အခန်း ၅၉
Vol. 6 Ch. 59
အပိုင်း(၅၉) စိန်ခေါ်စာ
"ကျောက်ပုဖန် ဟုတ်လား..."
ကျန်းမင်၏ မျက်နှာမှာ အုံ့မှိုင်းသွားပြီး ၊ စာကို သူ့ဘေးနားကနေ သိလိုစိတ်ပြင်းပြနေသော ပိုင်လင်ဖေးထံသို့ ကမ်းပေးလိုက်၏။
ပိုင်လင်ဖေးသည် စာကို လှမ်းယူလိုက်သည်။
ဤသည်မှာ စိန်ခေါ်စာတစ်စောင် ဖြစ်သလို၊ ခြိမ်းခြောက်စာတစ်စောင်လည်း ဖြစ်သည်။
ကျောက်ပုဖန်သည် ကျန်းမင်၏ မိတ်ဆွေများဖြစ်သော ဟုန်ယွန့်အစောင့်အရှောက်အဖွဲ့မှ လော့ဝူရှဲ့တို့ သားအဖကို ဖမ်းဆီးချုပ်နှောင်ထားပြီး၊ ကျန်းမင်အနေဖြင့် သုံးရက်အတွင်း လုအန်းမြို့သို့ လာရောက်၍ မိမိနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း မရှိပါက သူတို့နှစ်ဦးစလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။
"စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်တာ... ချင်းနျိုမြို့ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ချင်းယွမ်ဓား ကျောက်မိသားစုက ဓားစာခံလုပ်ပြီး လူကို စိန်ခေါ်ရတဲ့အဆင့်ထိ အောက်တန်းကျသွားတာလား"
"ဒါဟာ ကျောက်မိသားစုရဲ့ ချင်းယွမ်ဓား ဆိုတဲ့ နာမည်ဂုဏ်သတင်းကို ညှိုးနွမ်းစေတာပဲ..."
"ဒီလိုလူမျိုးက သိုင်းလောကစာရင်းမှာ ငါ့ထက်တောင် အဆင့်မြင့်နေသေးတယ်... ဒါ ငါ့ကို စော်ကားလိုက်တာပဲ... နောက်တစ်ကြိမ် ဆုံရင်တော့ သူ့ကို တစ်ချက်တည်းနဲ့ အသေသတ်ပစ်ရမယ်..."
ကျန်းမင်သည် စကားတစ်ခွန်းမျှ မဆိုသော်လည်း ပိုင်လင်ဖေးမှာ မကျေမနပ်ဖြင့် ဒေါသတကြီး ရေရွတ်နေသည်။
"ကျောက်ပုဖန်က သိုင်းလောကစာရင်းမှာ အဆင့် တော်တော်မြင့်တာလား..."
ကျန်းမင်က သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ သိုင်းလောကတွင် ဤကဲ့သို့သော အရာတစ်ခု ရှိကြောင်း သူ ကြားဖူးသည်။
ထိုစာရင်းကို ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာမှ အဆင့်သတ်မှတ်ထားခြင်း ဖြစ်ပြီး၊ သိုင်းလောကအတွင်းရှိ အသက် ၃၅ နှစ်အောက် ပါရမီရှင်လူငယ်များကို ရွေးချယ်သတ်မှတ်ထားခြင်း ဖြစ်သည်။
"အဆင့် ၇၈..."
"မင်းကရော..."
"၈၀..."
ပိုင်လင်ဖေးသည် ပြောပြီးနောက် နှုတ်ခမ်းလေးဆူလိုက်ရာ ပါးဖောင်းဖောင်းကလေး ဖြစ်သွားသည်။ သူမသည် ဤအဆင့်သတ်မှတ်ချက်အပေါ် အလွန်မကျေမနပ် ဖြစ်နေပုံရသည်။
ကျန်းမင်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် နှစ်သိမ့်လိုက်၏။
"စိတ်ချ.... သူ မကြာခင်မှာ ဒီစာရင်းကနေ နာမည်ပယ်ဖျက်ခံရတော့မှာပါ..."
