← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း(၄၇) - အလောင်းဂိုဏ်း၏ အစောင့်အရှောက်၊ ခရမ်းကင်းမြီးကောက် လန်ရင်း

အကယ်၍ လူတစ်ဦးတည်းကသာ ဤဓားသိုင်းကို အသုံးပြုမည်ဆိုပါက အဆင့်မြင့်ဓားသိုင်းအဆင့်တွင်သာ ရှိနေမည်ဖြစ်သော်လည်း ၊ အကယ်၍ လူနှစ်ဦး ပူးပေါင်းအသုံးပြုမည်ဆိုပါက ၎င်းသည် ပထမတန်းစား ထိပ်တန်းဓားသိုင်းတစ်လက်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

သို့သော် နှမြောစရာကောင်းသည်မှာ ထိုဆရာတူမောင်နှမနှစ်ဦးအနက် တစ်ဦးသည် ဖောက်ပြန်သွားခဲ့သဖြင့် ဤဓားသိုင်းသည် ထိုအချိန်မှစ၍ ပြီးပြည့်စုံအောင် အကောင်အထည်မဖော်နိုင်တော့ချေ။

နောက်ပိုင်းတွင် ၎င်းတို့အနက် တစ်ဦးသည် သူ၏ ဘဝတစ်ဝက်စာ ကုန်လွန်သွားသည့် အချိန်တွင်မှ မိမိ၏ စိတ်နေသဘောထားကို နားလည်သဘောပေါက်ခဲ့ပြီး ၊ နောက်ကြောင်းပြန်လှည့်ရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့ချေပြီ။

ထို့ကြောင့် သူသည် ပါရှန်းဓားဂိုဏ်းကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပါရှန်းဓားဂိုဏ်း၏ တပည့်များ သိုင်းလောကထဲသို့ လှည့်လည်ရာတွင် သေချာပေါက် လူနှစ်ဦး အတူတူ သွားလာရမည်ဟူသော စည်းကမ်းချက်ကို ထုတ်ပြန်ခဲ့၏။

အကြောင်းမှာ ဤကဲ့သို့ ပြုလုပ်မှသာ သူတို့၏ ဓားသိုင်းသည် အကြီးမားဆုံးသော စွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။ သို့သော် ဤစည်းကမ်းချက်တွင် ချွင်းချက်အနေဖြင့် လူတစ်ဦး ရှိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုသူသည် တစ်ဦးတည်းဖြင့် ဓားနှစ်လက်ကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူမတစ်ဦးတည်းကပင် လူနှစ်ဦးစာ စွမ်းဆောင်ရည်ကို ထုတ်ဖော်နိုင်ရာ ၊ ထိုသူမှာ သိုင်းလောက၏ ကျော်ကြားသော အလှပဂေး ဟုန်ရွမ်နတ်သမီး ပိုင်လင်ဖေးပင် ဖြစ်သည်။

“မှန်တယ်... ငါပဲ...”

ပိုင်လင်ဖေးသည် သူမ၏ သရုပ်မှန်ကို ပွင့်လင်းစွာ ဝန်ခံလိုက်၏။

“အခုရော အဲ့ဒီလူနှစ်ယောက်ကို ငါ သတ်နိုင်မယ်လို့ ယုံကြည်ပြီလား”

“သေချာပေါက် ယုံကြည်ပါတယ်... ဟုန်ရွမ်နတ်သမီးရဲ့ ပါရမီက ထူးချွန်လွန်းတယ်... လွန်ခဲ့တဲ့ နှစ်နှစ်က ဓားပြအိုကြီး ဟွမ်ရှ ကို သတ်ခဲ့တုန်းက မင်းက အဆင့်(၇) နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နေခဲ့ပြီပဲ..... ဖုန်းဒုတိယသခင်ကြီးနဲ့ ကျင်းပေါင်တို့က အဆင့်(၇) ကနဦးအဆင့်နဲ့ အလယ်အလတ်အဆင့်ပဲ ရှိဦးမှာ”

“သူတို့တွေ ဟုန်ရွမ်နတ်သမီးရဲ့ ဓားတစ်ချက်ကိုတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး...”

ကျန်းမင် က ပြန်လည် ပြောဆိုလိုက်သည်။

“ဟုတ်တယ်... ဒါပေမဲ့ ဒီစုန့်ချွင်းမြို့ထဲမှာ ပုန်းကွယ်နေတဲ့ သိုင်းပညာရှင်တွေ ရှိနေသေးတယ်... ငါက အဲ့ဒီလူနှစ်ယောက်ကို သတ်လိုက်မယ်ဆိုရင် သေချာပေါက် အဲ့ဒီပုန်းကွယ်နေတဲ့ ပညာရှင်တွေ ထွက်လာလိမ့်မယ်... ဒါကြောင့်ပဲ ငါ မလှုပ်ရှားသေးတာ...”

‘သိုင်းပညာရှင် ဟုတ်လား...’

