အခန်း ၄၉
Vol. 5 Ch. 49
အခန်း(၄၉) လက်ဆောင်
ကျင်းပေါင်နှင့်အတူ လက်တွဲလုပ်ကိုင်ရခြင်း၏ အကောင်းဆုံးအချက်မှာ ကျင်းပေါင်သည် လုပ်ငန်းစဉ်၏ ရလဒ်နှင့် အကျိုးအမြတ်များကို မည်သည့်အခါမျှ စိစစ်မေးမြန်းခြင်း မရှိခြင်းပင်။
ဤတစ်ကြိမ်တွင်လည်း ထို့အတူပင် ဖြစ်သည်။
ဟေးဖုန်းစခန်းထဲတွင် ကျန်းမားဇီ မရှိသော်လည်း ၊ ကျန်းမားဇီ၏ မိန်းမနှင့် သမီးများ ထို့အပြင် ကျန်းမားဇီ၏ ရွှေငွေရတနာများသည် ထိုနေရာမှာပင် ရှိနေဆဲ ဖြစ်သည်။
ယခုအခါ ထိုအရာအားလုံးမှာ ရှဲ့သခင်၏ လက်ဝယ်သို့ ရောက်ရှိသွားခဲ့လေပြီ။
ရှဲ့သခင်သည် ဆိပ်ကမ်းဂိုဏ်းထံသို့ သတင်းသွားပို့ရန် ဂိုဏ်းသားတစ်ဦးကို စေလွှတ်လိုက်ပြီးနောက် ၊ သူသည် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့၏။
အိမ်တွင် သူ့ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသော ချောမောလှပသည့် မယားငယ်လေးများစွာ ရှိနေသေးသည် မဟုတ်လော။
ကျွီ...
အိမ်သို့ ပြန်ရောက်လာသော ရှဲ့သခင်သည် သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ ၊ ကုတင်ပေါ်တွင် ဘေးစောင်းလဲလျောင်းနေသော သွယ်လျနွဲ့နှောင်းသည့် ပုံရိပ်တစ်ခုကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။
သူမသည် အိပ်ပျော်နေပုံရပြီး ၊ သူ ဝင်လာသည့် အသံကပင် သူမကို မနှိုးနိုင်သေးပေ။
“ဟဲဟဲ...”
“အလှလေးရေ... ကိုယ်လာပြီ...”
ရှဲ့သခင်သည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း၊ သွားရည် တမြမြ ဖြင့် ကုတင်ဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွား၏။
သူသည် ဤကဲ့သို့သော အရေးကိစ္စများတွင် အောင့်အည်းသည်းခံနိုင်ခြင်း မရှိပေ။ မကြာမီ ဖြစ်ပျက်တော့မည့် အရာများကို တွေးတောမိသည်နှင့် ၊ သူ၏ ရင်ဘတ်ထဲတွင် ရမ္မက်မီးများ လောင်မြိုက်လာသည်။
သို့သော် သူ ကုတင်ဘေးသို့ တိုးကပ်သွားချိန်တွင် ထိုအလှလေး၏ မျက်ဝန်းများမှာ ပွင့်လျက်သား ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
သူမ အိပ်မပျော်နေခဲ့ချေ။ သူမ၏ မျက်ဝန်းများသည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤကဲ့သို့သော အကြည့်မျိုးကို ရှဲ့သခင် အနေဖြင့် အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးခဲ့သည်။
ဝှစ်!
ထိုစဉ် ၊ အဖြူရောင် အလင်းတန်းတစ်ခု လျှပ်တပြတ် ဝင်းလက်သွားသည်။
ရှဲ့သခင်၏ လည်ပင်းထက်တွင် ထက်မြက်သော ရတနာဓားတစ်လက် ရောက်ရှိနေခဲ့ချေပြီ။ ထိုဓား၏ ဓားသွားမှာ အပြာရောင် သန်းနေကာ အေးစက်သော အရှိန်အဝါများ ဖြာထွက်နေသည်။
‘ဒါက နတ်ဘုရားလက်နက်ပဲ....’
