အခန်း ၃၁၃
Vol. 32 Ch. 313
အခန်း (၃၁၃) - ဂျပန်တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခြင်း
"မြန်မြန်... မြန်မြန်သွားကြ..."
ဓာတ်လှေကားထဲ၊ လှေကားထစ်များနှင့် စင်္ကြံလမ်းများတစ်လျှောက်တွင် သေနတ်များကိုယ်စီ ကိုင်ဆောင်ထားသော လုံခြုံရေးဝန်ထမ်း ဆယ်ယောက်မကသော လူအုပ်ကြီးမှာ အပေါ်ဆုံးထပ်သို့ အလုအယက် ပြေးတက်သွားကြသည်။ သူတို့တစ်တွေမှာ စစ်မြေပြင်သို့ အပြေးအလွှား ချီတက်နေရသည့်အလား အချိန်နှင့်အမျှ အပြေးအလွှားလှုပ်ရှားနေကြသည်။
အပေါ်ဆုံးထပ်နှင့် အနီးကပ်ဆုံးနေရာတွင်ရှိနေသည့် ဆယ်ယောက်မကသော လုံခြုံရေးဝန်ထမ်းများမှာ စင်္ကြံလမ်းဆီသို့ ရောက်ရန် နီးကပ်နေပြီဖြစ်သည်။
လျှို့ဝှက်အခန်းထဲတွင်တော့ ဆွန်ဖုန်းက လုံခြုံရေးစနစ်များကို ဖျက်ဆီးပြီးနောက် ရေငုပ်စစ်ဝတ်စုံကို သိုလှောင်ခန်းထဲသို့ အမြန်ပြန်လည်သိမ်းဆည်းလိုက်သည်။
ထို့နောက် ထိုနိုင်ငံတော်အဆင့်ရတနာ ဆယ်ခု အပါအဝင် ဘေးပတ်လည်ရှိ တော်ဝင်လေလံရုံပိုင် ရှားပါးရှေးဟောင်းပစ္စည်း ဆယ်ဂဏန်းခန့်ကိုပါ သိုလှောင်ခန်းထဲသို့ သိမ်းကျုံးထည့်လိုက်သည်။ ဤပစ္စည်းများကို အလကားရနေမှတော့ မယူဘဲနေစရာ အကြောင်းမရှိပေ။
ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များမှာ ကြာမြင့်နေပြီဟု ထင်ရသော်လည်း အမှန်တကယ်တွင် လူသတ်ခဲ့သည့်အချိန်မှစ၍ ယခုအချိန်အထိ စက္ကန့်နှစ်ဆယ်ကျော်သာ ကြာမြင့်သေးသည်။ ဆွန်ဖုန်းက ဤလုပ်ငန်းစဉ်တစ်ခုလုံးကို တစ်ချက်ကလေးမျှ မတန့်သွားဘဲ တောက်လျှောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
'ဟီးဟီး... အားလုံးအိုကေပြီ... ဗုံးခွဲမယ့်အစီအစဉ် စလိုက်ရအောင်...'
ဆွန်ဖုန်းက ရေငုပ်စစ်ဝတ်စုံနှင့် ရှေးဟောင်းပစ္စည်းများကို သိုလှောင်ခန်းထဲသို့ မျက်စိတစ်မှိတ်အတွင်း သိမ်းဆည်းလိုက်သည်။ ထို့နောက် သိုလှောင်ခန်းထဲမှ အချိန်ကိုက်ဗုံး ခြောက်လုံး ခုနစ်လုံးခန့်ကို ထုတ်ယူကာ ခြေရင်းတွင် ပစ်ချလိုက်ပြီး သေနတ်ကိုင်ဆောင်လျက် လျှို့ဝှက်အခန်းထဲမှ အမြန်ပြန်ထွက်လာခဲ့သည်။
ဤအချိန်ကိုက်ဗုံးများမှာ တစ်မိနစ်အကြာတွင် ပေါက်ကွဲမည်ဖြစ်ပြီး ဂျပန်တော်ဝင်လေလံရုံအတွက်တော့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အံ့ဩတုန်လှုပ်ဖွယ်ရာ လက်ဆောင်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ဆွန်ဖုန်း အပြင်သို့ထွက်လာပြီး လှေကားအကွေ့သို့ပင် မရောက်သေးမီ ပြေးတက်လာသော လုံခြုံရေးဝန်ထမ်းတစ်စုနှင့် ထိပ်တိုက်တိုးလေတော့သည်။
ဆွန်ဖုန်းက မျက်စိလျင်လက်လျင်ရှိလှသည်။ သူက ချေမှုန်းရေးရိုင်ဖယ်ဖြင့် ထိုလူအုပ်ဆီသို့ ကျည်တစ်ကတ်ကုန်သည်အထိ ပစ်ခတ်လိုက်ပြီး အခြားတစ်ဖက်သို့ လှည့်ပြေးတော့သည်။
ဤနေရာရှိ အခြေအနေများမှာ အရင်နှင့်မတူတော့ကြောင်း သူ သိထားသည်။ ဤတစ်သုတ်ကို သတ်ပစ်နိုင်လျှင်တောင် နောက်ကွယ်တွင် လူများစွာ ပြေးလာနေဦးမည်မှာ အသေအချာပင်ဖြစ်သည်။
ယခု ပစ္စည်းများလည်း လက်ထဲရောက်နေပြီဖြစ်ရာ ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်လာစေရန် အမြန်ဆုံး ထွက်ခွာသွားခြင်းကသာ အကောင်းဆုံးဖြစ်သည်။
အဆောက်အအုံအတွင်း၌ အချက်ပေးခေါင်းလောင်းသံများက စူးရှစွာ မြည်ဟည်းနေဆဲဖြစ်သည်။ အဆောက်အအုံကြီးတစ်ခုလုံးကိုလည်း တင်းကျပ်စွာ ပိတ်ဆို့ထားပြီး အပြင်ဘက်တွင်လည်း ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့များ စတင်ရောက်ရှိကာ အင်အားဖြည့်တင်းနေကြပြီဖြစ်သည်။
'ဒိုင်း... ဒိုင်း... ဒိုင်း...'
