အခန်း ၄၅
Vol. 5 Ch. 45
အခန်း(၄၅) လျို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦး၏ ဖိတ်ခေါ်ချက်
အဘယ့်ကြောင့်ဆိုသော် စောစောက ကျန်းမင်သည် သူမကို မျက်စိကန်းအောင်သာ ပြုလုပ်ခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း မရှိသောကြောင့်ပင်။
အလှအပကို မမက်မောသော အမျိုးသား ဟူ၍ မရှိကြောင်း သူမ ယုံကြည်ထားပြီး၊ အလှအပသည် များသောအားဖြင့် အန္တရာယ်အရှိဆုံး ဓားတစ်လက် ဖြစ်တတ်သည်။
“ကျေးဇူး...”
သို့ရာတွင် ကျေးဇူးတင်စကားကို အပြည့်အစုံ မပြောနိုင်ခင်မှာပင် ၊ သူမသည် မိမိ၏လည်ပင်းထက်၌ အေးစက်မှုကို ခံစားလိုက်ရသည်။
သူမ၏ ဖြူဖွေးလှပသော လည်တိုင်ပေါ်တွင် အနီရောင် အစင်းကြောင်းလေး တစ်ကြောင်း ပေါ်လာခဲ့၏။
အာ..
သူမ၏ နှုတ်မှ ညည်းညူသံ ထွက်ပေါ်လာပြီး ညာဘက်လက်ထဲမှ ငွေအပ်အချို့ ပြုတ်ကျလာသည်။
ဘုန်း...
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ လဲကျသွားလေပြီ။
သူမ၏ ဘယ်ဘက်လက်သည် လည်ပင်းကို အုပ်ထားသော်လည်း ၊ လတ်ဆတ်သော သွေးများက လက်ချောင်းများကြားမှ မရပ်မနား စီးကျနေဆဲပင်။
သူမ၏မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာများ ရှိနေပြီး ပျော့ခွေကျသွားခဲ့လေသည်။
အမျိုးသားများကို အမြဲတစေ အောင်နိုင်ခဲ့သော ဤအမျိုးသမီးသည် နောက်ဆုံးတွင် မိန်းမသားတို့၏ မာယာကို နားမလည်သော အမျိုးသားတစ်ဦး၏ လက်ထဲ၌ သေဆုံးသွားခဲ့ရသည်။
“နောက်ဘဝကျရင် မှတ်ထား.. ဟန်ဆောင်မှုဆိုတာ တစ်ကြိမ်ပဲ ရနိုင်မယ်... တစ်ခါဖော်ထုတ်ခံလိုက်ရတာနဲ့ မင်း ဘယ်တော့မှ ဆက်ပြီး လှည့်စားလို့ ရမှာ မဟုတ်တော့ဘူး...”
ကျန်းမင် သည် သူမကို ကျောပေးကာ နောက်လှည့်လိုက်သည်။
မိုးတိတ်တော့မည် ဖြစ်ရာ ၊ သူလည်း ခရီးဆက်ရပေဦးမည်။
ဆိုင်ငယ်လေး၏ အပြင်ဘက်တွင် စောစောက မိုးခိုနေခဲ့ကြသော လူအများအပြား ရှိနေဆဲ ဖြစ်သော်လည်း ၊ သူတို့သည် ကျန်းမင်၏အနားသို့ မချဉ်းကပ်ဝံ့ကြချေ။
ကျန်းမင်၏ ပုံရိပ်သည် တောင်ကြားလမ်းဘက်သို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည့် အခါမှသာ သူတို့၏ စိတ်နှလုံးများမှာ သက်သာရာရသွားခဲ့ကြသည်။
“ဒီနေ့ ကျန်းမင် ပြောသွားတာတွေက တကယ်ပဲလား...”
“တကယ်ပဲ ကျန့်ဝမ်မြို့တော် စူးမိသားစုက ဆိပ်ကမ်းဂိုဏ်း၊ ငွေကြေးဂိုဏ်းတို့နဲ့ ပူးပေါင်းပြီး အဲ့ဒီလို ကိစ္စတွေကို လုပ်ခဲ့တာလား...”
“ငါ့အထင်တော့ ဒါက လုံးဝ မမှားနိုင်ဘူး... ငါ့ရဲ့ အဝေးက အမျိုးတစ်ယောက်ရဲ့ ခဲအိုဖြစ်သူ ပြောတာ ကြားဖူးတယ်... ကျန်းမင် က သူတို့ လမ်းသွယ်ထဲမှာ သားသမီးဝတ္တရား ကျေပွန်လွန်းလို့ နာမည်ကြီးတယ်ဆိုပဲ...”
