အခန်း ၃၀၁
Vol. 31 Ch. 301
အခန်း ၃၀၁ - တူးဖော်ခွင့် မပေးဘူးလား
ဆွန်ဖုန်းသည် စိန့်ဂျွန်မြို့သို့ ပြန်ရောက်ပြီးနောက် စိန်သတ္တုကြော တူးဖော်ရန် လုပ်ငန်းစဉ်များကို စတင် ပြင်ဆင်တော့သည်။ ပထမဆုံး အနေဖြင့် ဆွန်ဖုန်းက အစိုးရထံတွင် သတ္တုတွင်း ငှားရမ်းခွင့်နှင့် တူးဖော်ခွင့် စသည့် စာရွက်စာတမ်း ကိစ္စများကို လျှောက်ထားရမည် ဖြစ်ပြီး အပြင်သို့လည်း ကြေညာချက်များ ထုတ်ပြန်ရမည် ဖြစ်သည်။
"လူစီ ခဏလောက် ဝင်လာခဲ့ပါဦး"
ဆွန်ဖုန်းက ဖုန်းရွေ့ သုတေသန ဌာနသို့ ပြန်ရောက်သောအခါ အလုပ်များနေသော လူစီကို ခေါ်လိုက်သည်။ လောလောဆယ်တွင် ဖုန်းရွေ့ သုတေသန ဌာနက ပင်လယ်ရေမှ မဂ္ဂနီဆီယမ် ထုတ်ယူခြင်းနှင့် ရေနံ တူးဖော်ရေး စင်မြင့်သစ်များ အကြောင်းကို သုတေသန ပြုလုပ်နေသည်။ ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူရေး အပိုင်းကိုတော့ ခဏ ရပ်နားထားလိုက်ပြီ ဖြစ်သည်။
"ဟုတ်ကဲ့ ဘော့စ်"
လူစီက အဖြေပေးလိုက်သည်။
လူစီသည် ဆွန်ဖုန်း၏ ပြုစုပျိုးထောင်မှုအောက်တွင် ပိုမို လှပ တောက်ပလာခဲ့သည်။ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်ရာ အလှပဆုံး အရွယ်သို့ ရောက်ရှိနေပြီး ညှို့ငင်နိုင်စွမ်း အပြည့် ရှိနေသဖြင့် သူမကို လိုက်နေသူ မည်မျှ ရှိမည်ကိုတောင် မသိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ မကြာသေးမီက သူမကို လိုက်နေသူ အများအပြား ရှိနေသည်။
"ဘာကိစ္စ ရှိလို့လဲ ဘော့စ်"
လူစီ ဝင်လာပြီး ဆွန်ဖုန်း ဆေးလိပ်ဘူး ထုတ်လိုက်သည်ကို မြင်သောအခါ အလျင်အမြန်ပင် ရှေ့တိုးကာ မီးညှိပေးရင်း လိမ္မာစွာ မေးလိုက်သည်။
"ဒီဘက်က အလုပ်တွေ ခဏ ထားလိုက်ဦး ငါနဲ့အတူ တခြား ကိစ္စ တစ်ခု သွားလုပ်ရအောင်"
ဆွန်ဖုန်းက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။
"ကောင်းပါပြီ"
လူစီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သုတေသန ဌာနတွင် သူမ၏ ပါဝင်မှုက သိပ်မများမှန်း သူမ သိသည်။ ပုံမှန်အားဖြင့် သူမက အကူအညီသာ ပေးရပြီး ပါရဂူဘွဲ့ ရထားသော်လည်း ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်းနှင့် ရေနံ တူးဖော်ရေး စင်မြင့်သစ်များ အကြောင်းကိုတော့ ဘာမှ နားမလည်ပေ။
"ဒီလိုလုပ် ငါက ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ နာမည်နဲ့ တူးဖော်ခွင့်နဲ့ သတ္တုတွင်း ငှားရမ်းခွင့် လျှောက်မလို့ နေရာက ဒီမှာပဲ မင်း တစ်ချက်ကြည့်လိုက်"
ဆွန်ဖုန်းက စာရွက်စာတမ်း တစ်ခုကို လူစီထံ ကမ်းပေးလိုက်သည်။
"ဘော့စ် ဒီနေရာမှာ ဘာသတ္တုတွေ တူးဖော်စရာ ရှိလို့လဲ"
လူစီက ကြည့်ပြီးနောက် ဆွန်ဖုန်းက အော်လီ မြို့ပြင်ရှိ စတုရန်း ကီလိုမီတာ ၁၀ ခန့် ကျယ်ဝန်းသော မြေကွက်ကို ဝယ်ယူထားပြီး ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် သူမ သိထားသလောက် အော်လီ မြို့လေးတွင် သတ္တု တူးဖော်ရေးနှင့် ပတ်သက်သည့် သတင်းမျိုး တစ်ခါမှ မကြားဖူးပေ။
