← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း(၄၈)

သူမသည် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ဝေဖန်ပြောဆိုနေသော်လည်း ၊ သူမကိုယ်တိုင်ကလည်း အသက် ၁၈နှစ်အရွယ် မိန်းကလေးငယ်မျှသာ ရှိသေးသည်ကို မေ့လျော့နေပုံရသည်။

သူမသည် ကျန်းမင်ထက် ပို၍ ငယ်ရွယ်သေး၏။

“ခရမ်းကင်းမြီးကောက် က ကျွန်မတို့ ပါရှန်းဓားဂိုဏ်းဆီကနေ ပစ္စည်းတစ်ခုကို ခိုးယူသွားခဲ့တယ်... ဒါကြောင့်ပဲ ကျွန်မတို့က သူ့ကို လိုက်လံ ဖမ်းဆီးနေတာ...”

“ဘာပစ္စည်းလဲ...”

“အလောင်း... ဂိုဏ်းချုပ်ဟောင်းရဲ့ အလောင်း...”

“ဘာ...”

ကျန်းမင် အနေဖြင့် ခိုးယူခံရသည့် ပစ္စည်းမှာ အလောင်း တစ်လောင်း ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူ တွေးတောထားခဲ့သည်မှာ ထိုအရာမှာ အလွန် တန်ဖိုးရှိသော ရတနာတစ်မျိုးမျိုး သို့မဟုတ် သိုင်းကျမ်းစာအုပ် တစ်အုပ် ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ခရမ်းကင်းမြီးကောက်သည် သူတစ်ပါး၏ အကြီးအကဲဂူဗိမာန်ကို တူးဆွကာ အလောင်းကို ခိုးယူသွားလေ၏။

ပါရှန်းဓားဂိုဏ်း အနေဖြင့် သူ့ကို အသေအလဲ လိုက်လံ သတ်ဖြတ်နေခြင်းမှာ မဆန်းတော့ချေ။

“အလောင်းဂိုဏ်းကလူတွေရဲ့ လုပ်ရပ်တွေက အလွန်ထူးဆန်းတယ်... သူတို့က အလောင်းကို ခိုးယူပြီး ဘာလုပ်မလဲဆိုတာ ကျွန်မတို့လည်း မသိဘူး... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မတို့ ပါရှန်းဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်...”

“သူ မိုးမြေအဆုံးထိ ထွက်ပြေးသွားပါစေဦးတော့... ကျွန်မတို့ကတော့ သေချာပေါက် သူ့ကို သတ်ပြီး ဂိုဏ်းချုပ်ဟောင်းရဲ့ အလောင်းကို ပြန်လည် ရယူရမှာပဲ”

ဤစကားကို ကြားပြီးနောက် ကျန်းမင် က ခေါင်းညိတ်လိုက်၏။

ဤအတိုင်းသာဆိုလျှင်ဖြင့် ကျိုးကြောင်းဆီလျော်ပေသည်။

သို့သော် နောက်ထပ် ပြဿနာတစ်ခု ရှိနေသေး၏။

“မင်းတို့က ဒီသတင်းကို ဘယ်လိုလုပ်ပြီး သိခဲ့တာလဲ...”

ကျန်းမင် ယုံကြည်ထားသည်မှာ ဤခရမ်းကင်းမြီးကောက် သည် မိုက်မဲသူတစ်ဦး မဟုတ်ချေ။ ပါရှန်းဓားဂိုဏ်းက သူ့ကို လိုက်လံ သတ်ဖြတ်နေမှန်း သိထားသဖြင့် သူ၏ ခြေရာလက်ရာများကို လုံးဝ ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ချေ။

“ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာ...”

ပိုင်လင်ဖေးသည် စကားလုံး သုံးလုံးကိုသာ ပြန်လည် ဖြေကြားခဲ့သော်လည်း ၊ ထိုစကားလုံး များက မှော်စွမ်းအားများ ပါဝင်နေသကဲ့သို့ မေးခွန်းများစွာကို တိတ်ဆိတ်သွားစေသည်။

ကျန်းမင် ခေါင်းညိတ်လိုက်သည်။

“ဒါဆို ငါ့အတွက် ဘာအကျိုးအမြတ် ရှိမှာလဲ...”

“ဘာ..”

ပိုင်လင်ဖေး သည် ကျန်းမင် ထံမှ ဤစကားများ ထွက်လာသဖြင့် မယုံကြည်နိုင်ဖြစ်သွားသည်။

“ဟားး...”

“ရှင် စုန့်ချွင်းမြို့ကို ပြန်လာတာ ဘာအတွက်လဲ... မေ့သွားပြီလား...”