ကျည်တစ်ကတ်ကုန်သည်အထိ ပစ်ခတ်လိုက်သဖြင့် အရှေ့ဆုံးမှ ပြေးလာသော ကံဆိုးသူအချို့မှာ ဆွန်ဖုန်း၏ လက်ချက်ဖြင့် ဂျပန်နတ်ကွန်းများဆီသို့ အလည်သွားရန် ထွက်ခွာသွားကြရလေသည်။
"ပစ်မှတ်ကို တွေ့ပြီ... ပစ်မှတ်ကို တွေ့ပြီ... သူ အခု အပေါ်ဆုံးထပ်မှာ ရှိနေတယ်... ငါတို့တွေ လိုက်ဖမ်းနေပြီ... လိုက်ဖမ်းနေပြီ... သူ အခု အရှေ့ဘက်အဆောင်ကို ထွက်ပြေးသွားပြီ..."
ထိုလူစုက တစ်ဖက်မှ လိုက်လံဖမ်းဆီးနေရင်း အခြားသူများထံ သတင်းပို့နေကြသည်။
'ဒိုင်း... ဒိုင်း... ဒိုင်း...'
အရှေ့ဆုံးမှ လိုက်လာသော လူနှစ်ယောက်က ဆွန်ဖုန်း၏ ကျောပြင်ကို သေနတ်ဖြင့် နှစ်ချက် သုံးချက်ခန့် လှမ်းပစ်လိုက်ကြသည်။
သို့သော်လည်း ဆွန်ဖုန်းကို မထိဘဲ အလွယ်တကူ ရှောင်ကွင်းသွားနိုင်ခဲ့သည်။ ဆွန်ဖုန်းက ခြေစုံကို အားပြုရုန်းကန်လိုက်ပြီး မြားတစ်စင်းကဲ့သို့ အရှိန်ပြင်းပြင်း ပြေးထွက်သွားလိုက်ရာ သူတို့၏ မြင်ကွင်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"နေဦး... ဟာ..."
လိုက်ဖမ်းနေသော လူအုပ်ကြီး လမ်းတစ်ဝက်သို့ ရောက်ရှိလာချိန်တွင် လျှို့ဝှက်အခန်း၏ တံခါးပေါက်ရှေ့မှ ဖြတ်သွားမိရာ အကောင်းပကတိရှိနေသော အလွိုင်းသတ္တုတံခါးကြီး ဖျက်ဆီးခံထားရသည်ကို တွေ့လိုက်ရသည်။
အထူ စင်တီမီတာသုံးဆယ်ရှိသော အလွိုင်းသတ္တုတံခါးကြီးမှာ အပေါက်ကြီးတစ်ခုဖြစ်အောင် ဖြတ်တောက်ခံထားရသည်။ အထဲသို့ ခေါင်းပြုကြည့်လိုက်ရာ အခန်းတစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။
အလွန်ကြီးမားသော သတ္တုလုံခြုံရေးသေတ္တာကြီးမှာလည်း ဖြတ်တောက်ခံထားရပြီး အထဲရှိ နိုင်ငံတော်အဆင့်ရတနာ ဆယ်ခု မှာ ပျောက်ဆုံးနေပြီဖြစ်သည်။ ထို့အပြင် အခြားသော ရှားပါးရှေးဟောင်းပစ္စည်းများစွာလည်း ပျောက်ဆုံးနေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုလူအုပ်ကြီးမှာ မှင်သက်သွားကြတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် တစ်ဖက်လူက ဤအရာများအားလုံးကို လုပ်ဆောင်သွားနိုင်လိမ့်မည်ဟု သူတို့ အယုံအကြည်မရှိဖြစ်နေကြသည်။
တံခါးကိုဖျက်ဆီးပြီး အထဲဝင်ကာ လုံခြုံရေးစနစ်များကိုပါ ဖျက်ဆီးပြီးနောက် ပစ္စည်းများကို ခိုးယူသွားခဲ့သည်။ သို့သော်လည်း အစောက လိုက်ဖမ်းနေချိန်တွင် ထိုလူ၏ ကိုယ်ပေါ်၌ မည်သည့်ပစ္စည်းမျှ ပါမသွားသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။ သေနတ်တစ်လက်ကိုသာ ကိုင်ဆောင်ထားခြင်းဖြစ်သည်။
ထိုပစ္စည်းများအားလုံး မည်သည့်နေရာသို့ ရောက်သွားသနည်း။ လေထဲသို့ပင် ပျောက်ကွယ်သွားလေသလား။
"ဒါ... သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် ရိုက်နေတာလား..."
လူတစ်ယောက်က အလွန်အမင်း တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
ထိုလူများက အခြေအနေကို စောင့်ကြည့်ခန်းသို့ သတင်းပို့ရန် ပြင်လိုက်ချိန်တွင်ပင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး သူတို့၏ အတွေးများကို ရပ်တန့်သွားစေခဲ့သည်။
နောက်တစ်စက္ကန့်တွင်တော့ သူတို့အားလုံး ပေါက်ကွဲမှုမီးတောက်များထဲသို့ နစ်မြုပ်သွားကြတော့သည်။
နောက်ထပ်ပေါက်ကွဲမှုတစ်ခုက လျှို့ဝှက်အခန်းထဲရှိ အရာအားလုံးကို အမှုန့်ဖြစ်သွားစေခဲ့သည်။ ထိုလူအုပ်ကြီးသာမက ဆွန်ဖုန်း မယူသွားဘဲ ချန်ထားခဲ့သော ကျန်ရှိနေသည့် ရှေးဟောင်းရတနာများအားလုံးလည်း တစ်စစီ ကြေမွသွားတော့သည်။
စောင့်ကြည့်ခန်းအတွင်း၌လည်း ပေါက်ကွဲသံကြီးတစ်ခုကိုသာ ကြားလိုက်ရပြီး ကျန်ရှိနေသည့်အသံများမှာ ဆက်သွယ်ရေးပြတ်တောက်သွားသည့် ရှဲရှဲမြည်သံများသာ ဖြစ်တော့သည်။
"ပြဿနာတက်ပြီ..."
