အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅) - နှစ်ဖက်အပြန်အလှန် ငြင်းခုန်ကြခြင်း
ဆွန်ဖုန်း ဂျပန်နိုင်ငံသို့ ပြန်ရောက်လာသည်မှာ နှစ်ရက်ပင် မပြည့်သေးပေ။ သို့သော်လည်း မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိရဘဲ သူ ပေကျင်းပြတိုက်သို့ လျှို့ဝှက်စွာ ပို့ဆောင်ပေးခဲ့သော နိုင်ငံတော်အဆင့် ရတနာဆယ်ခု၏သတင်းမှာ အပြင်သို့ ပေါက်ကြားသွားခဲ့ပြီဖြစ်သည်။
တိတိကျကျဆိုရလျှင် သတင်းများ လုံးဝ ပေါက်ကြားသွားခဲ့ခြင်းပင်ဖြစ်သည်။
ဆွန်ဖုန်းက ဖုန်းစခရင်ပေါ်ရှိ သတင်းခေါင်းစဉ်များကို မြင်တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိသည်။
'ခွေးမသားတွေ... သူတို့တွေက ဒီသတင်းကို ဘယ်လိုလုပ်ပြီး အပြင်ကို ပေါက်ကြားသွားအောင် လုပ်လိုက်နိုင်ရတာလဲ... လျှို့ဝှက်ထိန်းသိမ်းမှုက တကယ်ကို ညံ့ဖျင်းလွန်းတာပဲ...'
ဆွန်ဖုန်းက သတင်းများကို ဆက်လက်ဖတ်ရှုနေရင်း ပေကျင်းပြတိုက်အတွက် စိတ်ထဲမှ ခေါင်းခဲသွားရသည်။ ယခုဆိုလျှင် နှစ်နိုင်ငံစလုံးရှိ မီဒီယာများက တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် ပက်ပက်စက်စက် တိုက်ခိုက်နေကြပြီဖြစ်သည်။
ဂျပန်သတင်းစာ - လွန်ခဲ့သောလေးရက်က ဂျပန်တော်ဝင်လေလံရုံမှ အခိုးခံလိုက်ရသည့် နိုင်ငံတော်အဆင့်ရတနာ ဆယ်ခုကို ပေကျင်းပြတိုက်တွင် တွေ့ရှိရကြောင်း တုန်လှုပ်ဖွယ်သတင်းကြီး ထွက်ပေါ်လာသည်။ ပေကျင်းပြတိုက်ဘက်မှမူ ထိုရတနာဆယ်ခုမှာ သူတို့ဆီသို့ အကြောင်းအရင်းမသိရဘဲ ရောက်ရှိလာခြင်းဖြစ်ပြီး သူတို့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ထိုရတနာများမှာ တရုတ်ပြည်၏ အမွေအနှစ်များဖြစ်သောကြောင့် ဂျပန်တော်ဝင်လေလံရုံသို့ ပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ကြေညာထားသည်။
ဂျပန်နေ့စဉ်သတင်း - ဂျပန်တော်ဝင်လေလံရုံက ပေကျင်းပြတိုက်အား ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ထိုရတနာဆယ်ခုကို ချက်ချင်းပြန်ပေးရန် တောင်းဆိုလိုက်သည်။ ထိုသို့မဟုတ်ပါက နိုင်ငံတကာတရားရုံးတွင် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ထားသည်။ အကယ်၍ ပြန်လည်ပေးအပ်မည်ဆိုပါက ဓားပြများနှင့် ပူးပေါင်းကြံစည်မှုအပေါ် ခွင့်လွှတ်ပေးမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
