အခန်း ၃၁၆
Vol. 32 Ch. 316
အခန်း (၃၁၆) - သမိုင်းတစ်လျှောက် အကြွားဝါဆုံးသော ကြေညာချက်
ဤတစ်ကြိမ်တွင်တော့ ဆွန်ဖုန်းတစ်ယောက် လုံးဝကို ဗြောင်ကျကျ ထောင်လွှားမောက်မာနေခဲ့ပြီဖြစ်သည်။
ဤသည်မှာ သာမန်လူလုံးမပြဘဲ အစွမ်းပြနေခြင်းမျိုးမဟုတ်တော့ဘဲ အလွန်ကို အထာကျကျနှင့် အကြွားဝါဆုံး အစွမ်းပြလိုက်ခြင်းပင်ဖြစ်သည်။ ပြတိုက်အတွင်းရှိ ရှေးဟောင်းပစ္စည်း ကိုးသောင်းကျော်ကို အကုန်လုံး ဖျက်ဆီးပစ်မည်ဟု ဗြောင်ကျကျ ကြေညာလိုက်ခြင်းက လူပေါင်းများစွာကို အတိုင်းအဆမသိအောင် တုန်လှုပ်သွားစေခဲ့သည်။
အလွန်ကို ရိုင်းစိုင်းမောက်မာလွန်းလှသည်။ ဤသည်မှာ ၂၁ ရာစု၏ သမိုင်းတစ်လျှောက်တွင် အမောက်မာ အကြွားဝါဆုံးသော ကြေညာချက်ကြီးပင်ဖြစ်သည်။
ဤသတင်းစကားက နာရီဝက်ဆိုသည့် အချိန်တိုလေးအတွင်းမှာပင် ဂျပန်တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ပြည်ပနိုင်ငံများဆီသို့ပါ ကူးစက်သွားခဲ့ပြီဖြစ်သည်။ လူပေါင်းများစွာက နောက်ထပ်တစ်နာရီအကြာတွင် ထိုမျက်နှာဖုံးစွပ် ဓားပြကောင် အမှန်တကယ် လေလုံးထွားနေခြင်းလား သို့မဟုတ် တကယ်ပဲ လုပ်ရဲသလားဆိုသည်ကို စောင့်ကြည့်နေကြသည်။
လွန်ခဲ့သောရက်အနည်းငယ်က ဂျပန်တော်ဝင်လေလံရုံမှ နိုင်ငံတော်အဆင့် ရတနာဆယ်ခုကို ခိုးယူသွားခဲ့သော ထိုလူကြမ်းကြီးက ယခုအခါ ရှေးဟောင်းပစ္စည်း ကိုးသောင်းကျော်ကို ရူးရူးမိုက်မိုက် ဖျက်ဆီးပစ်ချင်နေသည်။ ဤကြေညာချက်က အခြားသော အကြမ်းဖက်သမားများထက် အဆပေါင်းသောင်းချီ၍ ပိုမိုမောက်မာလွန်းနေသည်။
အခြားသူများက ထိုသို့သောကိစ္စများကို ခိုးကြောင်ခိုးဝှက် လုပ်ဆောင်ကြသော်လည်း သူကမူ အများသိအောင် ဗြောင်ကျကျ ကြေညာနေခြင်းဖြစ်သည်။ ငါကတော့ ဒါကိုလုပ်တော့မယ် မင်းတို့ကို ကြိုသိအောင်ပြောပြထားတာ ဆိုသည့်ပုံစံမျိုးပင်။
ဤကြေညာချက်အတိုင်း အမှန်တကယ် လှုပ်ရှားရဲသည်ဆိုလျှင် ဖြစ်နိုင်ခြေနှစ်ခုသာရှိသည်။ ပထမအချက်မှာ ထိုသူ၌ လုံလောက်သော ယုံကြည်မှုနှင့် စွမ်းဆောင်ရည် ရှိနေခြင်းဖြစ်ပြီး ဒုတိယအချက်မှာတော့ ဦးနှောက်ချွတ်ယွင်းနေကာ သေလမ်းကို ရှာနေခြင်းပင်ဖြစ်သည်။ အကယ်၍ ဖမ်းမိသွားခဲ့လျှင် အကြိမ်ပေါင်းသောင်းချီ၍ သေနတ်ဖြင့်ပစ်သတ်ခံရမည်မှာ အသေအချာပင်ဖြစ်သည်။
ဟိုတယ်အခန်းတစ်ခုအတွင်း၌ ဆွန်ဖုန်းက သူ၏ဖုန်းဖြင့် အင်တာနက်ပေါ်ရှိ သတင်းများကို ကြည့်ရှုနေသည်။ ယခုအခါ မီဒီယာတိုင်းက လွန်ခဲ့သောနာရီဝက်ခန့်က အသံလက်ထောက် လွှင့်တင်ပေးခဲ့သည့် ဗီဒီယိုဖိုင်အကြောင်းကိုသာ အလုအယက် ဖော်ပြနေကြသည်။
"ဟားဟား... ဒီတစ်ကြိမ်တော့ ငါ နည်းနည်းလေးများ ပိုပြီး ကြွားဝါမိသွားသလားပဲ..."