"ငါ့ရဲ့ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက ဒီမြေကွက်အောက်မှာ စိန်သတ္တုကြော တစ်ခု ရှိနေတာကို ရှာတွေ့ထားတယ် အခု ဒီမြေကွက်ကို ငါ ဝယ်ပြီးသွားပြီ မင်း ငါ့ကိုယ်စား သွားပြီး တူးဖော်ခွင့်နဲ့ သတ္တုတွင်း ငှားရမ်းခွင့် လျှောက်ပေးလိုက် အဲဒါ ကျလာပြီ ဆိုတာနဲ့ ငါတို့ စပြီး တူးဖော်လို့ ရပြီ"
ဆွန်ဖုန်းက ဖုံးကွယ်မထားပေ။ ဖုံးကွယ်စရာ အကြောင်းလည်း မရှိပေ။ ဘာပဲဖြစ်ဖြစ် မြေကွက်က သူ့ဟာ ဖြစ်နေပြီပဲ။
"စိန်သတ္တုကြော"
လူစီက နှုတ်ခမ်းနီနီလေး ဟကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဟုတ်တယ် အင်း ဒီလိုလုပ်လိုက် မင်း ဒီသတင်းကို အရင် ဖြန့်လိုက်ပါ ဘာပဲဖြစ်ဖြစ် ကြေညာရမှာပဲဟာကို"
ဆွန်ဖုန်းက စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဟုတ်ကဲ့"
နောက်တစ်နေ့တွင် ဆွန်ဖုန်းနှင့် သူ၏ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီတို့မှာ သတင်းခေါင်းစီးများတွင် ထပ်မံ ပါဝင်လာပြန်သည်။
“ကနေဒါ စီးပွားရေး သတင်းစာ” - သတင်းထောက်များ၏ အစီရင်ခံချက် အရ မစ္စတာဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက အော်လီ မြို့ပြင်တွင် စိန်သတ္တုကြော တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်း၏ သိုလှောင်မှု ပမာဏမှာ ကာရက် ၁၀ သန်းခန့် ရှိပြီး ကြီးမားသော သတ္တုကြောကြီး တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ သတင်းထောက်များနှင့် ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီတို့ အတည်ပြုချက် အရ ထိုမြေကွက်ကို လက်ရှိတွင် မစ္စတာဆွန်ဖုန်းက ဝယ်ယူထားပြီး ဖြစ်ကြောင်း သိရသည်။ လောလောဆယ်တွင် ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက အစိုးရထံတွင် သတ္တုတွင်း ငှားရမ်းခွင့်ကို လျှောက်ထားဆဲ ဖြစ်ပြီး မကြာမီ အချိန်အတွင်း ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက စတင် တူးဖော်နိုင်မည်ဟု ယုံကြည်ရသည်။
**ပြည်သူ့ သတင်းစာ**
မကြာသေးမီ နှစ်များ အတွင်း ကနေဒါတွင် နှစ်စဉ် စိန်သတ္တုကြောများ ရှာဖွေ တွေ့ရှိလေ့ ရှိသည်။ ကျွန်ုပ်တို့ နိုင်ငံ၏ စိန် ထုတ်လုပ်မှုမှာ နှစ်စဉ် တဖြည်းဖြည်း တိုးတက်လာနေပြီး အနာဂတ်တွင် ကနေဒါသည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စိန် တင်ပို့သည့် နိုင်ငံ ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ မစ္စတာဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက ရှာဖွေ တွေ့ရှိခဲ့သော ကာရက် ၁၀ သန်း ရှိသည့် စိန်သတ္တုကြောမှာ ယခုနှစ် အတွင်း အကြီးဆုံး စိန်သတ္တုကြော တစ်ခု ဖြစ်လာသည်။