တရုတ်သတင်းစာ - ဤနိုင်ငံတော်အဆင့် ရတနာဆယ်ခုမှာ မူလကတည်းက တရုတ်ပြည်၏ အမွေအနှစ်များသာဖြစ်သည်။ ပြန်ပေးရန်ဆိုသည့်စကားက ဘယ်ကလာသနည်း။ ယခု ထိုအရာများက အမိမြေ၏ ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိလာခြင်းသာဖြစ်သည်။ ဂျပန်တော်ဝင်လေလံရုံကသာ တကယ့် ဓားပြအစစ်များဖြစ်သည်။ ဤရတနာများက သင်တို့နှင့် လုံးဝမသက်ဆိုင်ပေ။ သင်တို့၏စကားမှာ ဓားပြတစ်ယောက်၏ ယုတ္တိသာဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သင်တို့ပြောနေသော ဓားပြဆိုသူများကို ကျွန်ုပ်တို့ လုံးဝမသိပေ။ ဤရတနာများကို အမည်မသိ မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးက ပြတိုက်သို့ လာရောက်ပို့ဆောင်ပေးသွားခြင်းသာဖြစ်သည်။ ထို့အပြင် ဤပစ္စည်းများက သင်တို့ဂျပန်များပိုင်ဆိုင်ကြောင်း မည်သည့်အထောက်အထား ရှိသနည်း။ ဤသို့ဆိုလျှင် ဂျပန်နိုင်ငံက ငါတို့ပိုင်သည်ဟု ပြောလျှင်ရော ရမည်လား။
မီဒီယာများပေါ်ရှိ အပြန်အလှန် နှုတ်ရေးစစ်ခင်းမှုများက အင်တာနက်ပေါ်ရှိ စစ်ပွဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နာမည်မခံဘဲ ကောင်းမှုပြုသွားသော ထိုအမျိုးသားကို တရုတ်အင်တာနက်အသုံးပြုသူ သန်းပေါင်းများစွာက သူရဲကောင်းတစ်ဦးအလား ချီးကျူးထောပနာပြုကာ အားပေးထောက်ခံမှုများ အဆက်မပြတ် ပြုလုပ်နေကြသည်။
ဆွန်ဖုန်းက ဤအရာများကို ကြည့်ရင်း ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ သူကလည်း နာမည်မခံဘဲ သူတစ်ပါးကို ကူညီတတ်သည့် စံပြသူရဲကောင်းကြီးတစ်ယောက်လို ဖြစ်သွားခဲ့ပြီမဟုတ်ပါလား။
"သူတို့ဘာသာ ကြိုက်သလို ငြင်းနေကြပါစေတော့..."
ဆွန်ဖုန်းက ဖုန်းကို ပြန်သိမ်းလိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
ဂျပန်တော်ဝင်လေလံရုံ ဥက္ကဋ္ဌရုံးခန်းအတွင်း၌ဖြစ်သည်။
ယနေ့ ဂွေ့ထျန်ထိုက်လန်တစ်ယောက် ဆေးရုံမှ ဆင်းဆင်းချင်းပင် လေလံရုံ၏ ကိစ္စရပ်များကို လာရောက်ဖြေရှင်းနေရသည်။
လက်ရှိတွင် ကုမ္ပဏီ၏ စတော့ရှယ်ယာများ ထိုးကျနေပြီး ရန်ပုံငွေ အကြီးအကျယ် ပြတ်တောက်နေမှုကြောင့် အတွင်းပိုင်း၌ ပြဿနာပေါင်းစုံ ပေါ်ပေါက်နေပြီဖြစ်သည်။
ဂွေ့ထျန်ထိုက်လန်က ယခုနှစ်သည် သူ့အတွက် တကယ့်ကို ကံဆိုးမိုးမှောင်ကျနေသည့် နှစ်တစ်နှစ်ဟု တွေးမိသည်။ ဤမျှဆိုးရွားလှသော ကိစ္စရပ်များနှင့် ရင်ဆိုင်နေရသည်။
ရတနာဆယ်ခု အလုခံရရုံသာမက မိမိ၏ လေလံရုံဌာနချုပ်အဆောက်အအုံကြီးပါ ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူယုတ်မာ၏ လက်ချက်ဖြင့် မီးခိုးတလူလူနှင့် ပျက်စီးသွားခဲ့ရသည်။ အဆောက်အအုံကို ပြန်လည်ပြုပြင်ရန်အတွက်ပင် ငွေကြေးအမြောက်အမြား ကုန်ကျဦးမည်ဖြစ်သည်။
သူ၏ကံကြမ္မာကို အပြစ်တင်နေစဉ်မှာပင် အလွန်တုန်လှုပ်ဖွယ်ကောင်းသော သတင်းကောင်းတစ်ခုကို သူ လက်ခံရရှိလိုက်သည်။
