အခန်း ၅၂
Vol. 6 Ch. 52
အပိုင်း(၅၂)
"ခရမ်းကင်းမြီးကောက် ရှိတဲ့နေရာကို မမေးရသေးဘူးလေ..."
ပိုင်လင်ဖေးသည် အပြေးအလွှား ရောက်ရှိလာပြီး ဖုန်းဒုတိယသခင်ကြီး၏ ခေါင်းပြတ်ကြီးကို ကြည့်ရင်း ၊ သူမ၏ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေ၏။
"မမေးလဲ ရတယ်... ငါ သိပြီးပြီ..."
ကျန်းမင်၏ အဖြေကြောင့် သူမ အံ့အားသင့်သွားခဲ့ရသည်။
"သိပြီ ဟုတ်လား..."
ပိုင်လင်ဖေး တစ်ယောက် ပို၍ပင် ရှုပ်ထွေးသွားသည်။ ကျန်းမင်သည် ဖုန်းဒုတိယသခင်ကြီးကို ဤမျှ မြန်မြန်ဆန်ဆန် သတ်ဖြတ်လိုက်ခြင်းမှာ သူ၏ ဒေါသကို ဖြေဖျောက်ရန်အတွက်သာ ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။
သူတို့နှစ်ဦးကြားက အမုန်းတရားသည် တစ်ဦးသေမှသာ ပြေပျောက်နိုင်မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။
"မှန်တယ်..."
ကျန်းမင်သည် နောက်လှည့်လိုက်ပြီး ၊ သူ့နောက်ကနေရာကို မျက်လုံးများဖြင့် လိုက်လံရှာဖွေလိုက်သည်။
စောစောက ဖုန်းဒုတိယသခင်ကြီးသည် သူတို့နှစ်ဦး၏ ရှေ့နောက်ပိတ်ဆို့ခံထားရစဉ်က ၊ အပြင်ဘက်သို့ ထွက်ပြေးရန် မရွေးချယ်ဘဲ အတွင်းဘက်သို့ တိုးဝင်ရန် ရွေးချယ်ခဲ့ခြင်းသည် ယုတ္တိမရှိသော လုပ်ရပ်သာ ဖြစ်၏။
အကယ်၍ ဤအတွင်းဘက်တွင် သူ့အသက်ကို ကယ်တင်နိုင်မည့် နည်းလမ်းတစ်ခုခု ရှိမနေပါက ၊ ဖြစ်နိုင်စရာ မရှိချေ။
ဆိပ်ကမ်းဂိုဏ်းတစ်ခုလုံးတွင် သူ့အသက်ကို ကယ်တင်ပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အလောင်းဂိုဏ်းမှ ခရမ်းကင်းမြီးကောက် လန်ရင်းသာ ရှိသည်။
ရုတ်တရက် ၊ ကျန်းမင်၏ အကြည့်သည် မသိသာသော ကြမ်းခင်းကျောက်ပြားတစ်ခုပေါ်သို့ ကျရောက်သွားသည်။
ဤကြမ်းခင်းကျောက်ပြားသည် အနီးနားက ကျောက်ပြားများနှင့် မတူဘဲ ရွှေ့ပြောင်းနိုင်သော ကျောက်ပြားတစ်ခုလိုပင်။
ကျန်းမင်သည် ထိုနေရာသို့ လျှောက်လှမ်းသွားပြီး ၊ သူ၏ဓားအိမ်ဖြင့် ယင်းအပေါ်သို့ ခပ်ဖွဖွ ဖိချလိုက်၏။
ဂျုန်းဂျုန်းဂျုန်း...
လျှို့ဝှက်အခန်း၏ တံခါးတစ်ချပ် ပွင့်ဟသွားသည်။
ပိုင်လင်ဖေးက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။
"တကယ် ရှာတွေ့သွားတာပဲ..."
သူမသည် တုံးအသူတစ်ယောက် မဟုတ်ပေ။ ဤအခြေအနေကို မြင်တွေ့ပြီးနောက်၊ စောစောက ဖုန်းဒုတိယသခင်ကြီး၏ ပုံမှန်မဟုတ်သော ထွက်ပြေးခြင်းကို နားလည်သွားခဲ့သည်။
"သွားစို့... အထဲဝင်ပြီး ကြည့်ရအောင်..."