**အိုင်ဒေါ သတင်းစာ**
မစ္စတာဆွန်ဖုန်းမှာ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးသော ဘီလီယံနာ တစ်ဦး ဖြစ်သည်။ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံတွင် ရင်းနှီးမြှုပ်နှံပြီး မကြာမီမှာပင် ယခု စိန်သတ္တုကြောကို ထပ်မံ တွေ့ရှိခဲ့ပြန်သည်။ ဆိုလိုသည်မှာ မကြာမီ အချိန်အတွင်း သူသည် စိန်သတ္တုကြော တူးဖော်ရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံတော့မည် ဖြစ်သည်။ ဤသတ္တုကြောကို တူးဖော်ပြီးသည်နှင့် သူ၏ ပိုင်ဆိုင်မှုများမှာ အများအပြား ထပ်မံ တိုးပွားလာဦးမည်မှာ သေချာသည်။
ဤသတင်း ထွက်ပေါ်လာသည်နှင့် ဆွန်ဖုန်းသည် နောက်တစ်ကြိမ် နာမည်ကြီးသွားပြန်သည်။ လက်ရှိတွင် သူသည် လူငယ် လုပ်ငန်းရှင်များ ကြားတွင်သာမက ကမ္ဘာတစ်ဝန်းတွင်ပါ ခေါင်းဆောင် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ လူငယ် လုပ်ငန်းရှင် အများအပြားက သူ့ကို စံပြ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ထားကြသည်။
စိန့်ဂျွန်မြို့ရှိ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ ရုံးခွဲတွင်။
ဒီရက်ပိုင်း ဆွန်ဖုန်းက စိန်သတ္တုကြော တူးဖော်ရေး အဖွဲ့ ဖွဲ့စည်းရန် အလုပ်များနေသည်။ လက်ရှိတွင် ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ အောက်ရှိ အဖွဲ့မှာ နှစ်ဖွဲ့သာ ရှိသည်။ တစ်ဖွဲ့က မားစ် သံရိုင်းတွင်း အဖွဲ့ ဖြစ်ပြီး ထိုအဖွဲ့ကို မရေတွက်၍ ရသည်။ ကျန်ရှိသော အစစ်အမှန် တူးဖော်ရေး အဖွဲ့ကတော့ စိန့်ဖုန်း ရေနံမြေ အဖွဲ့ တစ်ဖွဲ့တည်းသာ ရှိသည်။ အင်း သတ္တုကြော ရှာဖွေရေး အဖွဲ့တောင် မရှိပေ။ အကြောင်းမှာ ဆွန်ဖုန်းတွင် ရွှေလက်ချောင်း ရှိနေသဖြင့် ထိုသို့သော အဖွဲ့မျိုး မလိုအပ်သောကြောင့် ဖြစ်သည်။ နာမည်ခံ အနေဖြင့်သာ ရှိနေခြင်း ဖြစ်သည်။
"လူစီ အစိုးရ သတ္တုတွင်း ဌာနဘက်က ဘယ်လိုပြောလဲ လျှောက်လွှာတွေ တင်ပြီးပြီလား"
ရုံးခန်းထဲတွင် ဆွန်ဖုန်းက ပြတင်းပေါက် ရှေ့တွင် ရပ်ကာ လူစီကို မေးလိုက်သည်။ ဒီရက်ပိုင်း လူစီက နယူးဖောင်လန် အစိုးရထံတွင် သတ္တုတွင်း ငှားရမ်းခွင့်နှင့် ပတ်သက်သည့် ကိစ္စများကို သွားရောက် လျှောက်ထားနေခြင်း ဖြစ်သည်။ ယခုဆိုလျှင် အဖြေတစ်ခု ထွက်လာလောက်ပြီ ဖြစ်သည်။
"ဘော့စ် လျှောက်လွှာ စာရွက်စာတမ်းတွေနဲ့ လုပ်ငန်းစဉ် စရိတ်တွေ အားလုံး တင်ပြီးသွားပါပြီ သူတို့ဘက်က အမြန်ဆုံး အကောင်အထည်ဖော်ပေးမယ်လို့ ပြောပါတယ်"
လူစီက ဖြေလိုက်သည်။
"ဒါဆိုလည်း ကောင်းတာပေါ့ အခု လောလောဆယ် ငါ စိန် တူးဖော်ရေး အဖွဲ့ ဖွဲ့နေတယ် မင်းလည်း လာကူပေးဦး"
ဆွန်ဖုန်းက ပြောလိုက်သည်။
