အခန်း ၄၂
Vol. 5 Ch. 42
အပိုင်း(၄၂)
ယခုအချိန်တွင် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ၊
၎င်းတို့နှစ်ဦး၏ အကြည့်သည် ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့သည့် အခြားသော လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်ကြီးထံသို့ ကျရောက်သွားသည်။
သူတို့နှစ်ဦးမှအပ ဤနေရာရှိ မည်သူမျှ ထိုသူ၏ အဆင့်အတန်းကို မသိကြချေ။
အကြောင်းရင်းမှာ ဤလူ၏ အဆင့်အတန်းသာ ပေါ်ပေါက်သွားပါက ၊ ဆိပ်ကမ်းဂိုဏ်းအနေဖြင့် ကြီးမားသော ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် ဌာနခွဲခေါင်းဆောင်များ၏ ယုံကြည်ရသော လူယုံအနည်းငယ်မှအပ မည်သူမျှ ထိုပုဂ္ဂိုလ်ကို မသိရှိကြချေ။
သို့သော်လည်း ယခုအခါ မလွှဲမရှောင်သော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ အဓိပ္ပာယ်ကို တစ်ယောက်က နားလည်လိုက်သည်။
“စီနီယာ ရင်... ကျုပ်တို့ကို ကူညီပေးဖို့ တောင်းဆိုပါတယ်...”
သူတို့နှစ်ဦးစလုံးသည် လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်အား လေးစားစွာ ဦးညွှတ်လိုက်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်၏ နှုတ်ခမ်းသားများသည် အပြုံးတစ်ခုအဖြစ် မသိမသာ ကွေးညွတ်သွားခဲ့ပြီး ၊ ပါးနပ်သော အပြုံးတစ်ခု ပေါ်လွင်လာ၏။
“ရတယ်... ဒါပေမဲ့ အစောပိုင်းက သဘောတူညီချက်ကို နည်းနည်းတော့ ပြောင်းလဲရလိမ့်မယ်... ချောင်ရှန့်က အခု အသုံးမဝင်တော့ဘူး ၊ အဲ့တော့ သူ့ရဲ့ ရုပ်အလောင်းကို ငါ လိုချင်တယ်...”
ရင်လုံသည် အလိုလောဘအပြည့်ဖြင့် ကျန်းမင်ကို စိုက်ကြည့်ကာ ဆိုလိုက်၏။
“ဒါက.... ရပါတယ်...”
ဟုန်ဖူသည် အံကြိတ်ကာ သဘောတူလိုက်ရ၏။
ကျန့်ဝမ်မြို့သည် ကျန်းမင်ကို သတ်ဖြတ်ရန်သာ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ ရုပ်အလောင်းကို မုချ အပ်နှံရမည်ဟု မပြောခဲ့ချေ။
“ပြီးတော့ အဲ့မိန်းမကိုလည်း ငါ လိုချင်တယ်...”
ရင်လုံသည် မြေပြင်ပေါ်တွင် မျက်စိကန်းနေသော်လည်း ၊ ကြေကွဲဖွယ်ကောင်းသော အလှတရားများဖြင် တစ်မျိုးတစ်မည် လှပနေသော လင်းရုံရုံကို ညွှန်ပြလျက် သူ၏တောင်းဆိုချက်ကို တိုးမြှင့်လိုက်ပြန်သည်။
“ဒါ... ဒါကတော့ မဖြစ်ဘူး... ဒါက ကျုပ် တို့ ဖုန်း...”
ဤတစ်ကြိမ်တွင်မူ ဟုန်ဖူတို့ နှစ်ဦးစလုံး တုံ့ဆိုင်းသွားသည်။
ဤတောင်းဆိုချက်ကို သူတို့ သဘောမတူရဲပေ။ သို့မဟုတ်ပါက ဖုန်းဒုတိယသခင်ကြီးသည် သူတို့ကို ဘယ်တော့မှ လွယ်လွယ်နှင့် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
“ဟားး... မင်းတို့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်... ငါက မင်းတို့နဲ့ လာပြီး ဆွေးနွေးနေတာ မဟုတ်ဘူး... ငါက မင်းတို့ကို အသိပေးနေတာပဲ...”
“ကောင်းပြီ...”
ဟုန်ဖူ၏ အံ့ဩမှင်သက်နေသော အကြည့်များကြားမှ မုလောင်စန်းသည် ရင်လုံ၏ တောင်းဆိုချက်ကို အလွယ်တကူ သဘောတူလိုက်သည်။
သို့သော်လည်း သူသည် ချက်ချင်းပင် ထပ်မံ ဖြည့်စွက်ပြောဆိုလိုက်၏။
“ကျုပ်တို့ ခင်ဗျားကို သဘောတူနိုင်တယ်... ဒါပေမဲ့ ဒီမိန်းမကို ခင်ဗျားမထိခင် ဖုန်းခေါင်းဆောင်ရဲ့ သဘောတူညီချက် ရယူရမယ်”
“မဟုတ်ရင်တော့ ကျုပ်တို့ သေရမယ်ဆိုရင်တောင် ခင်ဗျားကို ထိခွင့်ပေးမှာ မဟုတ်ဘူး...”
