အခန်း ၃၁၄
Vol. 32 Ch. 314
အခန်း (၃၁၄) - ပြန်လည်ပို့ဆောင်ခြင်း
ဆွန်ဖုန်းက ဂျပန်နိုင်ငံ၏ အကြီးဆုံးဖြစ်သော ဤပြတိုက်ကြီးထဲတွင် တစ်ပတ်ခန့် လှည့်လည်ကြည့်ရှုပြီးနောက် နေရာအနှံ့ကို အသေအချာ မှတ်သားထားလိုက်သည်။
ထို့နောက် အေးစက်စက် ပြုံးလိုက်ပြီး ပြန်ထွက်လာခဲ့သည်။
ဒုတိယနေ့တွင် ဆွန်ဖုန်းက ဂျပန်နိုင်ငံ၌ ဆက်မနေတော့ဘဲ မိခင်နိုင်ငံသို့ တစ်ခေါက်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေ့ညမှာပင် ဆွန်ဖုန်းတစ်ယောက် ပေကျင်းမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤတစ်ကြိမ် သူပြန်လာရသည့် အဓိကရည်ရွယ်ချက်မှာ ထိုနိုင်ငံတော်အဆင့် ရတနာဆယ်ခု ကို ပေကျင်းပြတိုက်သို့ ပြန်လည်အပ်နှံရန်ဖြစ်သည်။ ကျန်သည့် နောက်ဆက်တွဲ ပြဿနာများကတော့ သူ တွေးတောပူပန်နေရမည့် ကိစ္စများမဟုတ်ပေ။
ပေကျင်းပြတိုက်က လက်ခံမည်လား သို့မဟုတ် ဂျပန်ဘက်က သိသွားပြီး ပြန်တောင်းမည်လား ဆိုသည်မှာလည်း သူ စဉ်းစားရမည့်ကိစ္စမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူ ဤအဆင့်အထိ လုပ်ဆောင်ခဲ့ခြင်းမှာ သူ၏ရင်ထဲရှိ မျိုးချစ်စိတ်ကြောင့်သာ ဖြစ်သည်။
ပေကျင်းပြတိုက်မှာ တရုတ်ပြည်၏ နံပါတ်တစ် ပြတိုက်ကြီးဖြစ်ပြီး ပေကျင်းမြို့လယ်တွင် ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။ ဤနေရာတွင် တရုတ်ပြည်၏ နှစ်ငါးထောင် သမိုင်းဝင် ယဉ်ကျေးမှု ဉာဏ်ပညာရတနာများကို သိမ်းဆည်းပြသထားသည်။
ဆွန်ဖုန်းက ဤတစ်ကြိမ်တွင် လူလုံးထွက်ပြပြီး ပစ္စည်းများကို ပေးအပ်ရန် မရည်ရွယ်ထားပေ။
အကယ်၍ သူသာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပေးအပ်မည်ဆိုလျှင် သူ၏မည်သူမည်ဝါဖြစ်ကြောင်း ပေါ်လွင်သွားမည်ဖြစ်ရာ ပြဿနာများ ပိုမိုကြီးထွားသွားနိုင်ပေသည်။
ညအချိန် လူသူကင်းမဲ့ တိတ်ဆိတ်နေချိန်တွင် ပေကျင်းပြတိုက် ပတ်ဝန်းကျင်၌လည်း မည်သူမျှ မရှိကြတော့ပေ။
ထိုအချိန်တွင် လူရိပ်တစ်ခုက မြင့်မားလှသော ခြံစည်းရိုးတံတိုင်းကြီးကို အလွယ်တကူ ကျော်ဖြတ်ကာ ခြံဝင်းအတွင်းရှိ ကွက်လပ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
'ဖတ်...'