အစိုးရထံတွင် သတ္တုတွင်း ငှားရမ်းခွင့်နှင့် တူးဖော်ခွင့် လျှောက်ထားခြင်းမှာ လုပ်ထုံးလုပ်နည်း အရသာ ဖြစ်ကြောင်း သူ သိသည်။ ဘာပဲဖြစ်ဖြစ် အော်လီ မြို့လေးက စိန်သတ္တုကြောကို သူ၏ သတ္တု တူးဖော်ရေး ကုမ္ပဏီက ရှာတွေ့ထားခြင်း ဖြစ်ရာ အစိုးရ အနေဖြင့် သိမ်းယူရန် မဖြစ်နိုင်ပေ။ သို့သော် ဤလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အနည်းအကျဉ်း ငွေကုန်ကြေးကျတော့ ရှိမည် ဖြစ်သည်။
"ဟုတ်ကဲ့ပါ အဲဒီဘက်က လျှောက်လွှာ ကိစ္စကတော့ နောက်ထပ် တစ်ပတ်လောက် နေရင် အဖြေထွက်လာလောက်ပါတယ်"
လူစီက ဖြည့်စွက် ပြောကြားလိုက်သည်။
"အရမ်းကောင်းတယ် အခုတလော မင်း အလုပ်လုပ်တာ တော်တော်လေး ကြိုးစားတယ် မင်းမှာ အရည်အချင်း ရှိမယ် ဆိုရင် မင်းကို တခြား အလုပ်တွေ ပေးလုပ်မယ် ရာထူးကြီးကြီး ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး ကြိုးစားလုပ်ပါ"
ဆွန်ဖုန်းက လူစီ၏ ပခုံးလေးကို ပုတ်ကာ နွေးထွေးစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ ဘော့စ် ကျွန်မ ကြိုးစားပါ့မယ်"
လူစီက ပြုံးကာ ဖြေလိုက်သည်။ ဆွန်ဖုန်းနှင့် ခွဲခွာသွားပါက သူမ ဘာမှ မဟုတ်တော့ကြောင်း သူမ သိသည်။ ဆွန်ဖုန်းနှင့် အလုပ်လုပ်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း သိထားသဖြင့် ယခုနောက်ပိုင်း သူမ အလုပ်ကို အလွန် ကြိုးစားလာခြင်း ဖြစ်သည်။ ဆွန်ဖုန်း၏ ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူး တစ်ယောက်လိုပင် ဖြစ်နေပြီ ဖြစ်သည်။ အလုပ်ရှိလျှင် အတွင်းရေးမှူးက လုပ်ပြီး အလုပ်မရှိလျှင် အတွင်းရေးမှူးကို လုပ်သည်ဟု ဆိုရမည်။
...
ဗန်ကူးဗားရှိ ကြီးမားလှသော ခြံဝင်းကြီး တစ်ခု အတွင်း။
"ဆွန်ဖုန်း"
စာကြည့်ခန်းထဲတွင် အီဗာက ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ၏ ကြေညာချက်ကို ဖတ်ရင်း သူမ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာလေသည်။
အင်တာနက် စာမျက်နှာကို ပိတ်လိုက်ပြီးနောက် အီဗာက ဒေစီထံ ဖုန်းဆက်လိုက်သည်။
"ဟယ်လို ဒေစီလား ငါနဲ့အတူ နယူးဖောင်လန်ကို တစ်ခေါက်လောက် လိုက်ခဲ့ပေးပါလား"
"နယူးဖောင်လန်ကို ဘာသွားလုပ်မလို့လဲ အလည်သွားမလို့လား ဒါပေမဲ့ မနက်ဖြန်က တနင်္လာနေ့လေ ငါတို့ ကျောင်းတက်ရဦးမယ်"
ဖုန်းထဲမှ ဒေစီ၏ အံ့ဩနေသော အသံ ထွက်ပေါ်လာသည်။ အီဗာ ဘာကြောင့် နယူးဖောင်လန်ကို သွားချင်ရသလဲ ဆိုတာ သူမ နားမလည်နိုင်ပေ။
"နင် ငါနဲ့ လိုက်ခဲ့ပေးပါ ရက်အနည်းငယ် ကျောင်းပျက်ရုံနဲ့ ဘာမှ မဖြစ်ပါဘူး နင့်လို ဉာဏ်ကောင်းတဲ့ သူက အတန်း နည်းနည်း ပျက်ရုံနဲ့ ပြဿနာ မရှိပါဘူး"
အီဗာက ရယ်မောကာ ပြောလိုက်သည်။
"ကောင်းပါပြီ ငါ့ရဲ့ သခင်မလေးရယ် ဒီတစ်ခေါက်တော့ နင်နဲ့ လိုက်ခဲ့ပေးပါ့မယ်"
"ကောင်းပြီ မနက်ဖြန် လေဆိပ်မှာ တွေ့မယ်"
"အင်း"
နောက်တစ်နေ့တွင် ထိုမိန်းမလှလေး နှစ်ယောက်သည် ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆုံတွေ့ကြသည်။
