အခန်း ၅၅
Vol. 6 Ch. 55
အခန်း(၅၅)
ကျောက်ခန်းမအတွင်းရှိ လေထုမှာ တဖြည်းဖြည်း တင်းမာလာသည်။
ဓားဆန္ဒများ ပျံ့လွင့်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ပို၍ ပြင်းထန်လာ၏။
ပိုင်လင်ဖေးနှင့် ရှဲ့သခင်တို့သည်ပင် ဤမျှတင်းမာခက်ထန်နေသော လေထုကြောင့် အသက်ရှူရန်ပင် ခက်ခဲလာသကဲ့သို့ ခံစားနေရသည်။
ဝှစ်...
ခရမ်းကင်းမြီးကောက် လန်ရင်းဘက်မှ လှုပ်ရှားခဲ့ချေပြီ။
သက်ကြီးရွယ်အိုတစ်ဦးသည် လူငယ်တစ်ဦးထက် ပို၍ သည်းခံနိုင်စွမ်း ရှိသင့်သော်လည်း၊ သူသည် ဒဏ်ရာရထားသော သက်ကြီးရွယ်အိုတစ်ဦး ဖြစ်ပြီး တစ်ဖက်လူမှာ ကျန်းမာသန်စွမ်းကာ အားအင်ပြည့်ဝနေသော လူငယ်တစ်ဦး ဖြစ်နေသည်။
ဝူးဝူးဝူး...
ကင်းမြီးကောက်အမြီးသည် အသက်ဝင်လာသည့်အလား ကွေးကောက်လှုပ်ရှားရင်း ကျန်းမင်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်တိုက်ခိုက်လာ၏။
ဤတိုက်ခိုက်မှုတွင် ရာနှင့်ချီသော ပြောင်းလဲမှုများ ပါဝင်နေသဖြင့် မည်သည့်အရပ်မျက်နှာ၊ မည်သည့် အနေအထားမှနေ၍ နောက်ဆုံး မည်ကဲ့သို့သော သေစေလောက်သည့် တိုက်ကွက်မျိုးဖြင့် ထိုးနှက်တိုက်ခိုက်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
သို့သော်လည်း ဤကဲ့သို့ အပြောင်းအလဲများသော တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် ၊ ကျန်းမင်မှာ ဓားကို ဆုပ်ကိုင်ထားသည့် အနေအထားအတိုင်းပင် ရှိနေဆဲ ဖြစ်ပြီး၊ နေရာမှာပင် မလှုပ်မယှက် ရှိနေသည်။
သူသည် လောကီရေးရာ စိုးရိမ်ပူပန်မှုများကို ကျော်လွှားနိုင်သလိုပင်။
ဝီဝီ...
ချင်းချွဲ့ဓားသည် တဆက်ဆက် တုန်ခါနေပြီး၊ နတ်ဘုရားရှင်သန်ခြင်း ကျင့်စဉ်ကိုလည်း အထွတ်အထိပ်အထိ အသက်သွင်းထားပြီး ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒမှာ မုန်တိုင်းမကျရောက်မီ တိတ်ဆိတ်ငြိမ်သက်နေသကဲ့သို့ တစ်စုံတစ်ခုသော အခိုက်အတန့်တွင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ရန် စောင့်ဆိုင်းနေပုံရသည်။
ဓားကို ယခုထိတိုင် မထုတ်ရသေးသော်လည်း အရှိန်အဝါမှာ အပြည့်ရှိသည်။
ဝှစ် ...
အပြာရောင် ဓားအလင်းတန်းတစ်ခု လှစ်ခနဲ့ တောက်ပသွားသည်။
ဒေါင်ဒေါင်ဒေါင်...
ကြာမြင့်စွာ တည်ဆောက်ထားသော မုန်တိုင်းသည် နောက်ဆုံး၌ လူ့လောကသို့ ကျရောက်လာခဲ့ချေပြီ။
ကမ္ဘာမြေတစ်ခုလုံး တိတ်ဆိတ်သွားပုံရသည်။
ခရက်ခ်...
ခရမ်းကင်းမြီးကောက် လန်ရင်း၏ လက်ထဲရှိ ဆန်းကြယ်သော လက်နက်၊ ထိုရှည်လျားလှသော ကင်းမြီးကောက်အမြီးသည် တစ်လက်မချင်းစီ ဖြတ်တောက်ခံလိုက်ရသည်။
နက်ရှိုင်းလှသဖြင့် အရိုးပင် မြင်နေရသော ဓားဒဏ်ရာတစ်ခုမှာ သူ၏ရင်ဘတ်ပေါ်တွင် ထင်ကျန်ရစ်ခဲ့ပြီး အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ဖူးဖူး...
သူ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်လာပြီး ပန်းနုရောင်သန်းနေသော ပါးပြင်မှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားသည်။
"နည်းနည်းလေး... နည်းနည်းလေးပဲ လိုတော့တာ..."
လန်ရင်းသည် သွေးစွန်းနေသော သွားများကြားမှ ဤစကားကို မချိတင်ကဲ ပြောဆိုလိုက်သည်။
သို့သော် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းမင်သည် လူနှင့်ဓား တစ်သားတည်း ဖြစ်တည်ခြင်း နယ်ပယ်သို့ မရောက်ရှိသေးဘဲ အနည်းငယ် လိုအပ်နေသေးကြောင်း သူ သိလိုက်ရသည်။
သို့သော် ထိုနည်းနည်းလေး သွေဖည်သွားခြင်းသည်ပင် ကွာခြားချက်မှာ ကြီးမားလှပေသည်။
ထို့ကြောင့်သာ သူ အသက်ရှင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
"ဟူး..."