၎င်းမှာ ပျောက်ဆုံးနေသော နိုင်ငံတော်အဆင့် ရတနာဆယ်ခုကို ပေကျင်းပြတိုက်အတွင်း၌ ပြန်လည်တွေ့ရှိရပြီဆိုသည့် သတင်းပင်ဖြစ်သည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ဂွေ့ထျန်ထိုက်လန်မှာ ပျော်ရွှင်လွန်းသဖြင့် ငိုပင်ငိုချင်သွားမိသည်။ ဘုရားသခင်က သူ့အတွက် တံခါးတစ်ချပ်ကို ပိတ်လိုက်သော်လည်း နောက်ထပ် ပြတင်းပေါက်တစ်ပေါက်ကို ပြန်ဖွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်။
"ပေကျင်းပြတိုက်ကို အခုချက်ချင်း ဆက်သွယ်လိုက်... အဲ့ဒီနိုင်ငံတော်အဆင့်ရတနာ ဆယ်ခုကို ငါတို့ဆီ ပြန်ပို့ပေးဖို့ တောင်းဆို... အဲ့လိုမှမဟုတ်ရင် နိုင်ငံတကာတရားရုံးမှာ တွေ့ကြမယ်လို့ ပြောလိုက်... ပြီးတော့ ရဲတွေကိုပါ ပေကျင်းပြတိုက်ဆီ တစ်ခေါက်လောက် သွားခိုင်းလိုက်... အဲ့ဒီက အခြေအနေတွေကို စုံစမ်းဖို့နဲ့ အဲ့ဒီသေချင်နေတဲ့ သူခိုးကောင်ကို ဖမ်းမိဖို့က အရေးကြီးဆုံးပဲ... အဲ့ဒီကောင်ကိုသာ ဖမ်းမိရင် သေတာထက်ဆိုးတဲ့ အဖြစ်မျိုးရောက်အောင် ငါကိုယ်တိုင် လုပ်ပစ်မယ်..."
ဂွေ့ထျန်ထိုက်လန်က မျက်နှာကြွက်သားများ တွန့်လိမ်နေသည်အထိ ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်သည်။
ဤကိစ္စကြောင့် သူတစ်ယောက် ကောင်းကင်ဘုံမှ ငရဲပြည်သို့ ကျဆင်းသွားခဲ့ရပြီး ငရဲပြည်မှ လူ့ပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ရသည်။ ဤကြားထဲတွင် သွေးများကိုလည်း အန်ချင်တိုင်း အန်ခဲ့ရသည်။ ထို့ကြောင့် ထိုခိုးဆိုးလုနှိုက်ကောင်ကို သူ၏အရိုးထဲထိတိုင်အောင် နာကြည်းမုန်းတီးနေမိသည်။
"ဥက္ကဋ္ဌကြီး... ဒီနေ့မနက် သတင်းရရချင်းပဲ အဲ့ဒီက ပြတိုက်မှူးကျိုးဆိုတဲ့လူကို ကျွန်တော် ဆက်သွယ်ခဲ့ပါတယ်... ဒါပေမဲ့ တစ်ဖက်က ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို လုံးဝ ဂရုမစိုက်ပါဘူး... သူက ပြောတယ်..."
"သူက ဘာပြောလဲ..."
ဂွေ့ထျန်ထိုက်လန်၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်များ တောက်လောင်သွားပြီး လက်အောက်ငယ်သားကို စူးစိုက်ကြည့်ကာ အံကြိတ်မေးလိုက်သည်။
"သူက ဒီပစ္စည်းတွေဟာ တရုတ်ပြည်ရဲ့အမွေအနှစ်တွေ ဖြစ်ပြီး ကျွန်တော်တို့နဲ့ လုံးဝမသက်ဆိုင်ဘူးတဲ့... ဒါကြောင့် ကျွန်တော်တို့ဆီ ပြန်မပို့ပေးပိုင်ခွင့် သူတို့မှာရှိတယ်လို့ ပြောပါတယ်..."
လက်အောက်ငယ်သားဖြစ်သူက ခေါင်းငုံ့ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ဘာ... ဒါဆို တစ်ဖက်က တကယ်ပဲ တရားရုံးမှာ ရင်ဆိုင်ချင်နေတာပေါ့လေ... ဟွန့်... ငါ့ဆီမှာ ဒီပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းတွေ ရှိနေတယ်ဆိုတာ သူတို့ မသိသေးဘူးထင်တယ်..."