“ရှင်ကိုယ်တိုင်ကလည်း လူသတ်ပြီး ကလဲ့စားချေချင်နေတာလေ... ကျွန်မတို့က ရည်ရွယ်ချက် တူညီလို့ ပူးပေါင်းဆောင်ရွက်ကြတာပဲ မဟုတ်ဘူးလား...”

“ကလဲ့စားချေတာက တခြားကိစ္စပဲ...”

ကျန်းမင် က ခေါင်းယမ်းလိုက်၏။

“ငါက အလွန် လောဘကြီးတဲ့လူတစ်ယောက်ပဲ... ကလဲ့စားလည်း ချေရမယ်... အကျိုးအမြတ်လည်း ရရမယ်...”

သူသည် ရုတ်တရက် ထရပ်လိုက်ပြီး ၊ ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လျက် ပိုင်လင်ဖေးကို စိုက်ကြည့်လိုက်သည်။

ပိုင်လင်ဖေး အနေဖြင့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ကျန်းမင်သည် သိုင်းလောကတွင် အရည်အချင်း အသင့်အတင့်ရှိသော သိုင်းသမားတစ်ဦးမျှသာ ဖြစ်သဖြင့် သူမအနေဖြင့် အလွယ်တကူ ထိန်းချုပ်နိုင်ရမည် ဖြစ်သော်လည်း ၊

သို့သော် သူမ၏ ခါးတွင် ချိတ်ဆွဲထားသော ဓားနှစ်လက်က ရှေ့တွင် ရှိနေသော လူငယ်သည် အလွန် အန္တရာယ်များကြောင်း သူမကို သတိပေးနေခဲ့သည်။

နှစ်ဦးသား အချိန်အတော်ကြာ တင်းမာစွာ စိုက်ကြည့်နေခဲ့ကြပြီးနောက် ၊ နောက်ဆုံးတွင် ပိုင်လင်ဖေးကသာ အလျှော့ပေးလိုက်ရသည်။

“ဒီကိစ္စ အောင်မြင်သွားရင်... ကျွန်မ ရှင့်ကို အဆင့်မြင့် ဆရာသခင်အဆင့်ရှိ ဓားသိုင်းကျမ်းတစ်အုပ် ရှိတဲ့နေရာကို ပြောပြပေးမယ်...”

“ဒီဓားသိုင်းက လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက ရူးသွပ်ဓား ကျင်းရှီ အသုံးပြုခဲ့တဲ့ ဓားသိုင်းပဲ... ရှင်ကလည်း ဓားသမားတစ်ယောက်ဆိုတော့ ရှင့်အတွက် မရှုံးပါဘူး...”

ပိုင်လင်ဖေး တစ်ယောက် ဤစကားကို အံကြိတ်ကာ ပြောလိုက်ရခြင်း ဖြစ်သည်။

အဆင့်မြင့် ဆရာသခင်အဆင့်ရှိ ဓားသိုင်းကျမ်းဟူသည် သာမန် ပစ္စည်းမျိုး မဟုတ်ချေ။ သူတို့ ပါရှန်းဓားဂိုဏ်းသည် ဓားသမားများ ဖြစ်ကြသော်လည်း ၊ အကယ်၍ အဆင့်မြင့် ဓားသိုင်းကျမ်းစာအုပ် တစ်အုပ်ကို ပို၍ ပိုင်ဆိုင်ထားနိုင်ပါက ၊ အတော်လေး တန်ဖိုးရှိပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ပညာရပ်များလေလေ အခွင့်အလမ်းများလေ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အခြေအနေသည် အရေးကြီးသည်။ အလောင်းဂိုဏ်းဘက်မှ တစ်ခုခုကို ကြံစည်နေပြီး ၊ ၎င်းတို့၏ ခြေရာလက်ရာများက တစ်ခုပြီးတစ်ခု ပေါ်ထွက်နေခဲ့သည်။

ယခင်က ဆိပ်ကမ်းဂိုဏ်းအတွင်း၌ ပေါ်ထွက်ခဲ့သော ရင်လုံအကြီးအကဲသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ ၊ ပိုင်လင်ဖေး အနေဖြင့် ဂိုဏ်းက လူများ လာရောက်သည်အထိ စောင့်ဆိုင်းနေမည်ဆိုပါက ခရမ်းကင်းမြီးကောက် လွတ်မြောက်သွားမည်ကို စိုးရိမ်မိသည်။

ထိုသို့ဖြစ်လာပါက ၊ သူ၏ သတင်းအစအနကို ထပ်မံ ရှာဖွေရန်မှာ မလွယ်ကူတော့ချေ။

“ကောင်းပြီ...”