စောင့်ကြည့်ခန်းအတွင်းရှိ လူများအားလုံး လန့်ဖျပ်သွားကြသည်။
အပေါ်ဆုံးထပ်တွင် နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။ ထို့အပြင် ကျူးကျော်သူ၏ အနောက်တွင် မည်သူမျှ လိုက်မလာတော့သည်ကိုလည်း ကင်မရာမှတစ်ဆင့် မြင်တွေ့လိုက်ရရာ လိုက်ဖမ်းနေသူများအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။
"ဟေ့... သူ ရှစ်ထပ်မှာ ပေါ်လာပြီ... အဖွဲ့တိုင်း သတိထားကြ... အဖွဲ့တိုင်း သတိထားကြ... တစ်ဖက်လူကို ရှစ်ထပ်မှာ တွေ့နေရပြီ... မြန်မြန်သွားပြီး ပိတ်ဆို့ထားကြ... မြန်မြန် ပိတ်ဆို့ထားကြ..."
သို့သော်လည်း သူတို့တွေက ဆွန်ဖုန်းကို ဖမ်းနိုင်ပါမည်လား။
ယခုအခါ ဆွန်ဖုန်းမှာ အဆောက်အအုံအတွင်း၌ ရေထဲကငါးတစ်ကောင်လို လွတ်လပ်စွာ သွားလာနေသည်။ ရောက်လေရာနေရာတိုင်းရှိ လုံခြုံရေးကင်မရာများကို ဖျက်ဆီးပစ်ပြီး အစွမ်းထက်လက်ပစ်ဗုံးအချို့ကို ချန်ထားခဲ့သည်။
အချိန်တိုအတွင်းမှာပင် လေလံရုံအဆောက်အအုံကြီးတစ်ခုလုံး ပေါက်ကွဲမှုများနှင့်အတူ မီးခိုးလုံးများ ဖုံးလွှမ်းသွားတော့သည်။ အထဲရှိ ခေါင်းဆောင်ပိုင်းများမှာ ဒေါသတကြီး အော်ဟစ်နေကြသော်လည်း ဆွန်ဖုန်းကို မည်သို့မျှ မတတ်နိုင်ဖြစ်နေကြသည်။
'ဝုန်း... ဝုန်း... ဝုန်း...'
ဆွန်ဖုန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ အနောက်မှ လိုက်နေသူများမှာလည်း အရမ်းကပ်ပြီး မလိုက်ရဲကြတော့ပေ။ လက်ရှိအခြေအနေအရ အရမ်းကပ်လိုက်ခြင်းက သေတွင်းထဲ ခုန်ဆင်းနေခြင်းသာဖြစ်သည်။
အနောက်မှလူများက မလိုက်ရဲသော်လည်း အရှေ့ဘက်မှ ပိတ်ဆို့နေသူများကတော့ ထိုသို့ကြောက်ရွံ့မနေကြပေ။ ဆွန်ဖုန်း၏ အရိပ်ကို မြင်သည်နှင့် တစ်ပြိုင်နက် ပစ်ခတ်တော့ရာ ဆွန်ဖုန်းအတွက် အနည်းငယ် အခက်တွေ့လာစေသည်။
ဆွန်ဖုန်းက တစ်ပတ်ခန့် ပတ်ပြီး ဗုံးခွဲပြီးနောက် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာတွင် ဆက်နေလျှင် သူ့အတွက် မည်သည့်အကျိုးအမြတ်မျှ ရှိလာမည်မဟုတ်ပေ။
'ဆုတ်ခွာမယ်... ဟီးဟီး... ဒီတစ်ခေါက်တော့ တကယ်ကို တွက်ခြေကိုက်တာပဲ...'
မကြာမီမှာပင် ဆွန်ဖုန်းတစ်ယောက် ဤအဆောက်အအုံကြီးထဲမှ လုံးဝပျောက်ကွယ်သွားလေတော့သည်။
ဆွန်ဖုန်း ဆုတ်ခွာသွားပြီးနောက် ဂျပန်တော်ဝင်လေလံရုံရှိ လူများအားလုံး ရူးမတတ်ဖြစ်သွားကြသည်။ သူခိုးကို မဖမ်းမိခြင်းက ထားလိုက်ပါတော့။ အရေးအကြီးဆုံးက အပေါ်ဆုံးထပ် လျှို့ဝှက်အခန်းထဲရှိ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ကြေးရှိသော နိုင်ငံတော်အဆင့်ရတနာ ဆယ်ခု ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ထို့အပြင် လျှို့ဝှက်အခန်းတစ်ခုလုံးရှိ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်းများအားလုံးမှာလည်း ဗုံးပေါက်ကွဲမှုကြောင့် အမှုန့်ဖြစ်သွားခဲ့ရသည်။ ဤတစ်ကြိမ်တွင်တော့ အမှန်တကယ်ပင် အကြီးအကျယ် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ဂျပန်တော်ဝင်လေလံရုံ အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် လေလံရုံဥက္ကဋ္ဌ ဂွေ့ထျန်ထိုက်လန် တစ်ယောက် ပျက်စီးယိုယွင်းနေသော လျှို့ဝှက်အခန်းထဲ၌ ရပ်နေသည်။ မြေပြင်ပေါ်ရှိ ရှုပ်ပွနေသည့် အပျက်အစီးများကို သူ ကြည့်နေမိသည်။
မြေပြင်ပေါ်တွင် အကောင်းပကတိကျန်ရှိနေသော အဖိုးတန်ရတနာဆို၍ တစ်ခုမျှမရှိတော့ပေ။ မူလက ရာနှင့်ချီ၍ ရှိနေသော ရှေးဟောင်းပစ္စည်းများမှာ ယခုအခါ အပျက်အစီးအပုံအပင်ကြီးအဖြစ်သာ ကျန်ရှိတော့သည်။
အထူးသဖြင့် ထိုနိုင်ငံတော်အဆင့်ရတနာ ဆယ်ခု ကို ကျူးကျော်သူများက ယူသွားကြသလား သို့မဟုတ် ပေါက်ကွဲမှုထဲတွင် အမှုန့်ဖြစ်သွားခဲ့ပြီလားဆိုသည်ကိုပင် မသိနိုင်တော့ပေ။
"သောက်ရူး... ဘယ်ကောင်ကများ ငါ့ကို လာစိန်ခေါ်နေတာလဲ... ငါ့ရဲ့ နိုင်ငံတော်အဆင့် ရတနာဆယ်ခု ..."