ဂွေ့ထျန်ထိုက်လန်က မောက်မာစွာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ပေကျင်းပြတိုက်၌ဖြစ်သည်။
"ပြတိုက်မှူး... ဟိုဂွေ့ထျန်ထိုက်လန်ဆိုတဲ့ကောင်က ကျွန်တော်တို့သာ ဒီရတနာဆယ်ခုကို ပြန်မပို့ပေးဘူးဆိုရင် တရားစွဲမယ်လို့ ခြိမ်းခြောက်နေတယ်... ပြီးတော့ ကျွန်တော်တို့က အဲ့ဒီသူခိုးနဲ့ တစ်ကြိတ်တည်းတစ်ဉာဏ်တည်းလို့ပါ စွပ်စွဲနေသေးတယ်..."
ဌာနမှူးဝမ်က ပြတိုက်မှူး ကျိုးကျန့်ယဲ့ ထံသို့ အပြေးအလွှား ရောက်ရှိလာပြီး အစီရင်ခံလိုက်သည်။
"ဒီလိုဖြစ်လာမယ်ဆိုတာ ငါကြိုသိပြီးသားပါ... အစကတည်းက လျှို့ဝှက်ထိန်းသိမ်းမှုတွေကို သေချာလုပ်ခဲ့ရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး သတင်းတွေ ပေါက်ကြားသွားရတာလဲ... အခုတော့ ပြဿနာတွေ တက်လာပြီ..."
ပြတိုက်မှူးကျိုးက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"ပြတိုက်မှူး... ကျွန်တော့်အထင်တော့ ငါတို့ထဲမှာ သစ္စာဖောက် ရှိနေတာ သေချာတယ်... အတွင်းလူတစ်ယောက်ယောက်ပဲ ဖြစ်ရမယ်... အဲ့လိုမှမဟုတ်ရင် ဒီကိစ္စကို ကျွန်တော်ရယ် ပြတိုက်မှူးရယ် နောက်ပြီး အဘိုးအိုလျိုနဲ့ လုံခြုံရေးတချို့ပဲ သိတာလေ... ကျန်တာကတော့ အထက်ကလူတွေပဲ သိတာ..."
"ခင်ဗျားက အဲ့ဒီလုံခြုံရေးတွေကို သံသယဝင်နေတာလား..."
ကျိုးကျန့်ယဲ့က အေးစက်သောအသံဖြင့် မေးလိုက်သည်။
"ဟုတ်ပါတယ်... အဲ့ဒီဖြစ်နိုင်ခြေက အများဆုံးပါပဲ... အဘိုးအိုလျိုကတော့ ဒီမှာ အလုပ်လုပ်လာတာ အနှစ်သုံးဆယ်တောင် ရှိနေပြီဆိုတော့ သူ့ကို ကျွန်တော် ရာနှုန်းပြည့် ယုံကြည်ပါတယ်..."
"အခုအချိန်မှ ဒါတွေပြောနေလည်း နောက်ကျနေပါပြီ... တစ်ဖက်လူနဲ့ ဘယ်လို နှုတ်ရေးစစ်ခင်းရမလဲဆိုတာကိုပဲ စဉ်းစားကြတာပေါ့... တရားရုံးရောက်သွားရင်တောင် ငါတို့ဘက်က ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပြနိုင်ဖို့ လိုအပ်တယ်..."
"နားလည်ပါပြီ..."
