← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆ - ကင်ဘာလိုက် ကျောက်လွှာ

"ဘော့စ် ကုမ္ပဏီရဲ့ ရှာဖွေရေး အဖွဲ့က နမူနာတွေ ကောက်ယူပြီးတော့ ရှာဖွေ ထောက်လှမ်းမှုတွေ လုပ်ပြီးမှ နေရာ သတ်မှတ်ပေးတာလား"

လီယွန်က မေးလိုက်လေသည်။

"မမေးသင့်တာ မမေးနဲ့ မင်းတို့ လုပ်စရာ ရှိတာကိုပဲ လုပ်ပါ"

ဆွန်ဖုန်းက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

လီယွန်သည် တည်ကြည်နေသော ဆွန်ဖုန်း၏ မျက်နှာကို မြင်သောအခါ သူ ဆက်၍ စကားမများသင့်တော့မှန်း သဘောပေါက်သွားလေသည်။

တကယ်တမ်းတော့ သူ၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။ စိန်သတ္တုကြော တူးဖော်ရေးသည် ရေနံ တူးဖော်ရေးလောက် မခက်ခဲသော်လည်း ကနဦး ပြင်ဆင်မှုများစွာ လုပ်ဆောင်ရန် လိုအပ်လှသည်။

သူ ဤနေရာသို့ ရောက်လာသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ရှာဖွေ ထောက်လှမ်းမှုများ လုပ်ဆောင်နေသည်ကို မတွေ့ရပေ။

သို့သော်လည်း မိမိ၏ အထက်လူကြီးမှာ အလွန် ယုံကြည်မှု ရှိနေပုံပေါ်သဖြင့် သူလည်း ဆက်လက်၍ မတွေးတောတော့ပေ။

လီယွန် မပြောဖြစ်ခဲ့သော အချက်တစ်ချက် ရှိသေးသည်။ ကနေဒါတွင် စိန်သတ္တုကြောများ ရှိသည်မှာ မှန်သော်လည်း အများစုမှာ မြောက်ပိုင်း ဒေသများတွင်သာ စုစည်းနေတတ်သည်။ နယူးဖောင်လန် အရှေ့ဘက် ကမ်းရိုးတန်းတွင် ဤကဲ့သို့ စိန်သတ္တုကြောမျိုး ရှိသည်ဟု သူ တစ်ခါမှ မကြားဖူးခဲ့ချေ။

သိပ်မကြာခင်မှာပင် စက်ယန္တရားများနှင့် ဝန်ထမ်းများ အားလုံး အသင့်အနေအထားသို့ ရောက်ရှိသွားကြသည်။

တူးဖော်မည့် နေရာမှာ ဤမြေရိုင်း၏ အလယ်ဗဟိုတည့်တည့်တွင် ဖြစ်သည်။ ရေအောက် ဖွံ့ဖြိုးရေး စနစ်၏ ရှာဖွေ ထောက်လှမ်းမှုများ အရ ဤနေရာသည် စိန်အများဆုံး စုဝေးနေသည့် နေရာဖြစ်ကြောင်း ဆွန်ဖုန်း အသေအချာ သိရှိထားသည်။

ထို့ကြောင့် ဆွန်ဖုန်းက ဤနေရာမှ စတင် တူးဖော်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"လီယွန် ဒီနေရာပဲ မင်းတို့ စပြီး အလုပ်လုပ်လို့ ရပြီ"

ဆွန်ဖုန်းက လီယွန်နှင့် ဝန်ထမ်းများကို စတင် အလုပ်လုပ်နိုင်ရန်အတွက် နေရာကို ကြိုတင် အမှတ်အသား ပြုလုပ်ထားပြီး ဖြစ်လေသည်။

"ဟုတ်ကဲ့ပါ ဘော့စ် အားလုံးပဲ ကျွန်တော့်ရဲ့ ညွှန်ကြားချက်ကို နားထောင်ကြပါ"