ဂွေ့ထျန်ထိုက်လန်မှာ အလွန်အမင်း ဒေါသထွက်သွားကာ မျက်လုံးများ ပြူးကျယ်လာပြီး နေရာတွင်ပင် သတိလစ်မေ့မြောသွားလေတော့သည်။
နိုင်ငံတော်အဆင့် ရတနာဆယ်ခု မှာပင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိနေပြီဖြစ်သည်။ ထို့အပြင် လျှို့ဝှက်အခန်းထဲရှိ တန်ဖိုးမဖြတ်နိုင်သော ရှားပါးရှေးဟောင်းပစ္စည်း ရာပေါင်းများစွာကိုပါ ထည့်တွက်လိုက်လျှင် ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်အထိ ရှိနိုင်သည်။
ဤမျှကြီးမားသော ဆုံးရှုံးမှုကို ရင်ဆိုင်လိုက်ရရာ သူ သွေးအန်မတတ် မဖြစ်ဘဲ နေပါမည်လား။ အသက်မသေသွားသည်ကပင် ကံကောင်းနေသေးသည်ဟု ဆိုရမည်။
ဤမျှကြီးမားလှသော အဖြစ်အပျက်နှင့် အဆက်မပြတ်ထွက်ပေါ်နေသော ပေါက်ကွဲသံကြီးများကြောင့် ပြင်ပလောကသို့ အလျင်အမြန် သတင်းပေါက်ကြားသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဂျပန်တော်ဝင်လေလံရုံရှိ ရာနှင့်ချီသော ရှားပါးရှေးဟောင်းပစ္စည်းများ ဖျက်ဆီးခံလိုက်ရကြောင်း သတင်းများလည်း ပျံ့နှံ့သွားခဲ့ရာ အချိန်တိုအတွင်းမှာပင် ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာတော့သည်။
အထူးသဖြင့် ထိုတရုတ်ပြည်၏ နိုင်ငံတော်အဆင့်ရတနာ ဆယ်ခု ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ဤအဖြစ်အပျက်ကြောင့် ဒုတိယနေ့တွင် ကျင်းပမည့် ဂျပန်တော်ဝင်လေလံရုံ၏ လေလံပွဲမှာလည်း ဖျက်သိမ်းလိုက်ရတော့သည်။
လေလံတင်စရာ ပစ္စည်းများ ပျောက်ဆုံးကုန်ပြီဖြစ်ရာ ဆက်လက်ကျင်းပနေ၍လည်း အကျိုးထူးမည်မဟုတ်ပေ။ ဖောက်သည်များကို မည်သည့်ပစ္စည်းများနှင့် လေလံဆွဲခိုင်းရမည်ကိုပင် မသိနိုင်တော့ပေ။
နံနက် ဆယ်နာရီကျော်အချိန်တွင် ဆွန်ဖုန်းတစ်ယောက် ဟိုတယ်အခန်းထဲ၌ အိပ်မောကျနေဆဲဖြစ်သည်။ သူက နောက်တစ်ရေး ထပ်အိပ်ရန် ပြင်လိုက်ချိန်တွင် တံခါးခေါက်သံများ ထွက်ပေါ်လာသည်။
ဆွန်ဖုန်း အိပ်ရာမှ နိုးသွားပြီး မည်သည့်ကောင်ကများ တံခါးလာခေါက်နေသနည်းဟု သွားကြည့်ရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။
တံခါးဖွင့်လိုက်သည်နှင့် မျက်ကွင်းညိုနေသော လူးဝစ်ကျင်းအဘိုးကြီးက အပြင်ဘက်တွင် ရပ်နေပြီး ဆွန်ဖုန်းကို အရူးတစ်ယောက်လို ပြုံးဖြီးဖြီးဖြင့် ကြည့်နေသည်။
"ဟေး... ညီလေးဆွန်... မနေ့ညက မင်း ချယ်ရီပန်းဥယျာဉ်ကို မလာလိုက်တာ မင်းအတွက် တကယ့်ကို အရှုံးကြီးပဲ... မနေ့ညက ဂျပန်မလေး အသစ်စက်စက်လေးတွေ ထပ်ရောက်လာသေးတယ်... အဲ့ဒီအရသာကလေ... အခု ပြန်တွေးကြည့်ရင်တောင် တကယ်ကို အီစိမ့်နေတာပဲကွာ..."
"အစ်ကိုကြီးက ဒီစကားပြောဖို့အတွက် သက်သက်ကြီး တံခါးလာခေါက်တာလား..."