ဆွန်ဖုန်းက သူ၏နှာခေါင်းကို ပွတ်သပ်ကာ မိမိကိုယ်ကိုယ် အထင်ကြီးစွာဖြင့် ပြောလိုက်သည်။
အကယ်၍ သူ ဤသို့လုပ်ဆောင်နေသည်ကိုသာ အခြားသူများ သိသွားခဲ့လျှင် ဒူးထောက်ရှိခိုးကြမည်မှာ သေချာသည်။ အိုစမာဘင်လာဒင် ရှင်ပြန်ထမြောက်လာလျှင်တောင် သူ့ကို ဆရာတင်ရမည့်အဆင့်ဖြစ်သည်။ အလွန်ကို ရိုင်းစိုင်းမောက်မာလွန်းလှသည်။
ပြတိုက်ကိုရော ဂျပန်ရဲတပ်ဖွဲ့ကိုပါ လုံးဝ ဂရုမစိုက်ဘဲ လေထဲကအရာများလို သဘောထားနေခြင်းပင်ဖြစ်သည်။
"ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ကိစ္စကို ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ် ပိုင်ရှင်... ခဏနေကျရင် ကောင်းကင်နဲ့မြေကြီး ပြောင်းပြန်လန်သွားတဲ့အထိ မွှေနှောက်ပြလိုက်ပါ... ဟားဟားဟား..."
ဤအချိန်တွင် အသံလက်ထောက်က ကန့်ကွက်မနေသည့်အပြင် ကမ္ဘာပျက်မည်ကိုပင် မကြောက်သည့်ဟန်ဖြင့် ထောက်ခံအားပေးနေသည်။
ဤသို့ စိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စမျိုးကို အသံလက်ထောက်က လက်နှစ်ဖက် ခြေနှစ်ဖက်မြှောက်ကာ ထောက်ခံနေခြင်းဖြစ်သည်။ တကယ်တမ်းတွင် ၎င်း၌ လက်တွေခြေတွေ မရှိသော်လည်း ထိုကဲ့သို့ အားတက်သရော ရှိနေခြင်းဖြစ်သည်။
"သတင်းထောက်တွေရဲ့ မြေပြင်အခြေအနေ တိုက်ရိုက်တင်ဆက်မှုတွေနဲ့ အင်တာနက်ပေါ်က ဗီဒီယိုဖိုင်တွေအရ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဂျပန်တော်ဝင်လေလံရုံကနေ နိုင်ငံတော်အဆင့် ရတနာဆယ်ခုကို ခိုးယူသွားခဲ့တဲ့ လူဆိုးက နောက်ထပ်တစ်နာရီအကြာမှာ ဂျပန်ပြတိုက်က ရှေးဟောင်းပစ္စည်းတွေအားလုံးကို ဖျက်ဆီးပစ်မယ်လို့ ကြေညာထားကြောင်း သိရှိရပါတယ်... ဒါဟာ ဆယ်စုနှစ်တွေအတွင်း အမောက်မာဆုံးသော ကြေညာချက်ကြီးပါပဲ... ကျွန်တော်တို့အနေနဲ့ ဂျပန်ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်အပေါ် အကြီးအကျယ် သံသယဖြစ်မိပါတယ်... အဲ့ဒီသူခိုးက ဒေါသထွက်စရာကိစ္စကို ကျူးလွန်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က သူဘယ်သူလဲဆိုတာကို မစုံစမ်းနိုင်တဲ့အပြင် ဖမ်းဆီးနိုင်ခြင်းလည်း မရှိသေးပါဘူး... အခုဆိုရင် အဲ့ဒီလူက ကျွန်တော်တို့ခေါင်းပေါ်တက်ပြီး အီးပါနေပါပြီ... ပြတိုက်က ရှေးဟောင်းပစ္စည်းတွေကို ထပ်ပြီးဖျက်ဆီးပစ်မယ်လို့ ဗြောင်ကျကျ ကြေညာနေပါတယ်... ကျွန်တော်တို့ ပြင်းထန်စွာ ရှုတ်ချပါတယ်... ကျွန်တော်တို့ ကန့်ကွက်ပါတယ်... ဒီရိုင်းစိုင်းမောက်မာလွန်းတဲ့ ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးပေးဖို့ တောင်းဆိုပါတယ်..."
ရုပ်မြင်သံကြားမှ သတင်းကြေညာသူက ဒေါသတကြီးဖြင့် ပြောဆိုနေသည်။
"အခု ဆက်လက်ပြီး အဲ့ဒီသူခိုးက ကျွန်တော်တို့ကို ဘယ်လိုအထင်သေးစော်ကားသွားလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါ..."
သတင်းကြေညာသူက ထိုသို့ပြောဆိုပြီးနောက် ရုပ်မြင်သံကြားစခရင်ပေါ်ရှိ မြင်ကွင်းက ပြောင်းလဲသွားကာ ဆွန်ဖုန်း ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာသည်။
"ငါ့အဖွဲ့အစည်းနာမည်က ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ လို့ခေါ်တယ်... အခုကစပြီး နောက်တစ်နာရီခွဲအကြာမှာ ငါ ပြတိုက်ဆီကိုလာပြီး အဲ့ဒီရှေးဟောင်းပစ္စည်းတွေကို ဖျက်ဆီးပစ်မယ်..."