ဤကဲ့သို့သော ဓားမျိုးကို ပိုင်ဆိုင်နိုင်သူမှာ သာမန်လူတစ်ယောက် မဖြစ်နိုင်ချေ။
……
ဆိပ်ကမ်းဂိုဏ်း။
မာချွမ်သည် သတင်းစကား ပေးပို့လာသော ငွေကြေးဂိုဏ်း တပည့်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ၊ သူ၏ မျက်လုံးများက အေးစက်စွာ တောက်ပသွားသည်။
“ဂိုဏ်းခွဲ ခေါင်းဆောင်... ငွေကြေးဂိုဏ်းက ဒီတစ်ခေါက် ကျွန်တော်တို့ကို တောပုန်းဓားပြတွေ သွားရောက်နှိမ်နင်းဖို့ ဖိတ်ခေါ်တာဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်မရှိနိုင်ဘူး”
“ကျွန်တော့်အထင်တော့... သူတို့က ကျွန်တော်တို့ ဆိပ်ကမ်းဂိုဏ်းနဲ့ ဟေးဖုန်းစခန်းတို့ကို အကျအဆုံးများအောင် တိုက်ခိုက်ခိုင်းပြီး အနောက်ကနေ အမြတ်ထုတ်ဖို့ ကြံစည်နေတာပဲ”
“အကောင်းဆုံး သက်သေကတော့... သူတို့ ဟေးဖုန်းစခန်းကို အမြစ်ပြတ် ချေမှုန်းတုန်းက သေချာပေါက် အကျိုးအမြတ်တွေ အများကြီး ရခဲ့မှာပဲ... ကျန်ခဲ့တဲ့ ကျန်းမားဇီနဲ့ သူ့လူတွေဆိုတာက အသားမပါတဲ့ အရိုးလိုပဲ ....အဲ့တာကြောင့် ကျွန်တော်တို့ကို လာပြီး ကိုက်ခိုင်းတာပဲ”
ဖုန်းဒုတိယသခင်ကြီးက ခေါင်းညိတ်လိုက်သည်။
“ အကြီးအကဲမာက တကယ်ကို ဉာဏ်ပညာရှိတဲ့ ဓားသမား တစ်ယောက် ပီသပါပေတယ်...ခင်ဗျားရဲ့ ထင်မြင်ချက်က ကျုပ် တွေးထားတာနဲ့ တစ်ထေရာတည်းပဲ”
“ဒီကိစ္စကို လောလောဆယ် ဂရုစိုက်မနေနဲ့ဦး...ငါတို့ ဆိပ်ကမ်းဂိုဏ်းမှာလည်း လက်ရှိ ပြဿနာတွေက မနည်းဘူး၊ ယာယီအနေနဲ့ ငါတို့ ဘာလှုပ်ရှားမှုမှ မလုပ်တာက အကောင်းဆုံးပဲ”
“ဒါနဲ့... လူကြီးမင်းရင် (ရင်လုံ) ဘက်ကနေ အခုထိ အကြောင်းပြန်စာ မလာသေးဘူးလား...”
“အိုင်း.. မလာသေးဘူး”
ထိုစကားကို ကြားတော့ ဖုန်းဒုတိယသခင်ကြီးမှာ မျက်မှောင်ကြုတ်သွားသည်။
သူ ထွက်ခွာသွားသည်မှာ တစ်ရက်တိတိ ရှိနေပြီဖြစ်ရာ ၊ ယုတ္တိကျကျဆိုရလျှင်ဖြင့် ဓားကြီးချောင်ရှန့် သည် သူ့လက်ထဲသို့ ကျရောက်နေသင့်ပြီ ဖြစ်သည်။
‘ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး သတင်းအစအန ပျောက်ကွယ်သွားရတာလဲ...’
‘ ပြီးတော့ အတူတူလိုက်သွားတဲ့ တပည့်တွေရော... ဟုန်ဖူ နဲ့ မုလောင်စန်းတို့လည်း ပျောက်နေကြတယ်...’
‘ တကယ်ပဲ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ...’
