← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အပိုင်း(၅၃) ငါ့ပစ္စည်းကို လာမထိနဲ့

ခေါင်းတလားအတွင်း၌ လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အလောင်း ရှိနေပြီး ၊ ခန္ဓာကိုယ်ပေါ်၌ အစိမ်ရောင်မှိုများ ပေါက်ရောက်နေ၏။

"ဒါက သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း ဟောက်သာ့ထုံးပဲ..."

ပိုင်လင်ဖေးသည် နှာခေါင်းကို ပိတ်ကာ ခေါင်းတလားအတွင်းရှိ အလောင်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။

ထို့နောက် ခေါင်းတလားများကို တစ်လုံးပြီးတစ်လုံး ဆက်တိုက် ဖွင့်ကြည့်လိုက်သည်။

ခြွင်းချက်မရှိ သူတို့ အားလုံးမှာ သိုင်းလောကအတွင်း၌ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ အလောင်းများ ဖြစ်နေ၏။

ဆယ်ခုမြောက် ခေါင်းတလားကို ဖွင့်လိုက်ချိန်တွင် ၊ ပိုင်လင်ဖေးသည် မိမိတို့ ဂိုဏ်းချုပ်၏ အလောင်းကို မြင်လိုက်ရသည်။

"ဘာလို့ ဒီအလောင်းတွေပေါ်မှာ အစိမ်းရောင်မှိုတွေ ပေါက်နေရတာလဲ..."

ကျန်းမင်သည် ဤထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များကို မသိသဖြင့် အလောင်းများ၏ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ပေါက်ရောက်နေသော အစိမ်းရောင်မှိုများကိုသာ သတိပြုမိခဲ့သည်။

"ဒီအကြောင်းကို ကျွန်တော် ကြားဖူးတယ်..."

ရှဲ့သခင်က လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

"ကျွန်တော် ရှေးဟောင်းစာအုပ် တစ်အုပ်ထဲမှာ မှတ်တမ်းတစ်ခုကို ဖတ်ဖူးတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က အနောက်ဟူနန်ဒေသမှာ အစိမ်းရောင်ဖုတ်ကောင်တွေ ထွက်ပေါ်လာပြီး လူသားတွေကို ဒုက္ခပေးခဲ့ဖူးတယ်... နောက်ပိုင်းမှာ... ဒီကိစ္စက လုံဟူတောင်ရဲ့ တာအိုဆရာသခင်ကို တုန်လှုပ်သွားစေခဲ့တယ်..."

"တာအိုဆရာသခင်က တပည့် ၂၃ ယောက်ကို ခေါ်ပြီး မိစ္ဆာတွေကို နှိမ်နင်းဖို့ တောင်ပေါ်က ဆင်းခဲ့ပေမဲ့ နောက်ဆုံးမှာ အငယ်ဆုံးတပည့်လေး တစ်ယောက်ပဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်... "

" တာအိုဆရာသခင်ကိုယ်တိုင် အပါအဝင် ကျန်တဲ့လူတွေအကုန်လုံး အစိမ်းရောင် ဖုတ်ကောင်တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ကြတယ်..."

"ဒီလိုသာဆို ဒီအရာတွေက အလောင်းဂိုဏ်းက ဖန်တီးထားတဲ့ ဖုတ်ကောင်တွေ ဖြစ်နေမလား..."

ရှဲ့သခင်၏ စကားကြောင့် သုံးယောက်သား ကြက်သီးမွှေးညင်း ထသွားသည်။

ဤမျှများပြားသော အစိမ်းရောင် ဖုတ်ကောင်များသာ လောကထဲသို့ တစ်ဖန် ရောက်ရှိလာပါက ၊ လူသားများအတွက် မတွေးဝံ့စရာ ကပ်ဆိုးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

"ခစ်ခစ်..."

ရုတ်တရက် ၊ ခေါင်းတလားတစ်ခုအတွင်းမှ ထူးဆန်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။

ဗုန်း...

