အခန်း ၄၆
Vol. 5 Ch. 46
အခန်း(၄၆)
နောက်ထပ် အကြောမှတ်နှစ်ခု ထပ်မံ ပွင့်သွားခဲ့ပြီး ၊ ယင်ချောင်အကြော နှင့် ယန်ချောင်အကြောတို့၌ အတွင်းအားများ ပြည့်လျှံသွားခဲ့သည်။
ဝီ!
ကျန်းမင်၏ ကျင့်ကြံခြင်းအဆင့်သည် တစ်ခဏချင်းအတွင်းမှာပင် အဆင့်(၇) အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရာ ၊ သူသည် အဆင့်(၆) သို့ တတ်လှမ်းရန် လက်တစ်ကမ်းသာ လိုတော့၏။
နောက်ထပ် အကြောနှစ်ခုကိုတော့ မချေဖျက်ရသေးချေ။
ဟူး!
အချိန်အတော်ကြာပြီးနောက် ကျန်းမင်သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။
“နည်းနည်းလေးပဲ လိုတော့တယ်... နတ်ဘုရားရှင်သန်ခြင်း ကျင့်စဉ်က ပြည့်စုံလုနီးပါး ဖြစ်သွားပြီ...”
“နှမြောစရာကောင်းတာက သတ်ဖြတ်ခြင်းအမှတ်တွေ ထပ်ပြီး ကုန်သွားတာပဲ...”
“ဒီည ငွေကြေးဂိုဏ်းဆီကို သွားပြီး ထပ်ရှာရမယ်... ကျင်းပေါင် ငါ့အပေါ် အကြွေးတင်ထားတဲ့ သွေးကြွေးကို ပြန်ဆပ်ဖို့ အချိန်ရောက်ပြီ...”
ကျန်းမင် သည် မတ်တပ်ရပ်ကာ အခန်းအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။
ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် အလွန်ပင် လန်းဆန်းပေါ့ပါးနေပြီး ၊ ကျန်းမင်သည် သူ၏ မျက်နှာကို ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။
ယခုအချိန်တွင် အကယ်၍ ငွေကြေးဂိုဏ်း၏ ကင်းထောက်များက သူ့ကို မှတ်မိသွားလျှင်ပင် ကိစ္စမရှိပေ။ သူသည် သတ်ဖြတ်ခြင်းအမှတ်များကို ထပ်မံ ရှာဖွေရန် လိုအပ်နေသည် မဟုတ်လော။
သို့သော် ဤဟွားမန်ဆောင် အတွင်း၌ မည်သူမျှ လူမသတ်ဝံ့ကြောင်းကိုလည်း သူ ကောင်းစွာ သိရှိထား၏။
အကြောင်းမှာ ဤတည်းခိုဆောင်၏ နောက်ကွယ်တွင် ဂိုဏ်းကြီးတစ်ခုမှ အဆင့်မြင့် သိုင်းပညာရှင်ကြီးတစ်ဦး ရှိနေသောကြောင့် ဖြစ်သည်။ ထိုသူမှာ ရှောင်ယောင်ဂိုဏ်း မှ ငှက်ဖြူဆရာတော် လင်ချုန်းပင်။
ဤသည်မှာ သူ၏ မိသားစုပိုင် လုပ်ငန်းဖြစ်ပြီး၊ နန်ယန်စီရင်စုနှင့် သုံဟွာစီရင်စု နှစ်ခုလုံးကို လွှမ်းမိုးထားသည်။
ရှောင်ယောင်ဂိုဏ်း သည် သုံဟွာစီရင်စုတွင် ရှိသော်လည်း ၊ နန်ယန်စီရင်စု၌ မည်သူမျှ သူတို့ကို မစော်ကားဝံ့ကြပေ။
ဤသည်မှာ နာမည်ကျော်ကြားရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်ပြီး ၊ သင့်တွင် နာမည်ရှိလာသည်နှင့်တစ်ပြိုင်နက် စည်းစိမ်ဥစ္စာနှင့် အရာအားလုံးက နောက်ကနေ လိုက်ပါလာပေလိမ့်မည်။
ကျန်းမင်သည် ပြတင်းပေါက်နံဘေးတွင် ထိုင်လိုက်ပြီး လက်ဖက်ရည်ကောင်းတစ်အိုးကိုသာ မှာယူလိုက်၏။
မိုးမကျမီ ဆွတ်ခူးထားသော လုံကျင်းလက်ဖက်ရည်ဖြစ်ပြီး ၊ တစ်အိုးလျှင် ငွေအပြား နှစ်ဆယ် ပေးရသည်။
အလွန် ဈေးကြီးသော်လည်း သူသည် ငွေကြေးအတွက် အနည်းငယ်မျှ နှမြောခြင်း မရှိချေ။