ထို့နောက် လီယွန်က လုပ်ငန်းစဉ်များကို စတင် ညွှန်ကြားတော့သည်။

စိန်ဆိုသည်မှာ ကျောက်လွှာများနှင့် အတူတကွ ဖြစ်တည်လာတတ်သော အရာဖြစ်သည်။ ထို့ကြောင့် စိန်များသည် များသောအားဖြင့် ကျောက်တုံးများနှင့် အတူ ရှိနေတတ်သည်။

တူးဖော်ရေး လုပ်ငန်းစဉ် ဆိုသည်မှာ စိန်များ ပါဝင်နိုင်သည့် ကျောက်လွှာများကို ရှာဖွေကာ ထိုကျောက်လွှာများကို တူးဖော် ထုတ်ယူပြီး ကြိတ်ခွဲကာ ဆေးကြော၍ စိန်များ ပါဝင်ခြင်း ရှိမရှိ ရှာဖွေရခြင်းပင် ဖြစ်သည်။

"ဝုန်း ဒိုင်း"

သိပ်မကြာခင်မှာပင် လုပ်ငန်းခွင် အဖွဲ့များ အားလုံး နေရာယူပြီးစီးသွားကာ စက်ယန္တရားများလည်း စတင် လည်ပတ်လာတော့သည်။

ထိုနေရာ တစ်ဝိုက်ကို စတင် တူးဖော်ကြလေသည်။

အစပိုင်း မီတာအနည်းငယ်ခန့်မှာ ရွှံ့မြေများသာ ဖြစ်ပြီး ထိုအောက်သို့ ရောက်မှသာ ကျောက်လွှာများ ရှိမည်ကို ဆွန်ဖုန်း အသေအချာ သိထားသည်။

သို့သော် ဤနေရာရှိ ကျောက်လွှာများ အားလုံးမှာ စိန်များ ပါဝင်နိုင်သည့် ကျောက်လွှာများ မဟုတ်ပေ။ အခြားသော သာမန် ကျောက်လွှာများလည်း ရှိနေသေးသည်။

လက်ရှိတွင် စိန် ထုတ်လုပ်နိုင်သည့် ကျောက်လွှာ နှစ်မျိုးသာ ရှိသည်။ ပထမ တစ်မျိုးမှာ ကင်ဘာလိုက် ကျောက်လွှာ ဖြစ်ပြီး နောက်တစ်မျိုးမှာ လမ်ပရိုလိုက် ကျောက်လွှာ ဖြစ်သည်။

အကယ်၍ ဒေသတစ်ခုတွင် ဤကျောက်လွှာ နှစ်မျိုးထဲမှ တစ်မျိုးမျိုးကို တွေ့ရှိပါက ထိုဒေသတွင် စိန်များ ရှိနေနိုင်ခြေ အလွန်များပြားလှသည်။

မကြာသေးမီ နှစ်များအတွင်း ကနေဒါ မြောက်ပိုင်း ဒေသများတွင် ကင်ဘာလိုက် ကျောက်လွှာများကို အများအပြား တွေ့ရှိခဲ့ရသဖြင့် ထိုဒေသများတွင် စိန်သတ္တုကြော အသစ်များကို မကြာခဏ ရှာဖွေတွေ့ရှိကာ တူးဖော်နိုင်ခဲ့ကြသည်။

လက်ရှိတွင် ကနေဒါ၏ တစ်နှစ်တာ စိန်ထုတ်လုပ်မှုမှာ ကမ္ဘာ့ စိန်ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

အနာဂတ်တွင် ကနေဒါ၏ စိန် တင်ပို့မှုသည် ကြီးမားသော ဈေးကွက်ဝေစု တစ်ခုကို သေချာပေါက် ရယူနိုင်မည် ဖြစ်သည်။

လီယွန်၏ ညွှန်ကြားမှုအောက်တွင် ဝန်ထမ်းများသည် သတ္တုတွင်းကို စတင် တူးဖော်ကြလေသည်။ ဤတစ်ကြိမ်မှာ စမ်းသပ် တူးဖော်ခြင်း ဖြစ်ပြီး မြေအောက်ရှိ ကျောက်လွှာများမှာ မည်သည့် အမျိုးအစား ဖြစ်သည်ကို သိရှိနိုင်ရန် ဖြစ်သည်။

