အခန်း ၄၁
Vol. 5 Ch. 41
အပိုင်း(၄၁)
ကျန့်ဝမ်မြို့ စူးမိသားစု။
‘ ဒါ ဆရာသခင်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦး ဦးဆောင်နေတဲ့ အင်အားစုကြီးတစ်ခုပဲ မဟုတ်လား’
‘ ဒါ... ဒါတွေက သူတို့ နားထောင်လို့ရတဲ့ အရာတွေလား’
‘ ဒီလိုနဲ့ သူတို့အပေါ် ကပ်ဘေးကြီး ကျရောက်လာမှာတော့ မဟုတ်ဘူးမလား’
ဤအခိုက်အတန့်တွင် ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ဆိပ်ကမ်းဂိုဏ်း၏ တပည့်များပင်လျှင် အလားတူ ထိတ်လန့်သွားခဲ့ကြသည်။
သူတို့သည် ဆိပ်ကမ်းဂိုဏ်း၊ ငွေကြေးဂိုဏ်း နှင့် ကျန့်ဝမ်မြို့မှ စူးမိသားစုတို့၏ လျှို့ဝှက်ပူးပေါင်းမှုများကို သိရှိမထားကြပေ။
သူတို့အနက်မှ အချို့သော လူများသည် ကျန်းမင်မှာ တကယ့် ရက်စက်ကြမ်းကြုတ်သော လူဆိုးတစ်ယောက်ဟု ယုံကြည်ထားကြသည်။ အချို့က ဂိုဏ်းခွဲ ခေါင်းဆောင် ၏ အမိန့်အတိုင်း လိုက်လံ သတ်ဖြတ်နေကြခြင်းသာ ဖြစ်၏။
သို့သော်လည်း ယခုအခါ သူတို့အားလုံးသည် အကြောင်းရင်းမှန်ကို ကြားသိလိုက်ရပြီ ဖြစ်သည်။
ထို့အပြင် ဂိုဏ်း၏ အကြီးအကဲများကလည်း ငြင်းဆိုခြင်း မရှိကြသဖြင့် ဤကိစ္စမှာ တကယ့် အမှန်တရား ဖြစ်နိုင်ခြေရှိသည်။
သို့ရာတွင် ကျန်းမင်၏ သရုပ်မှန်ကို သိရှိပြီးနောက်တွင် ၊ မမျှော်လင့်ဘဲ ဓားကြီး ချောင်ရှန့်က ပထမဆုံး ဒေါသထွက်လာခဲ့၏။
“ကျန်းမင်...”
“မင်းလို သေသင့်တဲ့ကောင်ကြောင့်... ငါ လမ်းဘေးခွေးတစ်ကောင် ဖြစ်ခဲ့ရတာ”
“ငါ မင်းကို သတ်ပစ်မယ်...”
ချောင်ရှန့်သည် လျင်မြန်စွာ တိုက်ခိုက်လာခဲ့ပြီး၊ သူ၏ ဓားကြီးကို ဆုပ်ကိုင်လျက် ဝှေ့ယမ်းလိုက်ရာ လေပြင်းများ ထွက်ပေါ်လာ၏။
သူသည် အဆင့်(၈) အလယ်အလတ် အဆင့်တွင်သာ ရှိသေးသော်လည်း ၊ သူ၏ ခွန်အားသည် လုအန်းမြို့မှ ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲများထက် သာလွန်သည်။
သူ အသုံးပြုလိုက်သော ဤဓားချက်သည် သာမန် တိုက်ခိုက်မှုဟု ထင်ရသော်လည်း၊ အမှန်အားဖြင့် ဤတိုက်ကွက်တွင် မျိုးကွဲ ၈၁ ခု ပါဝင်သည်။
ဤသည်မှာ သေရေးရှင်ရေးတိုက်ပွဲများကို နှစ်ပေါင်း၂၀ကျော်ကြာ ကျင်လည်ခဲ့ရာမှ ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိခဲ့သော တိုက်ကွက်တစ်ခု ဖြစ်၏။
“ ဒေါသပင်လယ်”
၎င်းမှာ သူ၏ အအောင်မြင်ဆုံး တိုက်ခိုက်မှုပင်။
ဤအခိုက်အတန့်တွင် သူ၏ အရှိန်အဝါမှာ အထွပ်အထိပ်သို့ ရောက်ရှိသွားပြီး၊ လူနှင့်ဓား တစ်သားတည်း ဖြစ်လာသည်။ ဤသည်က သူ့ဘဝတစ်လျှောက် အပြင်းထန်ဆုံး တိုက်ခိုက်မှုဟု ဆိုနိုင်သည်။