"အီဗာ နင် နယူးဖောင်လန်ကို သွားပြီး ဘာလုပ်မှာလဲ"
ဒေစီက အီဗာကို တွေ့သည်နှင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဆွန်ဖုန်းကို ဒုက္ခပေးမယ့် နည်းလမ်းတစ်ခု ငါ စဉ်းစားမိပြီ"
အီဗာက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ မှန်သည်။ မနေ့က ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက အော်လီ မြို့ပြင်ရှိ စိန်သတ္တုကြောကို တူးဖော်မည် ဆိုသည့် သတင်းကို သူမ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ဆွန်ဖုန်းကို တူးဖော်ခွင့် မရအောင် လုပ်မည်ဟု သူမ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူမ၏ လက်တင် စီးပွားရေး အုပ်စုက ကနေဒါတွင် ရှိသော လွှမ်းမိုးမှုနှင့် အင်အားကို အသုံးပြု၍ ဤကိစ္စကို လုပ်ဆောင်ရန်မှာ အလွန် လွယ်ကူသော ကိစ္စ တစ်ခု ဖြစ်သည်။
"ဘာလဲ လူမိုက်ငှားပြီး သူ့ကို ရိုက်ခိုင်းမလို့လား"
ဒေစီက မေးလိုက်သည်။ အရင်တစ်ခေါက် ကိစ္စကြောင့် အီဗာ တစ်ယောက် ဆွန်ဖုန်းကို အလွန် မုန်းတီးနေပြီး သတ်ပစ်ချင်နေမည်ကို သူမ သိသည်။
"မဟုတ်ဘူး သူ ငါ့ဆီလာပြီး တောင်းပန်အောင် ငါ သူ့ကို အရှက်ခွဲပစ်မယ် ငါ့ရဲ့ အကြွေးကို ပြန်ဆပ်ရမယ်"
အီဗာ၏ လှပသော မျက်နှာလေးပေါ်တွင် လှောင်ပြောင်သော အရိပ်အယောင်များ ပေါ်လာလေသည်။ သူမက ဆွန်ဖုန်းကို ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး သူမကို မစော်ကားသင့်ကြောင်း သိစေချင်သည်။ အမြဲတမ်း သူမကသာ တခြားသူများကို ကစားခဲ့ပြီး တခြားသူများက သူမကို ပြန်ကစားခဲ့ဖူးသည် မရှိပေ။
အကယ်၍ ဆွန်ဖုန်းသာ ဤနေရာတွင် ရှိနေမည် ဆိုလျှင် ဒေါသထွက်လွန်း၍ ရယ်ချင်စိတ်တောင် ပေါက်သွားမည် ဖြစ်သည်။
'မင်းဘာသာ ငါ့ကို လာစိန်ခေါ်တာလေ ရှုံးသွားတော့လည်း ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးတယ် အဲဒီ နည်းလမ်းတွေကို ငါက ဖျက်ဆီးပစ်လိုက်တော့လည်း ငါ့ကို အပြစ်တင်နေသေးတယ် ဒီလို မိန်းမမျိုးက တကယ်ကို သောက်ရမ်း ယုတ်မာတာပဲ'
ကံဆိုးစွာဖြင့် ဆွန်ဖုန်းမှာ ထိုအကြောင်းများကို မသိရှိခဲ့ပေ။
"ဘယ်လို လက်စားချေမှာလဲ ပြောပြပါဦး"
ဒေစီလည်း စိတ်ဝင်စားသွားသည်။
"သူ့နာမည်အောက်က ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက အော်လီ မြို့လေး အပြင်ဘက်မှာ စိန်သတ္တုကြော တစ်ခု ရှာတွေ့ထားတယ် လောလောဆယ် သတ္တုတွင်း ငှားရမ်းခွင့် လျှောက်ပြီး တူးဖော်ဖို့ လုပ်နေတယ်လေ ငါက သူ့ကို တူးဖော်ခွင့် မရအောင် လုပ်ပြီး ဒေါသထွက်သေအောင် လုပ်ပစ်မယ်"
အီဗာက အေးစက်စွာ ရယ်မောလိုက်သည်။
"ဒီအကြံက တော်တော် ရက်စက်တာပဲ"