“ဒါဆို ကျန့်ဝမ်မြို့တော် စူးမိသားစုက ဘာဖြစ်လို့ ဆိပ်ကမ်းဂိုဏ်းရဲ့ အောက်ခြေတပည့်လေးတစ်ယောက်ကို ဒီလောက်အထိ ပစ်မှတ်ထားနေရတာလဲ...”
“အဲ့ဒါတော့ ငါတို့လည်း မသိနိုင်ဘူးလေ... ငါ ကြားတာတော့ စူးမိသားစုရဲ့ သမီးပျို ခုနစ်ယောက်လုံးက အိမ်ထောင်ပြုမယ့် အရွယ်တွေကို ရောက်နေကြပြီတဲ့... ဖြစ်နိုင်တာကတော့ အချစ်ကနေ အမုန်းပြောင်းသွားတာ ထင်တယ်...”
“မင်း အဲ့ဒီလိုပြောမှ ငါ ကောလာဟလတစ်ခုကို သတိရမိတယ်... စူးမိသားစုရဲ့ သမီးပျို စူးယာက လွန်ခဲ့တဲ့ ခြောက်လလောက်က ငါတို့ရဲ့ နန်ယန်စီရင်စုကို ရောက်လာပေမယ့် လူလုံးထွက်မပြဘူးဆိုပဲ...”
“ငါ သံသယဖြစ်တာကတော့... သူမမှာ ကိုယ်ဝန်ရှိနေပြီ ထင်တယ်...”
ဟူး!
ကျန်းမင် နှင့် ငွေကြေးဂိုဏ်းတို့၏ ရန်ငြိုးရန်စများသည် ဤတိုက်ပွဲနှင့်အတူ မကြာမီ သိုင်းလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။
ထွက်ပေါ်လာမည့် ကောလာဟလ သတင်းစကားများက မည်မျှအထိ လွဲချော်မှု ရှိမည်ကို ကျန်းမင် ကိုယ်တိုင်လည်း မသိနိုင်ချေ။
ယခုအချိန်တွင် သူသည် စုန့်ချွင်းမြို့၏ အကြီးဆုံး တည်းခိုဆောင် ဖြစ်သည့် ဟွားမန်ဆောင်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဤနေရာသည် စုန့်ချွင်းမြို့တစ်ခုလုံးတွင် ဈေးအကြီးဆုံး နေရာဖြစ်ပြီး ၊ ပုံမှန်အားဖြင့် အထက်တန်းစား မင်းမျိုးမင်းနွယ်များနှင့် သိုင်းလောကမှ နာမည်ကြီး သိုင်းပညာရှင်များသာ လာရောက်လေ့ ရှိကြသည်။
ဤနေရာတွင် ငွေကြေးအလုံအလောက် ပေးချေနိုင်ပါက ၊ စုန့်ချွင်းမြို့၏ အကောင်းဆုံးသော အရက်ကို သောက်သုံးနိုင်ပြီး အလှပဆုံးသော အမျိုးသမီးနှင့် အတူ အိပ်စက်နိုင်ပေလိမ့်မည်။
သင် လိုလားသမျှ အရာအားလုံးကို ရရှိနိုင်သည်။ အကယ်၍ မရရှိနိုင်ပါက ၊ သင် ယူဆောင်လာသော ငွေကြေးပမာဏမှာ မလုံလောက်ခြင်းကြောင့်သာ ဖြစ်လိမ့်မည်။
ကျန်းမင် သည် လမ်းမဘက်သို့ မျက်နှာမူထားသော အခန်းတစ်ခန်းကို ငှားရမ်းခဲ့သည်။
အကယ်၍ မူလပိုင်ရှင်သာဆိုပါက ၊ ဤကဲ့သို့သော နေရာမျိုးကို တစ်သက်လုံး ခြေချနိုင်စရာ အကြောင်းမရှိချေ။
သို့သော် ကျန်းမင် ရောက်ရှိလာပြီး တစ်လအတွင်းမှာပင် ၊ ဤအရာကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
“ ဟုတ်လည်းဟုတ်တာပဲ... လူသတ်ပြီး ဓားပြတိုက်တာကမှ ရွှေခါးပတ် ပတ်နိုင်တော့တယ်”
“သိုင်းသမားတွေ ခရီးထွက်ရင် ငွေကြေးယူဆောင်လာဖို့ တကယ် မလိုတာပဲ...”