မိမိကို ခြိမ်းခြောက်ရဲသည်ဆိုကတည်းက သူသည် သေဖို့ထိုက်တန်သည်။
ပိုင်လင်ဖေးသည် အစပိုင်းတွင် ကျန်းမင်ကို အံ့အားသင့်စွာဖြင့် တစ်ချက် စောင်းငဲ့ကြည့်လိုက်မိသည်။
သိုင်းလောကစာရင်းဝင် ပုဂ္ဂိုလ်များသည် ကိုင်တွယ်ရန် လွယ်ကူသောသူများ မဟုတ်ချေ။ သူ့ကို သတိထားရန် ဖျောင်းဖျချင်သော်လည်း၊ ကျန်းမင်သည် အလောင်းဂိုဏ်း၏ အစောင့်အရှောက် ခရမ်းကင်းမြီးကောက်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့မှန်း သတိရမိသွားသဖြင့် နှုတ်ခမ်းဖျားသို့ ရောက်ရှိနေသော စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်။
ခရမ်းကင်းမြီးကောက် လန်ရင်းပင် သေဆုံးခဲ့ရပြီ ဖြစ်ရာ ၊
ကျောက်ပုဖန်ကရော ဘာကောင်မို့လို့လဲ...
နောက်တစ်ကြိမ် သိုင်းလောကစာရင်း အသစ်ထွက်ပေါ်လာချိန်တွင် ကျန်းမင်သည် စာရင်းထဲသို့ သေချာပေါက် ပါဝင်လာမည် ဖြစ်ပြီး၊ အဆင့်မှာလည်း သူမအောက်တွင် ရှိနေမည် မဟုတ်ချေ။
ဤသို့ တွေးမိသွားသဖြင့် ပိုင်လင်ဖေးတစ်ယောက် အနည်းငယ် မသက်မသာ ခံစားလိုက်ရပြန်သည်။
ကျောက်ပုဖန်၏ နေရာမှာ ဖယ်ရှားခံလိုက်ရပြီး ၊ ထိုနေရာအစား ကျန်းမင်မှ ဝင်ရောက်လာပေတော့မည်။
သို့သော် သူမ၏ အဆင့်မှာ ပြောင်းလဲသွားမည် မဟုတ်ပေ။
"ကျောက်ပုဖန်က ဘာမှမဟုတ်ပေမယ့်... ရှင့်ရဲ့ အင်အားနဲ့ဆိုရင် သူ ရှင့်ရဲ့ ဓားချက်ကို တားဆီးနိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ သူ့ရဲ့ ဘေးနားမှာ အကြီးအကဲ နှစ်ယောက် ရှိနေတယ်... အဲ့ဒါကိုတော့ ရှင် အထူးသတိထားဖို့ လိုလိမ့်မယ်..."
"အဲ့နှစ်ယောက်က ဘာအဆင့်တွေလဲ..."
"ကျွန်မ ရရှိထားတဲ့ သတင်းတွေအရတော့... သူ့ရဲ့ ဘေးနားမှာ လိုက်ပါလာတဲ့သူတွေထဲက တစ်ယောက်က သူ့ရဲ့ ဦးလေး မူးယစ်ဓား ကျောက်တုံလိုင် ပဲ... ဒီလူက အရက်သောက်ရတာကို နှစ်သက်ပြီး သူ့ဘဝရဲ့ အချိန်အတော်များများကို မူးယစ်ရင်း ကုန်ဆုံးခဲ့တာ... သူက အဆင့်(၆) အလယ်အလတ်အဆင့်ရှိတဲ့ သိုင်းပညာရှင်တစ်ဦးပဲ"
"နောက်တစ်ယောက်ကတော့... တစ်ချိန်က သိုင်းလောကမှာ နာမည်ကျော်ကြားခဲ့တဲ့ ချစ်ခြင်းမဲ့ပျံလွှားဓား ထျယ်ဝူရှင်း ပဲ... ဒီလူရဲ့ ပျံလွှားဓားသိုင်းက သိုင်းလောကတစ်ခုလုံးကို လှုပ်ခတ်စေခဲ့တာ... "
" သူ့ထက် တစ်ဆင့် ပိုမြင့်တဲ့သူတွေတောင်မှ အနည်းငယ် ပေါ့ဆမိတာနဲ့ သူ့ရဲ့ ပျံလွှားဓားအောက်မှာ သေဆုံးသွားလိမ့်မယ်..."
"ဒါပေမဲ့ သူက မလှုပ်ရှားခဲ့တာ ကြာပြီ... နောက်ဆုံးအကြိမ် လှုပ်ရှားခဲ့တာက လွန်ခဲ့တဲ့ သုံးနှစ်တုန်းကပဲ... သူက ယီရွှေမြစ်ကမ်းနားမှာ ပျံလွှားဓားကို သုံးပြီး ထန်ဂိုဏ်း က အဆင့်(၆) ကနဦး သိုင်းပညာရှင်တစ်ဦးကို သတ်ပစ်ခဲ့ဖူးတယ်... သိုင်းလောကသားတွေက အဲ့ဓားချက်ကို လောကမှာ အတုမရှိတဲ့ ဓားချက်လို့ ခေါ်ဆိုကြတယ်..."
