အခန်း ၃၁၁
Vol. 32 Ch. 311
အခန်း (၃၁၁) - အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံး
ထိုအချိန်အတွင်း လူးဝစ်ကျင်းတို့ညီအစ်ကိုနှစ်ယောက်လည်း သူတို့သဘောကျသည့် ရှေးဟောင်းပစ္စည်းအချို့ကို လေလံဆွဲဝယ်ယူခဲ့ကြသည်။
ယခုအချိန်တွင်တော့ ဆွန်ဖုန်း၏ရင်ထဲ၌ သွေးဆူချင်စရာကောင်းလှသော အစီအစဉ်ကြီးတစ်ခုကို စတင်ကြံစည်နေပြီဖြစ်သည်။
ဒီနေ့ညမှာတင် ကမ္ဘာမြေကိုတုန်လှုပ်သွားစေမည့် ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ရန် သူ ဆုံးဖြတ်ချက်ချလိုက်သည်။
"အခုဆက်လက်ပြသပေးမယ့်ပစ္စည်းကတော့ တရုတ်ပြည် မင်မင်းဆက်ခေတ်က ပန်းအိုးတစ်လုံးပဲဖြစ်ပါတယ်... ကနဦးလေလံကြမ်းခင်းဈေးကတော့ အမေရိကန်ဒေါ်လာ ငါးသောင်းပါ... လေလံစတင်လို့ရပါပြီ..."
"ဒေါ်လာ ငါးသောင်းတစ်ထောင်..."
"ဒေါ်လာ ခြောက်သောင်း..."
"ဒေါ်လာ ခြောက်သောင်းတစ်ထောင်..."
နိုင်ငံခြားသားအချို့နှင့် တရုတ်လူမျိုးတစ်ယောက်တို့ အပြိုင်အဆိုင် လေလံဈေးခေါ်နေကြသည်ကို ဆွန်ဖုန်း မြင်တွေ့နေရသည်။
နောက်ဆုံးတွင်တော့ ထိုတရုတ်လူမျိုးက မင်မင်းဆက်ခေတ်ပန်းအိုးကြီးကို အမေရိကန်ဒေါ်လာ ခုနစ်သောင်းဖြင့် လေလံအောင်မြင်သွားခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဆွန်ဖုန်းမှာ စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ လက်ရှိအချိန်တွင် တရုတ်လူမျိုးများဆိုသည်မှာ တခြားသူများအမြင်၌ ငွေပေါပြီး အသုံးမကျသူများအဖြစ် အထင်ခံနေရပြီဖြစ်သည်။
သူ၏ထက်မြက်လှသော အာရုံခံစားမှုများအရ ထိုနိုင်ငံခြားသားများ၏ မျက်နှာပေါ်မှ လှောင်ပြောင်သရော်လိုသော အပြုံးများကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့သည်။
လေလံအောင်မြင်သွားသော တရုတ်လူမျိုး၏မျက်နှာပေါ်တွင်မူ ကျေနပ်ဝမ်းမြောက်နေသော အပြုံးတစ်ခု ပေါ်လွင်နေသည်။
အကြောင်းမှာ တိုင်းတစ်ပါးသို့ရောက်ရှိနေသော မိမိတို့နိုင်ငံ၏ အဖိုးတန်အမွေအနှစ်တစ်ခုကို ပြန်လည်ရွေးနုတ်နိုင်ခဲ့ပြီဟု သူက မှတ်ယူထားသောကြောင့်ဖြစ်သည်။
သို့သော်လည်း ဆွန်ဖုန်းအမြင်တွင်တော့ ၎င်းမှာ အကူအညီမဲ့နေသော လုပ်ရပ်တစ်ခုသာဖြစ်သည်။
တကယ်တမ်းတွင်လည်း အကူအညီမဲ့လွန်းလှသည်။ သူက မိမိ၏လူမျိုးကို လှောင်ပြောင်နေခြင်းမဟုတ်ဘဲ လက်တွေ့ဘဝ၏ အခြေအနေများကို လက်မြှောက်အရှုံးပေးချင်နေမိခြင်းသာဖြစ်သည်။
မျိုးချစ်စိတ်ဆိုသည်မှာ ဤသို့ပြသရမည်မဟုတ်ပေ။
အမှန်တကယ်ဆိုရလျှင် ထိုဒေါ်လာခုနစ်သောင်းကို အသုံးပြု၍ ပညာရေးရန်ပုံငွေကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းလိုက်ခြင်းက ဤပန်းအိုးအစုတ်ကြီးကို ဝယ်ယူခြင်းထက် အဆပေါင်းသောင်းသိန်းမက ပို၍ကောင်းမွန်လှပေသည်။
လက်ရှိပြင်ပလောကရှိ လူအများစု၏ အထင်တွင် တရုတ်ပြည်မှ နိုင်ငံခြားသို့ရောက်ရှိသွားသော ရှေးဟောင်းအမွေအနှစ်များမှာ ဥရောပနှင့် အမေရိကတိုက်များ၌သာ အဓိကရှိနေသည်ဟု ထင်မြင်နေကြသည်။
အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။
ကျွမ်းကျင်ပညာရှင်အချို့၏ စာရင်းပြုစုချက်များအရ အတိတ်ကာလက တိုင်းတစ်ပါးသို့ ရောက်ရှိသွားခဲ့သော နိုင်ငံတော်အဆင့် ရှေးဟောင်းအမွေအနှစ်အများဆုံးမှာ ဂျပန်ကျွန်းနိုင်ငံ၌သာရှိနေကြောင်း သိရသည်။
အဓိကအကြောင်းရင်းမှာ စစ်ပွဲကာလများအတွင်း ဂျပန်တို့၏ ကာလရှည်ကြာ လုယက်သိမ်းပိုက်မှုများနှင့် တရားမဝင် မှောင်ခိုကူးမှုများကြောင့်ပင်ဖြစ်သည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၌ အကြီးအသေး အရွယ်အစားစုံလင်လှသော ပြတိုက်ပေါင်း တစ်ထောင်ကျော်ရှိသည်။
ထိုအထဲတွင် တရုတ်ပြည်၏ သမိုင်းဝင်ရှေးဟောင်းပစ္စည်းပေါင်း သန်းနှစ်ဆယ်နီးပါးခန့်ကို သိမ်းဆည်းပြသထားပြီး အများစုမှာ စစ်တွင်းကာလက လုယက်ယူဆောင်လာခဲ့ကြခြင်းဖြစ်သည်။
တိုကျိုအမျိုးသားပြတိုက်တစ်ခုတည်းမှာတင် တရုတ်မင်းဆက်အသီးသီးမှ ရှားပါးရှေးဟောင်းအမွေအနှစ်ပေါင်း ကိုးသောင်းကျော်ကို သိမ်းဆည်းထားသည်။
ရှားပါးပစ္စည်းများ အတုမရှိသော လက်ရာများဆိုသည်မှာ ရေတွက်၍ပင် မရနိုင်တော့ပေ။ ဤပမာဏမှာ တရုတ်ပြည်တွင်းရှိ သာမန်ပြတိုက်များထက်ပင် အဆပေါင်းများစွာ သာလွန်နေသည်။
ဥပမာအားဖြင့် ဆုန့်မင်းဆက်၏ နာမည်ကျော်ပန်းချီဆရာ မာယွမ် ရေးဆွဲခဲ့သော အေးစက်နေသောမြစ်ပြင်ထက်မှ တံငါသည် ပန်းချီကားမှာ ယနေ့ထက်တိုင် ဂျပန်နိုင်ငံ၌သာ ရှိနေသေးသည်။
ထို့အပြင် ဝမ်ရှီးကျစ်၏ လက်ရေးမူများဖြစ်သော မေ့ကျစ်ထျဲ တင့်ဝူလန်ထင်ရွှီ ရှီချီထျဲ ကျီဝမ်ရှင့်ကျောက်ရွှီ တို့အပါအဝင် ချန်းလျန်ခေတ်မှ လီပိုင်ချီတူကောင် အစရှိသည့် တွေ့မြင်ရခဲလှသော ရှားပါးအမွေအနှစ်များလည်း ပါဝင်နေသည်။
"ဘိုးဘေးတွေရဲ့ ညံ့ဖျင်းမှုက ငါတို့နှောင်းလူတွေရဲ့ အဖြစ်ဆိုးပဲ..."
ဆွန်ဖုန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ ဂျပန်ကျွန်းနိုင်ငံက တရုတ်ရှေးဟောင်းပစ္စည်း သန်းနှစ်ဆယ်ကျော်ကို သိမ်းဆည်းထားသည်။
၎င်းတို့၏တန်ဖိုးမှာ မည်မျှအထိ ကြီးမားနေမည်ကို တွေးကြည့်၍ရနိုင်သည်။ ဤသည်မှာ ကြီးမားလှသော အရှက်ရဖွယ်ရာကိစ္စတစ်ခုပင်ဖြစ်သည်။
အထက်ပါကိန်းဂဏန်းများက သမိုင်းကြောင်းကို ပြောပြနေခြင်းဖြစ်သည်။ လက်တွေ့အခြေအနေမှာလည်း အလွန်ဆိုးရွားနေဆဲဖြစ်သည်။
တိုကျိုမြို့ရှိ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ခုမှ ကြီးမှူးကျင်းပသော တရုတ်ရှေးဟောင်းပစ္စည်းလေလံပွဲတစ်ခုတွင် တရုတ်လူမျိုးများ တက်ကြွစွာ ပါဝင်လေလံဆွဲနေကြကြောင်း ဆွန်ဖုန်း အစောပိုင်းက သတင်းတစ်ခု ကြားခဲ့ရဖူးသည်။
နိုင်ငံ၏အမွေအနှစ်များကို တိုင်းတစ်ပါးတွင် ဆက်လက်မရှိစေလိုသော သူတို့၏စိတ်ရင်းမှာ ကောင်းမွန်လှပါသည်။