ဒေစီက အီဗာကို လက်မထောင်ပြလိုက်သည်။ သူမ၏ သူငယ်ချင်းမှာ တကယ်ကို အရူးမလေး တစ်ယောက် ဖြစ်ပြီး ဥပဒေကို ဂရုမစိုက်သူ တစ်ယောက်မှန်း သူမ သိသည်။ ဒီနှစ်တွေ အတွင်းမှာ ယောကျာ်း ဘယ်နှယောက်ကို ဒုက္ခပေးခဲ့ပြီးပြီလဲတောင် မသိနိုင်ပေ။
"တကယ်လို့များ နင် သူ့ကို ဒုက္ခပေးနေတယ် ဆိုတာကို သူ သိသွားလို့ အဲဒီ စိန်သတ္တုကြောကို တခြားသူဆီ ရောင်းပစ်လိုက်ရင်ရော သူ ပိုက်ဆံ ရသွားမှာပဲလေ"
ဒေစီက သုံးသပ်လိုက်သည်။
"ဟွန့် ဘယ်သူက ဝယ်ရဲမှာလဲ ငါကလည်း သူ့ကို တူးဖော်ခွင့် မရအောင် ဆက်လုပ်မှာပဲ ဆွန်ဖုန်း ငါ့ရှေ့မှာ ဒူးထောက်ပြီး အရှုံးပေးလာအောင် ငါ အသေအချာကို ဖိအားပေးမယ်"
အီဗာက ပြောလိုက်သည်။
"ကောင်းပြီလေ ဘယ်လောက်တောင် ရန်ငြိုးကြီးနေတာလဲ"
ဒေစီက စိတ်ထဲမှ ဆွန်ဖုန်း အတွက် တိတ်တဆိတ် ဝမ်းနည်းပေးလိုက်သည်။ နင့်အပြစ် မဟုတ်ပါဘူး နင့်ရဲ့ ကားမောင်း ကျွမ်းကျင်မှုက အရမ်း ကောင်းပြီး တိုက်ခိုက်ရေးလည်း အရမ်း တော်နေလို့ မပတ်သက်သင့်တဲ့ မိန်းမ တစ်ယောက်ဖြစ်တဲ့ အီဗာနဲ့ သွားပတ်သက်မိလို့ပါ။
နယူးဖောင်လန် အစိုးရ အဆောက်အအုံ အတွင်းရှိ အစည်းအဝေး ခန်းမ တစ်ခုတွင် စကော့က လှပပြီး အဆင့်အတန်း မြင့်မားသော မိန်းမလှလေး နှစ်ယောက်ကို လက်ခံ တွေ့ဆုံနေသည်။
"သတ္တု စီမံခန့်ခွဲရေး ဌာန ဝန်ကြီးစကော့ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက အော်လီ မြို့လေးက စိန်သတ္တုကြော တူးဖော်ခွင့်နဲ့ သတ္တုတွင်း ငှားရမ်းခွင့်ကို ခင်ဗျားတို့ ဌာနဆီမှာ လျှောက်ထားတယ်လို့ ကြားတယ်"
အီဗာက ထိုင်ခုံတွင် ထိုင်ကာ ပျင်းရိသော လေသံဖြင့် မေးလိုက်သည်။
"ဟုတ်ပါတယ် အီဗာ လောလောဆယ် မစ္စတာဆွန်ဖုန်းက လျှောက်လွှာ စာရွက်စာတမ်းတွေ တင်ပြထားပြီး တခြား လုပ်ငန်းစဉ်တွေလည်း အတော်လေး ပြီးစီးနေပါပြီ နောက်အပတ်ဆိုရင် ဒီတူးဖော်ခွင့်နဲ့ သတ္တုတွင်း ငှားရမ်းခွင့်ကို ရရှိတော့မှာပါ"
စကော့က သတိထားကာ ပြန်ဖြေလိုက်သည်။
သူ့ရှေ့မှ အီဗာ ဆိုသည့် မိန်းကလေးမှာ နာမည်ကျော် လက်တင် မိသားစု၏ သမီးအကြီးဆုံး ဖြစ်မှန်း သူ သိထားသည်။ စကော့၏ မိသားစုကလည်း ယခင်က လက်တင် မိသားစုကို လက်ဆောင်ပေးခဲ့ဖူးသဖြင့် မကြာသေးမီ မျိုးဆက်များ အတွင်း သူ၏ မိသားစုက နိုင်ငံရေး လောကတွင် နေရာကောင်း ရနေခြင်း ဖြစ်သည်။
"အီဗာ က ဘာကြောင့် ဒါကို မေးရတာလဲ မသိဘူး"
စကော့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ဒီဆွန်ဖုန်းနဲ့ အီဗာတို့က သိနေကြတာများလား။
"ငါ တည့်ပဲ ပြောလိုက်မယ် ဆွန်ဖုန်းရဲ့ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက စိန် တူးဖော်ခွင့်နဲ့ သတ္တုတွင်း ငှားရမ်းခွင့် ရသွားမှာကို ငါ မနှစ်သက်ဘူး ဒီစိန်သတ္တုကြောကို သူ အဆင်ပြေပြေ တူးဖော်နိုင်မှာကို ငါ မလိုချင်ဘူး"
အီဗာက လမ်းလွှဲ မပြောတော့ဘဲ စကော့ကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ဒါက..."