ပိုင်လင်ဖေးသည် လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ် ၊ ကျန်းမင်က တားဆီးလိုက်သည်။
သူမသည် ကျန်းမင်ကို နားမလည်နိုင်စွာ ကြည့်လိုက်သော်လည်း ၊ ကျန်းမင်၏ အကြည့်က ရှဲ့သခင်ထံသို့ ရှိနေ၏။
ရှဲ့သခင်သည် ချက်ချင်းပင် သဘောပေါက်သွားပြီး မျက်နှာပျက်ပျက်ဖြင့် ပြုံးပြရှာသည်။
"ဟားးဟားး..."
"လူကြီးမင်းနှစ်ဦး... ကျွန်တော်က ဒီလိုမှောင်မည်းနေတဲ့ အခန်းတွေကို အကြိုက်ဆုံးပဲ... ကျွန်တော်ကပဲ လူကြီးမင်းတို့အတွက် လမ်းရှာပေးပါ့မယ်"
ပြောပြောဆိုဆိုဖြင့် သူသည် မီးခြစ်ဘူးတစ်ဘူးကို ထုတ်ယူကာ ဖယောင်းတိုင်ခွက်မှ မီးအိမ်တစ်ခုကို ယူဆောင်၍ လျှို့ဝှက်အခန်းအတွင်းသို့ ဂရုတစိုက် လျှောက်လှမ်းသွားခဲ့သည်။
သူသည် ဤကဲ့သို့သော စွန့်စားခန်းများကို အမှန်တကယ်ပင် နှစ်သက်သည့်အလား ထင်မှတ်ရသည်။
"သွားကြစို့..."
ကျန်းမင်သည် အံ့အားသင့်နေသော ပိုင်လင်ဖေး၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
"ဟွန်း... ငါ့ကို အခွင့်ကောင်းယူနေပြန်ပြီ..."
ပိုင်လင်ဖေး တစ်ယောက် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ ပါးပြင်လေးများမှာ အနည်းငယ် ရဲတတ်သွားသော်လည်း ၊ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းမင်သည် သူမ အန္တရာယ်ဖြစ်မည့်အရေးကို လက်ပိုက်မကြည့်နေသောကြောင့် ဖြစ်သည်။
.....
လျှို့ဝှက်ခန်း၏ လမ်းကြောင်းသည် အလွန်ရှည်လျားသည်။ အစပိုင်းတွင် အလွန်ကျဉ်းမြောင်းပြီး လူတစ်ကိုယ်စာသာ သွားလာနိုင်သော်လည်း ၊ မီတာအနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက် ကျယ်ပြောကာ တောက်ပသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
"ဒါ... ဒါက..."
ရှဲ့သခင်နှင့် ကျန်းမင်တို့နှစ်ဦးစလုံး အတွင်းဘက်ရှိ ဖွဲ့စည်းပုံကြောင့် အံ့အားသင့်နေမိသည်။
သူတို့သည် စုန့်ချွင်းမြို့တွင် ဤမျှကြာအောင် နေထိုင်ခဲ့ကြသော်လည်း ၊ ဤနေရာ၌ ဂူကြီးတစ်ခု ရှိနေကြောင်း လုံးဝ မသိခဲ့ကြပေ။
မှန်၏။ သူတို့သည် ဂူကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ဤကျောက်ခန်းမကြီးမှာ အလွန်ပင် ကျယ်ဝန်းပြီး ဘောလုံးကွင်းတစ်ဝက်ခန့် ရှိသည်။ ထို့အပြင် အတွင်း၌ နဂါးနှင့် ဖီးနစ်ရုပ်များ ထုဆစ်ထားသည့် ဖြူဖွေးသော ကျောက်စိမ်းတိုင်ကြီး ရှစ်တိုင် ရှိနေပြီး ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် အရည်အသွေး အလွန်ကောင်းမွန်ကြောင်း သိနိုင်သည်။
သို့သော်လည်း မြှုပ်နှံထားသော အသုံးအဆောင်ပစ္စည်းများ တစ်ခုမျှ မရှိချေ။ အရင်ကတည်းက သူခိုးများ ခိုးယူသွားခြင်းလော သို့မဟုတ် ဤဂူ၏ သဘာဝကပင် ဤသို့ဖြစ်နေခြင်းလား ဆိုသည်ကိုတော့ မသိနိုင်ပေ။
သို့သော် နေရာတွင် ခေါင်းတလားများ ရှိနေပြီး ပုံမှန်ထက် ပို၍ များပြားနေ၏။ စုစုပေါင်း ခေါင်းတလား (၁၈)လုံး ရှိသည်။
ဤခေါင်းတလားများကို ထူးဆန်းသော ပုံစံဖြင့် အစီအရီ ထားရှိထားပြီး၊ နိယာမစည်းမျဉ်းအချို့ကို လိုက်နာထားပုံရသည်။
ကျန်းမင်အနေဖြင့် ဤအရာများကို လေ့လာလိုက်စားရန် စိတ်မဝင်စားချေ။ သူသည် လူသတ်ရန် ဤနေရာတွင် ရှိနေခြင်းသာ ဖြစ်၏။
"ထူးဆန်းတယ်... ခရမ်းကင်းမြီးကောက် လန်ရင်း က ဘယ်မှာ ပုန်းနေတာလဲ..."