ဆွန်ဖုန်းက လူးဝစ်ကျင်း၏ ယဲ့ယဲ့သာကျန်တော့သော ပုံစံကို ကြည့်ပြီး သေဖို့သိပ်မလိုတော့ဘူးဟု ခန့်မှန်းလိုက်မိသည်။ ဤမျှအသက်ကြီးနေသည်ကို နေ့တိုင်းလိုလို ကာမဂုဏ်ကိစ္စများဖြင့် သောင်းကျန်းနေခြင်းက သင်္ချိုင်းဘေးတွင် အိပ်ရာခင်းပြီး သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင်မဟုတ်ပါလား။
"ဒါပေါ့ကွ... မနေ့ညက မင်း မလာလိုက်တာ တကယ်ကို နစ်နာတာပဲ..."
"ကောင်းပြီလေ... အစ်ကိုကြီးဘာသာ ဆက်ပြီးကြွားနေလိုက်တော့... ကျွန်တော်ကတော့ အထဲပြန်ဝင်ပြီး တစ်ရေးလောက် ထပ်အိပ်လိုက်ဦးမယ်..."
ဆွန်ဖုန်းက ပြောရင်းဆိုရင်း တံခါးကို ပိတ်ရန် ပြင်လိုက်သည်။
"ဟေ့... ဟေ့... ဟေ့... မင်း ဘာလုပ်မလို့လဲ... အပြင်ထွက်ပြီး ထမင်းသွားစားကြမယ်လေ... နေ့လယ်ကျရင် ဒုတိယပိုင်း လေလံပွဲ စတော့မှာကို... အိပ်မနေနဲ့တော့... ထပြီး အပြင်ထွက်ကြမယ်..."
လူးဝစ်ကျင်းက တံခါးကို လက်တစ်ဖက်ဖြင့် ကာထားပြီး ဆွန်ဖုန်းကို အိပ်ရာထဲ ပြန်မဝင်ခိုင်းတော့ပေ။
"ဒီနေ့ ဒုတိယပိုင်း လေလံပွဲကို ကျွန်တော် မသွားတော့ဘူး... ကောင်းကောင်းလေးပဲ အိပ်ချင်တော့တယ်..."
ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ နိုင်ငံတော်အဆင့် ရတနာဆယ်ခု ကို သူ ခိုးယူထားပြီးပြီဖြစ်ရာ ဒီဂျပန်လေလံရုံက မည်သည့်အရာကို လေလံတင်မည်နည်း။ လူများကို မည်သည့်ပစ္စည်းနှင့် လေလံဆွဲခိုင်းမည်ကို တွေးကြည့်စရာပင် မလိုတော့ပေ။
"အစ်ကိုကြီး... ကျွန်တော်တို့ သွားစရာ မလိုတော့ဘူး... ဂျပန်တော်ဝင်လေလံရုံက ဒီနေ့ လေလံပွဲကို ဖျက်သိမ်းလိုက်ပြီတဲ့..."
ထိုအချိန်တွင် လူးဝစ်ယင်က စင်္ကြံလမ်းအပြင်ဘက်မှ ဝင်လာပြီး သူတို့နှစ်ယောက်ကို ပြောလိုက်သည်။
"ဘာ... ဖျက်သိမ်းလိုက်ပြီ... ဘာလို့လဲ... ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်ရင် ပလက်တီနမ် အထူးဖောက်သည်တွေကို စော်ကားသလိုဖြစ်သွားရုံမကဘူး လေလံရုံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်သွားစေနိုင်တယ်လေ..."
လူးဝစ်ကျင်းက အံ့ဩတကြီးဖြင့် မေးလိုက်သည်။ သူကိုယ်တိုင်ကလည်း ဤလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ရာ လေလံရုံတစ်ခုအတွက် ဂုဏ်သိက္ခာဆိုသည်မှာ မည်မျှအရေးကြီးကြောင်း ကောင်းကောင်း သိထားသည်။
"ကြားရသလောက်တော့ မနေ့ညက ဂျပန်တော်ဝင်လေလံရုံကို လူဆိုးတွေ ဝင်မွှေသွားတယ်တဲ့... တစ်ညလုံး ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဆိုတယ်... တရုတ်ပြည်ရဲ့ နိုင်ငံတော်အဆင့်ရတနာ ဆယ်ခု ကို သိမ်းထားတဲ့ လျှို့ဝှက်အခန်းကို အကုန်ခိုးသွားကြတာ... ရတနာဆယ်ခု ကလည်း ဘယ်ရောက်သွားမှန်းမသိ ပျောက်ဆုံးသွားတယ်... ဒါ့အပြင် အထဲမှာရှိတဲ့ တန်ဖိုးကြီး ရှားပါးရှေးဟောင်းပစ္စည်း ရာပေါင်းများစွာကလည်း ဗုံးခွဲခံလိုက်ရတယ်တဲ့... အခုဆို တော်ဝင်လေလံရုံရဲ့ ဥက္ကဋ္ဌ ဂွေ့ထျန်ထိုက်လန် တစ်ယောက် ဒေါသထွက်လွန်းလို့ ရူးမတတ်ဖြစ်နေလောက်ပြီ... ဆေးရုံပေါ်မှာ သတိလစ်နေတုန်းပဲလို့ ကြားတယ်... လေလံပွဲကတော့ သေချာပေါက် ကျင်းပဖြစ်မှာ မဟုတ်တော့ဘူး..."
လူးဝစ်ယင်က ရှင်းပြလိုက်သည်။
"သောက်ကျိုးနည်း... တကယ်လန်းတာပဲ... ဘယ်က လူစွမ်းကောင်းကများ ဒီလောက်တောင် ကြမ်းရမ်းနေရတာလဲ... လေလံရုံတစ်ခုလုံးကို စိစိညက်ညက်ကျေအောင် မွှေနှောက်သွားနိုင်တယ်ဆိုတော့ တကယ့် အမိုက်စားပဲ..."
