← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အပိုင်း(၅၄)

ကံကောင်းထောက်မစွာဖြင့် လန်ရင်း၏ ရယ်မောသံမှာ ရပ်တန့်သွားသဖြင့် ရှဲ့သခင်မှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။

သူသည် ရင်ဘတ်ကို ဖိထားလျက်သား နောက်သို့ တရွေ့ရွေ့ဖြင့် ဆုတ်ခွာသွားသည်။

ဤလူငယ်များသည် သူ့လို အသက်ငါးဆယ်အရွယ် အိုကြီးအိုမကို အဘယ့်ကြောင့် အခက်တွေ့အောင် လုပ်နေရသနည်း။

ဘဝကြီးမှာ ခါးသီးလွန်းပေသည်။

ရှဲ့သခင်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေရရှာသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းမင်သည် ထိုနေရာ၌ပင် အေးအေးလူလူ ရပ်နေဆဲဖြစ်ပြီး မည်သည့် ထိခိုက်မှုမျှ မရှိချေ။

နတ်ဘုရားရှင်သန်ခြင်း ကျင့်စဉ်၏ စွမ်းအားသည် ကိုးယန်နတ်ဘုရားကျင့်စဉ် နှင့် ရွှေချည်မျှင်ကျင့်စဉ်တို့ထက် မနိမ့်ကြောင်း ကျန်းမင် ထပ်ပြီး သဘောပေါက်သွားခဲ့သည်။

စောစောက လန်ရင်း ထုတ်လွှတ်လိုက်သော ရယ်မောသံမှာ ခြင်္သေ့ဟောက်သံနှင့် တူသော သိုင်းပညာတစ်မျိုး ဖြစ်ပြီး ၊ ပိုင်လင်ဖေးပင်လျှင် အနည်းငယ် သက်ရောက်မှု ရှိသွားခဲ့သဖြင့် အလောတကြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော သိုင်းပညာမျိုးကို အသုံးပြု၍ အဆင့်(၇) အထွတ်အထိပ်ရှိ သိုင်းပညာရှင်တစ်ဦးကို တိုက်ခိုက်ရန်အတွက် သူ၏ အင်အားမှာ အဆင့်(၆)သို့ သေချာပေါက် ရောက်ရှိနေရမည်။

ထို့ကြောင့် ကျန်းမင် သိလိုက်ရသည်မှာ ဤလူသည် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

သူ၏ဒဏ်ရာများမှာ သက်သာသွားပုံရပြီး လုံးဝဥဿုံ ပျောက်ကင်းခြင်း မရှိသေးသော်လည်း ၊ ရရှိထားသော ဒဏ်ရာမှာ သိပ်ပြင်းထန်လိမ့်မည် မဟုတ်ချေ။

တစ်ဖက်လူသည် အဆင့်(၆) အင်အားကို သေချာပေါက် ထုတ်သုံးနိုင်ပေလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်း ပိုင်လင်ဖေးသည် သူနှင့် အကွက်(၉၀) တိုက်ခိုက်ပြီးချိန်တွင် ၊

ချလွင်...

ခရမ်းကင်းမြီးကောက်အမြီးသည် ပိုင်လင်ဖေး၏ ဓားသွားပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။

ဝှစ်...

၎င်း၏ တိုက်ခိုက်မှုကြောင့် ဓားတစ်လက်မှာ လက်ထဲမှ လွင့်ထွက်သွားသည်။

ဒေါင်...

ဓားသည် ကျောက်နံရံပေါ်သို့ စိုက်ဝင်သွားပြီး သုံးလက်မခန့် နစ်ဝင်သွား၏။

နတ်ဘုရားလက်နက်ပီပီ တကယ့်ကို ထူးခြားလှပေသည်။

"မကောင်းတော့ဘူး..."