သို့သော်လည်း လက်ရှိတွင် ဂျပန်နိုင်ငံက တရုတ်ပြည်တွင်း၌ လာရောက်ကျင်းပသော ရှေးဟောင်းပစ္စည်းနှင့် အနုပညာလက်ရာ လေလံပွဲများမှာ တစ်နေ့တခြား ပိုများလာပြီး လေလံဆွဲရန်လာရောက်ကြသော တရုတ်ခရီးသွားများစွာကို ဆွဲဆောင်လျက်ရှိသည်။
ထိုအချိန်က အသက်ခုနစ်ဆယ်အရွယ် အဘိုးအိုတစ်ဦးက ဝမ်းနည်းစွာဖြင့် ပြောခဲ့ဖူးသည်။ ဤရှေးဟောင်းပစ္စည်းများကို စစ်ပွဲကာလအတွင်းက လုယက်ခံခဲ့ရခြင်းမဟုတ်ဟု မည်သူမျှ တပ်အပ်မပြောနိုင်ကြောင်း သို့သော် တရုတ်ခရီးသွားများက ပစ္စည်း၏ဇာစ်မြစ်ကို စုံစမ်းခြင်းမရှိဘဲ မျက်လုံးမှိတ်၍ ဈေးကြီးပေးဝယ်နေကြကြောင်း ညည်းတွားခဲ့သည်။
ဤလုပ်ရပ်မှာ သူတစ်ပါးအမြင်တွင် ငွေပေါပြီးအသုံးမကျသူများအဖြစ် ရှုမြင်ခံရရုံသာမက နောင်တစ်ချိန် နိုင်ငံတော်က ရှေးဟောင်းပစ္စည်းများ ပြန်လည်တောင်းခံရာတွင်လည်း ဆိုးရွားသောသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
ဤသည်မှာ လူတစ်ဆက်စာ၏ ဝမ်းနည်းဖွယ်ရာမဟုတ်ဘဲ မျိုးဆက်ပေါင်းများစွာ၏ ဝမ်းနည်းဖွယ်ရာဖြစ်ပြီး နာကျင်ရခြင်းများသာ အဖတ်တင်ကျန်ရစ်မည်ဖြစ်သည်။
ယခုလေလံပွဲသို့ တက်ရောက်လာသူများထဲတွင် သုံးပုံတစ်ပုံခန့်မှာ တရုတ်လူမျိုးများဖြစ်နေသည်ကို ဆွန်ဖုန်း တွေ့နေရသည်။
ဒီနေ့အတွက် ပထမပိုင်းလေလံပွဲကတော့ အဆုံးသတ်ရန် နီးကပ်လာခဲ့ပြီဖြစ်သည်။
ရှေးဟောင်းပစ္စည်းတစ်ဝက်ခန့်ကို တရုတ်လူမျိုးများက ဝယ်ယူသွားခဲ့ကြသဖြင့် ဂျပန်များမှာ ပါးစပ်စုတ်ပြဲမတတ် ပြုံးပျော်နေကြသည်။ သူတို့တွေ အမြတ်ကြီးစားရသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ ဝမ်းနည်းဒေါသထွက်နေသော စိတ်ခံစားချက်များကြားမှပင် အာကာသပြင်ပမှ ဥက္ကာခဲအလှည့်ရောက်လာမည့်အချိန်ကို ဆွန်ဖုန်း စောင့်ဆိုင်းနေလိုက်သည်။
"ဒီနေ့ပထမပိုင်းလေလံပွဲရဲ့ နောက်ဆုံးပစ္စည်းကို လေလံတင်တော့မှာဖြစ်ပါတယ်... ကဲ... ကျွန်မတို့ရဲ့အလှလေးတွေ ပစ္စည်းကို သယ်ဆောင်လာပေးပါရှင်..."
အစီအစဉ်တင်ဆက်သူအလှလေးမှာ ယခုအချိန်တွင် အသံဝင်နေပြီဖြစ်သည်။ နာရီပေါင်းများစွာ မနားတမ်း စကားပြောခဲ့ရသဖြင့် အသံများအက်ကွဲနေပြီး အစကလို ချိုသာငြိမ့်ညောင်းသောအသံမျိုး မရှိတော့ပေ။
"ဒီပစ္စည်းလေးကတော့ အာကာသပြင်ပကနေကျလာတဲ့ ဥက္ကာခဲလေးတစ်ခုပါပဲ... သူ့ရဲ့အရွယ်အစားက လက်သီးဆုပ်လောက်ရှိပြီးတော့ ပုံမှန်မဟုတ်တဲ့ စက်ဝိုင်းပုံစံရှိပါတယ်... အလေးချိန်က တစ်ကီလိုဂရမ်ရှိပြီး တစ်တုံးလုံးက အမည်းရောင်ပါ... မာကျောမှုကလည်း အရမ်းကိုမြင့်မားပြီး သံမဏိလိုမျိုး မာကျောပါတယ်..."
လေလံစင်အောက်ရှိ လူများထဲမှ အနည်းငယ်ကသာ ထိုပစ္စည်းကို စိတ်ဝင်တစားရှိနေကြသည်။
သူတို့အများစုမှာ ရှေးဟောင်းပစ္စည်းများကို လေလံဆွဲရန် လာရောက်ကြခြင်းဖြစ်ပြီး အာကာသဥက္ကာခဲများကို စိတ်မဝင်စားကြပေ။ ဤအာကာသဥက္ကာခဲမျိုးက သိမ်းဆည်းထားရန် တန်ဖိုးရှိမရှိဆိုသည်ကို တစ္ဆေသရဲများသာ သိနိုင်ပေလိမ့်မည်။
"ညီလေးဆွန်... မင်းအကြိုက်တော့ လာပြီကွ..."
