← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အပိုင်း(၅၁) - ခရမ်းကင်းမြီးကောက် လန်ရင်း

ထို့ကြောင့် ဗျူဟာအရ အသန်မာဆုံးလူကို အရှေ့တွင် ထားရှိပြီး ၊ အားနည်းသူကို အနောက်တွင် ထားရှိခြင်းက လိမ္မာပါးနပ်သော နည်းဗျူဟာတစ်ခုပင် ဖြစ်သည်။

သို့သော် ဖုန်းဒုတိယသခင်ကြီး၏ တကယ့်အင်အားမှာ အပြင်ဘက်ရှိ ဆိပ်ကမ်းဂိုဏ်း တပည့်များနှင့် မာချွမ် မဟုတ်ကြောင်း မည်သူမျှ သိနိုင်မည်မဟုတ်။

၎င်းမှာ သူ၏ နောက်ကွယ်ရှိ လျှို့ဝှက်အခန်းထဲတွင်သာ ရှိပေသည်။

"သေစမ်း..."

ဖုန်းဒုတိယသခင်ကြီး၏ ချွန်ထက်သော လက်သည်းများက ကျန်းမင်၏ ရင်ဘတ်သို့ ထိလုနီးပါး ဖြစ်နေပြီး ၊ အောင်ပွဲက လက်တစ်ကမ်းအကွာမှာပင် ။

သို့သော်...

ရုတ်တရက် ထိုအခိုက်အတန့်မှာပင်။

ပြင်းထန်သော ဓားဆန္ဒတစ်ခုသည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ၊ အေးစက်သော ဓားသွားမှ ထွက်ပေါ်လာသည့် အအေးဓာတ်က လူတစ်ယောက်၏‌ သွေးများကိုပင် ခဲသွားစေမတတ် ဖြစ်စေသည်။

ချလွင်...

အပြာရောင် ဓားအလင်းတစ်ချက် ဝင်းလက်သွား၏။

ဝုန်း...

ဖုန်းဒုတိယသခင်ကြီး၏ လက်နှစ်ဖက်စလုံး လေထဲသို့ မြောက်တတ်သွားသည်။ သူ၏ လက်ကောက်ဝတ်နေရာမှ တိတိကျကျ ဖြတ်တောက်ခံလိုက်ရခြင်း ဖြစ်သည်။

"အား..."

သွေးပျက်ဖွယ်ရာအော်သံတစ်ခု ထွက်ပေါ်လာ၏။

ထိုစဉ်၊ နောက်ထပ် ဓားအလင်းတစ်ခု ရောက်ရှိလာခဲ့သည်။

ဗုန်း...

စုတ်ဖြဲသံ...

ထက်မြက်သော ဓားအလင်းသည် ဖုန်းဒုတိယသခင်ကြီး၏ ကျောဘက်မှ အဝတ်အစားများကို အပိုင်းပိုင်း စုတ်ပြဲသွားစေသော်လည်း ၊ သူ၏ အပြာရောင်သန်းနေသော ကျောပြင်ပေါ်တွင် သေးငယ်သော ဒဏ်ရာတစ်ခုသာ ချန်ထားနိုင်ခဲ့သည်။

"ဒါက ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ် သံအင်္ကျီကျင့်စဉ်လား..."

"မဟုတ်ဘူး... မဟုတ်သေးဘူး... ဒါက အလောင်းဂိုဏ်းရဲ့ အလောင်းကောင်ကျင့်စဉ်ပဲ..."

"သူက အလောင်းဂိုဏ်းကလူပဲ..."

