မင်းမြတ်ရဲ အလိုကို ဆန့်ကျင်ရပါလိမ့်မယ်။ "