လူးဝစ်ကျင်းက ဆွန်ဖုန်းကို ပခုံးချင်းအသာတိုက်ကာ ပြောလိုက်သည်။ ပွဲစကတည်းက ယခုအချိန်အထိ ဆွန်ဖုန်းတစ်ယောက် မည်သည့်ပစ္စည်းကိုမျှ လေလံမဆွဲခဲ့ပေ။
ဆွန်ဖုန်းက ဤအာကာသဥက္ကာခဲကို ပစ်မှတ်ထား၍ လာခဲ့ခြင်းဖြစ်ကြောင်း သူ သိထားသည်။
"အင်း... အရင်ဆုံး အခြေအနေလေး စောင့်ကြည့်ရသေးတာပေါ့..."
ဆွန်ဖုန်းက ခေါင်းညိတ်ပြရင်း လူးဝစ်ကျင်းကို ပြန်ဖြေလိုက်သည်။
ထို့နောက် သူ၏စိတ်ထဲမှနေ၍ အသံလက်ထောက်ကို လှမ်းခေါ်လိုက်သည်။
'အသံလက်ထောက်... ရှာဖွေထောက်လှမ်းရေးစနစ်ကို ဖွင့်လိုက်... အဲ့ဒီအာကာသဥက္ကာခဲက စွမ်းအင်ကျောက်တုံး ဟုတ်မဟုတ်ဆိုတာ စစ်ဆေးကြည့်စမ်း...'
များမကြာမီပင် အသံလက်ထောက်က ထောက်လှမ်းရေးစနစ်ကို စတင်ဖွင့်လှစ်လိုက်သည်။
ဆွန်ဖုန်း၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ နာရီလေးထံမှ သာမန်မျက်စိဖြင့်မမြင်နိုင်သော လှိုင်းအချို့ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။ ထိုနာရီလေးမှာ ရေနက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဉာဏ်ရည်တုစက်ရုံလေးမှ အသွင်ပြောင်းထားခြင်းဖြစ်သည်။
'တီ... တီ... တီ... ထောက်လှမ်းနေဆဲဖြစ်ပါတယ်... ထောက်လှမ်းမှု ပြီးစီးသွားပါပြီ... ပိုင်ရှင်ကို အစီရင်ခံပါတယ်... အရှေ့ဘက်မှာရှိတဲ့ အာကာသဥက္ကာခဲကို စစ်ဆေးပြီးသွားပါပြီ... ရလဒ်ကတော့ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးပါပဲ...'
ဝုန်း...
မြည်ဟည်းသံကြီးနှင့်အတူ ဆွန်ဖုန်းတစ်ယောက် နေရာတွင်ပင် အေးခဲသွားသလို ဖြစ်သွားရသည်။ သူ၏မျက်လုံးအစုံက အရှေ့ဘက်ရှိ အမည်းရောင်အာကာသဥက္ကာခဲကြီးကို စူးစိုက်ကြည့်နေမိသည်။
'ဒီဥက္ကာခဲက အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကြီး ဖြစ်နေတာပဲ... ငါ့ရဲ့စိတ်လှုပ်ရှားမှုတွေကို ဖော်ပြဖို့အတွက် သုံးခါလောက် အကျယ်ကြီး အော်ပစ်လိုက်ချင်တော့တာပဲ...'
ဆွန်ဖုန်းတစ်ယောက် ထိုသို့အော်ဟစ်ပစ်လိုက်ချင်သော်လည်း လက်ရှိအခြေအနေအရ စိတ်ထဲမှသာ တိတ်တဆိတ် အော်ဟစ်နေနိုင်တော့သည်။
နေအဖွဲ့အစည်းအတွင်း၌ပင် ရှာမတွေ့နိုင်သော ဒဏ္ဍာရီလာ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။
ချမ်းသာပြီ။ ဒီတစ်ကြိမ်တော့ တကယ်ကို ချမ်းသာပြီဖြစ်သည်။ သူ၏ကံဇာတာက အတော်လေးကောင်းမွန်လွန်းနေသည်။
လူးဝစ်ကျင်းက နေရာတွင်ပင် မှင်သက်နေသော ဆွန်ဖုန်းကို ကြည့်လိုက်သည်။
ဆွန်ဖုန်းက စင်မြင့်ပေါ်ရှိ ဥက္ကာခဲကြီးကို မျက်တောင်မခတ်တမ်း ကြည့်နေသဖြင့် သူ၏လက်ကို ဆွန်ဖုန်းမျက်နှာရှေ့တွင် ဝှေ့ယမ်းပြရင်း မေးလိုက်သည်။
"ညီလေးဆွန်... မင်း အဆင်ပြေရဲ့လား... သာမန်ဥက္ကာခဲလေးတစ်ခုကိုများ ဒီလောက်တောင် အံ့ဩနေရလားကွာ..."