စကော့ ကြားပြီးနောက် မျက်နှာ ပျက်သွားသည်။ အီဗာ သူ့ဆီ လာရသည့် အကြောင်းရင်းမှာ ဤအကြောင်းကြောင့် ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဆွန်ဖုန်းကို သတ္တုတွင်း ငှားရမ်းခွင့် မပေးဘူး ဆိုသည်မှာ ဆွန်ဖုန်း အနေဖြင့် အော်လီ မြို့လေးမှ စိန်သတ္တုကြောကို တူးဖော်နိုင်တော့မည် မဟုတ်ပေ။
"ဘာလဲ ခက်ခဲနေလို့လား"
အီဗာက စကော့၏ အခက်တွေ့နေသော မျက်နှာကို ကြည့်ကာ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး မခက်ခဲပါဘူး"
စကော့က အလျင်အမြန်ပင် လက်ယမ်းပြလိုက်သည်။
နောက်နေတာလား ဆွန်ဖုန်းက လောလောဆယ် ကနေဒါတွင် နာမည်ကြီးနေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သလို သူ့ထံမှလည်း လာဘ်ငွေ ရထားသော်လည်း လက်တင် စီးပွားရေး အုပ်စု အရှေ့တွင်မူ ဘာမှ မဟုတ်ပေ။
အကယ်၍ သူသာ လက်တင် မိသားစုကို စော်ကားမိပါက သူသာမက သူ၏ မိသားစု တစ်ခုလုံး နိုင်ငံရေး လောကတွင် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။ ယခုအချိန်တွင် စကော့ အနေဖြင့် ဆွန်ဖုန်းကို စိတ်ထဲမှ တောင်းပန်ရုံသာ တတ်နိုင်တော့သည်။
"ဒီလို လျှောက်ထားမှုမျိုးကို ကျွန်တော် လုံးဝ ခွင့်မပြုပါဘူး ဒီလို သတ္တု တူးဖော်တာက အော်လီ မြို့လေးရဲ့ ဂေဟစနစ်ကို ပျက်စီးစေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဆူညံသံတွေ ဖြစ်စေမှာ သေချာပါတယ် ဒါကြောင့် ဒီလို လျှောက်ထားမှုမျိုးကို ကျွန်တော်တို့ အစိုးရက လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး"
စကော့က ချက်ချင်းပင် တရားမျှတသော စကားများကို စတင် ပြောဆိုလာတော့သည်။ အကယ်၍ ဆွန်ဖုန်းသာ ဤနေရာတွင် ရှိနေပါက သူ့ကို ကန်ထုတ်ပစ်မည်မှာ သေချာသည်။ သောက်ခွေး မျက်နှာပြောင်းတာ အရမ်း မြန်လွန်းတယ်။
ပြီးတော့ အဲဒီ အသေးအဖွဲ ပြဿနာတွေနဲ့ ဘာဆိုင်လို့လဲ။ ဆွန်ဖုန်း တူးဖော်မှု စတင်သည်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး အခွန်ငွေများလည်း တိုးလာမည် ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို ကနေဒါ အစိုးရက မကြာသေးမီ နှစ်များ အတွင်း အမြဲတမ်း ထောက်ခံ အားပေးခဲ့သည် မဟုတ်ပါလား။
"အင်း ကောင်းတာပေါ့"
အီဗာက ကျေနပ်စွာ ပြောလိုက်သည်။
"အီဗာ ကများ အော်လီက စိန်သတ္တုကြောမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးရှိနေတာလား မသိဘူး"
စကော့က မေးလိုက်သည်။ လက်တင် မိသားစုက ဆွန်ဖုန်း၏ သတ္တု တူးဖော်ရေး ကုမ္ပဏီက ကြီးမားသော သတ္တုကြောကြီး တွေ့ထားသည်ကို မြင်ပြီး လုယူချင်နေသည်ဟု သူ ထင်လိုက်သည်။
"မဟုတ်ပါဘူး ကောင်းပြီ ဒါဆိုလည်း ငါ သွားတော့မယ် ဒေစီ သွားကြရအောင်"
အီဗာက စကော့နှင့် ဆက်မပြောတော့ဘဲ ဒေါက်မြင့်ဖိနပ် အသံ တဒေါက်ဒေါက် မြည်ကာ တင်ပါးကို လှုပ်ခါလျက် ထွက်သွားလေသည်။
"ဟူး လန့်လိုက်တာ"