ဗီဒီယိုဖိုင် ပြီးဆုံးသွားပြီးနောက် သတင်းကြေညာသူက ဆက်လက်ပြောဆိုလာပြန်သည်။
"ဒီရိုင်းစိုင်းမောက်မာလွန်းတဲ့ သူခိုးက ပေကျင်းပြတိုက်နဲ့များ ပူးပေါင်းကြံစည်ထားတာလား... ရှေးဟောင်းပစ္စည်းတွေကို ဖျက်ဆီးဖို့ သူတို့ကများ ခိုင်းစေထားတာလား... ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့ကရော အခုအချိန်မှာ ဘာတွေလုပ်နေကြတာလဲ... ဘာဖြစ်လို့ ဒီသူခိုးကို မဖမ်းနိုင်ရတာလဲ... သူတို့တွေ အကုန်လုံး အမှိုက်တွေလား... တစ်ဖက်လူက ဘယ်သူလဲဆိုတာ မသိဘူး ဘယ်နေရာမှာ ရှိနေလဲဆိုတာလည်း မသိဘူး... နောက်ထပ်တစ်နာရီအကြာမှာ အခြေအနေတွေကို ကျွန်တော်တို့ ဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ ဘယ်မှမသွားဘဲ စောင့်မျှော်ကြည့်ရှုပေးကြပါခင်ဗျာ..."
အင်တာနက်ကွန်ရက်ပေါ်နှင့် သတင်းမီဒီယာများ၏ အပြိုင်အဆိုင် ဖော်ပြမှုများကြောင့် ဆွန်ဖုန်း၏ ဤအမိုက်စား ဗီဒီယိုဖိုင်က တိုကျိုမြို့ရှိ နိုင်ငံသားအများစုထံသို့ အလျင်အမြန် ရောက်ရှိသွားခဲ့ပြီး မကြာမီအချိန်အတွင်း ဖြစ်ပေါ်လာတော့မည့် ကိစ္စရပ်များကို လူတိုင်း သိရှိသွားကြသည်။
သို့သော်လည်း လူအများစုကတော့ ထိုသူခိုးမှာ လေလုံးထွားနေခြင်းသာဖြစ်မည်ဟု ထင်မှတ်နေကြသည်။ အကြောင်းမှာ ယခုအခါ ပြတိုက်ကြီး၏ ပတ်ပတ်လည်တွင် လုံခြုံရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ၍ ဝန်းရံစောင့်ကြပ်နေပြီဖြစ်သောကြောင့်ပင်။
ထို့အပြင် တားမြစ်နယ်မြေမျဉ်းများ တားဆီးထားပြီး မည်သူ့ကိုမျှ အနီးသို့ ကပ်ခွင့်မပေးတော့ပေ။ ဤလုံခြုံရေးဝန်ထမ်းများအားလုံးမှာ ကြီးမားသော ရန်သူကို ရင်ဆိုင်ရတော့မည့်အလား အပြည့်အဝ ပြင်ဆင်ထားကြသည်။
ထိုလူကြမ်းကြီးက ဂျပန်တော်ဝင်လေလံရုံကို တစ်ယောက်တည်း ဝင်ရောက်မွှေနှောက်ကာ ဗုံးများခွဲပြီး လူများစွာကို သတ်ဖြတ်သွားခဲ့ကြောင်း သူတို့ ကြားသိထားပြီးဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ထိုသူက အန္တရာယ်ကင်းစွာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။ ဤမျှများပြားသော တပ်ဖွဲ့များဖြင့် အပြင်းအထန် လိုက်လံရှာဖွေနေသည့်တိုင်အောင် ထိုသူ၏ အရိပ်အယောင်လေးကိုပင် ရှာမတွေ့နိုင်ခဲ့ရာ ဖမ်းဆီးရန်ဆိုသည်မှာ အိပ်မက်မက်နေသကဲ့သို့ပင်။
ထို့ကြောင့် ဤလုံခြုံရေးဝန်ထမ်းများအားလုံး အလွန်အမင်း စိုးရိမ်တုန်လှုပ်နေကြခြင်းဖြစ်သည်။
ပြတိုက်၏ အပြင်ဘက်တွင် ကင်းလှည့်အဖွဲ့ ဆယ်ကျော်ခန့်ကို ဖြန့်ချထားပြီးဖြစ်သည်။ ပြတိုက်အတွင်းရှိ ဝန်ထမ်းများအားလုံးကိုလည်း အပြင်သို့ ရွှေ့ပြောင်းစေခဲ့ပြီး ကင်းလှည့်အဖွဲ့များသာ အထဲတွင် အဆက်မပြတ် ကင်းလှည့်နေကြသည်။
ပို၍အံ့ဩစရာကောင်းသည်မှာ သံချပ်ကာကားကြီးများပင် ရောက်ရှိနေခြင်းဖြစ်သည်။ စစ်ပွဲတစ်ပွဲ ဆင်နွှဲတော့မည့်အလား လူရာပေါင်းများစွာက အစွမ်းကုန် ပြင်ဆင်စောင့်ကြပ်နေကြသည်။