သို့ရာတွင် ခန့်ညားထည်ဝါသော ဓားသမားတစ်ဦးသည် များသောအားဖြင့် သူရဲကောင်းမယ်လေးများ၏ အာရုံစိုက်ခံရမှုကို လွယ်လင့်တကူ ရရှိတတ်သည်။
ကျန်းမင် တစ်ယောက် လက်ဖက်ရည် သောက်သုံးနေသည့် အချိန်ခဏလေးအတွင်းမှာပင် ၊ အမျိုးသမီး လေးငါးဦးခန့်၏ စူးရှသော အကြည့်များကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်။
သို့သော် သူသည် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ချေ။ ထိုစဉ် ၊အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားနှစ်လက် ချိတ်ဆွဲထားသော အမျိုးသမီးတစ်ဦးသည် သူ့ရှေ့၌ လာရောက်ဝင်ထိုင်သည့် အချိန်မှာသာ ကျန်းမင်၏ အကြည့်များမှာ လှုပ်ရှားသွားခဲ့သည်။
“မိန်းကလေး... ကိစ္စရှိလို့လား...”
ဝတ်ရုံဖြူ အမျိုးသမီးက သူမ၏ ဦးခေါင်းကို အသာအယာ ညိတ်ပြလိုက်ရင်း ဆိုလိုက်၏။
“ရှင်နဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်လို့ပါ...”
“ငါက အဲ့ဒီလို အလုပ်မျိုး လုပ်တာ မဟုတ်ဘူး...”
ကျန်းမင် တစ်ယောက် ဆွံ့အနေမိသည်။
သိုင်းလောကသားများက အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်တတ်ကြသော်လည်း ၊ သူမအနေဖြင့် ဤမျှအထိ တိုက်ရိုက်ကြီးတော့ မပြောဆိုသင့်ပေ။
အမျိုးသမီးလေးမှာ ထိုစကားကို ကြားပြီး ကြောင်အမ်းသွားကာ ချက်ချင်းဆိုသလို သူမ၏ ပါးပြင်လေးများ ရဲတက်သွားခဲ့သည်။
သူမသည် အလွန် ငယ်ရွယ်သေးပြီး အသက်(၁၇) သို့မဟုတ် (၁၈) နှစ်ခန့်သာ ရှိပေဦးမည်။
သို့သော် သူမ၏ ရှက်သွေးဖြန်းမှုက သူမ အမှန်တကယ် အရွယ်ရောက်နေပြီဖြစ်ကြောင်း သက်သေပြနေသည်။ မိန်းကလေးငယ်လေး တစ်ဦး၏ ရှက်သွေးဖြန်းမှုက အရာအားလုံးကို ဖော်ပြနေ၏။
ဟွန့်...
အမျိုးသမီးလေးသည် စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်သည်။
“ရှင် နားလည်မှု လွဲသွားပြီ... ကျွန်မက ရှင်နဲ့ လက်တွဲပြီး လူသတ်ချင်လို့ပါ...”
ဤစကားများ ထွက်လာချိန်တွင် ၊ ကျန်းမင် မျက်မှောင်ကြုတ်သွားသည်။
“မင်း ငါ့ကို သိတာလား...”
“သိတာပေါ့...”
“လုအန်းမြို့ကတည်းက ကျွန်မ ရှင့်အကြောင်းကို သိခဲ့တာ... စုန့်ချွင်းမြို့ကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး...”
အမျိုးသမီးက တည်ငြိမ်စွာ ပြောဆိုလိုက်ရာ အမှန်တကယ် ပူးပေါင်းဆောင်ရွက်လိုသည့် သဘော ရှိပုံရပေသည်။
“မင်း ဘယ်သူ့ကို သတ်ချင်တာလဲ...”
ကျန်းမင် သည် အခြေအနေကို အရင်ဆုံး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
“လူနှစ်ယောက်...”
“ဆိပ်ကမ်းဂိုဏ်း စုန့်ချွင်းမြို့ ဂိုဏ်းခွဲခေါင်းဆောင် ဖုန်းဒုတိယသခင်ကြီးနဲ့ ငွေကြေးဂိုဏ်း က ဂိုဏ်းချုပ် ကျင်းပေါင်...”