ကျန်းမင်၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူသည် အဆင့်မြင့် ဆရာသခင်အဆင့်ရှိ ဓားသိုင်းကျမ်းကို အမှန်တကယ် လိုအပ်နေသည်။ ကျားငါးကောင် တံခါးပိတ်ဓားသိုင်းသည် ပြည့်စုံသွားခဲ့ပြီ ဖြစ်သော်လည်း ၊ သူ၏ ဓားရေးတွင် အနည်းငယ် လိုအပ်နေသေးသည်။

အကယ်၍ အဆင့်မြင့် ဆရာသခင်အဆင့်ရှိ ဓားသိုင်းကျမ်း တစ်အုပ်ကို ပိုင်ဆိုင်ထားနိုင်မည်ဆိုပါက ၊ သူသည် ဓားရေးအတတ်တွင် နယ်ပယ်သစ်တစ်ခုထဲသို့ ခြေချရန် ပို၍ သေချာသွားပေလိမ့်မည်။

……

ငွေကြေးဂိုဏ်း။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ ဟေးဖုန်းစခန်းကို အမြစ်ပြတ် ချေမှုန်းလိုက်ပါပြီ၊ ဒါပေမဲ့ စခန်းထဲမှာ ကျန်းမားဇီနဲ့ တခြားတောပုန်းဓားပြတွေရဲ့ ခြေရာလက်ရာကို မတွေ့ခဲ့ရဘူး”

“စခန်းထဲမှာ အိုမင်းမစွမ်းသူတွေ ၊ မိန်းမတွေ၊ ကလေးသူငယ်တွေနဲ့ တံခါးစောင့် တပည့်ငယ်အချို့ပဲ ကျန်ခဲ့တာ”

“ကျန်တဲ့ ဓားပြတွေကတော့ အဲ့ဒီနေ့က ထွက်သွားပြီးကတည်းက ပြန်မလာတော့ဘူးလို့ ပြောကြတယ်... ကျန်းမားဇီ က ဒီတစ်ခေါက် ကျွန်တော်တို့ ငွေကြေးဂိုဏ်းကို ဒေါသထွက်အောင် ဆွလိုက်မိမှန်း သိလို့ တမင်တကာ ပုန်းအောင်းသွားတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယရှိတယ်”

ရှဲ့သခင်သည် ခန်းမထဲတွင် ဟေးဖုန်းစခန်းသို့ သွားရောက်ကလဲ့စားချေခဲ့သည့် အခြေအနေကို ကျင်းပေါင်အား အစီရင်ခံတင်ပြနေ၏။

ထိုစကားကို ကြားပြီးနောက် ကျင်းပေါင် မျက်မှောင်ကြုတ်သွားသည်။

“ပျောက်သွားတာ ဟုတ်လား...”

“ကျန်းမားဇီ ဆိုတဲ့လူက ရဲရင့်တဲ့လူစားမျိုးပဲ...သူက ဒီတစ်ကြိမ်မှာ ဆုတ်ခွာဖို့ ရွေးချယ်ခဲ့တယ်ပေါ့...”

ကျင်းပေါင် အနေဖြင့် ဤအရာက ကျန်းမားဇီ၏ လုပ်ရပ်နှင့် မတူကြောင်း ခံစားနေရသည်။

“ရှာစမ်း... မြေလှန်ပြီးတော့ ဖြစ်ဖြစ် သူတို့ကို ရှာဖွေရမယ်”

“ငါ့ရဲ့ ငွေကြေးဂိုဏ်းကို ရန်စရဲမှတော့... ကျန်းမားဇီကို စုန့်ချွင်းမြို့ထဲမှာ ခြေချစရာ နေရာမရှိအောင် လုပ်ပစ်ရမယ်”

“ပြီးတော့ ဆိပ်ကမ်းဂိုဏ်းကိုလည်း အကြောင်းကြားလိုက်ဦး၊ ဟေးဖုန်းစခန်းနဲ့ သူတို့ကြားက ရန်ငြိုးကလည်း မသေးဘူး...အခွင့်သာတုန်း သူတို့ကိုပါ ဖိတ်ခေါ်ပြီး စာရင်းရှင်းကြတာပေါ့”

“ဟုတ်ကဲ့”

ရှဲ့သခင်၏ မျက်ဝန်းများသည် အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ၊ သူသည် နောက်ဆုတ်ထွက်ခွာသွားခဲ့သည်။

All Chapters