"သူကလည်း အဆင့်(၆) အလယ်အလတ်အဆင့် သိုင်းပညာရှင်ပဲ... ဒီနှစ်တွေအတွင်း အဆင့်(၆) နှောင်းပိုင်း ရောက်သွားပြီလားဆိုတာကတော့ မသေချာဘူး..."
ထိုသို့ပြောရင်း၊ ပိုင်လင်ဖေး၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မိသော အရိပ်အယောင်များ ထင်ဟပ်လာပြန်သည်။
"ကျန်းမင်... ရှင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာကို ကျွန်မ သိပါတယ်... ဒါပေမဲ့ သိုင်းလောကဆိုတာ သတ္တိရှိရုံတင်မကဘူး တစ်ခါတရံမှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ဖို့လည်း လိုအပ်တယ်..."
"ဒီတိုက်ပွဲမှာ ကျောက်ပုဖန်ကို နိုင်ခဲ့ရင်တောင်မှ ရှင်က..."
"နေဦး..."
သူမ စကားမဆုံးမီမှာပင် ကျန်းမင်က လက်မြှောက်ကာ ဖြတ်ပြောလိုက်သည်။
"အဆင့်(၆) နှစ်ယောက်တည်းပဲဟာ... ဘာမှ မဟုတ်ပါဘူး..."
ကျန်းမင်၏ လေသံမှာ တည်ငြိမ်ပြီး သေချာပေါက် အောင်နိုင်လိမ့်မည်ဟူသော ယုံကြည်ချက်များ ပြည့်နှက်နေပုံရသည်။
သူသည် ယခုအကြိမ်တွင် သတ်ဖြတ်မှုရမှတ် ၅၀၀၀ ကျော်ကို သိမ်းဆည်းရရှိထားပြီး မသုံးစွဲရသေးချေ။
ကျန်းမင်သည် အဘယ်ကြောင့် ဤမျှအထိ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေသည်ကို ပိုင်လင်ဖေး မသိချေ။သို့သော်လည်း သူမ ထပ်မံ မဖျောင်းဖျတော့ချေ။
ဉာဏ်ပညာရှိသော အမျိုးသမီးတစ်ယောက်က အရာအားလုံးတွင် အတိုင်းအတာ ရှိရမည်ကို သိသည်။
ထို့ကြောင့် သူမသည် စကားလမ်းကြောင်း ပြောင်းကာ ဆက်ပြောလိုက်သည်။
" ကျွန်မ ဒီဘက်က အခြေအနေတွေကို စာရေးပြီး ဂိုဏ်းဘက်ကို ပို့ထားလိုက်ပြီ... မကြာခင် သိုင်းလောကတစ်ခုလုံးက အလောင်းဂိုဏ်းဟာ ဂိုဏ်းအသီးသီးက ဂိုဏ်းသခင်တွေရဲ့ အလောင်းတွေကို လျို့ဝှက်စုဆောင်းပြီး မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံနေကြတယ်ဆိုတာကို သိသွားကြလိမ့်မယ်..."
"ပြီးတော့...ကျွန်မတို့ ပါရှန်းဓားဂိုဏ်းရဲ့ အကြီးအကဲတွေလည်း ဒီဘက်ကို လာနေကြပြီ... ကျန်းမင်... ရှင် ဆန္ဒရှိမယ်ဆိုရင် ကျွန်မ ရှင့်ကို ပါရှန်းဓားဂိုဏ်းထဲ ဝင်ရောက်ဖို့ မိတ်ဆက်ပေးနိုင်တယ်..."
"ကျွန်မတို့ ပါရှန်းဓားဂိုဏ်းက ဓားသိုင်းကို အဓိကထားပြီး ကျင့်ကြံတာ ဆိုပေမယ့်လည်း..."
"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မလိုဘူး... ငါ့မှာ ရှိနေတဲ့ ပြဿနာတွေက မင်း ထင်ထားတာထက် အများကြီး ပိုပြီး ကြီးမားတယ်..."
ကျန်းမင် အနည်းငယ် အံ့အားသင့်သွားမိသည်။
မတော်တဆ တွေ့ဆုံခဲ့ကြရုံသာ ဖြစ်သော်လည်း ပိုင်လင်ဖေးအနေဖြင့် မိမိအတွက် ဤမျှအထိ လုပ်ပေးခြင်းမှာ တကယ့်ကို ချီးကျူးဖွယ်ရာပင်။