← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း(၅၆)

ဝီဝီ...

ယင်း၏ အောက်ခြေရှိ မရေမတွက်နိုင်သော လက်နက်များနှင့် နတ်ဘုရားလက်နက်များသည် ကြောက်ရွံ့ထိတ်လန့်နေသည့်အလား တဆက်ဆက် တုန်ခါနေကြသည်။

တစ်ခေါင်းလုံး ဖြူဖွေးနေသော ဓားစောင့်အိုကြီးတစ်ဦးသည် တရားထိုင်နေရာမှ ရုတ်တရက် လန့်နိုးလာခဲ့သည်။

"နတ်ဘုရားဓားက မြည်ဟည်းနေပြီ... ငါတို့ စူးမိသားစုမှာ နောက်ဆုံးတော့ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီ..."

"နှစ်ပေါင်းငါးရာ... နှစ်ပေါင်းငါးရာရှိခဲ့ပြီ... ငါတို့ စူးမိသားစုမှာ နောက်ဆုံးတော့ ပြန်လည် နိုးထဖို့ မျှော်လင့်ချက် ရှိလာပြီ... ကောင်းကင်ဘုံက ငါတို့ စူးမိသားစုကို ပစ်ပယ်မထားခဲ့ဘူးပဲ"

"ဟားဟားဟား..."

ဓားစောင့်အိုကြီး၏ မျက်ဝန်းထဲ၌ ရူးသွပ်မှုများ အပြည့်ရှိနေပြီး အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်။

......

ကျောက်ခန်းမအတွင်း၌ ၊ ပိုင်လင်ဖေးသည် ကျန်းမင်ကို မိစ္ဆာကောင် တစ်ကောင်ကို ကြည့်နေသည့်အလား စိုက်ကြည့်နေ၏။

အသက်နှစ်ဆယ်အရွယ်နှင့် လူနှင့်ဓား တစ်သားတည်း ဖြစ်တည်ခြင်း နယ်ပယ်သို့ ရောက်ရှိနေသော အဆင့်မြင့်ပညာရှင်...

ဤကဲ့သို့သော ပါရမီသည် သိုင်းလောကစာရင်းရှိ ပါရမီရှင်လူငယ်များထဲတွင်ပင် သူ့ကို လိုက်မှီနိုင်သူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

"နောက်ဆုံး ဓားချက်ကို ရှင် ဘယ်လို ထုတ်သုံးလိုက်တာလဲ..."

ပိုင်လင်ဖေးက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

သူမသည်လည်း ပါရမီရှင်လူငယ်တစ်ဦး ဖြစ်ပြီး ပါရှန်းဓားဂိုဏ်းတွင် ပါရမီအရှိဆုံးသူအဖြစ် ချီးကျူးခံထားရသူ ဖြစ်သော်လည်း ၊ သို့သော် သူမသည် လူနှင့်ဓား တစ်သားတည်း ဖြစ်တည်ခြင်းနယ်ပယ်သို့ မရောက်ရှိသေးချေ။

ထို့အပြင် ကျန်းမင်သည် ထိုနောက်ဆုံးဓားချက်ကို မထုတ်သုံးခဲ့လျှင်ပင် သူ၏ အင်အားမှာ မိမိထက် များစွာ သာလွန်ပေသည်။

ဤကဲ့သို့သော လူတစ်ဦးသည် အနှစ်နှစ်ဆယ်တိုင်အောင် မည်သည့် သတင်းမျှ မထွက်ဘဲ တိတ်ဆိတ်နေခဲ့လေသလော။

အကယ်၍ ကျန့်ဝမ်မြို့တော်နှင့် ဆိပ်ကမ်းဂိုဏ်းတို့မှ ကိုယ့်သေတွင်းကို မတူးမိခဲ့ပါက ၊ သူသည် ဆက်လက် ပုန်းကွယ်နေဦးမည်မှာ သေချာသည်။

ကျန်းမင်သည် ဤတိုတောင်းသော တစ်လကျော်ကာလအတွင်း ဤအဆင့်သို့ ရောက်ရှိလာခဲ့သည် ဟု ပိုင်လင်ဖေးအနေဖြင့် ယုံကြည်လိမ့်မည် မဟုတ်ပေ။