"အာ... ကျွန်တော်က နည်းနည်းလေး စပ်စုချင်စိတ်ဖြစ်သွားလို့ပါ... ဒီဥက္ကာခဲက တခြားအရာတွေနဲ့ နည်းနည်းကွာခြားနေသလိုပဲ... အစ်ကိုကြီး မမြင်ဘူးလား... အဲ့ဒါကြီးက တစ်တုံးလုံး အမည်းရောင်ကြီးလေ... ဒါမျိုးကို ကျွန်တော် အခုမှ ပထမဆုံး မြင်ဖူးတာ... စောစောက အစီအစဉ်မှူးမလေး ပြောသွားတာကိုရော အစ်ကိုကြီး ကြားလိုက်လား... သူ့ရဲ့မာကျောမှုက သံမဏိနဲ့တောင် ယှဉ်လို့ရတယ်တဲ့... ကြည့်ရတာ တစ်ခုခု ထူးခြားနေသလိုပဲ..."
ဆွန်ဖုန်းက မိမိ၏စိတ်လှုပ်ရှားမှုများကို အကောင်းဆုံး ဖုံးကွယ်ထားလိုက်သည်။
"ကောင်းပါပြီကွာ... မင်းက ဥက္ကာခဲတွေ စုဆောင်းရတာ ဝါသနာပါတဲ့သူဆိုတာ ငါ သိပါတယ်... ဒီလိုပစ္စည်းမျိုးက ငါ့အတွက်တော့ အရမ်းကို သာမန်ပါပဲ... ငါ့ကို အလကားပေးရင်တောင် ယူမှာမဟုတ်ဘူး... မင်းစကားအရဆိုရင် ခဏနေကျရင် မင်း လေလံဆွဲတော့မှာပေါ့..."
"ဟုတ်တယ်... ကျွန်တော် သေချာပေါက် လေလံဆွဲရမှာပေါ့... ဒီလိုထူးခြားတဲ့ ဥက္ကာခဲမျိုးနဲ့တွေ့ဖို့က မလွယ်ဘူးလေ... မဖြစ်မနေကို သိမ်းဆည်းထားမှ ရမယ်..."
"အခု လေလံစတင်ပါပြီ... ကြမ်းခင်းဈေးက အမေရိကန်ဒေါ်လာ နှစ်သောင်းပါရှင်..."
အစီအစဉ်မှူးမလေးက မိတ်ဆက်ပေးပြီးနောက် တူလေးကို ခေါက်လိုက်သည်။ လေလံပွဲ စတင်သွားပြီဖြစ်သည်။
"ဒေါ်လာ နှစ်သောင်းတစ်ထောင်..."
အမေရိကန်လူမျိုးတစ်ယောက်က ပထမဆုံး စတင်ဈေးခေါ်လိုက်သည်။
"ဒေါ်လာ နှစ်သောင်းနှစ်ထောင်..."
ဗြိတိန်အဘိုးအိုတစ်ဦးကလည်း အပြိုင်ဈေးခေါ်လိုက်သည်။
သို့သော်လည်း ခန်းမထဲတွင် လူရာပေါင်းများစွာရှိသည့်တိုင်အောင် နောက်ဆုံးတွင် လေလံဆွဲသူ လေးငါးယောက်ခန့်သာ ရှိလေသည်။ ထိုအထဲတွင် ဆွန်ဖုန်းလည်း ပါဝင်သည်။
"ဒေါ်လာ သုံးသောင်း..."
ဆွန်ဖုန်းက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
သူက ဒေါ်လာသုံးသောင်းအထိ ဈေးပေးလိုက်သောအခါ ကျန်သည့်ပြိုင်ဘက်များအားလုံး ပါးစပ်ပိတ်သွားကြပြီး ဆက်လက်၍ လေလံမဆွဲကြတော့ပေ။
ဤသို့သောအာကာသဥက္ကာခဲမျိုးမှာ အလွန်အမင်း ရှားပါးလှသည်မဟုတ်ပေ။
နှစ်စဉ်နှစ်တိုင်း ဥက္ကာပျံမိုးများ မည်မျှရွာသွန်းပြီး ကမ္ဘာပေါ်သို့ ဥက္ကာခဲများ မည်မျှကျရောက်နေသည်ကို သတိပြုသင့်သည်။
ယခုဥက္ကာခဲကြီးမှာ အရွယ်အစားအားဖြင့် အတော်လေး ကြီးမားသည်ဟု ဆိုနိုင်သော်လည်း ဥက္ကာခဲအများစုမှာ လက်မအရွယ်အစားခန့်သာရှိပြီး ထို့ထက်ပင် သေးငယ်နိုင်သေးသည်။
"ဒေါ်လာ သုံးသောင်း တစ်ကြိမ်... ဒေါ်လာ သုံးသောင်း နှစ်ကြိမ်... ဒေါ်လာ သုံးသောင်း သုံးကြိမ်... ရောင်းချလိုက်ပါပြီ... ဒီအာကာသဥက္ကာခဲကတော့ ဒီကလူကြီးမင်း ပိုင်ဆိုင်သွားပါပြီရှင်..."
'ဟီးဟီး... ငါ့လက်ထဲရောက်လာပြီကွ...'