ဂျပန်ပြည်သူများမှာ အတော်လေး စကားနားထောင်ကြသည်။ ဤသတင်းကို ကြားသိပြီးနောက် ပြတိုက်နှင့် ဝေးရာသို့သာ ရှောင်ရှားသွားကြပြီး လုံခြုံရေးဝန်ထမ်းများ အလုပ်လုပ်ရန် ခက်ခဲအောင် မလုပ်ကြပေ။
တရုတ်ပြည်ကဲ့သို့ အုတ်အော်သောင်းနင်း လူစုလူဝေးဖြင့် ပွဲကြည့်ရန် မကြိုးစားကြပေ။ အကယ်၍ ဤကဲ့သို့ကိစ္စမျိုးသာ တရုတ်ပြည်တွင် ဖြစ်ပွားပါက လူများစွာက အလုအယက် တိုးဝှေ့ကာ သွားရောက်ကြည့်ရှုကြမည်မှာ အသေအချာပင်ဖြစ်သည်။ သေခြင်းတရားကို လုံးဝ ကြောက်ရွံ့ကြမည်မဟုတ်ပေ။
"မင်း ကြားပြီးပြီလား... အဲ့ဒီသူခိုးက နောက်တစ်နာရီအကြာမှာ ပြတိုက်က ရှေးဟောင်းပစ္စည်းတွေကို အကုန်ဖျက်ဆီးပစ်မယ်တဲ့... တကယ်ကို မာနကြီးလွန်းတဲ့ ကြေညာချက်ပဲနော်..."
"ဒါပေါ့ ငါကြားပြီးပြီ... ကျောင်းရဲ့ဆွေးနွေးပွဲ ဖိုရမ်တွေမှာ အဲ့ဒီဗီဒီယိုကို ငါအရင်ဆုံး တွေ့ခဲ့တာ... အဲ့ဒီအရူးက တကယ်ပဲ ရူးနေတာလားတော့ မသိဘူး... သူ အမြန်ဆုံး အဖမ်းခံရပါစေလို့ပဲ ဆုတောင်းတယ်... အဲ့ဒီလို အမှိုက်ကောင်က ငါတို့ကို ဒုက္ခပေးတာကလွဲရင် ဘာလုပ်တတ်ဦးမှာလဲ..."
ကျောင်းတစ်ကျောင်း၏ ကိုယ်ပိုင်စာကြည့်ချိန် စာသင်ခန်းတစ်ခုအတွင်း၌ ကုန်းပွန်ရှောင်ထိုက်လန်က အခြားကျောင်းသားတစ်ဦးအား ပြောလိုက်သည်။
"ဟုတ်တယ်... ငါထင်တာတော့ အဲ့ဒီလူက လူ့အသိုင်းအဝိုင်းကို မုန်းတီးနေတဲ့သူပဲ ဖြစ်ရမယ်... သူက အာရှတိုက်သား ဖြစ်ဖို့များတယ်... သူ့ဆံပင်တွေက အမည်းရောင်ကြီးလေ မင်းမတွေ့ဘူးလား..."
"အေးဟယ်... ပြတိုက်ဘက်ကို ဈေးသွားမဝယ်နဲ့တော့... ခဏနေကျရင် အဲ့ဒီဘက်မှာ အန္တရာယ်ရှိနိုင်တယ်... ခုနလေးတင် ငါ့ယောက်ျား ဖုန်းဆက်လာတယ် အဲ့ဒီဘက်မှာ တစ်ယောက်ယောက်က အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်နေတယ်တဲ့... ငါတို့ အမြန် အိမ်ပြန်ကြရအောင်..."
"တကယ်လား... ဘယ်သူကများ အဲ့ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ..."
ကျောင်းများတွင်ဖြစ်စေ လမ်းမများပေါ်တွင်ဖြစ်စေ လူနေရပ်ကွက်များအတွင်း၌ဖြစ်စေ ဤကိစ္စကို သိရှိသွားသူများအားလုံးမှာ ပြတိုက်အနီးသို့ မသွားရောက်ကြတော့ပေ။
ပြတိုက်အနီးရှိ အဆောက်အအုံတစ်ခု၏ အပေါ်ဆုံးထပ်တွင် ပြတင်းပေါက်များအားလုံးကို ကုလားကာများဖြင့် ဖုံးကွယ်ထားပြီး အနည်းငယ်မျှသာ ဟထားသည်။ ထိုအဟပ်လေးများမှတစ်ဆင့် အထူးဝန်ထမ်းများက မှန်ပြောင်းများဖြင့် မျက်နှာချင်းဆိုင်ရှိ ပြတိုက်ပတ်ဝန်းကျင်၏ လှုပ်ရှားမှုမှန်သမျှကို အသေအချာ စောင့်ကြည့်နေကြသည်။
ဤအထပ်အတွင်း၌ လူနှစ်ဆယ်ကျော်ခန့် အလုပ်များနေကြပြီး အစီအစဉ်အမျိုးမျိုးကို ရေးဆွဲချမှတ်နေကြသည်။ ဤနေရာမှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ ယာယီကွပ်ကဲမှုစခန်းပင်ဖြစ်သည်။
"အီတို... ဒီပြစ်မှုကျူးလွန်သူက ဘယ်သူလဲဆိုတာ သေချာစုံစမ်းပြီးပြီလား..."