အကယ်၍ အထက်တွင် ဖော်ပြခဲ့သော ကျောက်လွှာ နှစ်မျိုးထဲမှ တစ်မျိုးမျိုး ဖြစ်နေပါက မြေအောက်တွင် စိန်များ သေချာပေါက် ရှိနေမည် ဖြစ်ပြီး အကြီးအကျယ် တူးဖော်မှုများကို စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

အကယ်၍ မဟုတ်ပါက အခြားနေရာသို့ ပြောင်းရွှေ့ရမည် ဖြစ်သည်။

နှစ်ရက် ကြာပြီးနောက်တွင်တော့ ကျောက်လွှာများဆီသို့ တူးဖော် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မြေအောက်ရှိ ကျောက်လွှာများမှာ မည်သည့် အမျိုးအစား ဖြစ်သည်ကို သိရှိနိုင်ရန် လီယွန် ကိုယ်တိုင် သတ္တုတွင်းထဲသို့ ဆင်းကာ သွားရောက် ကြည့်ရှုလေသည်။

ထိုအချိန်တွင် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများ အားလုံးမှာ အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး အားလုံးက အသက်ရှူမှားမတတ် စောင့်ကြည့်နေကြသည်။ လီယွန်က ကျွမ်းကျင်သူ အချို့ကို ခေါ်ဆောင်ကာ သတ္တုတွင်းထဲသို့ ဆင်းသွားသည်ကို စောင့်ကြည့်နေကြသည်။

ဆွန်ဖုန်း၊ ဟွမ်ကျားချန်နှင့် လူစီတို့ သုံးယောက်ကလည်း ဘေးတွင် ရပ်ကာ သတင်းကို စောင့်မျှော်နေကြသည်။ ဟွမ်ကျားချန်က ဤနေရာနှင့် နီးသဖြင့် သူမလည်း လာရောက် လေ့လာခြင်း ဖြစ်သည်။

သို့သော် ဆွန်ဖုန်းကမူ အပြုံးမျက်နှာဖြင့် တည်ငြိမ်စွာပင် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ခြေအောက်ရှိ ကျောက်လွှာများမှာ ကင်ဘာလိုက် ကျောက်လွှာများ ဖြစ်ကြောင်း အသံလက်ထောက် စနစ်က သူ့ကို ပြောပြထားပြီး ဖြစ်သောကြောင့်ပင်။

ဆိုလိုသည်မှာ ဤနေရာတွင် စိန်များ သေချာပေါက် ရှိနေမည် ဖြစ်သည်။

ကင်ဘာလိုက် ကျောက်လွှာများကို ယေဘုယျအားဖြင့် အယ်လ်ကာလီ သို့မဟုတ် အယ်လ်ကာလီ ဘက်သို့ ယိမ်းသော အခြေခံ ကျောက်လွှာများဟု သတ်မှတ်ကြသည်။ ၎င်းတို့သည် အစက်အပြောက်ပုံစံ ဖွဲ့စည်းပုံနှင့် ကျောက်စရစ်ပုံစံ ဖွဲ့စည်းပုံများ ပါဝင်သော မိုက်ကာ အိုလီဗင်း ကျောက်လွှာများ ဖြစ်သည်။

၁၈၈၇ ခုနှစ်တွင် တောင်အာဖရိကရှိ ကင်ဘာလေ ဒေသတွင် စတင် တွေ့ရှိခဲ့သဖြင့် ကင်ဘာလိုက် ကျောက်လွှာဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် စိန်များကို အဓိက ထုတ်လုပ်ပေးသော မီးသင့်ကျောက်များထဲမှ တစ်မျိုး ဖြစ်သည်။

ဤကျောက်လွှာများသည် အုပ်စုလိုက် ဖြစ်တည်လေ့ရှိပြီး နာမည်ကျော် တောင်အာဖရိက ကင်ဘာလိုက် ကျောက်လွှာ ဆိုသည်မှာ နာမည်ကြီး ကျောက်လွှာ အုပ်စု ဆယ်ခုကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