ဆွန်ဖုန်းက အပေါ်ယံတွင်တော့ တည်ငြိမ်စွာ ပြုံးနေသော်လည်း စိတ်ထဲတွင်မူ ပျော်ရွှင်မြူးတူးနေပြီဖြစ်သည်။
ဒါက အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကြီးဖြစ်သည်။ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံး၏ တန်ဖိုးမှာ သမုဒ္ဒရာကြီးအလား ကြီးမားကျယ်ပြန့်လှသည်။
ဤဥက္ကာခဲကို အသုံးပြု၍ အလုပ်များစွာ လုပ်ဆောင်နိုင်ကြောင်း အသံလက်ထောက်က သူ့ကို ပြောပြထားသည်။ ရေငုပ်ဝတ်စုံအတွက် အသုံးပြုနိုင်သလို ရေငုပ်ဝတ်စုံ၏ လုပ်ဆောင်ချက်များကို ဆက်လက်ဖွင့်လှစ်ရန်လည်း အသုံးပြုနိုင်သည်။
ထို့အပြင် ရေနက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဉာဏ်ရည်တုစက်ရုံအတွင်းရှိ တူးဖော်ရေးစက်ပစ္စည်းများအတွက်လည်း အသုံးပြုနိုင်သည်။
အရေးအကြီးဆုံးနှင့် ဆွန်ဖုန်း အလိုချင်ဆုံးအရာမှာ ဤစွမ်းအင်ကျောက်တုံးကို အသုံးပြု၍ အသံလက်ထောက်အား အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ဖော်စပ်ခိုင်းရန်ဖြစ်သည်။
ထိုသို့ဆိုလျှင် ဆွန်ဖုန်းတစ်ယောက် အသက်ငါးရာအထိ နေထိုင်နိုင်မည်ဖြစ်သည်။
ယခုအခါ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကို ရရှိသွားပြီဖြစ်၍ ကျန်ရှိနေသေးသော အဖိုးတန်ဆေးဘက်ဝင်အပင်များနှင့် ရှားပါးဒြပ်စင်များကိုသာ စုဆောင်းနိုင်ပါက အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည်ကို ဖော်စပ်နိုင်ပြီဖြစ်သည်။
ဆွန်ဖုန်းတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
"ကဲ... ဒီနေ့လေလံပွဲရဲ့ ပထမပိုင်းကတော့ ဒီနေရာမှာတင် ပြီးဆုံးသွားပါပြီ... မနက်ဖြန် ညနေ နှစ်နာရီမှာ ဒုတိယပိုင်း လေလံပွဲကို ဆက်လက်ကျင်းပသွားမှာပါ... အခု ဒုတိယပိုင်းလေလံပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို ကြိုတင်မိတ်ဆက်ပေးပါမယ်..."
အစီအစဉ်မှူးမလေးက လည်ချောင်းရှင်းလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"မနက်ဖြန်လေလံပွဲမှာ ရှေးဟောင်းပစ္စည်း ဆယ်ခုကိုပဲ လေလံတင်ရောင်းချသွားမှာပါ... ဒါပေမဲ့ ဒီဆယ်ခုကို နည်းတယ်လို့တော့ မထင်လိုက်ပါနဲ့... ဘာလို့လဲဆိုတော့ ပစ္စည်းတစ်ခုချင်းစီတိုင်းက အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်နေလို့ပါပဲ... ပစ္စည်းတစ်ခုချင်းစီရဲ့ ကနဦးကြမ်းခင်းဈေးက အမေရိကန်ဒေါ်လာ သန်းတစ်ရာအောက် လျော့နည်းမှာ မဟုတ်ပါဘူးရှင်..."
"ဝါး... တစ်ခုကို ကြမ်းခင်းဈေး သန်းတစ်ရာတဲ့လား... သောက်ကျိုးနည်း... ဘယ်လိုရတနာတွေမို့လို့ ဒီလောက်တောင် အမိုက်စားဖြစ်နေရတာလဲ..."
"ဟားဟား... မင်းကတော့ မသိသေးဘူးထင်တယ်... ငါကြားထားတာတော့ ဒီလေလံပွဲမှာ ငါတို့လို သာမန်လူတွေက ပထမပိုင်းမှာ လေလံတင်မယ့် ပစ္စည်းတွေကိုပဲ သိခွင့်ရှိတာ... ဒုတိယပိုင်းမှာလာမယ့် ရတနာဆယ်ခု ကိုတော့ ပလက်တီနမ်အဆင့် အသင်းဝင်တွေမှ သိခွင့်ရှိတာကွ... ပြီးတော့ ဒုတိယပိုင်းလေလံပွဲက အဲ့ဒီပလက်တီနမ်အဆင့် အသင်းဝင်တွေအတွက် သီးသန့်ဖွင့်လှစ်ထားတာလေ... ငါတို့သိရင်တောင် ဝယ်နိုင်မှာမှ မဟုတ်တာ... ကြားရသလောက်တော့ အဲ့ဒီရတနာဆယ်ခုက တရုတ်ရှေးခေတ်က နိုင်ငံတော်အဆင့် ရတနာတွေတဲ့... တန်ဖိုးကတော့ သမုဒ္ဒရာကြီးလောက်ကို ကြီးမားတာပဲ..."
"သြော်... ဒါကြောင့်ကိုး..."