ကွမ်ခိုလျန်ဖူက သူ၏ရှေ့ရှိ စခရင်ပေါ်တွင် ဖွင့်ပြနေသော ဗီဒီယိုဖိုင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း မေးလိုက်သည်။
သူက ဤဗီဒီယိုဖိုင် ရိုက်ကူးခဲ့သည့်နေရာကို အလွန်သိချင်နေသည်။ နေရာကိုသာ သိရှိပါက အမှုဖော်ထုတ်ရန်အတွက် အလွန်အရေးပါမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ပြတိုက်ကို လူရာပေါင်းများစွာဖြင့် လုံခြုံရေးချထားရာ တစ်ဖက်လူအနေဖြင့် ဤမျှဗြောင်ကျကျ လာရောက်တိုက်ခိုက်ရဲမည်မဟုတ်ဟု သူ ထင်မြင်ထားသည်။ သူတို့၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကို သက်သက်လွတ်စားနေသည်ဟု ထင်နေသလား။ တစ်ဖက်လူ မည်မျှပင်လာပါစေ သေချာပေါက် သေလမ်းဆီသို့သာ ပို့ဆောင်ပေးမည်ဖြစ်သည်။
ကွမ်ခိုလျန်ဖူက သံချပ်ကာကားများကိုပါ ခေါ်ယူထားပြီးဖြစ်သည်။ ဤကြေညာချက်က ထိုလူ၏ လေလုံးထွားမှုသက်သက်သာဖြစ်ပြီး လက်တွေ့တွင် အကောင်အထည်ဖော်မည်မဟုတ်ကြောင်း သူ အပြည့်အဝ ယုံကြည်ထားသည်။ အကယ်၍ တကယ်ပဲ လာရောက်လုပ်ဆောင်မည်ဆိုပါက ထိုသူမှာ အမှိုက်ထက်ပင် အသုံးမကျသော အရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
သူက ပြတိုက်၏ ပတ်ပတ်လည်တွင် ပိုက်ကွန်ကြီးတစ်ခုလို အသေအချာ ပိတ်ဆို့ထားပြီးဖြစ်ရာ လေတိုက်ခတ်သံလေး ကြားသည်နှင့် တစ်ပြိုင်နက် တစ်ခါတည်း အမြစ်ပြတ်ချေမှုန်းပစ်မည်ဖြစ်သည်။ လွတ်မြောက်သွားရန် အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။
သို့သော်လည်း ကွမ်ခိုလျန်ဖူကို အနည်းငယ် စိတ်ရှုပ်သွားစေသည်မှာ ဤဗီဒီယိုဖိုင်အတွင်း၌ မည်သည့်အားနည်းချက်ကိုမျှ ရှာမတွေ့ခြင်းပင်ဖြစ်သည်။ တစ်ဖက်လူက ဤအချက်ကို ကြိုတင်တွေးတောထားပြီး အသေအချာ ပြင်ဆင်ထားခဲ့ပုံရသည်။
"အဖွဲ့ခေါင်းဆောင်ကို အစီရင်ခံပါတယ်... လက်ရှိ ကွန်ပျူတာနည်းပညာတွေနဲ့ စစ်ဆေးကြည့်တဲ့အခါ တစ်ဖက်လူက ဒီဗီဒီယိုဖိုင်ကို ဘယ်လိုလွှင့်တင်ခဲ့သလဲဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး... သူက ဟက်ကာနည်းပညာတစ်မျိုးကို သုံးပြီး လွှင့်တင်တဲ့ တည်နေရာလိပ်စာကို ဖုံးကွယ်ထားပါတယ်... နည်းပညာရှင်တွေက အခုထက်ထိ အဆက်မပြတ် ကြိုးစားပြီး ဖောက်ထွင်းနေဆဲပါပဲ..."
အီတိုက ပြန်ဖြေလိုက်သည်။
"နည်းပညာရှင်တွေကို အမြန်လုပ်ခိုင်းလိုက်... နာရီဝက်အတွင်း ဖောက်ထွင်းနိုင်ရမယ်... အဲ့လိုမှမဟုတ်ရင် အချိန်လွန်သွားတဲ့အခါ ဖောက်ထွင်းနိုင်ခဲ့ရင်တောင် ဘာမှအသုံးဝင်တော့မှာ မဟုတ်ဘူး..."