တိုးညင်းသောအသံလေးတစ်ခုနှင့်အတူ ထိုလူရိပ်က မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဆွန်ဖုန်းပင်ဖြစ်သည်။
ဆွန်ဖုန်းက ရှာဖွေထောက်လှမ်းရေးစနစ်ကို ချက်ချင်းဖွင့်ကာ ဤကွက်လပ်အတွင်း၌ အခြားမည်သူမျှ မရှိကြောင်းနှင့် လုံခြုံရေးကင်မရာများလည်း မရှိကြောင်း သေချာစစ်ဆေးလိုက်သည်။
ထို့နောက် သိုလှောင်ခန်းထဲမှ ထိုနိုင်ငံတော်အဆင့် ရတနာဆယ်ခု ကို ထုတ်ယူကာ မြေပြင်ပေါ်တွင် သေသပ်စွာ ချထားလိုက်ပြီး နေရာမှ လျှပ်တစ်ပြက် ပျောက်ကွယ်သွားတော့သည်။
နံနက် ခြောက်နာရီအချိန်တွင် လုံခြုံရေးအစောင့် အဘိုးအိုလျိုက အလုပ်တာဝန်လွှဲပြောင်းယူရန် ပုံမှန်အတိုင်း ရောက်ရှိလာခဲ့သည်။
သူက စက်ဘီးလေးကို စီးကာ အလုပ်လာလုပ်ခြင်းဖြစ်သည်။ အဓိကတံခါးကြီးမှ ဝင်လာပြီးနောက် သူ၏စက်ဘီးကို ဝန်ထမ်းများရပ်နားရာ ကားပါကင်သို့ အရင်သွားရပ်ရန် ပြင်လိုက်သည်။
သူက စက်ဘီးကို တွန်းကာ ကွက်လပ်တစ်ခုရှေ့မှ ဖြတ်သွားချိန်တွင် ရုတ်တရက် အရာတစ်ခုကို သတိထားမိလိုက်သည်။ ထိုကွက်လပ်ထဲတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ပါဆယ်ထုပ် ဆယ်ထုပ်ကို တွေ့လိုက်ရသည်။
အချို့မှာ စာအုပ်တစ်အုပ်စာခန့်သာ အရွယ်အစားရှိပြီး အချို့မှာမူ ရုပ်မြင်သံကြားစက် ထည့်သည့်စက္ကူဖာ အရွယ်အစားခန့်အထိ ကြီးမားနေသည်။
"ဒီပစ္စည်းတွေက ဘာတွေလဲ... အမြန်ချောပို့က လာပို့ထားတာလား... ဘာလို့ ဒီနေရာမှာ လာထားရတာလဲ..."
အဘိုးအိုလျိုက စက်ဘီးကို ဘေးတွင် ထောင်ထားခဲ့ပြီး သိချင်စိတ်ဖြင့် အနီးသို့ သွားရောက်စစ်ဆေးကြည့်လိုက်သည်။
သို့သော်လည်း ကိုယ့်သဘောနှင့်ကိုယ် ဖောက်မကြည့်ရဲသဖြင့် ဤကိစ္စကို ဌာနမှူးထံသို့သာ အမြန်ဆုံး သတင်းပို့လိုက်သည်။ မကြာမီမှာပင် ဝမ် ဟုခေါ်သော ဌာနမှူးက လုံခြုံရေးဝန်ထမ်းအချို့ကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
ပါဆယ်ထုပ်များကို တစ်ခုချင်းစီ ဖောက်ကြည့်လိုက်သောအခါ အထဲရှိ ရှားပါးရှေးဟောင်းရတနာ ဆယ်ခု ကို မြင်တွေ့လိုက်ရပြီး သူတို့အားလုံး မှင်သက်အံ့ဩသွားကြကာ မေးရိုးများပင် ပြုတ်ကျမတတ် ဖြစ်သွားကြသည်။
"ဘုရားရေ... ဒါက ဝမ်ရှီးကျစ်ရဲ့ လက်ရေးမူ မဟုတ်ဘူးလား... ဒါကရော ရှန်းမင်းဆက်ခေတ်က ကြေးထည်ပစ္စည်း မဟုတ်ဘူးလား... ဒါတွေက..."
ဌာနမှူးဝမ်ကိုယ်တိုင်ကလည်း ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်၍ လေ့လာမှုများစွာရှိထားသော ဝါရင့်ပညာရှင်တစ်ဦးဖြစ်သည်။ ဤပစ္စည်းများကို မြင်လိုက်ရသောအခါ သူ အလွန်အမင်း အံ့ဩတုန်လှုပ်သွားပြီး နေရာတွင်ပင် ခုန်ပေါက်မတတ် ဖြစ်သွားရသည်။
ဤအံ့မခန်းတွေ့ရှိမှုက ပြတိုက်မှူး ကျိုးကျန့်ယဲ့ ကိုပင် အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
ပြတိုက်မှူး ကျိုးကျန့်ယဲ့မှာ အသက်ငါးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး မျက်မှန်ကို တပ်ဆင်ထားသည်။ ဌာနမှူးဝမ်၏ အစီရင်ခံစာကို ကြားလိုက်ရသောအခါ သူက မြေညီထပ်ရှိ ဧည့်ခန်းမဆောင်ဆီသို့ အသက်ရှူမဝချင်သလို အပြေးအလွှား ရောက်ရှိလာခဲ့သည်။
ထိုရတနာဆယ်ခု ကိုလည်း ဧည့်ခန်းမဆောင်သို့ သယ်ဆောင်ထားပြီးဖြစ်သည်။
"ကျားရိုင်းလူစားကြေးအိုးကြီး ဖြစ်နေတာပဲ..."