အောက်ဘက်ရှိ လူအများအပြားမှာ အံ့ဩတကြီးဖြင့် စတင်ဆွေးနွေးလာကြသည်။ ဤသတင်းက သူတို့ကို တကယ်ပင် အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
"နိုင်ငံတော်အဆင့် ရတနာဆယ်ခု ထဲကမှ တစ်ခုကို အခု ကြိုတင်အသိပေးသွားမှာပါ... ကျန်တဲ့ ကိုးခုကိုတော့ မနက်ဖြန်မှ တစ်ခုချင်းစီ ဖွင့်ချပြသသွားပါမယ်ရှင်... အခုပြသမယ့် နိုင်ငံတော်အဆင့် ရတနာကတော့ ကျားရိုင်းလူစားကြေးအိုးပဲဖြစ်ပါတယ်..."
"ဒီနိုင်ငံတော်အဆင့်ရတနာက တရုတ်ပြည် ရှန်းမင်းဆက်နှောင်းပိုင်းက ရှားပါးကြေးထည်ပစ္စည်းတစ်ခုပါ... အမြင့်က ၃၅.၇ စင်တီမီတာရှိပြီး ကျားတစ်ကောင်နဲ့ လူတစ်ယောက် ဖက်တွယ်နေတဲ့ ပုံစံမျိုး ထုဆစ်ထားပါတယ်... တကယ့်ကို ထူးခြားဆန်းပြားလွန်းပါတယ်... သူက ရှန်းမင်းဆက်နှောင်းပိုင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ တခြားကြေးထည်ပစ္စည်းတွေလိုပဲ အနုစိတ်ဒီဇိုင်းတွေ ပါဝင်ပြီးတော့ ဆန်းကြယ်တဲ့အယူအဆတွေကို ဖော်ကျူးထားပါတယ်... ဒီလက်ရာက ကျားတစ်ကောင်က လူကိုစားနေတဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြချင်တာလား ဒါမှမဟုတ် သဘာဝတရားနဲ့ လူသားတွေကြားက သဟဇာတဖြစ်မှုကို ဖော်ပြချင်တာလားဆိုတာ ကွဲလွဲမှုတွေ ရှိနေပါတယ်... ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရှန်းမင်းဆက်ရဲ့ ကြေးထည်ပစ္စည်းတွေထဲမှာ ဒီလောက် ရှုပ်ထွေးဆန်းကြယ်တဲ့ လက်ရာမျိုးဆိုတာ အရမ်းကို ရှားပါးလှပါတယ်... ဒါကြောင့် သူ့ရဲ့ ကနဦးကြမ်းခင်းဈေးကတော့ အမေရိကန်ဒေါ်လာ သန်းတစ်ရာ့နှစ်ဆယ် ဖြစ်ပါတယ်ရှင်..."
အစီအစဉ်မှူးမလေးက စင်မြင့်ထက်မှနေ၍ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ထပ်မံမိတ်ဆက်ပေးနေသဖြင့် အောက်ဘက်ရှိ လူများအားလုံး သိချင်စိတ်ပြင်းပြစွာဖြင့် နားထောင်နေကြသည်။
"တရုတ်ပြည် ရှန်းမင်းဆက်နှောင်းပိုင်းက ရှားပါးကြေးထည်ပစ္စည်းဖြစ်နေတာကိုး... ဒါကြောင့် ဒီလောက်ဈေးကြီးပြီး ဆန်းကြယ်နေတာပဲ... လောလောဆယ် ဂျပန်နိုင်ငံမှာ ဒီလိုမျိုး သမိုင်းဝင် ကြေးထည်ပစ္စည်းက နှစ်ခုပဲ သိမ်းဆည်းထားနိုင်တာလေ..."
"ဒီတစ်ခေါက် နိုင်ငံတော်အဆင့် ရတနာဆယ်ခု က ဘယ်သူ့လက်ထဲ ရောက်သွားမလဲဆိုတာ မသိရသေးဘူး... မနက်ဖြန် ငါလည်း လာကြည့်ဦးမှပဲ... ကိုယ်တိုင်မဝယ်နိုင်ရင်တောင် မျက်စိပသာဒဖြစ်အောင် ကြည့်ရတာနဲ့တင် တန်ပါတယ်ကွာ..."
'ဒီပစ္စည်းဖြစ်နေတာလား...'
ဆွန်ဖုန်း မျက်မှောင်ကြုတ်သွားသည်။ ဤဂျပန်တော်ဝင်လေလံရုံက ဒီပစ္စည်းကို ဘယ်နေရာမှများ ရလာပြီး လေလံတင်နေမှန်း သူ လုံးဝထင်မှတ်မထားခဲ့ပေ။ ဒီဂျပန်တွေ ငွေမက်ပြီး ရူးသွပ်နေကြပြီဟု ထင်ရသည်။
ဒီကြေးထည်ပစ္စည်းကို ဂျပန်တွေက သူတို့ရဲ့ ကိုယ်ပိုင်ကလေးတစ်ယောက်လို အမြဲတမ်း သိမ်းဆည်းထားခဲ့ကြခြင်းဖြစ်သည်။
အခုကျမှ ဘာလို့ ထုတ်ရောင်းရတာလဲဆိုသည်ကို ဆွန်ဖုန်းတစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေမိသည်။
"အခု ဆန်းကြယ်လှတဲ့ နိုင်ငံတော်အဆင့် ကြေးထည်ရတနာကို အားလုံး အတူတကွ ရှုစားလိုက်ကြရအောင်ပါရှင်..."