၎င်းတို့ထဲတွင် အစက်အပြောက်ပုံစံ ဖွဲ့စည်းပုံ ရှိပြီး ကြီးမားသော အိုလီဗင်း အမှုန်များ ပါဝင်သည့် ကင်ဘာလိုက် ကျောက်လွှာများတွင် စိန် အများအပြား ပါဝင်လေ့ရှိပြီး အစက်အပြောက် အသေးစားပုံစံ ဖွဲ့စည်းပုံ ရှိကာ မိုက်ကာ အများအပြား ပါဝင်သည့် ကင်ဘာလိုက် ကျောက်လွှာများတွင်မူ စိန် အနည်းငယ်သာ ပါဝင်လေ့ရှိသည်။

သိပ်မကြာခင်မှာပင် လီယွန်သည် အတွေ့အကြုံ ရင့်ကျက်သော ကျွမ်းကျင်သူ အချို့ကို ခေါ်ဆောင်ကာ သတ္တုတွင်း အောက်ခြေသို့ ရောက်ရှိသွားလေသည်။ ထိုအချိန်တွင် သတ္တုတွင်း အောက်ခြေရှိ မီးရောင်များ အားလုံး လင်းထိန်နေပြီး မြေအောက်ရှိ ကျောက်လွှာများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

လီယွန်တို့ အဖွဲ့သည် မြေအောက်ရှိ ကျောက်လွှာများကို အလျင်အမြန်ပင် တွေ့ရှိသွားကြသည်။ သူတို့က ကိရိယာ တန်ဆာပလာ အချို့ကို ကိုင်ဆောင်ကာ ဆောင့်ကြောင့်ထိုင်လျက် သေချာစွာ စတင် လေ့လာကြည့်ရှုကြလေသည်။ အချို့ကလည်း ကျောက်တုံး အချို့ကို ခွာယူကာ လေ့လာနေကြသည်။

"လီယွန် ဘယ်လိုလဲ ဒါက ကင်ဘာလိုက် ကျောက်လွှာတွေလို့ မင်း ထင်လား ငါ့အမြင် အရတော့ ဒါက ကင်ဘာလိုက် ကျောက်လွှာတွေ ဖြစ်ဖို့ များတယ် ကြည့်ရတာ ငါတို့ ဘော့စ်ကတော့ ဒီတစ်ခါ တကယ်ကို ကြီးကြီးကျယ်ကျယ် ချမ်းသာတော့မယ် ထင်တယ် ဒီလိုနေရာမှာ ကြီးမားတဲ့ စိန်သတ္တုကြောကို ရှာတွေ့လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး"

လောင်ဝမ် ဟုခေါ်သော တရုတ်လူမျိုး တစ်ဦးက ပြောလိုက်သည်။

"အင်း ငါ့အမြင်လည်း ဒီနေရာက ကင်ဘာလိုက် ကျောက်လွှာတွေနဲ့ ဆင်တူတယ် ဒါပေမဲ့ ငါ နည်းနည်း ထူးဆန်းနေတာက ဒီမှာက မီးတောင်ရှင်လည်း မရှိဘူး မီးတောင်သေလည်း မရှိဘဲနဲ့ ဘာလို့ ကင်ဘာလိုက် ကျောက်လွှာတွေ ရှိနေတာလဲ"

လီယွန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ယေဘုယျအားဖြင့် ကင်ဘာလိုက် ကျောက်လွှာများသည် မီးတောင် ကျောက်လွှာများမှ အသွင်ပြောင်းလာခြင်း ဖြစ်သည်။

"ဘယ်သူက သိမှာလဲ လွန်ခဲ့တဲ့ နှစ်သောင်းချီတုန်းက ဒီနေရာက မီးတောင် တစ်ခု ဖြစ်ခဲ့တာလည်း ဖြစ်နိုင်တာပဲလေ ပြီးတော့ မီးတောင်က မလှမ်းမကမ်းက ပင်လယ်အောက်မှာလည်း ရှိနိုင်တာပဲ"