ပိုင်လင်ဖေးသည် အခြေအနေမဟန်တော့မှန်း သဘောပေါက်လိုက်သည်နှင့် ၊ တစ်ချိန်တည်းမှာပင် သူမ၏ ဘယ်ဘက်လက်ထဲရှိ ဓားမှာလည်း ကင်းမြီးကောက်အမြီး၏ ရစ်ပတ်ခြင်း ခံလိုက်ရသည်။

ဤအမြီးကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိနိုင်သော်လည်း ၊ မာကျောမှု နှင့် ပျော့ပျောင်းမှု နှစ်မျိုးစလုံးကို ထိန်းသိမ်းထားနိုင်သဖြင့် အလွန်ပင် ဆန်းကြယ်ပေသည်။

ပိုင်လင်ဖေးသည် သူမ၏ ဓားကို ပြန်လည်ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း မရခဲ့ပေ။

ဝူး....

လေပြင်းတစ်ချက်က သူမ၏ နားရွက်ဘေးကို ဖြတ်ကာ တိုက်ခတ်သွားသည်နှင့် အမျှ ၊ လန်ရင်းသည် အနားသို့ တိုးကပ်လာကာ သူ၏ ချွန်ထက်သော လက်သည်းများဖြင့် ပိုင်လင်ဖေး၏ ရင်ဘတ်ကို စုတ်ဖြဲရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူသည် ပိုင်လင်ဖေးနှင့် တစ်လက်မခန့်အကွာသို့ ရောက်ရှိလာချိန်တွင် အပြာရောင် ဓားအလင်းတန်းတစ်ခုက ဖျက်ခနဲ့ ဝင်းလက်သွားသည်။

လန်ရင်းသည် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် လက်ကို အမြန် ရုတ်သိမ်းကာ နောက်တစ်ကွက် ပြောင်းလဲလိုက်သည်။

"မင်းရဲ့ ညစ်ပတ်တဲ့လက်နဲ့ ငါ့ပစ္စည်းကို လာမထိနဲ့..."

ကျန်းမင်သည် ချင်းချွဲ့ဓားကို ကိုင်ဆောင်လျက် ပိုင်လင်ဖေး၏ ရှေ့တွင် ရပ်ကာ ကာကွယ်ပေးလိုက်သည်။

ပိုင်လင်ဖေးသည် ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့သဖြင့် ရင်ထဲ၌ သက်ပြင်းချနိုင်ရုံသာ ရှိသေးသော်လည်း ၊ ကျန်းမင် စောစောက ပြောဆိုလိုက်သော စကားကို တွေးမိကာ အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်မိသည်။

ကိုယ့်ခြေဖျားကိုပင် မမြင်ရချေ။

"ဟွန့်...လူဆိုးကောင်"

သူမသည် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ဘာက နင့်ရဲ့ပစ္စည်းလဲ... ဒါက ငါ့ကိုယ်ပိုင် ပစ္စည်းပါနော်"

ကျန်းမင်မှာ သူမကို ဂရုမစိုက်အားဘဲ လန်ရင်းကိုသာ အေးစက်စွာဖြင့် စိုက်ကြည့်နေ၏။

ထိုအခိုက်အတန့်တွင် ဓားဆန္ဒသည် ကျောက်ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူသည် ဓားကို ယခုထိတိုင် မထုတ်ရသေးသော်လည်း ၊ ဓားသည် နေရာတိုင်းတွင် ရှိနေသည့်အလား ခံစားရသည်။

"လူနှင့်ဓား တစ်သားတည်း ဖြစ်တည်ခြင်း..."

လန်ရင်းသည် ကျန်းမင်ကို လေးနက်စွာဖြင့် စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

......

"ကောင်လေး ဖုန်း နဲ့ ရင်လုံကို သတ်ခဲ့တာ မင်းပေါ့..."

( T/N- ကောင်လေး ဖုန်း - ဖုန်းဒုတိယသခင်ကြီး)

လန်ရင်းသည် ကျန်းမင်၏လက်ထဲရှိ ချင်းချွဲ့ဓားကို စိုက်ကြည့်ကာ မေးမြန်းလိုက်၏။

သူတို့ သုံးဦး ဤနေရာသို့ ဝင်ရောက်လာနိုင်သည်ဆိုကတည်းက ကောင်လေးဖုန်းမှာ သေချာပေါက် အသက်ပျောက်နေပြီ ဖြစ်သလို၊ ရင်လုံသည်လည်း တစ်ရက်နှင့်တစ်ညတိုင်အောင် ပြန်မလာခဲ့ချေ။

အဖြေကို ဆက်၍တွေးစရာပင် မလိုတော့‌ပေ။

"မှန်တယ်..."