အစီအစဉ်မှူးမလေး စကားပြောအပြီးတွင် လူအချို့က ကြေးထည်ပစ္စည်းကို သယ်ဆောင်လာကြသည်။
မကြာမီမှာပင် ထိုကြေးထည်ပစ္စည်းကို လူတိုင်းရှုစားနိုင်ရန် အရှေ့သို့ သယ်ဆောင်လာခဲ့သည်။
"ဝါး... တကယ်ကို လန်းတာပဲ... ဒီလို ရှေးဟောင်းခေတ်က အနုပညာလက်ရာမျိုးကိုတော့ တကယ် လေးစားရပါမယ်... အရမ်းကို လှပလွန်းတယ်... ငါ့ကို ရှေးဟောင်းခေတ်ဆီ ပြန်ခေါ်သွားသလိုပဲ..."
"တရုတ်လူမျိုးတွေရဲ့ ဘိုးဘေးတွေက တကယ်ကို ဉာဏ်ပညာကြီးမားကြတာပဲ... လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဒီလိုပြည့်စုံတဲ့ လက်ရာမျိုးကို ဖန်တီးနိုင်ခဲ့ကြတယ်ဆိုတော့ အရှေ့တိုင်းရဲ့ နံပါတ်တစ်လူမျိုးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်... အရှေ့တိုင်းက ခြင်္သေ့ကြီးတွေပဲ..."
"ဒီကြေးထည်ပစ္စည်းတစ်ခုတည်းနဲ့တင် သမိုင်းကြောင်းက နှစ်ထောင်ပေါင်းများစွာ ရှိနေပြီ... ဒေါ်လာ သန်းတစ်ရာ့နှစ်ဆယ်ဆိုတဲ့ တန်ဖိုးနဲ့ ကိုက်ညီပါတယ်ကွာ..."
မိမိတို့ ဘိုးဘေးများ၏ အမွေအနှစ်များ လူရိုင်းများလက်ထဲသို့ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ ခန်းမထဲရှိ တရုတ်လူမျိုး သုံးပုံတစ်ပုံခန့်မှာ မျက်နှာများ ညှိုးနွမ်းသွားကြသည်။
အချို့ကမူ လက်သီးကို တင်းတင်းဆုပ်ထားကြပြီး စိတ်ထဲတွင် ဝမ်းနည်းဒေါသထွက်နေကြသည်။
"ငါတို့တွေ အဲ့ဒါကို ပြန်ဝယ်ရမယ်... အမိမြေရဲ့ ရင်ခွင်ထဲကို ပြန်ရောက်အောင် လုပ်ရမယ်..."
"မှန်တယ်... မနက်ဖြန်ကျရင် အဲ့ဒါကို လေလံအောင်အောင် ဆွဲရမယ်..."
မည်သည့်တရုတ်လူမျိုးက အော်ဟစ်လိုက်မှန်း မသိရသော်လည်း ထိုအသံက တခြားတရုတ်လူမျိုးများစွာ၏ ရင်ထဲသို့ ချက်ချင်းဆိုသလို ရိုက်ခတ်သွားခဲ့သည်။
"ဒါပေမဲ့ ငါတို့ဆီမှာ အဲ့ဒီလောက် ပိုက်ဆံမှ မရှိတာ..."
မည်သူပြောလိုက်မှန်းမသိသော ထိုစကားတစ်ခွန်းက သူတို့၏ ဆူပွက်နေသောသွေးများကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်သလို ဖြစ်သွားစေသည်။
ဆွန်ဖုန်းက ထိုအဖြစ်အပျက်အားလုံးကို မျက်စိထဲ၌ မြင်တွေ့နေရသည်။ သူ၏မျက်လုံးများထဲတွင်လည်း မျက်ရည်များ ရစ်သိုင်းနေပြီး တီးတိုးရေရွတ်လိုက်သည်။
'ဒီလိုပစ္စည်းမျိုးတွေကို ပြန်ရွေးနိုင်တော့ရော ဘာထူးမှာလဲ... အရှက်ရစရာတစ်ခု ဖြစ်မလာဘူးလား... အဲ့ဒီအစား ထာဝရပျောက်ကွယ်သွားအောင် လုပ်လိုက်တာကမှ ပိုကောင်းဦးမယ်...'
ဆွန်ဖုန်းက စိတ်ထဲမှနေ၍ မိမိကိုယ်ကိုယ် ပြောလိုက်သည်။
ဒီနေ့ညတွင် ဆွန်ဖုန်းတစ်ယောက် ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
မိမိတွင် စွမ်းဆောင်နိုင်ရည်ရှိနေမှတော့ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ အင်အားဖြည့်တင်းပေးပြီး အရှက်ရဖွယ်ရာများကို လျော့ပါးသွားအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
"ဟင်းဟင်း... ဒီညက အရမ်းကို ပျော်စရာကောင်းတဲ့ ညတစ်ညဖြစ်လာတော့မှာပဲ... ဒီညတော့ ငါ့ကို အားရပါးရ အမဲလိုက်ခွင့်ပြုလိုက်ပါ..."
ဆွန်ဖုန်း၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု စတင်ပေါ်လွင်လာတော့သည်။