ပြတိုက်မှူး ကျိုးကျန့်ယဲ့က ဧည့်ခန်းမဆောင်သို့ ရောက်ရောက်ချင်း ရှန်းမင်းဆက်ခေတ်၏ ရှားပါးကြေးထည်ပစ္စည်းကို ပထမဆုံး မြင်တွေ့လိုက်ရရာ သူ၏မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုများ အထင်းသား ပေါ်လွင်သွားသည်။
"ဝမ်ရှီးကျစ်ရဲ့ လက်ရေးမူလား..."
ကျိုးကျန့်ယဲ့က တုန်ယင်နေသော လက်များဖြင့် ပစ္စည်းများကို တစ်ခုချင်းစီ သေချာစွာ စတင်စစ်ဆေးလေ့လာတော့သည်။
ပြတိုက်မှူးတစ်ဦးအနေဖြင့် သမိုင်းဝင် ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်၍ အလွန်နက်ရှိုင်းသော အသိပညာများ ရှိထားသည်မှာ သေချာပေါက်ပင်ဖြစ်သည်။ သူနှင့် ဌာနမှူးဝမ်တို့ အချိန်အတန်ကြာ သေချာစစ်ဆေးပြီးနောက် ဤပစ္စည်းများမှာ အတုများမဟုတ်ဘဲ အစစ်အမှန်များဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အနည်းဆုံးတော့ သူတို့၏ အမြင်အရ အစစ်အမှန်ဖြစ်ကြောင်း ရာနှုန်းပြည့် ယုံကြည်ထားကြသည်။
"ဒီနိုင်ငံတော်အဆင့် ရတနာဆယ်ခု က နောက်ဆုံးတော့ အမိမြေရဲ့ ရင်ခွင်ထဲကို ပြန်ရောက်လာခဲ့ပြီပေါ့..."
ပြတိုက်မှူး ကျိုးကျန့်ယဲ့က ထိုရတနာဆယ်ခု ကို ကြည့်ရင်း မျက်ဝန်းများ နီရဲလာကာ မျက်ရည်များ ရစ်သိုင်းလာသည်။
"ဟုတ်ပါရဲ့... ဒါပေမဲ့ ဒီပစ္စည်းတွေကို ဘယ်သူကများ လာပို့ပေးသွားတာလဲဆိုတာကိုတော့ မသိရဘူး... တကယ်ကို အံ့ဩစရာပဲ..."
"ဒီပစ္စည်းဆယ်ခုက လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဂျပန်တော်ဝင်လေလံရုံမှာ အခိုးခံလိုက်ရတဲ့ ရတနာတွေ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရုတ်တရက်ကြီး ရောက်လာရတာလဲ..."
ဤပစ္စည်းများမှာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်ချိန်တွင် သူတို့ကို ပို၍တုန်လှုပ်သွားစေမည့် အချက်တစ်ချက်ကိုပါ ထပ်မံရှာဖွေတွေ့ရှိသွားကြသည်။
၎င်းမှာ ဤပစ္စည်းများက တရုတ်ပြည်၏ အဖိုးတန်အမွေအနှစ်များ ဖြစ်သည်မှာ မှန်ကန်သော်လည်း တိုင်းတစ်ပါးသို့ ရောက်ရှိသွားခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော် ရှိနေပြီဖြစ်သည်။
ထို့အပြင် ဤပစ္စည်းဆယ်ခုမှာ လွန်ခဲ့သောနှစ်ရက်ခန့်က ဂျပန်တော်ဝင်လေလံရုံကို လူဆိုးများ ဝင်ရောက်မွှေနှောက်စဉ်က အခိုးခံလိုက်ရသည့် ထိုရတနာဆယ်ခု ပင် ဖြစ်နေသည်။
ဤအချက်ကို သဘောပေါက်သွားသောအခါ ဌာနမှူးဝမ်သာမက ပြတိုက်မှူး ကျိုးကျန့်ယဲ့ ပါ အကြီးအကျယ် ဆွံ့အမှင်သက်သွားကြတော့သည်။
"အဘိုးကြီးလျို... ခင်ဗျား ဒီနေ့မနက်က ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ... ပြီးတော့ သံသယဖြစ်စရာ လူဖြစ်ဖြစ် နေရာဖြစ်ဖြစ် တစ်ခုခု သတိထားမိလိုက်တာ ရှိသေးလား..."