မုလောင်စန်းသည် အလေးအနက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူသည် စကားသက်သက် ပြောနေခြင်း မဟုတ်ဘဲ သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားပုံရသည်။
ရင်လုံသည် မျက်လုံးများကို ကျဉ်းမြောင်းကာ မြေပြင်ပေါ်က အလှလေးကို တစ်ချက် ကြည့်လိုက်သည်။
မိမိအနေဖြင့် ဂိုဏ်း၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရဦးမည် ဖြစ်ရာ ယခုအချိန်တွင် ဆိပ်ကမ်းဂိုဏ်း၏ လူများနှင့် ဆက်ဆံရေးပျက်လို့ မဖြစ်ချေ။ သို့မဟုတ်ပါက ဂိုဏ်း၏ အရေးကြီးသော ကိစ္စများကို ပျက်စီးသွားစေနိုင်သည်။
ဤအမျိုးသမီးကို သူ ပြန်ရောက်သွားသည့် အခါ တောင်းဆိုလိုက်ပါက ဖုန်းဒုတိယသခင်အနေဖြင့် ငြင်းဆန်ရဲလိမ့်မည်ဟု သူ မထင်ပေ။
“ဟွန်း...”
ရင်လုံက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူသည် ကျန်းမင်ရှိရာသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။
သူသည် မုလောင်စန်း၏ အကြံပြုချက်ကို လက်ခံလိုက်သည်မှာ ထင်ရှားသည်။
မုလောင်ရှန်း နှင့် ဟုန်ဖူတို့ နှစ်ယောက်စလုံး ထိုအချိန်မှသာလျှင် သက်ပြင်းချနိုင်ခဲ့သည်။
အကြီးအကဲ ရင်လုံကိုယ်တိုင် ဝင်ရောက်လာပြီ ဖြစ်သဖြင့် သူတို့၏ အသက်များ ချမ်းသာရာရပေတော့မည်။
“ကောင်လေး... စိတ်မပူနဲ့... ငါ့ရဲ့ လက်ချက်က မြန်ပါတယ်... မင်း ဘာနာကျင်မှုကိုမှ ခံစားရမှာ မဟုတ်ဘူး...”
“ဟားး...”
ကျန်းမင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“ခွေးအိုကြီး... ကျုပ်ရဲ့ ဓားချက်တွေကလည်း အတော်လေး မြန်တယ်... ခင်ဗျားလည်း အေးချမ်းစွာနဲ့ သေနိုင်မှာပါ”
“ဟမ်... လျှာထက်တဲ့ကောင်...”
“မင်းလိုမျိုး လူငယ်တွေကို ငါ အများကြီး မြင်ဖူးတယ်.... ဒါပေမဲ့ သနားစရာကောင်းတာက သူတို့အားလုံးဟာ အခုဆိုရင် ဖုန်မှုန့်တွေ ဖြစ်ကုန်ကြပြီ...”
ရင်လုံသည် သူ၏ လက်ငါးချောင်းကို ဖြန့်လိုက်ပြီး အနည်းငယ် ကွေးညွတ်လိုက်သည်။
သူ၏ခြောက်သွေ့ နေသော လက်နှစ်ဖက်မှာ လျင်မြန်စွာပင် မီးခိုးရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းဆိုသလို သူသည် လူသေတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီး ၊ မည်သည့် သက်ရှိအငွေ့အသက်မျှ မရှိတော့သလိုပင်။
“အလောင်းကောင် ကျင့်စဉ်လား...”
“ခင်ဗျားကလည်း အလောင်းဂိုဏ်းက မိစ္ဆာကောင်တစ်ယောက်ပဲပေါ့...”
ကျန်းမင်၏ အကြည့်များသည် အနည်းငယ် ပြောင်းလဲသွားသည်။
“မှန်တယ်... ဒါကတော့ မသေနိုင်တဲ့ အလောင်းကောင် ကျင့်စဉ်ပဲ...”
“ပြီးတော့ ဒါက အထွတ်အထိပ် ရောက်နေပြီ...”
ရင်လုံ၏ မျက်နှာကြွက်သားများမှာ ယခုအခါ တောင့်တင်းနေ၏။ သူသည် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုကို ပြုလုပ်လိုသော်လည်း မပြုံးနိုင်သည့် အခြေအနေဖြစ်ကာ သူ၏ မျက်နှာအမူအရာမှာ အတော်လေး ထူးဆန်းနေ၏။
‘ဘာ...’
‘အလောင်းဂိုဏ်း...အလောင်းကောင် ကျင့်စဉ်လား...’
အပြင်ဘက်တွင် နားစွင့်နေကြသော လူများမှာ ဤအခိုက်အတန့်တွင် တစ်ကိုယ်လုံး ထုံကျင်သွားသည်။
သူတို့၏ ကုသိုလ်ကံသည် အတော်လေး ကြီးမားသဖြင့် ဤမျှ ကြီးမားသော လျှို့ဝှက်ချက်များကို ကြားသိနေရခြင်း ဖြစ်မည်။
“သွားမယ်... အမြန် သွားကြစို့”
“ အခုမှ မပြေးရင် နောက်နောင် ပြေးနိုင်တော့မှာ မဟုတ်ဘူး...”
သူတို့နှစ်ယောက်ကြားက တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် ၊ ဤနေရာတွင် ရှိနေခဲ့သော သူတို့လို ဘေးလူများကို လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မုလောင်စန်းနှင့် ဟုန်ဖူတို့သည် သူတို့၏ စိတ်ကူးကို အစကတည်းက ကြိုတင် သိမြင်ထားပုံရသည်။
အကြီးအကဲ ရင်လုံမှ ကူညီဖို့ သဘောတူလိုက်သည့် အချိန်မှာပင် ၊ ဆိပ်ကမ်းဂိုဏ်း၏ တပည့်များက မသိမသာပင် သူတို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး ဖြစ်သည်။
ထွက်ပြေးချင်တယ် ဟုတ်လား... ဆုတောင်းလေ…