ပိုင်လင်ဖေးသည် ဖုန်းဒုတိယသခင်ကြီး ကျင့်ကြံထားသော သိုင်းပညာ၏ မူလအစကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားခဲ့သည်။

သူမ၏ မျက်ဝန်းထဲ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

သို့သော် ပို၍ အံ့အားသင့်သွားရသူမှာ ဖုန်းဒုတိယသခင်ကြီး ဖြစ်သည်။ သူ၏ အလောင်းကောင် ကျင့်စဉ်သည် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိထားပြီးဖြစ်ကာ ၊ ရင်လုံအကြီးအကဲထံမှ စိတ်တိုင်းကျ ထိန်းချုပ်နိုင်သည့် လျှို့ဝှက်ချက်ကိုပင် ရရှိထားခဲ့သည်။

အဆင့်(၇)အောက် မည်သူမျှ သူ့ကို ထိခိုက်အောင်မလုပ်နိုင်ကြောင်း သူကိုယ်တိုင် ယုံကြည်ထားသည်။

အဆင့်(၇)အထက်ရှိသူများပင် သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် ပြုလုပ်ဖို့ ခဲယဉ်းပေသည်။ ယခင်က ကျင်းပေါက်နှင့် တိုက်ခိုက်ခဲ့စဉ်က ၊ ဤအချက်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ယခု သူ့မျက်စိရှေ့မှ လူနှစ်ဦးအနက် တစ်ဦးသည် သူ၏ကျောပြင်ပေါ်တွင် သေးငယ်သော ဒဏ်ရာတစ်ခု ချန်ထားနိုင်ခဲ့ပြီး၊ အခြားတစ်ဦးကမူ သူ၏လက်များကို ဖြတ်တောက်ကာ ဒုက္ခိတတစ်ဦးအဖြစ် ပြုလုပ်ပစ်လိုက်ပြီ ဖြစ်သည်။

ထိုလူနှစ်ဦး၏ အင်အားသည် သူ့ထက် များစွာ သာလွန်နေခဲ့သည်။

ဤအခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ တစ်ခါဖူးမျှ မကြုံဖူးသော ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာ၏။

"မင်းက တကယ်ပဲ ဘယ်သူလဲ..."

သူသည် ကျန်းမင်ကို ကြည့်ကာ အံကြိတ်၍ မေးမြန်းလိုက်၏။

"ဟားဟား..."

"ဂိုဏ်းခွဲခေါင်းဆောင်က တကယ်ကို မေ့လွယ်တာပဲ... ကျွန်တော်က ခင်ဗျားရဲ့ လက်အောက်မှာ နှစ်အတော်ကြာအောင် အလုပ်လုပ်ခဲ့တာလေ... ခင်ဗျား ဒီလိုပြောတော့ ကျုပ် စိတ်မကောင်းဖြစ်မိတယ်..."

ဤစကားကို ကြားလိုက်ရချိန်တွင် ဖုန်းဒုတိယသခင်ကြီး၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။

'ဆိပ်ကမ်းဂိုဏ်းက လူလား....ဒါမှမဟုတ် သူ့ရဲ့ လူတွေထဲက တစ်ယောက်လား'

သူသည် မှတ်ဉာဏ်များကို အပူတပြင်း ရှာဖွေကြည့်သော်လည်း နည်းနည်းမျှ မမှတ်မိပေ။ သို့သော် ဤလူငယ်၏ မျက်နှာကို သူ တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ ခံစားမိသည်။

"ညီအစ်ကိုကလည်း နောက်နေပြန်ပြီ... ကျွန်တော့်ရဲ့ ဆိပ်ကမ်းဂိုဏ်းမှာ လက်အောက်ငယ်သားတွေ အများကြီးရှိတော့ ဘယ်လိုလုပ် အကုန်မှတ်မိမလဲ... ဒါက ဂိုဏ်းခွဲခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော့်အမှားပါ...ကျွန်တော် တောင်းပန်ပါတယ်..."

ရုတ်တရက် ၊ ဖုန်းဒုတိယသခင်ကြီး၏ သဘောထားသည် သိသိသာသာ ပြောင်းလဲသွားပြီး အောက်ကျို့၍ ပြောဆိုလာသည်။

"ဟွန်း..."

"ငါ့နာမည်က ကျန်းမင်... မင်းတို့ ကျန့်ဝမ်မြို့တော်ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့အတွက် လိုက်လံသတ်ဖြတ်နေတဲ့ ကျန်းမင်ပဲ..."