ကွမ်ခိုလျန်ဖူက နာရီကို ကြည့်ရင်း ပြောလိုက်သည်။
ယခုအချိန်က ခုနစ်နာရီခွဲကျော်နေပြီဖြစ်ရာ နောက်ထပ် တစ်နာရီပင် မပြည့်မီ တစ်ဖက်လူက စတင်လှုပ်ရှားတော့မည်ဖြစ်သည်။ သူက ရန်သူကို အထင်သေးထားသော်လည်း လုံးဝ ပေါ့ဆနေခြင်းတော့ မရှိပေ။
အကယ်၍ တစ်ဖက်လူက သေရမည်ကိုမကြောက်သော အရူးတစ်ယောက်ဖြစ်ပြီး တကယ်ပဲ ဖျက်ဆီးရန် လာရောက်မည်ဆိုပါက ပြဿနာတက်နိုင်ပေသည်။ ထို့ကြောင့် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းက အမှားအယွင်းမရှိနိုင်ပေ။
ခဏအကြာတွင် အီတိုက ကွမ်ခိုလျန်ဖူထံ ထပ်မံအစီရင်ခံလာသည်။
"အဖွဲ့ခေါင်းဆောင်... လက်ရှိမှာ ဒီလူရဲ့ အထောက်အထားကို သေချာမဖော်ထုတ်နိုင်သေးပါဘူး... သူ့ရဲ့ ဆံပင်အရောင်က အမည်းရောင်ဖြစ်နေတဲ့အတွက် အာရှတိုက်သားဆိုတာကိုပဲ သိရပါသေးတယ်... ဗီဒီယိုထဲမှာ သူပြောသွားတဲ့ အင်္ဂလိပ်စကားကလည်း သိပ်ပြီး မပီသပါဘူး... အဲ့ဒါအပြင် လွန်ခဲ့တဲ့ရက်ပိုင်းက ဂျပန်တော်ဝင်လေလံရုံက ရှေးဟောင်းပစ္စည်းတွေကို ခိုးသွားတာ သူပဲဖြစ်ပြီး နောက်ပိုင်းမှာ အဲ့ဒီရတနာဆယ်ခုက ပေကျင်းပြတိုက်ကို ရောက်သွားတယ်လေ... ဒါကြောင့် သူ့ကို တရုတ်လူမျိုးပဲဖြစ်မယ်လို့ ကျွန်တော်တို့ ကောက်ချက်ချထားပါတယ်..."
"အင်း... ငါသိပြီ... ဒါပေမဲ့ သူ့ကို တရုတ်လူမျိုးလို့ပဲ သတ်မှတ်ထားတာက ငါတို့အတွက် သိပ်အသုံးမဝင်လှဘူး... သူတကယ် ဘယ်သူလဲ နာမည်ဘယ်လိုခေါ်လဲဆိုတာကို ငါ သိဖို့လိုတယ်... အဲ့ဒီ ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ ဆိုတာကရော သူ ဒီတိုင်း လျှောက်ပြောသွားတာလား... သူ့မှာ အပေါင်းအပါတွေရော ရှိသလား... နောက်ပြီး သူ့ရဲ့ လက်နက်တွေကို ဘယ်ကနေ ဝယ်လာတာလဲ... ဒါတွေကမှ အဓိကအချက်တွေပဲ..."
ကွမ်ခိုလျန်ဖူက အသံကိုနှိမ့်ကာ ပြောလိုက်သည်။
သူတစ်ယောက်တည်းဖြင့် ဂျပန်တော်ဝင်လေလံရုံကို အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်နိုင်မည်မဟုတ်ဟု ကွမ်ခိုလျန်ဖူက ခံစားနေရသည်။ အတွင်းလူနှင့် ပူးပေါင်းထားခြင်း သို့မဟုတ် အပေါင်းအပါများစွာ ရှိနေခြင်းမျိုး ဖြစ်ရမည်။ ထို့ကြောင့်သာ သူက ထိုအချိန်က လွတ်မြောက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်... လက်ရှိအချိန်အထိ သူ့ရဲ့ကိုယ်ရေးအချက်အလက်နဲ့ အပေါင်းအပါ ရှိမရှိဆိုတာကို အတည်မပြုနိုင်သေးပါဘူး... ဒါပေမဲ့ တော်ဝင်လေလံရုံမှာ ကောက်ရခဲ့တဲ့ ကျည်ခွံတွေအရ သူသုံးခဲ့တဲ့ လက်နက်က အတွေ့ရအများဆုံး AK ရိုင်ဖယ်တွေပါပဲ... ကမ္ဘာပေါ်မှာ AK တွေ ရောင်းတဲ့နေရာက အရမ်းများတော့ ကျွန်တော်တို့ စုံစမ်းဖို့ ခက်ခဲနေပါတယ်... ဒီရက်ပိုင်းအတွင်း ဂျပန်ပြည်တွင်းက AK အရောင်းအဝယ်တွေကို ကျွန်တော် စုံစမ်းကြည့်ခဲ့ပေမယ့် ဘာသဲလွန်စမှ မတွေ့ရပါဘူး... သူ့ရဲ့လက်နက်တွေက ကျွန်တော်တို့ ဂျပန်ကနေ ဝယ်ခဲ့တာ မဟုတ်ဘူးထင်တယ်... ဒါပေမဲ့ သူက ဒီ AK တွေကို ဘယ်လိုများ သယ်သွင်းလာခဲ့တာလဲ... နောက်ပြီး သူသုံးခဲ့တဲ့ ဗုံးတွေကလည်း အရမ်းကို အဆင့်မြင့်တဲ့ အစွမ်းထက်လက်ပစ်ဗုံးတွေဖြစ်နေတော့ ကျွန်တော်တို့ ဘယ်ကစပြီး စုံစမ်းရမှန်း မသိအောင် ဖြစ်နေပါတယ်..."