ကျန်းမင်သည် တိုက်ရိုက် ဝန်ခံလိုက်ပြီးနောက် စကားတစ်ခွန်း ထပ်မံဖြည့်စွက်လိုက်သည်။

"ခင်ဗျားလည်း ခြွင်းချက်ဖြစ်လာမှာ မဟုတ်ဘူး..."

"ဟားဟား..."

လန်ရင်းက ရယ်မောလိုက်၏။

"သတ်တာ ကောင်းတယ်... ငါ သူတို့ကို စောစောကတည်းက ပြောဖူးသားပဲ... အလောင်းကောင် ကျင့်စဉ် အောင်မြင်ပြီးဆုံးချင်ရင် လမ်းစဉ်တစ်ခုပဲ ရှိတယ်... "

" အဲ့ဒါက အစိမ်းရောင် ဖုတ်ကောင်အဖြစ် ကျင့်ကြံဖို့ပဲ... သူတို့ကတော့ အလွယ်လမ်းကို ပစ်ပယ်ပြီး အခက်ခဲဆုံးဖြစ်တဲ့ နတ်ဆိုးမျိုးစေ့ ကျင့်စဉ် လမ်းဟောင်းကြီးကိုပဲ ဇွတ်လျှောက်ချင်ကြတယ်..."

"သူတို့ မသိတာက...ထောင်နဲ့ချီတဲ့ နှစ်ကာလ တစ်လျှောက် ဂိုဏ်းထဲက ပါရမီရှင်တွေ ဘယ်လောက်တောင် ဒီလမ်းပေါ်မှာ လဲပြိုခဲ့ကြရလဲဆိုတာပဲ..."

"ဒါက အစကတည်းက မှားယွင်းနေတဲ့ လမ်းကြောင်းတစ်ခုပဲ..."

"ကောင်လေး ဖုန်းနဲ့ ရင်လုံတို့ က ချောင်ရှန့်နဲ့ လင်းရုံရုံတို့ရဲ့ နေထိုင်မှုကို စောင့်ကြည့်ရင်း...သူတို့ရဲ့ မျက်နှာတွေမှာ နာကျင်မှုတွေ၊ ဝေဒနာတွေ ဖြစ်နေတာကို မြင်ရတိုင်း... ဒါဟာ သေလမ်းတစ်ခုပဲ ဆိုတာ ငါ သိခဲ့တယ်..."

ကျန်းမင်သည် လန်ရင်း၏ ဆိုလိုရင်းကို နားမလည်ဟန်ဖြင့် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

လန်ရင်းကလည်း ထပ်မံ ရှင်းပြရန် ဆန္ဒမရှိပုံရသည်။

သူ၏ လက်ထဲက ခရမ်းကင်းမြီးကောက်အမြီးသည် မတ်တတ်ထောင်လျက် ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း သူ ချက်ချင်း မလှုပ်ရှားခဲ့ပေ။ အကြောင်းမှာ ကျန်းမင်သည် လူနှင့်ဓား တစ်သားတည်း ဖြစ်တည်ခြင်း နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေခြင်းရှိမရှိ သူ သေချာမသိသောကြောင့် ဖြစ်သည်။

အကယ်၍ မှန်ကန်ပါက တစ်ဖက်လူ၏ ဓားချက်သည် သူ့အသက်ကို နုတ်ယူသွားနိုင်ပြီး၊ အကယ်၍ မဟုတ်ခဲ့ပါက ယနေ့ မိမိ၏ ကင်းမြီးကောက်အမြီးသည် တစ်ဖက်လူ၏ နှလုံးသားကို ထိုးဖောက်ပေတော့မည်။

အဖြေမှာ သူတို့ မျက်စိရှေ့တွင် ရှိနေသော်လည်း နှစ်ဦးစလုံး မလှုပ်ရှားကြသေးချေ။

စိတ်ရှည်ရှည် နှင့် စောင့်ဆိုင်းရမည်။

နှစ်ဖက်စလုံးက အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

All Chapters