ကျန်းမင် ဇဝေဇဝါ ဖြစ်သွားသည်။ မူလပိုင်ရှင်သည် ဤမြို့အတွင်း၌ ၁၈နှစ်တိုင်တိုင် နေထိုင်ခဲ့သော်လည်း ၊ သူ၏ မှတ်ဉာဏ်ထဲတွင် စုန့်ချွင်းမြို့၌ ဖုန်းဒုတိယသခင်ကြီးနှင့် ကျင်းပေါင်တို့ထက် သန်မာသူ မရှိချေ။

ဖြစ်နိုင်သည်မှာ မူလပိုင်ရှင်၏ အဆင့်အတန်းသည် အလွန်နိမ့်ကျလွန်းသဖြင့် ဤကဲ့သို့သော သတင်းအချက်အလက်များကို မသိရှိနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

ဤရှင်းပြချက်တစ်ခုသာ ရှိပေသည်။

ပိုင်လင်ဖေး အနေဖြင့် ဤကိစ္စအပေါ် လိမ်လည်လိမ့်မည်ဟု သူ မထင်ချေ။ မိမိအနေဖြင့် ငွေကြေးဂိုဏ်းနှင့် ဆိပ်ကမ်းဂိုဏ်းအတွင်းသို့ ဇွတ်ဝင်မသတ်ဖြတ်ခဲ့မိသည်မှာ ကံကောင်းသည်ဟု ဆိုရပေတော့မည်။

သို့မဟုတ်ပါက ယခုတစ်ကြိမ်တွင် ပြဿနာကြီးကြီးမားမား ကြုံတွေ့ရပေလိမ့်မည်။

“အဲ့တာက ဘယ်သူလဲ...”

“အလောင်းဂိုဏ်းရဲ့ အစောင့်အရှောက်... ခရမ်းကင်းမြီးကောက် လန်ရင်း...”

“အလောင်းဂိုဏ်း ဟုတ်လား... အလောင်းဂိုဏ်း က နောက်တစ်ခေါက် ထပ်ပေါ်လာပြန်ပြီပေါ့...”

ကျန်းမင် မျက်မှောင်ကြုတ်သွား၏။ လုအန်းမြို့ ဆိပ်ကမ်းဂိုဏ်းထဲတွင်လည်း အလောင်းဂိုဏ်း မှ လူများ ရှိနေခဲ့သလို ၊ စုန့်ချွင်းမြို့ ဆိပ်ကမ်းဂိုဏ်းထဲတွင်လည်း အလောင်းဂိုဏ်း မှ လူများ ရှိနေပြန်သည်။

ယခု အလောင်းဂိုဏ်း၏ အစောင့်အရှောက်သည်ပင် ပါဝင်လာခဲ့ချေပြီ။

ဤကိစ္စ၏ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိမည်မှာ သေချာသည်။

“ဘာလဲ... ရှင်က အလောင်းဂိုဏ်း က လူတွေကို တွေ့ဖူးလို့လား...”

ယခုတစ်ကြိမ်တွင်မူ ၊ ပိုင်လင်ဖေး အံ့အားသင့်သွားရမည့်အလှည့် ဖြစ်သွားခဲ့သည်။

“တွေ့ဖူးရုံတင်မကဘူး... နှစ်ယောက်စလုံးကို ငါ ကိုယ်တိုင် သတ်ပစ်လိုက်ပြီ...”

ကျန်းမင် က ပြန်လည် ဖြေကြားလိုက်၏။ ဤစကားကို ကြားလိုက်ရချိန်တွင် ၊ ပိုင်လင်ဖေးမှာ ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

အလောင်းဂိုဏ်းသည် အလုပ်လုပ်ရာတွင် အလွန် လျှို့ဝှက်ဆန်းကြယ်သည်။ သို့သော် ကျန်းမင်သည် သူတို့ထဲမှ နှစ်ဦးနှင့် ကြုံတွေ့ခဲ့ရသည် ဟု ဆိုသည်။

လွန်ခဲ့သောရက်ပိုင်းက လုအန်းမြို့ ဆိပ်ကမ်းဂိုဏ်း ပျက်စီးသွားခဲ့ရသည့် ကိစ္စကို ဆက်စပ်တွေးတောရင်း ၊ ပိုင်လင်ဖေးသည် တစ်ခုခုကို ရိပ်မိသွားပုံရသည်။

သို့သော် သူမ၏ နှုတ်မှ မည်သည့်စကားမျှ ထုတ်ဖော်မပြောခဲ့ချေ။

“အဲ့ဒီလူရဲ့ ကျင့်ကြံအဆင့်က ဘယ်လောက်လဲ...”

ကျန်းမင် က ဆက်လက် မေးမြန်းလိုက်၏။

ထိုသူသည် အလောင်းဂိုဏ်းကပင် ဖြစ်စေ၊ ကျန့်ဝမ်မြို့တော်ကပင် ဖြစ်စေ သူ ဂရုမစိုက်ချေ။ မိမိ၏ လက်စားချေမှုကို တားဆီးရဲသူ မည်သူမဆို အသတ်ခံရမည်။

သို့ရာတွင် ထိုသူ၏ အင်အားကို ကြိုတင် သိရှိထားရန် လိုအပ်သည်။ အကယ်၍ မတတ်စွမ်းနိုင်ပါက ၊ အရင်ဆုံး ဆုတ်ခွာရပေမည်။

မိမိတွင် စနစ်ရှိနေသဖြင့် စွန့်စားရလောက်သည်အထိ မိုက်မဲရန် မလိုချေ။

လူအနည်းငယ်ကို ထပ်မံ သတ်ဖြတ်လိုက်ရုံဖြင့် မည်သည့် ပြဿနာမဆို ဖြေရှင်းနိုင်သည်။

“အဆင့်(၄)....”