အီတို၏ မျက်နှာထားက အနည်းငယ် ညှိုးနွမ်းသွားသည်။
ဤရက်ပိုင်းအတွင်း သူ အလုပ်များလွန်း၍ မအားမလပ်နိုင်အောင် ဖြစ်ခဲ့ရသော်လည်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ပေ။ ဤလူက အရာအားလုံးကို တတ်စွမ်းနိုင်သော စူပါအေးဂျင့်တစ်ယောက်အလား ကိုယ်ခံပညာ အလွန်ကောင်းမွန်ရုံသာမက လမ်းကြောင်းပေါင်းစုံတွင်လည်း အဆက်အသွယ်များ ရှိနေပုံရသည်။ မဟုတ်လျှင် ဤမျှများပြားသော လက်နက်များကို မည်သို့ သယ်ဆောင်လာနိုင်မည်နည်း။
အမှန်တကယ်တွင်တော့ သူတို့ မသိသောအရာတစ်ခု ရှိနေသည်။ ၎င်းမှာ ဆွန်ဖုန်းတွင် သိုလှောင်ခန်း ဟုခေါ်သော အရာတစ်ခု ရှိနေခြင်းပင်ဖြစ်သည်။ ၎င်းက ရွေ့လျားဂိုဒေါင်ကြီးတစ်ခုကဲ့သို့ပင်။
"ဒီလိုဆိုတော့ သူ့ရဲ့ မျက်နှာဖုံးက တကယ်ကို ထူထဲလွန်းလှတယ်... ငါတို့ကို ဘယ်ကနေ စကိုင်တွယ်ရမှန်း မသိအောင် လုပ်ထားတယ်... ကျစ်... ဒေါသထွက်စရာကောင်းလိုက်တာ..."
ကွမ်ခိုလျန်ဖူက အံကြိတ်ကာ ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်ကို အစီရင်ခံပါတယ်... စနိုက်ပါသမား အယောက်နှစ်ဆယ် အသင့်အနေအထားမှာ ရှိနေပါပြီ... ပြတိုက်ထဲက လုပ်ဖော်ကိုင်ဖက် ရာပေါင်းများစွာကလည်း အချိန်မရွေး အသင့်ပါပဲ... ပစ်မှတ်ကို မြင်တာနဲ့ တစ်ခါတည်း ပစ်သတ်လိုက်လို့ ရပါပြီ..."
ထိုအချိန်တွင် လက်အောက်ငယ်သားတစ်ဦးက ပြေးလာကာ ကွမ်ခိုလျန်ဖူထံ အစီရင်ခံလိုက်သည်။
"အင်း ကောင်းတယ်... အမိန့်ပေးလိုက်... လူအားလုံး အမြင့်ဆုံး သတိဝီရိယနဲ့ အသင့်အနေအထားမှာ နေကြဖို့... မသင်္ကာစရာ တစ်ခုခုတွေ့တာနဲ့ တစ်ဖက်လူကို ချက်ချင်း ပစ်သတ်လိုက်တော့..."
"ဟိုင်း..."
လက်အောက်ငယ်သားက ခေါင်းညိတ်အရိုအသေပေးကာ အမိန့်နာခံလျက် ထွက်သွားလေသည်။
ဤမျှ ပြင်းထန်ဆိုးရွားသော ကိစ္စရပ်မျိုး ဤမြို့တွင် မဖြစ်ပေါ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ သူတို့ကို လာရောက်စိန်ခေါ်ရဲသူ ပေါ်ပေါက်လာခဲ့ရာ ဤကိစ္စကိုသာ သေချာမဖြေရှင်းနိုင်ပါက အကျိုးဆက်များ အလွန်ကြီးမားသွားမည်ဖြစ်သည်။
လူတိုင်းက ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းများအားလုံးကို ဖျက်ဆီးပစ်မည်ဟု သိထားပြီးဖြစ်ရာ အစိုးရလစာစားနေသော သူတို့အနေဖြင့် ဤအဖျက်အမှောင့်လုပ်ရပ်ကို မတားဆီးနိုင်ခဲ့လျှင် ကြီးလေးသော တာဝန်မဲ့မှုကြီး ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် ပြည်သူများက သူတို့အပေါ် ယုံကြည်မှု ကင်းမဲ့သွားရုံသာမက မကျေနပ်မှုများပါ ပေါ်ပေါက်လာမည်ဖြစ်သည်။ ဆန္ဒပြမှုများက သေးငယ်သောကိစ္စဖြစ်သော်လည်း ပြည်သူများ၏ ယုံကြည်မှုကို ဆုံးရှုံးရခြင်းက အလွန်ကြီးမားသော ပြဿနာကြီးဖြစ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ကွမ်ခိုလျန်ဖူမှာ တစ်ဖက်လူ မလာနိုင်ကြောင်း သိနေသော်လည်း ရင်ထဲတွင် လေးလံမှုတစ်ခုကို ခံစားနေရဆဲဖြစ်သည်။ ကြိုတင်မမြင်နိုင်သော အရာများအတွက် အမြဲတမ်း စိုးရိမ်နေရသည်။
"ဟွန့်... မင်းမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ပါလာရင်တောင် ဒီကို လာရဲမယ်မထင်ဘူး... စနိုက်ပါသမား အယောက်နှစ်ဆယ်နဲ့ လက်နက်ကိုင်ဝန်ထမ်း ရာပေါင်းများစွာအပြင် သံချပ်ကာကားတွေပါ ရှိနေတာကို မင်းတကယ်ပဲ လာရဲမလား ကြည့်ကြသေးတာပေါ့... မင်း လာရဲရင် အသက်လုပြီး ပြန်ပြေးရအောင် ငါ လုပ်ပေးမယ်..."