လောင်ဝမ်က ပြုံးကာ ပြောလိုက်သည်။

"အင်း ဟုတ်တယ် အဲဒီလို ဖြစ်နိုင်ခြေလည်း ရှိတယ် ငါ အလုပ်လုပ်လာတာ အနှစ်နှစ်ဆယ်ကျော်ပြီ တချို့ ထူးဆန်းတဲ့ သတ္တုကြောတွေကိုလည်း တွေ့ဖူးပါတယ် ဒါက သိပ်တော့ မထူးဆန်းပါဘူး"

လီယွန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။

သူတို့ အဖွဲ့သည် အနက်ရောင်၊ အစိမ်းရင့်ရောင်နှင့် မီးခိုးရောင်များ ရောယှက်နေသော ဤကျောက်လွှာများကို သေချာစွာ လေ့လာနေကြသည်။ သူတို့ အားလုံးမှာ ဤနယ်ပယ်တွင် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြရာ အောက်သို့ ဆင်းကြည့်လိုက်သည်နှင့် ဤနေရာရှိ ကျောက်လွှာများမှာ စိန်များ ထုတ်လုပ်နိုင်သည့် ကင်ဘာလိုက် ကျောက်လွှာများ ဖြစ်ကြောင်း ကနဦး အတည်ပြုနိုင်ခဲ့သည်။

သို့သော် အမှန်တကယ် ဟုတ်မဟုတ် ဆိုသည်ကိုတော့ ထပ်မံ အတည်ပြုရန် လိုအပ်သေးသည်။ ဤလုပ်ငန်းတွင် ရဲရင့်ရန် လိုအပ်သလို သတိထားရန်လည်း လိုအပ်သည်။ အကယ်၍ အမှားအယွင်း တစ်ခုခု ဖြစ်ပေါ်သွားပါက ငွေကြေး အမြောက်အမြား ဆုံးရှုံးရမည် မဟုတ်ပါလား။

တစ်နာရီကျော် ကြာပြီးနောက် လီယွန်တို့ အဖွဲ့သည် သတ္တုတွင်း အောက်မှ ပြန်တက်လာကြသည်။

"ဘယ်လိုလဲ"

ဟွမ်ကျားချန်က မစောင့်နိုင်တော့ဘဲ အရင်ဆုံး မေးလိုက်လေသည်။

"အစီရင်ခံပါတယ် ဘော့စ် နဲ့ သခင်မလေး နှစ်ယောက် ကျွန်တော်တို့ လေ့လာကြည့်ရှုပြီးတဲ့ နောက်မှာ သတ္တုတွင်း အောက်က ကျောက်လွှာတွေက စိန်တွေ ထုတ်လုပ်နိုင်တဲ့ ကင်ဘာလိုက် ကျောက်လွှာတွေ ဖြစ်တယ် ဆိုတာ သေချာသွားပါပြီ ဆိုလိုတာက ဒီနေရာက တကယ်ကို စိန်သတ္တုကြော ဖြစ်နေတာပါပဲ"

လီယွန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ဝါး ကင်ဘာလိုက် ကျောက်လွှာတွေတဲ့ တကယ်ကြီးပဲ"

ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများ အားလုံး ဤသတင်းကို ကြားသောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး အများအပြားက ဆွန်ဖုန်းကို ဝိုင်းဝန်း ဂုဏ်ပြုကြလေသည်။

"ကောင်းပြီ ကောင်းပြီ အားလုံးပဲ သိပ်ပြီး ပျော်မနေကြနဲ့ဦး အလုပ် မြန်မြန် စကြတော့ ဒီည ငါ မင်းတို့ကို အထူး ဟင်းလျာတွေ ကျွေးမယ် ဟော့ပေါ့ ဝယ်ကျွေးမယ်"