မည်သူမျှလည်း ဤကဲ့သို့သော အခြေအနေမျိုးကို ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းမင်သည် ယခင်ကတည်းက သူ၏အင်အားကို ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်နိုင်သည်။ သူ၏ရည်ရွယ်ချက်ကို မသိနိုင်သော်လည်း ၊ သို့မဟုတ် သူသည် သိုင်းလောက၏ ရန်ငြိုးများကြား မပါဝင်ချင်သောကြောင့် ဖြစ်လိမ့်မည်ဟု သူမ ထင်မြင်မိသည်။

သမိုင်းတစ်လျှောက် မြောက်မြားစွာသော သူရဲကောင်းများသည်လည်း အောင်မြင်မှု နှင့် ကံကြမ္မာကို ရရှိပြီးချိန်တွင် လောကီရေးရာနှင့် ကင်းဝေးသော တောတောင်များထဲ၌ အနားယူနေထိုင်ရန် ရွေးချယ်ခဲ့ကြသည် မဟုတ်လော။

ဤသည်မှာ သူမအတွေးသာ ဖြစ်သည်။

ကျန်းမင်က ပြုံးလိုက်သည်။

"သင်ချင်လား... ငါ သင်ပေးလို့ရတယ်..."

"လက်ချင်းထပ်ပြီး သင်ပေးရမယ့် အမျိုးအစားမျိုးပေါ့..."

ကျန်းမင်၏ ညစ်တေတေ အပြုံးကို မြင်လိုက်ရသဖြင့် ပိုင်လင်ဖေးမှာ ထိတ်လန့်သွားပြီး သူမ၏ နူးညံ့သွယ်လျသော လက်များကို အင်္ကျီလက်ထဲသို့ အလျင်အမြန်ပင် ပြန်လည်ရုတ်သိမ်းလိုက်၏။

" လူဆိုးကောင်..."

"မပြောရင်လည်း နေပေါ့... ဘယ်သူက အသည်းအသန် လိုချင်နေလို့လဲ... ဘာပဲဖြစ်ဖြစ် ငါလည်း တစ်နေ့ကျရင် အဲ့အဆင့်ကို ဝင်ရောက်နိုင်မှာပဲ..."

ထိုစကားကို ကြားတော့ ကျန်းမင်သည် ခေါင်းညိတ်လိုက်သညိ။ ပိုင်လင်ဖေး၏ ပါရမီကို သူ ယုံကြည်သည်။

"သွားကြစို့... အရင်ဆုံး ဒီနေရာကနေ ထွက်ရအောင်... ပြီးမှ လူလွှတ်ပြီး ပါရှန်းဓားဂိုဏ်း ဂိုဏ်းချုပ်ရဲ့ အလောင်းကို သယ်ထုတ်ခိုင်းရမယ်..."

ကျန်းမင်က အကြံပြုလိုက်ရာ အခြားနှစ်ဦးကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

သုံးယောက်သား လာခဲ့သော လမ်းကြောင်းအတိုင်း လျှို့ဝှက်အခန်းအပြင်ဘက်သို့ လျှောက်လှမ်းခဲ့ကြသည်။

သို့သော်လည်း အပြင်သို့ ရောက်ရှိလာချိန်တွင် ဆိပ်ကမ်းဂိုဏ်း၏ ခန်းမအတွင်း၌ ဆိပ်ကမ်းဂိုဏ်း တပည့်များ အပြည့်ရှိနေသည်ကို မြင်လိုက်ရသည်။

စုစုပေါင်း လူလေးငါးဆယ်ခန့် ရှိနေပြီး အရှေ့ဆုံးမှ ဦးဆောင်နေသူမှာ ဉာဏ်ပညာရှိဓား မာချွမ်ပင် ဖြစ်သည်။

သူတို့အားလုံး လျှို့ဝှက်အခန်းထဲမှ ထွက်လာကြသော ကျန်းမင်တို့သုံးဦးကို မြင်လိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်သွားကြသည်။

သို့သော်လည်း ခဏတာ လန့်ဖျပ်သွားပြီးနောက် မာချွမ်သည် ချက်ချင်းပင် သတိပြန်ကပ်လာခဲ့သည်။

"ရှဲ့သခင်..."

"မင်းတို့..."

မြေပြင်ပေါ်တွင် ဂိုဏ်းခွဲခေါင်းဆောင် ဖုန်းဒုတိယသခင်ကြီး၏ အလောင်းနှင့် နှစ်ခြမ်းကွဲနေသော ကျင်းပေါက်၏ ဦးခေါင်း ရှိနေပြီး၊ ရှဲ့သခင်သည် ထိုလူများနှင့်အတူ လျှို့ဝှက်အခန်းထဲမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဤအရာအားလုံးအတွက် ရှင်းပြရန်မလိုတော့ချေ။

"မြန်မြန်..."