ကွမ်ခိုလျန်ဖူက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
အမှန်တကယ်ပြောရလျှင် သာမန်လူတစ်ယောက်သာ ဤအခြေအနေကို မြင်တွေ့လိုက်ရပါက အမှန်တကယ် လာရောက်ဝံ့မည်မဟုတ်ပေ။ လာခဲ့လျှင် သေလမ်းရှာခြင်းသာဖြစ်သည်။
သို့သော်လည်း ဆွန်ဖုန်းက မည်သူနည်း။ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး လူကြမ်းကြီး မဟုတ်ပါလား။ ပြင်းထန်သော စကားများကို ပြောထားပြီးမှ သူ နောက်ဆုတ်မည်လား။ ကြွားဝါပြီးနောက် လက်တွေ့အကောင်အထည်ဖော်ခြင်းက ဦးနှောက်မရှိ၍ မဟုတ်ဘဲ မိမိကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှုရှိနေသောကြောင့်ဖြစ်သည်။
အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်နှင့်အမျှ ပြတိုက်ရှိ လူအားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်တုန်လှုပ်မှုများ ပေါ်လွင်လာကြသည်။ တစ်ဖက်လူ လာမည်ကို ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ တစ်ဖက်လူ၏ ဗုံးများကို ကြောက်ရွံ့နေကြခြင်းဖြစ်သည်။
ထိုလူကြမ်းကြီး၏ ဗုံးများမှာ အလွန်ပြင်းထန်ကြောင်း သူတို့ ကြားသိထားပြီးဖြစ်ရာ အကယ်၍ ဗုံးအနည်းငယ်သာ သူတို့ထံ ပစ်ပေါက်လိုက်မည်ဆိုပါက ငိုစရာနေရာပင် ရှိတော့မည်မဟုတ်ပေ။
ဤအချိန်တွင် ရာနှင့်ချီသော လုံခြုံရေးဝန်ထမ်းများအပြင် သေရမည်ကိုမကြောက်သော သတင်းထောက် ရှစ်ယောက်ခန့်လည်း ရောက်ရှိနေသည်။
သူတို့က စစ်မြေပြင်သတင်းထောက်များအဖြစ် ဟန်ဆောင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ရင်း တာဝန်ရှိသူများကိုပါ အင်တာဗျူးနေကြသည်။ တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်တွင်လည်း ဤအဖြစ်အပျက်နှင့်ပတ်သက်သော သတင်းများ ပြည့်နှက်နေပြီး လူများစွာက တိုက်ပွဲဖြစ်ပွားလာမည်လားဆိုသည်ကို စောင့်မျှော်ကြည့်ရှုနေကြသည်။
ယခုအခါ ဂျပန်ပြည်တွင်းသာမက ဒေသများစွာကပါ ဤပူပူနွေးနွေးသတင်းကို သိရှိနေကြပြီး အပြိုင်အဆိုင် ဖော်ပြနေကြသည်။ တစ်နာရီကျော်လေးအတွင်းမှာပင် ကမ္ဘာတစ်ဝန်းရှိ မျက်လုံးပေါင်းများစွာက ဤဒေသဆီသို့ စူးစိုက်ကြည့်ရှုကာ ပွဲကြည့်ရန် စောင့်ဆိုင်းနေကြပြီဖြစ်သည်။
"ရှစ်နာရီခွဲပြီပဲ... အင်း စထွက်လို့ရပြီ..."
ဆွန်ဖုန်းက နာရီကို ကြည့်လိုက်ပြီးနောက် မျက်နှာဖုံးတပ်ကာ လိုအပ်သော ပစ္စည်းများကို ပြင်ဆင်ပြီး စတင်ထွက်ခွာလာခဲ့သည်။ လက်ရှိတွင် သူက ပြတိုက်နှင့် သိပ်မဝေးသော နေရာ၌ ရှိနေသဖြင့် အချိန်တိုအတွင်းမှာပင် အနီးသို့ ရောက်ရှိသွားတော့သည်။