ကျန်းမင်၏ အသံမှာ အေးစက်သွားပြီး တစ်ချိန်တည်းမှာပင် ခြေထောက်တစ်ချက် ကန်ထုတ်လိုက်ရာ ဖုန်းဒုတိယသခင်ကြီး၏ တန်ထျန်းအမှတ်ကို တိုက်ရိုက် ထိမှန်သွား၏။

ဖူး...

ဖုန်းဒုတိယသခင်ကြီး၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများသည် လေပူဖောင်းသဖွယ် လျင်မြန်စွာ ကွယ်ပျောက်သွားသည်။

"ကျန်းမင်... မင်းက ကျန်းမင်ပဲ..."

ဖုန်းဒုတိယသခင်ကြီး တစ်ယောက် ဤမျက်နှာကို သူ အဘယ်ကြောင့် ရင်းနှီးနေမှန်း မှတ်မိသွားချေပြီ။

သူသည် ကျန့်ဝမ်မြို့တော်နှင့် မိတ်ဆွေဖွဲ့ရန် မျှော်လင့်ချက်ဖြင့် အကူအညီ အသေးအဖွဲတစ်ခု ပေးရန် သဘောတူခဲ့သည်။

ပေးဆပ်ရသည့် တန်ဖိုးမှာလည်း ဆိပ်ကမ်းဂိုဏ်း၏ အောက်ခြေ အလုပ်သမားတစ်ဦးသာ ဖြစ်သည်။

ဤသည်မှာ အကျိုးရှိပြီး အန္တရာယ်မရှိသော ကိစ္စတစ်ခုသာ ဖြစ်သည်။

သို့သော် ဤကဲ့သို့သော ကိစ္စအသေးအဖွဲလေးကြောင့် မိမိ၏ အရာအားလုံးကို ဆုံးရှုံးလိုက်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူ အမှန်တကယ်ပင် နောင်တရမိသည်။

အကယ်၍ ယနေ့လို ဖြစ်လာမည်ကို ကြိုတင်သိရှိခဲ့ပါက ၊ ကျန့်ဝမ်မြို့တော်နှင့် မိတ်ဆွေဖွဲ့ရန် သူ အလိုရှိမည် မဟုတ်ပေ။

ဤမျှသန်မာသော လက်အောက်ငယ်သား တစ်ဦး ရှိနေရုံဖြင့် သူသည် စုန့်ချွင်းမြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

ဆိပ်ကမ်းဂိုဏ်း ညီလာခံ ကျင်းပချိန်တွင် ၊ သူသည် ပိုမိုမြင့်မားသော ရာထူးတစ်ခုကိုပင် ရရှိနိုင်ပေမည်။

"ကျန်းမင်... ဒါက ငါတို့ ဆိပ်ကမ်းဂိုဏ်းနဲ့ မဆိုင်ဘူး... မင်းကို သတ်ချင်တာက ကျန့်ဝမ်မြို့တော်ကပဲ....ငါတို့က အမိန့်အတိုင်း လုပ်ရတာပါ..."

ဖုန်းဒုတိယသခင်ကြီးသည် ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ရှင်းပြလေ၏။

ဝှစ်...

အပြာရောင် ဓားအလင်းတစ်ချက် ဖျတ်ခနဲ လင်းလက်သွားပြီးနောက် ၊ ဖုန်းဒုတိယသခင်ကြီး၏ ဦးခေါင်းမှာ လေထဲသို့ မြောက်တတ်သွားလေတော့သည်။

"ခဏစောင့်ဦး..."

ပိုင်လင်ဖေးသည် ကျန်းမင်ကို တားဆီးရန် ပြင်လိုက်သော်လည်း ၊ ဖုန်းဒုတိယသခင်ကြီး၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားခဲ့ပြီ ဖြစ်သည်။

[ သတ်ဖြတ်မှုရမှတ် +၃၀၀ ]

All Chapters