“အို... မိန်းကလေးရဲ့ စကားလုံးတွေက သိပ်ပြီး အထင်ကြီးစရာ ကောင်းတာပဲ... ဒီလူနှစ်ယောက်က စုန့်ချွင်းမြို့ရဲ့ ထိပ်တန်း အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေလေ... အစိုးရရုံးကတောင် မစွက်ဖက်ဝံ့တဲ့ လူတွေပဲ...”
“မင်းတစ်ယောက်တည်းနဲ့ ရနိုင်ပါ့မလား...”
ကျန်းမင်၏ လေသံမှာ တည်ငြိမ်သော်လည်း ၊ သံသယဖြစ်မိကြောင်း အရိပ်အယောင်များ ပါဝင်နေ၏။
တစ်ဖက်လူ၏ သံသယကို ခန့်မှန်းမိသော်လည်း ၊ သူမသည် လှပသော အပြုံးတစ်ပွင့်ကိုသာ ထုတ်ဖော်ပြသလိုက်သည်။
“ရတယ်...”
သူမ ပြတ်သားစွာ ပြောဆိုလိုက်သည်။
“ကျွန်မ တစ်ယောက်တည်းနဲ့တင် ရနိုင်တယ်... ဒါပေမဲ့ စိတ်ချရလောက်တဲ့အထိ မဟုတ်ဘူး ၊ ဒါကြောင့် ရှင့်ရဲ့ အကူအညီ လိုအပ်တာ...”
ကျန်းမင်သည် သူမကို ခေါင်းအစခြေအဆုံးကြည့်ကာ အကဲခတ်လိုက်သည်။
ဤအမျိုးသမီး၏ အရှိန်အဝါသည် သာမန်မဟုတ်သဖြင့် သူမ၏ အရည်အချင်းမှာလည်း မဆိုးရွားနိုင်ချေ။ သို့သော် အသက်နှစ်ဆယ်ပင် မပြည့်သေးသော သူမသည် ဖုန်းဒုတိယသခင်ကြီးနှင့် ကျင်းပေါင်တို့ကို သတ်နိုင်လိမ့်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်နေသည်။
အကယ်၍ အခြားလူသာ ဆိုပါက ၊ သူမကို ရူးနေသည်ဟု တွေးတောမိကြပေလိမ့်မည်။
သို့ရာတွင် သူမသည် တည်ကြည်လေးနက်ပြီး ယုံကြည်ချက်အပြည့် ပြောဆိုနေခြင်း ဖြစ်ရာ ကျန်းမင်၏ စိတ်ထဲတွင် ယုံကြည်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ဤယုံကြည်မှုသည် သူမ၏ ခါးတွင် ချိတ်ဆွဲထားသော ဓားနှစ်လက်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။
သိုင်းလောကအတွင်း၌ ဓားနှစ်လက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူမှာ သိပ်မများချေ။ ဓားနှစ်လက်သုံး အမျိုးသမီး သိုင်းသမားများမှာ ပို၍ပင် ရှားပါးသည်။
ဤမျှလှပပြီး ထူးကဲသော အသွင်အပြင်ရှိသည့် အမျိုးသမီး ဓားသမားဟူ၍ တစ်ဦးတည်းသာ ရှိနိုင်သည်။
“မင်းက ပါရှန်းဓားဂိုဏ်း ရဲ့ ဟုန်ရွမ်နတ်သမီး ပိုင်လင်ဖေး မဟုတ်လား...”
ကျန်းမင်သည် ဤရက်ပိုင်းအတွင်း စုံစမ်းသိရှိထားသော သိုင်းလောက အခြေအနေများကို အခြေခံကာ သူ၏ သံသယကို မေးမြန်းလိုက်၏။
ပါရှန်းဓားဂိုဏ်းကို တည်ထောင်ခဲ့သည့် ဘိုးဘေးများမှာ ဆရာတူ မောင်နှမနှစ်ဦး ဖြစ်ကြသည်ဟု ဆိုကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး မေတ္တာမျှခဲ့ကြပြီး ၊ ဆန်းကြယ်သော ချုံလင်ဓားသိုင်းကို တီထွင်ခဲ့ကြ၏။
ထိုဓားသိုင်းသည် အလွန်ပင် နက်ရှိုင်းပြီး သိုင်းကွက်များကလည်း လျင်မြန်ဖျတ်လတ်သည်။