ယနေ့အပြီးတွင် ယခုလိုတိုက်ခိုက်မှုမျိုးကို ထပ်မံ ထုတ်လွှတ်ရန် ခက်ခဲနိုင်သည်။
မုလောင်စန်းနှင့် ဟုန်ဖူတို့ပင်လျှင် ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရ၏။ ချောင်ရှန့်၏ တိုက်ခိုက်မှုကို သူတို့သာ ရင်ဆိုင်ရပါက ၊ မသေလျှင်တောင် ဒဏ်ရာအပြင်းအထန် ရနိုင်သည်။
သို့သော် ချောင်ရှန့်သည် သူတို့အပေါ် ညီအစ်ကိုသံယောဇဉ် ရှိနေသေး၏။
ချောင်ရှန့်၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်နေသည့်တိုင်အောင်၊ ကျန်းမင်၏ မျက်လုံးများသည် ရေပြင်လို ငြိမ်သက်နေဆဲပင်။ သူ၏ မျက်ဝန်းထဲ၌ အဆုံးမရှိ အေးစက်သော သတ်ဖြတ်လိုစိတ်များသာ ရှိနေသည်။
တစ်ချက်ကြည့်ရုံမျှဖြင့် မုလောင်စန်း နှင့် ဟုန်ဖူတို့ပင်လျှင် ဆောင်းရာသီ၏ ရေခဲရေထဲသို့ ပြုတ်ကျသွားသည့်အလား အရိုးထဲထိ အေးစက်မှုကို ခံစားလိုက်ရ၏။
သိပ်ကို ကြောက်စရာကောင်းလွန်းသည်။
သို့သော် ချောင်ရှန့်သည် သူ့ပတ်ဝန်းကျင်က အန္တရာယ်ကို သတိမထားမိချေ။
သူ၏ ဓား၊ သူ ဆိုသော လူ အရာအားလုံးသည် ထိန်းချုပ်မှုမှ လွတ်ထွက်သွားချေပြီ။
ဝှစ်...
အပြာရောင် ဓားအလင်းတန်းတစ်ခု လှစ်ခနဲ့ ဝင်းလက်သွား၏။
ချွမ်း....
ချောင်ရှန့်၏ လက်ထဲက ဓားကြီးသည် အလယ်တည့်တည့်မှနေ၍ နှစ်ခြမ်း ကွဲထွက်သွားသည်။
ရှေ့တည့်တည့်သို့ တိုးဝင်လာခဲ့သော သူ၏ပုံရိပ်သည် လေထဲတွင် တောင့်တင်းသွားခဲ့ပြီး ၊ အချိန်များပင် ရပ်တန့်သွားသည့်အလား ထင်မှတ်ရသည်။
နီမြန်းသော ဒဏ်ရာတစ်ခုသည် သူ၏ ဘယ်ဘက်ပုခုံးမှနေ၍ ညာဘက်ဝမ်းဗိုက်အထိ သွယ်တန်းထွက်ပေါ်လာ၏။
ဗုန်း...
ချောင်ရှန့်၏ ပါးစပ်မှ သွေးအမြောက်အမြား အန်ထွက်လာသည်။
“ဘာဖြစ်လို့လဲ...”
“ငါ့ရဲ့ အနှစ်နှစ်ဆယ်ကြာ ကျင့်ကြံလာခဲ့တဲ့ တိုက်ကွက်ကို... မင်းက ဘယ်လိုမျိုး ချေဖျက်နိုင်ခဲ့တာလဲ”
ဝုန်း...
ချောင်ရှန့်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
သူ၏ မျက်လုံးထဲ၌ အဆုံးမရှိသော နာကျည်းမှု၊ မခွဲခွာနိုင်မှုများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးတွင် အသက်ရှုသံ ရပ်တန့်သွားခဲ့လေသည်။
[ သတ်ဖြတ်မှုအမှတ် +၂၀၀ ]
“မင်းရဲ့ ကျင့်ကြံမှုကို မတည်ငြိမ်ဘူး... မင်းရဲ့ ဓားသိုင်းမှာ ဟာကွက်တွေ အများကြီး ရှိနေတာ... ငါက စနစ်ရဲ့ အမှတ်ထည့်သွင်းမှုနဲ့ အခြေခံက ခိုင်မာပြီးသားလေ... မင်းက ငါ့ကို ဘာနဲ့ တိုက်ခိုက်နိုင်မှာလဲ...”