ကျိုးကျန့်ယဲ့က မျက်မှောင်ကြုတ်လျက် ခဏတာ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။
ဤပစ္စည်းများမှာ တရုတ်ပြည်၏ အမွေအနှစ်များဖြစ်သော်လည်း အတိတ်ကာလက လုယက်ယူဆောင်သွားခြင်း ခံခဲ့ရသည်။ နောက်ဆုံးတွင် ဤအရာများမှာ ဂျပန်တော်ဝင်လေလံရုံ၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်လာခဲ့သည်။
အကယ်၍ ဤပစ္စည်းများ သူတို့လက်ထဲ ရောက်နေကြောင်းကိုသာ ဂျပန်ဘက်က သိသွားခဲ့လျှင် မည်သို့သော အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ကို မခန့်မှန်းနိုင်တော့ပေ။ ပိုင်ဆိုင်မှုက မည်သူ့ထံတွင် ရှိသနည်းဆိုသည်ကိုလည်း မည်သို့ဆုံးဖြတ်ရမည်နည်း။
သို့သော်လည်း သေချာသည်ကတော့ ဤရတနာဆယ်ခု ပေကျင်းပြတိုက်သို့ ရောက်နေကြောင်းကို ဂျပန်တော်ဝင်လေလံရုံက သိသွားသည်နှင့် တစ်ပြိုင်နက် ပြန်လည်တောင်းခံလာမည်မှာ အသေအချာပင်ဖြစ်သည်။
"ကျွန်တော်က ဒီနေ့မနက် ပုံမှန်အတိုင်း အလုပ်လာဆင်းတာပါ... ဝန်ထမ်းကားပါကင်မှာ စက်ဘီးသွားရပ်မလို့ လုပ်နေတုန်း ကားပါကင်ရှေ့က ကွက်လပ်ထဲမှာ ဒီပါဆယ်ထုပ် ဆယ်ထုပ်ကို တွေ့လိုက်ရတာပါပဲ... ကျွန်တော်ကတော့ ဘာသံသယဖြစ်စရာ လူကိုမှ မတွေ့ခဲ့သလို ထူးခြားတာ ဘာမှလည်း မတွေ့ခဲ့ပါဘူး... အဲ့ဒါနဲ့ ချက်ချင်းပဲ ဌာနမှူးကို သတင်းပို့လိုက်တာပါ... အဲ့ဒီနောက်တော့ ဌာနမှူးက ပြတိုက်မှူးဆီကို ဆက်ပြီး သတင်းပို့လိုက်တာပါပဲ..."
အဘိုးအိုလျိုက ရှင်းပြလိုက်သည်။
"ဒီလိုကိုး... ကြည့်ရတာ တစ်ယောက်ယောက်က ဒီပစ္စည်းတွေကို ခိုးပြီး လာပို့ပေးသွားတာပဲ ဖြစ်ရမယ်... သူက တကယ့်ကို စိတ်ရင်းကောင်းတဲ့ လူတစ်ယောက်ပဲ..."
စဉ်းစားကြည့်ပါဦး။ ဤရှေးဟောင်းရတနာဆယ်ခု ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံထက် မနည်းပေ။ ဤသည်မှာ မည်မျှ ကြီးမားလှသော ငွေကြေးပမာဏကြီး ဖြစ်သနည်း။
တစ်ဖက်လူက ဤမျှတန်ဖိုးကြီးမားလှသော ပစ္စည်းများကို ဤနေရာသို့ လာရောက်ပေးအပ်သွားခြင်းမှာ အမည်နာမနှင့် ငွေကြေးကို မက်မော၍ မဟုတ်သည်မှာ အလွန်သိသာလှသည်။ ထိုလူက မျိုးချစ်စိတ်ပြင်းထန်သူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ဤပစ္စည်းဆယ်ခုမှာ ဂျပန်တော်ဝင်လေလံရုံမှ ဓားပြတိုက်ခံလာရခြင်းဖြစ်ကြောင်း ကျိုးကျန့်ယဲ့ တွေးမိလိုက်သောအခါ သူ၏မျက်နှာထားမှာ ပြန်လည်တည်တင်းသွားခဲ့သည်။
သို့ဆိုလျှင် ဤပစ္စည်းများကို လာပို့ပေးသွားသူမှာ ထိုဓားပြတိုက်ခဲ့သူပင် ဖြစ်နေမည်လား။ ဒီခေတ်ကြီးထဲမှာ ဒီလောက်တောင် မျိုးချစ်စိတ်ပြင်းထန်တဲ့ ဓားပြတွေ ရှိနေသေးတာလား။