ခေါင်းတလားအဖုံးမှာ လွင့်ထွက်သွားပြီး၊ အထဲမှ လူရိပ်တစ်ခု ခုန်ထွက်လာကာ သူတို့ သုံးယောက်၏ ရှေ့မှောက်သို့ ကျွမ်းထိုးကာ ရောက်ရှိလာသည်။

"ဖုတ်... ဖုတ်ကောင် ထလာပြီ..."

ရှဲ့သခင်မှာ ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ယင်ယင်ဖြင့် နောက်သို့ ဆုတ်ခွာသွားသည်။

ကျန်းမင်သည် သူ့လက်ကို ဓားရိုးပေါ်သို့ တင်ထားပြီး ၊ အသက်ကြီးပုံရသော်လည်း တောင့်တင်းသန်မာသော ခန္ဓာကိုယ်ရှိသော ထိုလူအိုကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။

ထိုလူတွင် သေလူကဲ့သို့ ပြာနှမ်းနှမ်းမျက်လုံးများ ရှိသော်လည်း ၊ အရေပြားများသည် ကလေးငယ်တစ်ဦးကဲ့သို့ ပန်းရောင်သန်းနေသည်။

အလောင်းကောင် ကျင့်စဉ်ကို ကျင့်ကြံထားသူတစ်ဦးနှင့် မတူသလို မျက်နှာကြွက်သားများမှာလည်း တောင့်တင်းနေခြင်း မရှိချေ။

သို့သော်လည်း သူ၏ခေါင်းပေါ်တွင် စိမ်းဖန့်ဖန့် ဆံပင်မွှေးများ ရှိနေပြီး ၊ ထိုအရာမှာ ပုံမှန်ဆံပင်များနှင့် မတူဘဲ ရောဂါတစ်ခုခုကြောင့် ပြောင်းလဲသွားသည့်ပုံစံနှင့် ပိုတူသည်။

" ကောင်လေး... မင်း နားမလည်ရင် လျှောက်မပြောနဲ့..."

"အစိမ်းရောင်ဖုတ်ကောင်ဆိုတာ စိတ်ထင်သလို ပြုလုပ်လို့ရတာ မဟုတ်ဘူး... အလောင်းကောင် ကျင့်စဉ် အောင်မြင်ပြီးဆုံးမှသာ အစိမ်းရောင် ဖုတ်ကောင် ဖြစ်လာနိုင်တာ... "

" အဲ့ဒီသတ္တဝါတွေက မဟာဆရာသခင်အဆင့်ကို ကျော်လွန်ပြီး ကောင်းကင်လူသားအဆင့်နီးပါး ရောက်ရှိသွားပြီ... မင်းတို့လို ကလေးတွေ နားလည်နိုင်တဲ့အရာ မဟုတ်ဘူး..."

လန်ရင်း၏ မျက်လုံးများက မျှော်လင့်တောင့်တမှု အရိပ်အယောင်များဖြင့် တောက်ပနေ၏။

"ခင်ဗျား ဒီအလောင်းတွေကို ခိုးယူသွားတာက ကျင့်စဉ်ကျင့်ဖို့အတွက်ပေါ့..."

ကျန်းမင်က လန်ရင်းကို ကြည့်ကာ မေးမြန်းလိုက်၏။

"မှန်တယ်... အောင်မြင်ပြီးဆုံးအောင် ကျင့်ကြံချင်ရင် ဆရာသခင်အဆင့်ရှိတဲ့ အလောင်းကို အားကိုးရမယ်... သူတို့ရဲ့ အလောင်းအငွေ့အသက်တွေကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံရမှာ..."

"မင်း ငါ့ရဲ့ခေါင်းပေါ်က ဒီဆံပင်တွေကို မြင်လား..."

"ဟားဟားးး... ငါ မကြာခင် အောင်မြင်တော့မယ်... မကြာခင် အောင်မြင်တော့မယ်..."

"ဟားဟားဟား..."