ကျန်းမင်သည် ခေါင်းခါလိုက်ပြီး အေးစက်သော လေသံဖြင့် ညည်းညူလိုက်သည်။
….
သေသွားပြီလား....
‘အဆင့်(၈) အလယ်အလတ် အဆင့်ရှိတဲ့ သိုင်းသမားတစ်ယောက်က ဓားချက် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရသတဲ့လား’
ထို့အပြင် ဤဓားချက်၏ အရှိန်မှာ အလွန် လျင်မြန်လွန်းသည်။ မည်သူမျှ သဲသဲကွဲကွဲ မမြင်လိုက်ရပေ။
မုလောင်စန်းနှင့် ဟုန်ဖူတို့၏ နဖူးပေါ်မှ ပဲစေ့ခန့်အရွယ်ရှိသော ချွေးစေးများမှာ တတောက်တောက် စီးကျလာသည်။ အေးစက်သော အရှိန်အဝါတစ်ခုက ခြေဖဝါးမှ ခေါင်းထိပ်ထိ ဆန်တတ်လာ၏။
“ဘုရားရေ... ကင်းထောက်က ပြောတော့ ကျန်းမင်က အဆင့်(၈) ဝင်ခါစ သိုင်းသမားတစ်ယောက်ဆို...”
“ဒါက ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်နေရတာလဲ...”
မုလောင်စန်း၏ မျက်နှာအမူအရာမှာ ပျက်ယွင်းနေပြီး တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်သည်။
ချောင်ရှန့် တစ်ယောက် တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် ၊ ဤကျန်းမင်သည် အနည်းဆုံး အဆင့်(၈) အလယ်အလတ်အဆင့် ရှိရပေမည်။ သို့မဟုတ် အဆင့်(၈)ထက်ပင် ကျော်လွန်နိုင်သည်။
“ဒါတင်မကသေးဘူး... အောက်က တပည့်တွေ သတင်းပို့လာတဲ့ ကျန်းမင်ရဲ့ အခြေအနေအရ...”
“ ကျန်းမင်က တောင်ဖြိုလက်သီးကျင့်စဉ်တစ်ခုတည်းကိုပဲ ကျင့်ဖူးတာတဲ့...”
“ဒါပေမဲ့ ခုလေးတင် လှုပ်ရှားလိုက်တဲ့ သူ့ရဲ့ ဓားချက်ကို ကြည့်ရင် ဒါဟာ မကြာသေးခင်ကမှ တတ်မြောက်ထားတဲ့ အရာ မဟုတ်ဘူး...ဒါဟာ အနည်းဆုံ နှစ်ပေါင်းမြောက်မြားစွာ နက်နက်ရှိုင်းရှိုင်း လေ့ကျင့်ထားတဲ့ ပါရမီရှင် တစ်ယောက်သာ လုပ်ဆောင်နိုင်မယ့် ဓားချက်မျိုးပဲ...”
“ငါတို့ ဂိုဏ်းထဲ အတွင်းလူရှိနေရမယ် ၊ သူက ကျန်းမင်ရဲ့ ခွန်အားအစစ်အမှန်ကို တမင်သက်သက် ဖုံးကွယ်ထားလို့သာ ငါတို့ အမြဲတမ်း အမှားအယွင်းတွေ ဖြစ်နေရတာပဲ...”
ဟုန်ဖူသည် လခြမ်းဓားသွား နှစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ၊ မိမိနှင့်အတူ နှစ်ပေါင်းမြောက်မြားစွာ လိုက်ပါလာခဲ့သော ဤရဲဘော်ဟောင်းနှစ်ဦးထံမှနေ၍ ( လခြမ်းဓားသွားနှစ်လက်) သတ္တိအချို့ကို ရှာဖွေရန် ကြိုးစားခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် သူ မလုပ်နိုင်ခဲ့ပေ။
သူ နောက်ထပ် အနှစ်နှစ်ဆယ် ကျင့်ကြံလျှင်ပင် ကျန်းမင်၏ ဓားချက်ကို ကျော်လွှားနိုင်လိမ့်မည် မဟုတ်ချေ။