ပိုင်လင်ဖေးသည် ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုလိုက်သော်လည်း ၊ ပုန်းအောင်းနိုင်သည့်နေရာ သို့မဟုတ် အခြားထွက်ပေါက်တစ်ခုမျှ ရှာမတွေ့ခဲ့ချေ။
ထိုသို့မဟုတ်ပါက....
သူတို့ သုံးဦးစလုံး၏ အကြည့်များသည် ခေါင်းတလား (၁၈)လုံးပေါ်သို့ ကျရောက်သွားသည်။
"အလောင်းဂိုဏ်းက လူတွေက အမြဲတမ်း ထူးထူးဆန်းဆန်း ပြုမူတတ်ကြတယ်..... ကျွန်တော့်အထင်တော့ ဒီကောင်တွေ ခေါင်းတလားထဲမှာ အိပ်ရတာကို သဘောကျတာ ဖြစ်လိမ့်မယ်..."
ရှဲ့သခင်က မုတ်ဆိတ်မွေးကို သပ်ရင်း သုံးသပ်ပြလိုက်၏။
သူ၏ သုံးသပ်ချက်အပြီးတွင် အကြည့်နှစ်ခုက သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရ၏။
ထိုစူးရှသော အကြည့်များကြောင့် သူ့ကျောတွင် အပေါက်လေးပေါက် ပွင့်ထွက်သွားမလားဟုပင် စိုးရိမ်မိသည်။
"လူကြီးမင်းနှစ်ဦး... ကျွန်တော့်ကို ခေါင်းတလား ဖွင့်ခိုင်းဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်..."
ရှဲ့သခင်ခမျာ အားတင်းကာ ပြုံးပြလိုက်သော်လည်း ၊ ကျန်းမင်သည် မည်သည့်အဖြေမျှ မပေးဘဲ လေးနက်ပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကိုသာ ပြသလိုက်၏။
ထို့အပြင် သူသည် ဓားရိုးကို အသာလေး ဆုပ်ကိုင်ပြလိုက်သေးသည်။
"လူကြီးမင်းတို့... ကျွန်တော် လုပ်ပါ့မယ်... ကျွန်တော် လုပ်ပါ့မယ်... ကျွန်တော်က ဒီလိုအလုပ်တွေမှာ အကျွမ်းကျင်ဆုံးပဲ...."
ရှဲ့သခင်ခမျာ ချက်ချင်းဆိုသလို လေသံပြောင်းလိုက်ရသည်။
သူသည် ဖြည်းညင်းစွာ လှည့်လိုက်ပြီး၊ အနီးဆုံး ခေါင်းတလားတစ်ခုထံသို့ လျှောက်လှမ်းသွားရင်း ရင်ထဲ၌ မချိတင်ကဲ ဖြစ်လို့နေ၏။
ဘဝကြီးက ခါးသီးလိုက်တာ....
ကျွီ...
ခေါင်းတလားအဖုံးတစ်ခု ပွင့်သွားပြီးနောက် ပုပ်စော်နံသော အနံ့အသက်များ ထောင်းခနဲ့ ထွက်ပေါ်လာခဲ့သည်။