စကော့သည် အီဗာ ထွက်သွားသည်ကို မြင်သောအခါ သူ၏ ကျောပြင် တစ်ခုလုံး ချွေးများ ပြန်နေကြောင်း သတိပြုမိလိုက်သည်။
လက်တင် မိသားစုက ကနေဒါတွင် ရှိသော လွှမ်းမိုးမှု၊ အင်အားနှင့် ငွေကြေး အင်အားတို့က မည်မျှ ကြောက်စရာ ကောင်းကြောင်း သူ အလွန် ရှင်းလင်းစွာ သိထားသည်။ သူသာ လက်တင် မိသားစုကို စော်ကားမိပါက ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင် ဖြစ်သည်။
တတိယနေ့တွင် လူစီ တစ်ယောက် သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်စေမည့် သတင်းတစ်ခုကို ရရှိခဲ့သည်။
“ဒေါက် ဒေါက် ဒေါက်”
ဒေါက်မြင့်ဖိနပ်သံများက အဝေးမှ တဖြည်းဖြည်း နီးကပ်လာပြီး အရှိန်လည်း ပိုမြန်လာသည်။ ကောင်မလေး တစ်ယောက် ဒေါက်မြင့်ဖိနပ်စီးကာ အပြေးအလွှား လာနေခြင်းမှာ သေချာသည်။
ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ရုံးခန်း အတွင်းတွင် ဆွန်ဖုန်းက ဂိမ်းကစားနေပြီး အရေးကြီးသော အချိန်သို့ ရောက်နေစဉ် လူစီက အလျင်စလို ဝင်လာသည်။
"ဘော့စ် သတင်းဆိုး တစ်ခု ရှိတယ်"
"ဘာဖြစ်လို့လဲ"
ဆွန်ဖုန်းက ဂိမ်းကို ချထားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"နယူးဖောင်လန် အစိုးရက ကျွန်မတို့ရဲ့ အော်လီ မြို့ပြင်က စိန်သတ္တုကြော တူးဖော်ခွင့်ကို ခွင့်မပြုဘူးတဲ့ အဓိပ္ပာယ်က ကျွန်မတို့ လျှောက်ထားတဲ့ သတ္တုတွင်း ငှားရမ်းခွင့်နဲ့ တူးဖော်ခွင့်ကို ပယ်ချလိုက်ပြီး စာရွက်စာတမ်းတွေ ပြန်ပို့လိုက်တာပါပဲ"
လူစီက သူမ လက်ထဲမှ အစီရင်ခံစာ တစ်စောင်ကို ဆွန်ဖုန်းထံ ကမ်းပေးလိုက်သည်။
ဆွန်ဖုန်းက ယူ၍ အမြန် ဖတ်ကြည့်လိုက်ပြီးနောက် မျက်မှောင်များ ပို၍ ကြုတ်သွားလေသည်။
"မဖြစ်နိုင်တာ သူတို့က ဒီလို အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်နဲ့ ငါတို့ကို ငြင်းပယ်တာလား ဒါမှမဟုတ် လာဘ်ငွေ နည်းသွားလို့များလား"
စာရွက်ပေါ်တွင် အော်လီ မြို့လေး၏ ဂေဟစနစ်ကို မပျက်စီးစေချင်သောကြောင့် လျှောက်ထားမှုကို ပယ်ချရခြင်း ဖြစ်သည်ဟု ရေးထားသည်။ ဒါက ဘာ အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်လဲ။ ပုံမှန်အားဖြင့် ဒီလို လျှောက်ထားမှုမျိုး ဆိုလျှင် ပယ်ချခံရလေ့ မရှိပေ။ ဒီနောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေပြီ သေချာသည်။
"ဘော့စ် အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ ထပ်ပြီး လျှောက်လွှာ တင်မလား ဒါမှမဟုတ်..."
လူစီက မေးလိုက်သည်။
စဉ်းစားကြည့်မည် ဆိုလျှင် လက်ရှိ ဆွန်ဖုန်း၏ နာမည်နှင့် ငွေကြေး အင်အား အရ နယူးဖောင်လန် အစိုးရ အနေဖြင့် သူ့ကို ဤမျှ မျက်နှာ မပေးဘဲ နေမည် မဟုတ်သလို ဤမျှ သိသိသာသာကြီးလည်း လိမ်လည်ရဲမည် မဟုတ်ပေ။
'နောက်ကွယ်မှာ ဘာတွေ ရှိနေတာလဲ'
ဆွန်ဖုန်းက စိတ်ထဲမှ တွေးတောနေသည်။ သူက နယူးဖောင်လန် အစိုးရကို လည်း ဘာမှ စော်ကားခဲ့ဖူးတာ မရှိဘူးလေ။