ဆွန်ဖုန်းက ကြားပြီးနောက် ဘာမှမသိသူတစ်ယောက်လို ဟန်ဆောင်ကာ အံ့ဩချီးကျူးလိုက်သည်။
လူးဝစ်ကျင်းလည်း ထိုသတင်းကို ကြားသောအခါ မှင်သက်သွားခဲ့သည်။ ဤသတင်းက လူအများအပြားကို အကြီးအကျယ် တုန်လှုပ်သွားစေသည်မှာ အမှန်ပင်ဖြစ်သည်။ ကိုယ့်ဌာနချုပ်ရုံးကြီးထဲမှာပင် အခြားသူများ၏ ဗြောင်ကျကျ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ဤဂျပန်တော်ဝင်လေလံရုံ၏ လုံခြုံရေးစနစ်က အမှိုက်လိုဖြစ်နေ၍လား သို့မဟုတ် ထိုသူခိုးဂိုဏ်းကပဲ အလွန်စွမ်းဆောင်ရည်မြင့်မားနေ၍လား ဆိုသည်ကို မခွဲခြားတတ်အောင် ဖြစ်နေသည်။
အချိန်ခဏအတွင်းမှာပင် လူးဝစ်ကျင်းတစ်ယောက် စိုးရိမ်ပူပန်လာမိသည်။ အကြောင်းမှာ သူကလည်း လေလံရုံပိုင်ရှင်တစ်ဦးဖြစ်ပြီး သူ၏လေလံရုံနှင့် ဤဂျပန်လေလံရုံတို့၏ အင်အားမှာ အဆင့်အတန်း တူညီလုနီးပါး ရှိသောကြောင့်ဖြစ်သည်။ အကယ်၍ သူ၏လေလံရုံကိုသာ ထိုသူခိုးဂိုဏ်း လာရောက်မွှေနှောက်သွားမည်ဆိုလျှင် သူ ငိုရတော့မည်ဖြစ်သည်။
"ဒီတစ်ခါတော့ ဂျပန်တော်ဝင်လေလံရုံ သွားပြီပဲ... ဒီလိုဆိုတော့ ဒေါ်လာ ၁ ဘီလီယံကျော်လောက်က ဒီတိုင်းကြီး ပျောက်သွားတာပေါ့..."
လူးဝစ်ကျင်းက မျက်လုံးပြူးကာ ပြောလိုက်သည်။ သူက ဂွေ့ထျန်ထိုက်လန်အတွက်ပင် ရင်နာပေးနေမိသည်။
ဂျပန်တော်ဝင်လေလံရုံ ဌာနချုပ်သို့ အမည်မသိ အကြမ်းဖက်သမားများ ကျူးကျော်ဝင်ရောက်ခဲ့သည့် သတင်းမှာ တစ်နေ့တည်းဖြင့် ပြင်ပလောကသို့ အရူးအမူး ပျံ့နှံ့သွားခဲ့သည်။ အချိန်တိုအတွင်းမှာပင် ဂျပန်တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
ဂျပန်နိုင်ငံ နံနက်ခင်းသတင်းအရ မနေ့ည ညတစ်နာရီအချိန်တွင် ဂျပန်တော်ဝင်လေလံရုံ ဌာနချုပ်အဆောက်အအုံသည် လူဆိုးများ၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။
တရုတ်ပြည်၏ နိုင်ငံတော်အဆင့်ရတနာ ဆယ်ခု မှာ ပျောက်ဆုံးနေပြီး တန်ဖိုးမဖြတ်နိုင်သော ရှားပါးရှေးဟောင်းပစ္စည်း ရာပေါင်းများစွာမှာလည်း ဖျက်ဆီးခံလိုက်ရသည်။ တိုက်ရိုက်ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ရှိနေသည်။
တစ်ချိန်တည်းမှာပင် ဤအဖြစ်အပျက်သည် ဂျပန်တော်ဝင်လေလံရုံအတွက် သမိုင်းဝင် ကပ်ဘေးကြီးတစ်ခု ဖြစ်စေခဲ့သည်။ ပထမအချက်အနေဖြင့် ဂုဏ်သိက္ခာကျဆင်းသွားခဲ့ရပြီး ဒုတိယအချက်အနေဖြင့် ယနေ့နံနက်ပိုင်းမှစ၍ လေလံရုံ၏ စတော့ရှယ်ယာဈေးကွက်မှာ အရူးအမူး ထိုးကျသွားခဲ့သည်။
ယခုအချိန်အထိ လူဆိုးများ မည်သူမည်ဝါဖြစ်ကြောင်း မစုံစမ်းနိုင်သေးပေ။ လုံခြုံရေးကင်မရာမှတ်တမ်းအချို့အရ လူဆိုးတစ်ယောက်ကိုသာ တွေ့မြင်ရပြီး ထိုသူမှာ မျက်နှာနှင့် ဦးခေါင်းကို ဖုံးကွယ်ထားသဖြင့် မည်သူဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။
ထိုလူဆိုးတွင် သေနတ်၊ ပေါက်ကွဲစေတတ်သောပစ္စည်း စသည့် အန္တရာယ်ရှိလက်နက်များ ကိုင်ဆောင်ထားပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က အစွမ်းကုန် စုံစမ်းထောက်လှမ်းကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဂျပန်နိုင်ငံ ပြည်သူ့သတင်းစာတွင်လည်း မနေ့ညက တုန်လှုပ်ဖွယ် သူခိုးကြီး ပေါ်ထွက်လာကာ တော်ဝင်လေလံရုံ ဓားပြတိုက်ခံရကြောင်း ရေးသားထားသည်။ လက်ရှိခွဲခြမ်းစိတ်ဖြာချက်များအရ တရားခံမှာ လူတစ်ဦးတည်းဖြစ်ပြီး ဤလူဆိုးတစ်ဦးတည်းကသာ ဂျပန်တော်ဝင်လေလံရုံသို့ အကြမ်းပတမ်းဝင်ရောက်ကာ ခိုးယူသွားခြင်းဖြစ်သည်။
စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိသော ရှေးဟောင်းရတနာဆယ်ခု ပျောက်ဆုံးသွားခဲ့ပြီး ရာပေါင်းများစွာသော ရှေးဟောင်းပစ္စည်းများလည်း တစ်ခဏအတွင်း ပျက်စီးသွားခဲ့ရသည်။ မနေ့ညက အဖြစ်အပျက်သည် ဂျပန်လေလံရုံကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။
လက်ရှိသတင်းများအရ မနေ့ညက ဂျပန်တော်ဝင်လေလံရုံတွင် လူနှစ်ဆယ်ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ဤပူပူနွေးနွေးသတင်းကြီးက ပိုမိုပျံ့နှံ့လာပြီး ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ နောက်ဆုံးတွင် ဖြစ်ပေါ်လာသော အကျိုးဆက်မှာ ဂျပန်တော်ဝင်လေလံရုံ၏ ဂုဏ်သိက္ခာ မြေပြင်နှင့်တစ်သားတည်းဖြစ်သွားပြီး စတော့ရှယ်ယာများ အကြီးအကျယ်ထိုးကျကာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိသွားခြင်းပင်ဖြစ်သည်။
ဂျပန်အမျိုးသားဆေးရုံ၊ လူနာကုသဆောင်တစ်ခုအတွင်း၌ဖြစ်သည်။
ဂွေ့ထျန်ထိုက်လန် သတိပြန်ရလာပြီး မကြာမီမှာပင် မိမိ၏လေလံရုံနှင့်ပတ်သက်သော ပြင်ပလောက၏ သတင်းများကို ဖုန်းဖြင့် ကြည့်ရှုလိုက်သည်။
နောက်ဆုံးတွင် ယနေ့ ကုမ္ပဏီ၏ စတော့ရှယ်ယာများ အောက်ဆုံးထပ်အထိ ထိုးကျသွားပြီဖြစ်ကြောင်း လက်ထောက်ဖြစ်သူ၏ အစီရင်ခံစာကို မြင်လိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် သွေးတစ်ပွက်အန်ကာ နောက်တစ်ကြိမ် ငြိမ်းချမ်းစွာ သတိလစ်သွားပြန်လေသည်။
သတိမလစ်မီအချိန်လေးတွင် သူ၏ဂျပန်တော်ဝင်လေလံရုံကြီး ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။
ထိုနိုင်ငံတော်အဆင့် ရတနာဆယ်ခု ကို သူ အလွန်ပင်ပန်းဆင်းရဲစွာဖြင့် ရယူခဲ့ခြင်းဖြစ်သည်။ ယခု လေလံရုံမှတစ်ဆင့် အကျိုးအမြတ်တစ်ခု ထပ်မံရယူရန် ကြံစည်ထားခြင်းဖြစ်သည်။
သို့သော်လည်း ယခုအခါ ထိုရတနာဆယ်ခု မရှိတော့သည့်အပြင် အခြားရှားပါးရှေးဟောင်းပစ္စည်း ရာပေါင်းများစွာလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ သို့ဆိုလျှင် သူ၏ကုမ္ပဏီက ဒေဝါလီခံရမည့်လမ်းသာ ရှိတော့သည်။
ကုမ္ပဏီ၏ ရန်ပုံငွေများကိုပါ သူ အကုန်ထုတ်သုံးထားခဲ့ရာ ဒေဝါလီခံရရန်သာ ရှိတော့သည်။
ခြွင်းချက်အနေဖြင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ ထိုရတနာဆယ်ခု ကို ပြန်လည်ရယူနိုင်ရန်ဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေအရ မျှော်လင့်ချက်မှာ အလွန်ပင် မှေးမှိန်လွန်းလှသည်။
တိုကျိုမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဆွန်ဖုန်းတို့သုံးယောက် လက်ဖက်ရည်သောက်ရင်း ရုပ်မြင်သံကြားမှ လာနေသော သတင်းများကို ကြည့်ရှုနေကြသည်။
လက်ရှိ လွှင့်တင်နေသည်မှာ ဂျပန်တော်ဝင်လေလံရုံ ဓားပြတိုက်ခံရသည့် အဖြစ်အပျက်အကြောင်းပင်ဖြစ်သည်။
တိုကျိုမြို့တွင် ဗြောင်ကျကျ ပစ်ခတ်မှုများနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းအပြင် ဓားပြတိုက်မှုပါ ပါဝင်နေသဖြင့် အလွန်အမင်း အာရုံစိုက်မှုကို ရရှိနေသည်။
ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့များအားလုံးက မနေ့ညက ပြစ်မှုကျူးလွန်သူကို အစွမ်းကုန် လိုက်လံရှာဖွေနေကြသော်လည်း ယခုအချိန်အထိ မည်သည့်သဲလွန်စမျှ မတွေ့ရသေးပေ။
'ဟွန့်... နောက်ဘဝရောက်ရင်တောင် မင်းတို့တွေ ရှာတွေ့မှာ မဟုတ်ဘူး...'
ဤနေရာသို့ရောက်သောအခါ ဆွန်ဖုန်းက စိတ်ထဲမှနေ၍ အထင်သေးစွာ ပြုံးလိုက်သည်။
"ညီလေးဆွန်... ကြည့်ရတာ ဒီတစ်ခေါက် ငါတို့တွေ ပျော်စရာကောင်းတဲ့ကိစ္စနဲ့ ကြုံလိုက်ရတာပဲ... ဒီဂျပန်တော်ဝင်လေလံရုံက ဒီလောက်တောင် ကံဆိုးလိမ့်မယ်လို့ မထင်ထားဘူး..."