ရုတ်တရက် လန်ရင်း၏ ပါးစပ်မှ စူးရှသော ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာရာ ၊ ဤရယ်မောသံထဲတွင် တိုက်ခိုက်မှု တစ်ခုခု ပါဝင်နေသည့်အလား ခံစားရပေသည်။

ဖူး...

ရှဲ့သခင်မှာ ပထမဆုံး အရှုံးပေးသူဖြစ်ပြီး သွေးတစ်လုပ်စာ ထွေးထုတ်လိုက်ရသည်။ သူ၏ အသက်ရှုသံမှာလည်း အားနည်းလာ၏။

' အဆင့်(၈) သိုင်းပညာရှင်တစ်ဦးကိုတောင် ဒီလောက်ထိ ဒဏ်ရာရသွားစေတာလား....'

ကျန်းမင်၏ မျက်ဝန်းထဲ၌ အံ့အားသင့်မှု ၊ သံသယများ ရှိနေ၏။

"တိတ်စမ်း..."

ချလွင်...

ပိုင်လင်ဖေးသည် ဓားအိမ်များထဲမှ ဓားရှည်နှစ်လက်ကို ဆွဲထုတ်လိုက်သည်။

အဖြူရောင် လသော်တာ ရောင်ခြည်နှစ်ခုသည် မှောင်မိုက်နေသော လျှို့ဝှက်ခန်းမတစ်ခုလုံးကို တစ်ခဏအတွင်း လင်းထိန်သွားစေပြီး ၊ သူမသည် ခရမ်းကင်းမြီးကောက် လန်ရင်းထံသို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။

သူမ၏ အရှိန်မှာ မြန်ဆန်လွန်းသည်။ သာမန် အဆင့်(၇) အထွတ်အထိပ်ရှိ သိုင်းပညာရှင်တစ်ဦး၏ အရှိန်ထက် အများကြီး သာလွန်သည်။ သူမသည် အဆင့်(၆)သို့ တတ်လှမ်းရန် နီးကပ်နေပြီ ဖြစ်ကာ အကြောနှစ်ခု ဖွင့်ရန် လက်တစ်ကမ်းအလိုသာ လိုတော့၏။

သို့သော်လည်း ပိုင်လင်ဖေး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ၊ ခရမ်းကင်းမြီးကောက်သည် သူ၏ ညာလက်ကိုသာ ဖြည်းညင်းစွာ မြှောက်လိုက်၏။

ဝှစ်...

သူ၏ အင်္ကျီလက်ထဲမှ ဆယ်ပေအရှည်ရှိသော ကင်းမြီးကောက်အမြီးတစ်ခု ပျံထွက်လာသည်။

ထိုအမြီးမှာ လုံးလုံးလျားလျား ခရမ်းရောင် ဖြစ်နေပြီး သတ္တုရောင်ကဲ့သို့ တောက်ပနေသော်လည်း ၊ သေချာ ကြည့်ရှုပါက ယင်းအပေါ်၌ အစိမ်းရောင် အစက်အပြောက်ကလေးများကို မြင်တွေ့နိုင်ပြီး အဆိပ်ရှိနေကြောင်း ညွှန်ပြနေ၏။

ကင်းမြီးကောက်အမြီးသည် ပိုင်လင်ဖေး၏ လက်ထဲရှိ ဓားရှည်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။

ဒေါင်ဒေါင်ဒေါင်...

တစ်ခဏအတွင်းမှာပင် ၊ သူတို့နှစ်ဦးသည် ဆယ်ကွက်မက အပြန်အလှန် တိုက်ခိုက်ပြီး ဖြစ်သည်။

ဓားစွမ်းအင်များက တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်လျက် ၊ သတ္တုချင်း ထိခတ်သံများ ဆက်တိုက် ထွက်ပေါ်နေ၏။

သူတို့နှစ်ယောက်စလုံး အရှုံးအနိုင် မပေါ်သေးဘဲ တိုက်ပွဲသည် ပြင်းထန်သော အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

All Chapters