နှစ်ဖက်စလုံး အပြင်းအထန် ငြင်းခုန်နေကြချိန်မှာပင် တစ်ကမ္ဘာလုံးကို မှင်သက်တုန်လှုပ်သွားစေမည့် ကိစ္စတစ်ခုကို ဆွန်ဖုန်းက လုပ်ဆောင်လိုက်လေသည်။
ဒုတိယနေ့ ညခုနစ်နာရီအချိန်တွင် ဂျပန်နိုင်ငံ၏ အင်တာနက်ကွန်ရက်ပေါ်သို့ ဗီဒီယိုဖိုင်တစ်ခု ရုတ်တရက် တက်လာခဲ့သည်။
ဗီဒီယိုဖိုင်ထဲတွင် မျက်နှာဖုံးစွပ်ထားသော အမျိုးသားတစ်ဦးကို မြင်တွေ့ရသည်။ မျက်နှာဖုံးစွပ်ထားသဖြင့် ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း လုံးဝ ခွဲခြား၍မရနိုင်ပေ။
သို့သော်လည်း ထိုသူ၏ စကားအချို့ကို ကြားလိုက်ရချိန်တွင်တော့ သူမည်သူဖြစ်ကြောင်း လူတိုင်း ချက်ချင်း သဘောပေါက်သွားကြသည်။ သူကတော့ ဂျပန်တော်ဝင်လေလံရုံကို ဓားပြတိုက်သွားခဲ့သော ထိုလူကြမ်းကြီးပင် ဖြစ်သည်။
"အခု မင်းတို့ကို သတင်းကောင်းတစ်ခု ပေးမယ်... အဲ့ဒီသတင်းကောင်းကတော့ ငါက တိုကျိုအမျိုးသားပြတိုက်ထဲမှာရှိတဲ့ ရှေးဟောင်းပစ္စည်းတွေ အကုန်လုံးကို ဗုံးခွဲဖျက်ဆီးပစ်တော့မယ်ဆိုတာပဲ... အချိန်ကတော့ ဒီဗီဒီယိုဖိုင် တက်လာပြီး နောက်တစ်နာရီခွဲအကြာမှာ စတင်လုပ်ဆောင်မှာဖြစ်တယ်... ဒါကြောင့် ငါ့ကို လာဖမ်းဖို့အတွက် မင်းတို့အားလုံးကို ဖိတ်ခေါ်ပါတယ်... ငါ့အဖွဲ့အစည်းနာမည်က ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ လို့ခေါ်တယ်... ငါက ဂျပန်တွေ တရုတ်ပြည်က ရှေးဟောင်းပစ္စည်းတွေကို ယူထားပြီး ပြန်မပေးတာကို ကြည့်မရလို့ အခုလို လုပ်ရတာပဲ... မင်းတို့အားလုံးက ခွေးဓားပြတွေပဲ... မင်းတို့ကို ငါ အထင်သေးတယ်... မင်းတို့က ဝက်တွေပဲ..."
"ဒါနဲ့ နောက်တစ်ချက် ပြောချင်သေးတယ်... ဂျပန်တော်ဝင်လေလံရုံက အဲ့ဒီနိုင်ငံတော်အဆင့် ရတနာဆယ်ခုကို ပြန်ယူဖို့ မကြိုးစားတာ အကောင်းဆုံးပဲလို့ အကြံပေးချင်တယ်... တကယ်လို့ မင်းတို့သာ ပြန်ယူရဲရင် မင်းတို့ရဲ့ လေလံရုံဌာနချုပ်ကို အပျက်အစီးပုံကြီးဖြစ်အောင် ငါ လုပ်ပစ်မယ်... ငါက ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်..."
ဤနေရာတွင် ဗီဒီယိုဖိုင် အဆုံးသတ်သွားခဲ့သည်။
ဗီဒီယိုထဲရှိ စကားများကို အင်္ဂလိပ်လို ပြောကြားထားခြင်းဖြစ်ပြီး ထိုလူမှာ ဆွန်ဖုန်းပင်ဖြစ်သည်။ ဤဗီဒီယိုကို ရိုက်ကူးပြီးနောက် အသံလက်ထောက်က အင်တာနက်ကွန်ရက်ကို ဖောက်ထွင်းကာ တင်ပေးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် မည်သူကမျှ လွှင့်တင်သည့်နေရာကို ခြေရာခံနိုင်မည်မဟုတ်ရာ ဆွန်ဖုန်းအတွက် လုံးဝ လုံခြုံစိတ်ချရသည်။
မကြာမီမှာပင် ဤဗီဒီယိုဖိုင်က အင်တာနက်ကွန်ရက်ပေါ်တွင် အရူးအမူး ပျံ့နှံ့သွားခဲ့ရာ အင်တာနက်သုံးစွဲသူများနှင့် လူပေါင်းများစွာကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
သူတို့အားလုံးမှာ ဒူးထောက်မတတ် အံ့ဩမှင်သက်သွားကြရသည်။ ဤလူက တကယ့်ကို ရူးသွပ်လောက်အောင် မောက်မာလွန်းနေသည် မဟုတ်ပါလား။