"ပြတိုက်မှူး... ဒီအဖြစ်အပျက်ကို ကြည့်ရသလောက်တော့ အဲ့ဒီဓားပြတိုက်တဲ့သူက ငါတို့ တရုတ်လူမျိုး ဖြစ်ဖို့များတယ်... မဖြစ်ဘူး... ငါတို့တွေ ဒီပစ္စည်းတွေကို သေချာ ဝှက်ထားမှဖြစ်မယ်... အပြင်ကို လုံးဝ သတင်းပေါက်ကြားသွားလို့ မဖြစ်ဘူး... ဒါဆိုရင် ငါတို့အတွက် ကောင်းရုံတင်မကဘူး သူ့ရဲ့နာမည်ကို ဖုံးကွယ်ထားချင်တဲ့ အဲ့ဒီကျေးဇူးရှင်အတွက်လည်း အကျိုးရှိစေလိမ့်မယ်... တကယ်လို့ ဒီပစ္စည်းတွေရဲ့ သတင်းက အပြင်ကို ပေါက်ကြားသွားပြီး ဂျပန်ဘက်က သိသွားမယ်ဆိုရင် ငါတို့အတွက်ရော ဒီရတနာတွေကို လာပို့ပေးသွားတဲ့သူအတွက်ပါ မကောင်းနိုင်ဘူး... ပြဿနာပေါင်းစုံ တက်လာလိမ့်မယ်..."
ဌာနမှူးဝမ်က မျက်မှောင်ကြုတ်ကာ အလေးအနက် ပြောလိုက်သည်။
"မှန်တယ်... ကျန်တာတွေကို ဂရုစိုက်မနေတော့ဘူး... ဒီနိုင်ငံတော်အဆင့် ရတနာတွေ ပြန်ရောက်လာတာနဲ့တင် လုံလောက်နေပါပြီ... ခင်ဗျား အခုချက်ချင်း သိုလှောင်ရုံထဲ သွားသိမ်းထားဖို့ တာဝန်ယူလိုက်... ဒီနေ့ကိစ္စကို ဘယ်သူ့ကိုမှ လျှောက်မပြောမိစေနဲ့... ကျွန်တော် အခုချက်ချင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဦးစီးဌာနကို သတင်းပို့လိုက်မယ်... သူတို့ ဘယ်လိုစီစဉ်မလဲဆိုတာ ကြည့်ကြတာပေါ့..."
ကျိုးကျန့်ယဲ့က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ..."
မကြာမီမှာပင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဦးစီးဌာနမှ အထက်လူကြီးများက ဤကိစ္စကို သိရှိသွားသောအခါ သူတို့လည်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။
ဤရှားပါးရှေးဟောင်းရတနာဆယ်ခု ပြန်လည်ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ သူတို့အားလုံးက ကျိုးကျန့်ယဲ့၏ ဆုံးဖြတ်ချက်ကို သဘောတူညီခဲ့ကြသည်။ အခြားသော နောက်ဆက်တွဲ ပြဿနာများကိုမူ သူတို့ဘာသာ ဖြေရှင်းကြမည်ဖြစ်သည်။
အကယ်၍ ကိစ္စများ ပေါက်ကြားသွားခဲ့လျှင် ဂျပန်ဘက်နှင့် တရားဝင် ဆွေးနွေးဖြေရှင်းကြမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပစ္စည်းများ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ဂျပန်များလက်ထဲသို့ ထပ်မံရောက်ရှိသွားရန် အကြောင်းမရှိတော့ပေ။
ဤပစ္စည်းများမှာ မူလကတည်းက တရုတ်ပြည်၏ အမွေအနှစ်များသာဖြစ်သည်။ အတိတ်ကာလက ထိုဂျပန်ခွေးကောင်များ၏ လုယက်ယူဆောင်သွားခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ယခု မိမိတို့လက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ မည်သည့်နည်းလမ်းဖြင့် ရောက်လာသည်ဖြစ်စေ ဂရုစိုက်နေစရာ မလိုတော့ပေ။
အကယ်၍ လာပို့ပေးသူမှာ အမှန်တကယ် ဓားပြတစ်ယောက် ဖြစ်နေလျှင်တောင် ကိစ္စမရှိတော့ပေ။
ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဆွန်ဖုန်းကတော့ ဤကိစ္စကို လုပ်ဆောင်ပြီးနောက် အမိမြေတွင် နှစ်ရက်ခန့် နေထိုင်အနားယူခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံသို့ နောက်ထပ်တစ်ကြိမ် ပြန်လည်ထွက်ခွာသွားလေတော့သည်။