ကျန်းမင် သက်ပြင်းတစ်ချက် ချလိုက်သည်။
"စောစောက တိုက်ခိုက်မှုကို ကြည့်ရင် ငါ လူနှင့်ဓား တစ်သားတည်း ဖြစ်တည်ခြင်း နယ်ပယ်ထဲကို မဝင်ရောက်သေးဘူးပဲ...."
'ဒါ ဘာကိုဆိုလိုတာလဲ....'
လန်ရင်း၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားပြီး မကောင်းသောအရာတစ်ခုခု ဖြစ်ပျက်တော့မည်ကို သူ ခံစားလိုက်ရသည်။
' မဟုတ်မှလွဲရော... သူက စောစောက တိုက်ခိုက်မှုကနေ တစ်ဆင့် ဉာဏ်အလင်းရသွားတာလား....'
သူ၏ မျက်ခုံးများ နက်နက်ရှိုင်းရှိုင်း တွန့်ချိုးသွားပြီး ခေါင်းပေါ်ရှိ စိမ်းဖန့်ဖန့် ဆံပင်များမှာ တဖြည်းဖြည်း ပိုမိုရင့်မှောင်လာကာ စိုပြည်တောက်ပလာ၏။
အလောင်းကောင် ကျင့်စဉ်ကို အထွတ်အထိပ်အထိ အသက်သွင်းလိုက်ပြီ ဖြစ်သည်။
လန်ရင်းသည် လက်ငါးချောင်းကို လက်သည်းအဖြစ် ကွေးညွှတ်ကာ ဝုန်းခနဲ့ အသံနှင့်အတူ ကျန်းမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်လာခဲ့သည်။
၎င်း၏ ပြင်းထန်သော အရှိန်ကြောင့် မြေပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်ကာ ကျန်ရစ်ခဲ့လေ၏။
"သေပေတော့..."
သူသည် ဒေါသတကြီး အော်ဟစ်ရင်း ကျန်းမင်ကို လှမ်းဆွဲလိုက်သည်။
သူ တစ်ဖက်လူကို ထပ်မံ ဓားထုတ်ခွင့်မပေးနိုင်ချေ။
လန်ရင်း၏ စိတ်ထဲတွင် ဤအတွေးတစ်ခုတည်းသာ ရှိသည်။
"လူငယ်တစ်ယောက်ကို အခွင့်အရေး ပိုပေးသင့်တယ်..."
"ခင်ဗျားလည်း အဲ့လို ထင်တယ်မလား... အဘိုးကြီး..."
ကျန်းမင်၏ နှုတ်ခမ်းထောင့်တွင် နွေဦးလေပြေကဲ့သို့ နွေးထွေးသော အပြုံးတစ်ခု ရှိနေခဲ့သည်။
သူသည် အေးအေးလူလူ တည်ငြိမ်နေသကဲ့သို့ ၊ သူ့ဓားကလည်း ထို့နည်းတူစွာပင်။
ဝှစ်...
အပြာရောင် ဓားအလင်းတစ်ချက် နောက်တစ်ဖန် ဝင်းလက်သွားပြန်သည်။
ဤဓားချက်တွင် လွှမ်းမိုးချုပ်ကိုင်လိုသော ဓားဆန္ဒ မရှိသလို ၊ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ကောင်းသော ဓားအရှိန်အဝါလည်း မရှိချေ။
ဤသည်မှာ ရိုးရှင်းသော သာမန်ဓားတစ်ချက်သာ ဖြစ်သည်။
မိတ်ဆွေတစ်ဦးက သင့်ကို လက်နှစ်ဖက်ဆန့်တန်းကာ 'ဝေးလံတဲ့အရပ်က မိတ်ဆွေ ရောက်လာတာ ဝမ်းသာစရာပဲ မဟုတ်လား' ဟု ပြောဆိုနေသည့် အလား။
သင့်အနေဖြင့် ဤမျှနွေးထွေးသော မိတ်ဆွေကောင်းကြီးကို ငြင်းပယ်နိုင်မည်လော။
သင် သေချာပေါက် ငြင်းပယ်မည် မဟုတ်သလို၊ လန်ရင်းလည်း ငြင်းပယ်နိုင်ခြင်း မရှိခဲ့ချေ။
အပြာရောင် ဓားအလင်းသည် သူ၏ခန္ဓာကိုယ်ကို အလယ်တည့်တည့်မှ နေ၍ နှစ်ခြမ်းခွဲပစ်လိုက်ပြီး ၊ မြေပြင်ပေါ်တွင် ရှင်းလင်းပြတ်သားသော ဓားရာတစ်ခု ကျန်ရစ်ခဲ့လေ၏။
ဘုန်း...
လန်ရင်း၏ အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
[ သတ်ဖြတ်မှုရမှတ် +၆၀၀]
' အို... အဆင့်(၄) သိုင်းပညာရှင်ဆိုတဲ့အတိုင်း နာမည်နဲ့ ထိုက်တန်ပေတယ် '
ကျန်းမင်သည် မြေပြင်ပေါ်ရှိ လန်ရင်း၏ အလောင်းကို ကျေနပ်သော အကြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။
.....
တစ်ချိန်တည်းမှာပင်...
ဝေးလံသော ကျန့်ဝမ်မြို့တော်၊ စူးမိသားစု တားမြစ်နယ်မြေ ဓားဂူအတွင်း၌။
ချလွင်...
ပိတ်လှောင်ချုပ်နှောင်ခြင်း ခံထားရသော နတ်ဘုရားဓား တစ်လက်သည် စူးရှသော ဓားဟောက်သံကို ထုတ်လွှတ်လိုက်၏။