ကျန်းမင်သည် အစားအစာများကို သုံးဆောင်ပြီးနောက် ၊ ကုတင်ပေါ်တွင် တင်ပြင်ခွေ ထိုင်လိုက်ရင်း ယခုတစ်ကြိမ် ရရှိခဲ့သော အကျိုးအမြတ်များကို စတင် စစ်ဆေးလိုက်၏။
ယခုတစ်ကြိမ်တွင် ဆိပ်ကမ်းဂိုဏ်းသားများထံမှ ရရှိသော ငွေစက္ကူများနှင့် ငွေတုံးများကို ထည့်မတွက်ပါက ၊ သတ်ဖြတ်ခြင်းအမှတ် လေးထောင် ရရှိခဲ့သဖြင့် ဤတစ်ခေါက် အမြတ်အစွန်းသည် အလွန်များပြားသည်ဟု ဆိုရပေမည်။
“ဒီနေ့ အရက်ရှိရင် ဒီနေ့ပဲ မူးလိုက်မယ်...”
“စနစ်... ကျားငါးကောင် တံခါးပိတ်ဓားသိုင်းကို အပြည့် မြှင့်တင်လိုက်စမ်း...”
[ ဒေါင်! သတ်ဖြတ်ခြင်းအမှတ် ၁၆၀၀ ကုန်ဆုံးသွားပါပြီ... ကျားငါးကောင် တံခါးပိတ်ဓားသိုင်း (၁ဝဝ/၁ဝဝ)]
[ကျန်ရှိသော သတ်ဖြတ်ခြင်းအမှတ်: ၂၈၀၀]
ဝုန်း!
တခဏချင်းမှာပင် ၊ ကျားငါးကောင် တံခါးပိတ်ဓားသိုင်းကို ကျင့်ကြံခဲ့သော အတွေ့အကြုံများသည် ကျန်းမင်၏ စိတ်ထဲသို့ စီးဆင်းဝင်ရောက်လာခဲ့ရာ ၊ သူသည် ဤဓားသိုင်းကို ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့်အတိုင်း ခံစားလိုက်ရသည်။
ကျားငါးကောင် တံခါးပိတ်ဓားသိုင်း၏ သိုင်းကွက်ပေါင်း ၆၄ ကွက်သည် သူ၏စိတ်ထဲတွင် သက်ဝင်လှုပ်ရှားနေပြီး ၊ ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သလိုပင်။
ချွင်...
သူ၏လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ချင်းချွဲ့ဓားမှ လွှမ်းမ်ိုးနိုင်စွမ်းရှိသော ဓားဆန္ဒများ ထွက်ပေါ်လာ၏။
အကယ်၍ အခန်းထဲ၌ ဒုတိယမြောက် လူတစ်ဦးသာ ရှိနေပါက ၊ အဆိုပါ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားဆန္ဒကြောင့် မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားမည်မှာ သေချာသည်။
ချောက်..
ဓားကို ဓားအိမ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်၏။
ကျန်းမင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ၊ မျက်ဝန်းများက ထူးခြားစွာ တောက်ပနေသည်။
“ဒီတိုင်းသာဆိုရင်... ငါက ပထမတန်းစား သိုင်းပညာရှင်တစ်ယောက်လို့ သတ်မှတ်လို့ ရပြီပဲ... ချောင်ဖုန်းလိုမျိုး ထိပ်တန်း ပညာရှင်ကြီးတွေကို မယှဉ်နိုင်သေးပေမယ့် မုရုံဖူနဲ့ ဆိုရင်တော့ အခွင့်အရေးထက်ဝက် ရှိနိုင်သေးတယ်...
“ဆက်လုပ်မယ်...”
“ ကျင့်ကြံဆင့်ကို မြှင့်တင်မယ်...”
“စနစ်... သတ်ဖြတ်ခြင်းအမှတ် အားလုံးကို အသုံးပြုပြီး နတ်ဘုရားရှင်သန်ခြင်း ကျင့်စဉ်ကို မြှင့်တင်လိုက်တော့...”
[ ဒေါင် ! အမှတ်မြှင့်တင်ခြင်း အောင်မြင်ပါသည်... နတ်ဘုရားရှင်သန်ခြင်း ကျင့်စဉ် (၉၉/၁ဝဝ)]
ဝုန်း!
ဝုန်း ဝုန်း ဝုန်း!
ကျန်းမင်၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများသည် ပြင်းထန်စွာ စီးဆင်းနေသော မြစ်တစ်စင်းလို ဖြစ်လာပြီး ၊ သူ့လမ်းကြောင်းပေါ်တွင် ပိတ်ဆို့ထားသော အကြောမှတ်များကို တစ်ခုပြီးတစ်ခု အရူးအမူး တိုက်ခိုက်ချေဖျက်လေ၏။
အကြောမှတ်နှစ်ခု ပွင့်သွားပြီး ၊ ယန်ဝေအကြော နှင့် ယင်ဝေ အကြောတို့၌ အတွင်းအားများဖြင့် ပြည့်နှက်သွားခဲ့သော်လည်း ၊ သို့သော် ဤမျှနှင့် မရပ်တန့်သေးဘဲ သူ၏အရှိန်အဝါများက ဆက်လက် မြင့်တက်နေဆဲပင်။