“နှုတ်ဆက်ပါတယ်...”

“နေပါဦး... သူ ဒဏ်ရာရထားတာ... ဒဏ်ရာအပြင်းအထန် ရထားတာ... သူ ထုတ်သုံးနိုင်တဲ့ အင်အားက အလွန်ဆုံးရှိ အဆင့်(၇) အထွတ်အထိပ်လောက်ပဲ”

ထိုစကားကို ကြားလိုက်ရမှသာ ကျန်းမင်၏ ထွက်ခွာရန်ပြင်ဆင်နေသော ခြေလှမ်းများမှာ ရပ်တန့်သွားသည်။

“ပြည်သူတွေအတွက် ဘေးအန္တရာယ်ကို ရှင်းလင်းပေးဖို့က ငါတို့လို သိုင်းလောကရဲ့ သူရဲကောင်းတွေ လုပ်ဆောင်ရမယ့် တာဝန်ပဲ...”

“မိန်းကလေးပိုင်... ကျေးဇူးပြုပြီး အသေးစိတ်လေး ရှင်းပြပေးပါဦး...”

ကျန်းမင် တစ်ယောက် တည်ငြိမ်သော မျက်နှာပေးဖြင့် ပြန်ထိုင်လိုက်သည်။ ထိုင်ခုံမှ လုံးဝ မထရသေးသကဲ့သို့ ပြုမူနေ၏။

ပိုင်လင်ဖေး သည် သူမ၏ လှပသော မျက်ဝန်းများဖြင့် စောင်းငဲ့ကြည့်လိုက်သည်။

ဟွန်း!

သို့သော် သူမက ဆက်ပြောလိုက်သည်။

“ခရမ်းကင်းမြီးကောက် က လွန်ခဲ့တဲ့ လဝက်လောက်တုန်းက ငါတို့ ပါရှန်းဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်...... အဲ့ဒီနောက်ပိုင်း သူ့ရဲ့ လက်အောက်ခံ တပည့် ရာပေါင်းများစွာက အသက်နဲ့လဲပြီး အကြီးအကဲကို တားဆီးပေးခဲ့ကြလို့ သူ လွတ်မြောက်သွားခဲ့တာ...”

“အဲ့ဒီနောက်ပိုင်း ငါတို့ သူ့ရဲ့ တည်နေရာကို နေရာအနှံ့ လိုက်ရှာနေခဲ့ကြတာ... မကြာခင်ကမှ သူ စုန့်ချွင်းမြို့ ဆိပ်ကမ်းဂိုဏ်းထဲမှာ ပုန်းအောင်းနေတယ်ဆိုတာကို သိခဲ့ရတာပဲ...”

“မင်းတို့က ဘာဖြစ်လို့ သူ့ကို သတ်ချင်နေရတာလဲ...”

“ဖြောင့်မတ်ခြင်းနဲ့ ယုတ်ညံ့ခြင်းက ဒွန်တွဲလို့ မရဘူးလေ...”

“ငါ ဒီလိုစကားမျိုးကို မကြားချင်ဘူး... မဟုတ်ရင် ငါတို့ကြားက ပူးပေါင်းဆောင်ရွက်မှုက ဒီနေရာတင် အဆုံးသတ်သွားလိမ့်မယ်...”

ကျန်းမင်၏ မျက်ဝန်းများက လေးနက်လွန်းသည်။

သိုင်းလောကတွင် ဖြောင့်မတ်ခြင်းနှင့် ယုတ်ညံ့ခြင်းဟူ၍ ဒွန်တွဲမရသည့် ကိစ္စများစွာ မရှိချေ။ ရှိသမျှအရာအားလုံးက အကျိုးစီးပွားအတွက်သာ ဖြစ်ပေသည်။

ပိုင်လင်ဖေး က သက်ပြင်းတစ်ချက် ချလိုက်သည်။

“ ကျွန်မမျက်လုံးတွေနဲ့ ကိုယ်တိုင် မတွေ့ခဲ့ရဘူးဆိုရင် ရှင်က အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်ဆိုတာ လုံးဝ ယုံနိုင်မှာမဟုတ်ဘူး”

“သူရဲကောင်းဆန်ဆန် စွမ်းဆောင်ချင်တဲ့ ဒီလိုအရွယ်မျိုးမှာ ရှင့်ဆီမှာ လူငယ်သိုင်းသမားတစ်ယောက်ရဲ့ အရိပ်အယောင်ကို လုံးဝ မတွေ့ရဘူး...”

“ ရှင်ကလေ တကယ်ကို ထူးဆန်းတဲ့လူတစ်ယောက်ပဲ...”

All Chapters