"သူတို့ကို သတ်ကြစမ်း... သူတို့က ဖုန်းဂိုဏ်းခွဲခေါင်းဆောင်ကို သတ်ခဲ့တဲ့သူတွေပဲ..."

မာချွမ်သည် ကျန်းမင်တို့ကို လက်ညှိုးထိုးပြရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏ စကားအဆုံးတွင် ဆိပ်ကမ်းဂိုဏ်းမှ တပည့်ငါးဆယ်ခန့်သည် ချက်ချင်း လှုပ်ရှားလိုက်ကြပြီး လက်နက်များကို အသီးသီး ဆုပ်ကိုင်လိုက်ကြသည်။

သူတို့အားလုံးသည် ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲနှင့် ခေါင်းဆောင်ငယ်များ ဖြစ်ကြပြီး ၊ မိမိတို့၏ ဂိုဏ်းခွဲခေါင်းဆောင်ကို ကယ်တင်ရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သဖြင့် လက်ထဲတွင် လက်နက်များ အသင့်ရှိနေခြင်း ဖြစ်သည်။

"သတ်..."

......

​လူငါးဆယ်ခန့်သည် ဒီရေအလား ကျန်းမင်တို့ သုံးဦးထံသို့ ပြေးဝင်တိုက်ခိုက်လာကြသည်။

​ချလွင်...

​ပိုင်လင်ဖေးသည် ခါးတွင်ချိတ်ထားသော ဓားနှစ်စင်းကို ဆွဲထုတ်လိုက်ပြီး ရှဲ့သခင်ကလည်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

​ထိုအချိန်မှာပင် ၊ ကျန်းမင်သည် ရှေ့သို့ တိုးထွက်သွားပြီး သူ၏အရှိန်မှာ မြန်ဆန်လွန်းလှသည်။

ဝှစ်....

အပြာရောင် ဓားအလင်းတစ်ချက် လှစ်ခနဲ့ ဝင်းလက်သွားသည်နှင် ၊

​ဦးခေါင်းတစ်ဒါဇင်ကျော်မှာ လေထဲသို့ မြောက်တတ်သွားလေတော့သည်။

ဝှစ် ဝှစ်....

​ဓားအလင်းသည် လူအုပ်ကြားထဲတွင် တောက်ပနေပြီး၊ ဓားအလင်းများ ဖြတ်သန်းသွားလေရာ နေရာတိုင်း သွေးစက်များ ပက်ဖြန်းလေ၏။

​"ဉာဏ်ပညာရှိဓား မာချွမ် ကို အလွတ်မပေးနဲ့..."

ရှဲ့သခင်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရင်း သတိပေးလိုက်သည်။

​ထိုအချိန်မှသာ ဉာဏ်ပညာရှိဓား မာချွမ်သည် မည်သည့်အချိန်ကတည်းက ခန်းမဝင်ပေါက်သို့ ဆုတ်ခွာသွားမှန်းမသိရဘဲ အပြင်ဘက်သို့ ထွက်ပြေးရန် ဟန်ပြင်နေသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။

​သို့သော်လည်း ရှဲ့သခင်၏ အော်ဟစ်သံကြောင့် မာချွမ်တစ်ယောက် တစ်ခေါင်းလုံး ထုံကျဉ်သွားသည်။

​"ခွေးမသား... မျိုးရိုးရှဲ့... မင်းက ငါ့ကို ဒီ‌လောက်အထိ သေစေချင်နေတာလား..."

​သူသည် အံကြိတ်ကာ နာကျည်းစွာဖြင့် ကျိန်ဆဲလိုက်သည်။

​သူ့အနေဖြင့် ညီအစ်ကိုများကို သစ္စာဖောက်ကာ စွန့်ပစ်ခြင်းမဟုတ်ဘဲ ဤလူသုံးဦးသည် ဖုန်းဒုတိယသခင်ကြီးကို သတ်နိုင်ခဲ့ကြသည်ဆိုကတည်းက မိမိသည် သူတို့၏ ပြိုင်ဘက် မဟုတ်ကြောင်း သိနိုင်သည်။

All Chapters