လူးဝစ်ကျင်းက ပြောလိုက်သည်။
"ဟုတ်ပါရဲ့... ဒါပေမဲ့ ကံကောင်းတာက ဒီတစ်ခေါက် ကျွန်တော် လာတာ မှန်သွားတယ်... ကျွန်တော် သဘောကျတဲ့ အာကာသဥက္ကာခဲကို ရလိုက်တယ်လေ... အဲ့ဒီရတနာဆယ်ခု အခိုးခံရတာက ကျွန်တော်နဲ့မှ မဆိုင်တာ..."
ဆွန်ဖုန်းက ပြုံးရင်း ပြောလိုက်သည်။
ဒီတစ်ကြိမ်တွင် အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကို ရရှိခဲ့ရုံသာမက ဤဂျပန်များကိုလည်း ရက်ရက်စက်စက် ဒုက္ခပေးနိုင်ခဲ့သဖြင့် ဆွန်ဖုန်း၏ စိတ်အခြေအနေမှာ အလွန်အမင်း ကောင်းမွန်နေသည်။
"ညီလေးဆွန်... ဒါဆို မနက်ဖြန် မင်း ပြန်တော့မှာလား..."
လူးဝစ်ကျင်းက မေးလိုက်သည်။
"အင်း... ကျွန်တော် နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေပြီး လည်ဦးမယ်... အစ်ကိုကြီးတို့ရော..."
ဆွန်ဖုန်းက ပြန်မေးလိုက်သည်။
"ငါတို့က အလုပ်လုပ်ရတော့မှာလေ... မနက်ဖြန်ဆို ပြန်ရတော့မယ်... ဟီးဟီး... မင်းကတော့ ငါတို့ကွယ်ရာမှာ ဒီမှာ ရက်အနည်းငယ်လောက် ခိုးနေခဲ့ပြီး ချယ်ရီပန်းဥယျာဉ်ကို တစ်ယောက်တည်း တိတ်တိတ်လေး သွားပျော်ပါးမလို့ မဟုတ်လား..."
"သွားစမ်းပါ... အစ်ကိုကြီးလို နှာဘူးအိုကြီးက ကျွန်တော့်ကို အစ်ကိုကြီးလို ညစ်ပတ်တဲ့အမျိုးအစားထဲ သွားမထည့်စမ်းပါနဲ့..."
ဆွန်ဖုန်းက မချင့်မရဲဖြင့် ပြောလိုက်သည်။
"အေးပါ ညီလေးရယ်... မင်း ဒီလိုပြောတာတော့ မမှန်ဘူးလေ... ငါကြည့်ရသလောက်တော့ မင်းက ငါ့ထက်တောင် ပိုပြီး ညစ်ပတ်နေသလိုပဲ..."
"အစ်ကိုကြီးနဲ့ စကားကို ဆက်မပြောချင်တော့ဘူး..."
ဒုတိယနေ့တွင် လူးဝစ်ကျင်း အဘိုးကြီးက သူ၏ညီဖြစ်သူနှင့်အတူ ပြန်သွားခဲ့ကြသည်။
ဆွန်ဖုန်းကတော့ ဂျပန်နိုင်ငံတွင် နောက်ထပ် ရက်အနည်းငယ် ဆက်နေရန် ရွေးချယ်လိုက်သည်။ လက်ရှိတွင် သူ၏စိတ်ထဲ၌ ပို၍တုန်လှုပ်ဖွယ်ကောင်းပြီး ပျော်စရာကောင်းသော အစီအစဉ်ကြီးတစ်ခု ရှိနေသေးသည်။
တိုကျိုအမျိုးသားပြတိုက်မှာ ဂျပန်နိုင်ငံနှင့် အရှေ့တိုင်းတစ်ခုလုံး၏ အရေးပါသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်။
ဤပြတိုက်ရှိ ပြခန်းများတွင် သိမ်းဆည်းထားသော ရှေးဟောင်းပစ္စည်းပေါင်း ရှစ်သောင်းကိုးထောင်ကျော်ရှိပြီး ထိုအထဲတွင် နိုင်ငံတော်အဆင့်ရတနာ ရာဂဏန်းခန့်နှင့် နိုင်ငံတော်က သတ်မှတ်ထားသော အရေးပါသည့် ရှေးဟောင်းပစ္စည်း ၅၀၀ ကျော် ပါဝင်သည်။
ဒီနေ့တွင် ဆွန်ဖုန်းတစ်ယောက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူက ဖျက်ဆီးရန် လာခဲ့ခြင်းမဟုတ်ဘဲ အမှန်တကယ် ခရီးသွားတစ်ယောက်အနေဖြင့် လာရောက်လေ့လာခြင်းဖြစ်သည်။
'ခွေးမသား... စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ဓားပြကောင်တွေ...'
သောင်းနှင့်ချီသော ရှေးဟောင်းပစ္စည်းများကို ကြည့်ရင်း ဆွန်ဖုန်းတစ်ယောက် သက်ပြင်းချကာ ရေရွတ်လိုက်မိသည်။
ဤပြတိုက်၏ အဓိကအဆောက်အအုံမှာ ဂျပန်နိုင်ငံ၏ သမိုင်းဝင် ဗိသုကာလက်ရာများကို ကိုယ်စားပြု တည်ဆောက်ထားခြင်းဖြစ်ပြီး အနုပညာပြတိုက်နှင့် သမိုင်းပြတိုက် နှစ်မျိုးစလုံး ပေါင်းစပ်ထားသော ပြတိုက်အဖြစ် အစဉ်အဆက် သတ်မှတ်ခံထားရသည်။
သို့သော်လည်း ဆွန်ဖုန်း၏ အမြင်တွင်တော့ အားလုံးက အမှိုက်များသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကြာမီအချိန်အတွင်း ဤအရာအားလုံး အမှိုက်အဖြစ် ပြောင်းလဲသွားတော့မည် ဖြစ်သောကြောင့်ပင်။