ဖုန်းဒုတိယသခင်ကြီး၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဝင်ရောက်လာခဲ့သည်။
“စိတ်အေးအေးထားပါ ဂိုဏ်းခွဲ ခေါင်းဆောင် ၊ လူကြီးမင်းရင် ရဲ့ အင်အားကို ခင်ဗျားလည်း သိတာပဲ.. ချောင်ရှန့်အနေနဲ့ ဘယ်လိုနည်းနဲ့မှ သူ့ကို အနိုင်မတိုက်နိုင်ပါဘူး”
မာချွမ်သည် ဖုန်းဒုတိယသခင်ကြီး၏ သံသယကို ရိပ်မိပုံရသဖြင့် ဝင်ရောက် ဖျောင်းဖျလိုက်သည်။
ထို့အပြင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင်ပင် ၊ ချောင်ရှန့်၏ ဘေးနားတွင် ထိုအမျိုးသမီး ရှိနေဆဲ ဖြစ်ရာ ရလဒ်သည် ဆိုးရွားလိမ့်မည် မဟုတ်ချေ။
အမှန်အားဖြင့်၊ ချောင်ရှန့် နှင့် လင်းရုံရုံ တို့နှစ်ဦး၏ အရေးကိစ္စမှာ ဖုန်းဒုတိယသခင်ကြီး ကိုယ်တိုင် စီစဉ်ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်းကို မည်သူကမျှ တွေးမိကြလိမ့်မည် မဟုတ်ပေ။
လင်းရုံရုံသည် အမြဲတမ်း ဖုန်းဒုတိယသခင်ကြီး၏ လူသာ ဖြစ်သည်။
ချောင်ရှန့်မှာ သူတို့နှင့် ရင်လုံလူကြီးမင်းတို့ ခြယ်လှယ်ထားသော နယ်ရုပ်တစ်ခုမျှသာ ဖြစ်၏။
အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်ရသည်ကို မာချွမ် မသိသလို၊ သိလည်း မသိချင်ပေ။
ထိုအလောင်းဂိုဏ်း မှ မိစ္ဆာများနှင့် နှိုင်းယှဉ်ပါက ၊ သူသည် အနည်းဆုံးတော့ သာမန်လူတစ်ဦးအဖြစ် သတ်မှတ်နိုင်သေးပြီး သူတို့၏ ဂိုဏ်းခွဲ ခေါင်းဆောင်မှာမူ လူသားတစ်ဝက်ဆန်သေးသည်ဟု ဆိုရပေမည်။
ဖုန်းဒုတိယသခင်ကြီးသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက်တွင် လက်ဝှေ့ယမ်းကာ မာချွမ်ကို ထွက်သွားခိုင်းလိုက်သည်။
ဘေးပတ်ဝန်းကျင်တွင် လူသူကင်းမဲ့သွားသည့် အချိန်ရောက်မှသာ သူသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ကျောက်တုံးတစ်တုံးပေါ်သို့ ခြေဖြင့် နင်းချလိုက်ရာ ၊ ထိုကျောက်တုံးမှာ အနည်းငယ် နိမ့်ဆင်းသွားခဲ့သည်။
ထို့နောက်တွင် လျှို့ဝှက်တံခါးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဖုန်းဒုတိယသခင်ကြီးသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲဖြတ်လိုက်ပြီး မည်သူမျှ မမြင်ကြောင်း သေချာမှသာ လျှို့ဝှက်တံခါးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် သူသည် အထဲမှ ပြန်ထွက်လာခဲ့သည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာ သိပ်မကောင်းပေ။
ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်ထားသဖြင့် ၊ သူ၏ မျက်လုံးတစ်ဝိုက်ရှိ အရေးအကြောင်းများကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။
“သတင်းပို့ပါတယ်”
“ဂိုဏ်းခွဲ ခေါင်းဆောင်... ငွေကြေးဂိုဏ်းက ရှဲ့သခင်က ဂိုဏ်းခွဲ ခေါင်းဆောင်အတွက် လက်ဆောင်တစ်ခု လာပို့တယ်လို့ ပြောပါတယ်”
ထိုအချိန်မှာပင်၊ ဆိပ်ကမ်းဂိုဏ်းသားတစ်ဦးက အပြင်ဘက်ကနေ သတင်းပို့လာ၏။
“အို...”
ဖုန်းဒုတိယသခင်ကြီး၏ မျက်ဝန်းထဲတွင် သံသယများ ဖြတ်ပြေးသွားပြီး ၊ သူသည် ပြန်လည် မိန့်ကြားလိုက်သည်။
“အထဲ ဝင်ခွင့်ပေးလိုက်”
မကြာမီမှာပင် ၊ ရှဲ့သခင်သည် ဂုဏ်ယူဝံ့ကြွားသော ခြေလှမ်းများဖြင့် ဝင်ရောက်လာခဲ့ပြီး သူ့နောက်တွင် လူနှစ်ဦး လိုက်ပါလာခဲ့သည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ကာ ၊ ထိုနှစ်ဦးစလုံးသည် ငွေကြေးဂိုဏ်း၏ သာမန်တပည့် အဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်အရှိန်အဝါကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
“ဂိုဏ်းခွဲ ခေါင်းဆောင် ဖုန်းဒုတိယသခင်ကြီးကို နှုတ်ဆက်ပါတယ်”
ရှဲ့သခင်သည် ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။
“ရှဲ့သခင်... ဒီလောက် ညဉ့်နက်နေပြီ ကျုပ်ကို လာရှာတာ ဘာကိစ္စများရှိလို့လဲ...”
ဖုန်းဒုတိယသခင်ကြီးက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။