ဆွန်ဖုန်းက ဤသတင်းကို ကြားသောအခါ အံ့အားသင့်သွားခြင်း မရှိပေ။ ဤအခြေအနေကို သူ ကြိုတင် သိရှိထားပြီး ဖြစ်သောကြောင့်ပင်။

"ယေး ဘော့စ်ကို ကျေးဇူးတင်ပါတယ်"

ဝန်ထမ်း ရာဂဏန်းခန့်က ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေသည်။

ထို့နောက်တွင် လီယွန်သည် ဝန်ထမ်း ရာဂဏန်းခန့်ကို ဦးဆောင်ကာ အလုပ်များ စတင် လုပ်ဆောင်တော့သည်။

ကျောက်တုံးများကို ဖောက်ခွဲခြင်း၊ သတ္တုတွင်း အောက်မှ အပေါ်သို့ သယ်ဆောင်လာခြင်း စသည်တို့ကို လုပ်ဆောင်ကြသည်။ အပေါ်သို့ ရောက်သည်နှင့် အသင့် စောင့်နေသော ဝန်ထမ်းများက ခွဲခြားခြင်းများကို စတင်ကာ ဤကျောက်တုံးများ အတွင်း၌ စိန်များ ပါဝင်ခြင်း ရှိမရှိ ရှာဖွေကြသည်။

အကယ်၍ တွေ့ရှိပါက ချက်ချင်းပင် သိုလှောင်ရုံသို့ ပို့ဆောင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆွန်ဖုန်းသည် ဤနေရာတွင် လုံခြုံရေး ဝန်ထမ်း တစ်ရာကျော်ခန့်ကို ချထားကာ လုံခြုံရေး အခြေအနေကို အထူး ဂရုစိုက် စောင့်ကြည့်နေသည်။

ဝန်ထမ်းများက မကောင်းသော စိတ်ကူးများ ဝင်လာကာ စိန်များကို တိတ်တဆိတ် ခိုးယူသွားမည်ကို စိုးရိမ်သဖြင့် သူတို့ကိုပင် သေချာစွာ စောင့်ကြည့်နေရသည်။

သူတို့ သုံးယောက်က အလုပ်များနေသော အလုပ်သမားများကို ကြည့်နေစဉ် ဟွမ်ကျားချန်က ဆွန်ဖုန်းကို အချွဲတိုက်ကာ ပြောလိုက်သည်။

"ဆွန်ဖုန်း တကယ်လို့ နင့်ရဲ့ စိန်သတ္တုကြောကနေ အကြီးဆုံး စိန်တစ်ပွင့် ထွက်လာရင် ငါ့အတွက် သေချာပေါက် ချန်ထားပေးရမယ်နော်"

မိန်းမများ ဆိုသည်မှာ မွေးရာပါ စိန်ကို နှစ်သက်သူများ ဖြစ်ကြရာ ဟွမ်ကျားချန်လည်း ချွင်းချက် မဟုတ်ပေ။

"ဟားဟား ဒါကတော့ ရတာပေါ့ ဒီလိုဆိုတော့ မင်းက ငါ့ကို လက်ထပ်တော့မှာပေါ့"

ဆွန်ဖုန်းက ဟီးဟီးရယ်ကာ ပြောလိုက်လေသည်။

"ဟွန့် နင့်ရဲ့ အရည်အချင်းကို ကြည့်ရသေးတာပေါ့"

ဟွမ်ကျားချန်၏ မျက်နှာလေး ရဲတက်သွားကာ ခေါင်းငုံ့ပြီး ရှက်သွေးဖြာစွာ ပြောလိုက်လေသည်။

"ဟားဟား ဒါဆိုရင်တော့ ဒီည ငါ ကြိုးစားရတော့မှာပေါ့"

"လူဆိုး ဘာတွေ လာပြောနေတာလဲ ငါ နင့်ကို လိုက်ခိုင်းတာ ညဘက် ကိစ္စကို ပြောတာ မဟုတ်ဘူး နင့်ခေါင်းထဲမှာ အဲဒါတွေချည်းပဲ မုန်းစရာကြီး”

All Chapters