← Chapters

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း (၃၁၇) - အမှုန့်ဖြစ်သွားခြင်း

'ရှာဖွေထောက်လှမ်းရေးစနစ်ကို ဖွင့်လိုက်...'

ဆွန်ဖုန်းက တိုက်နိမ့်လေးတစ်ခု၏ အရိပ်ထဲတွင် ပုန်းအောင်းနေရင်း အသံလက်ထောက်နှင့် စိတ်ထဲမှ ဆက်သွယ်လိုက်သည်။

'ဖွင့်နေပါပြီ... ဖွင့်ပြီးပါပြီ... 3D မြေပုံ ပို့ပေးလိုက်ပါပြီ...'

အသံလက်ထောက်၏ အကူအညီဖြင့် ဆွန်ဖုန်းက ပတ်လည် ၃၅၀ ကီလိုမီတာအတွင်းရှိ အခြေအနေအားလုံးကို လက်ခုပ်ထဲက ရေလို အသေးစိတ် သိမြင်လိုက်ရသည်။ အထူးသဖြင့် သူ၏ရှေ့ရှိ ပြတိုက်အဆောက်အအုံများနှင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အသေအချာ လေ့လာစစ်ဆေးလိုက်သည်။ မည်သည့်နေရာတွင်မှ လစ်ဟာမှုမရှိစေရန် အသေးစိတ် ကြည့်ရှုလိုက်သည်။

'ဟီးဟီး... စနိုက်ပါသမား ဆယ်ယောက်က ပြတိုက်ပတ်လည်က အမြင့်ဆုံးနေရာတွေမှာ နေရာယူထားကြတယ်... လက်နက်ကိုင်ဝန်ထမ်း သုံးရာငါးဆယ်... သံချပ်ကာကား နှစ်စီး... ရဲကား အစီးတစ်ရာ... အင်း... ယာယီကွပ်ကဲမှုစခန်းတစ်ခုလည်း ရှိနေသေးတာပဲ... ကောင်းတယ် ကောင်းတယ်... ဒီတစ်ခေါက်တော့ မင်းတို့တွေ ငါ့ကို တကယ်ပဲ အရေးတယူနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပဲ...'

ဆွန်ဖုန်းက ဆယ်မိနစ်ခန့် လေ့လာပြီးနောက် ထိုနေရာရှိ အခြေအနေအားလုံးကို မျက်စိထဲ၌ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရသည်။

ဤသို့သော ဘုရားသခင်၏ မျက်လုံးမျိုး ရှိနေခြင်းက တကယ်ကို မိုက်လွန်းလှသည်။ ရေနက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဉာဏ်ရည်တုစက်ရုံက တကယ်ကို အားကိုးရသည်။ သူ၏ခံစားချက်အရ အကယ်၍ သူသာ ထိုအရေးပါအရာရောက်သူများကို လုပ်ကြံရန် သွားမည်ဆိုလျှင် အလွန်ပင် လွယ်ကူလိမ့်မည်ဟု ထင်မိသည်။ သူတို့၏ သွားလာလှုပ်ရှားမှုများကိုသာ ကြိုတင်သိရှိထားရန် လိုအပ်သည်။

'ပိုင်ရှင်... ဘယ်လိုကစားဖို့ စဉ်းစားထားလဲ... အကယ်လို့ ပိုင်ရှင်သာ ဒီအတိုင်း ဝင်သွားမယ်ဆိုရင် ပစ်သတ်ခံရဖို့ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာနေတယ်... တစ်ဖက်က လူအင်အား အရမ်းများတယ်... ပြီးတော့ စနိုက်ပါသမားတွေလည်း ရှိနေသေးတယ်...'

အသံလက်ထောက်က မေးလိုက်သည်။

'အပိုတွေပြောမနေနဲ့... ငါက အဲ့ဒီလောက်တော့ မအပါဘူး... ငါသာ ဝင်သွားခဲ့ရင် ပြန်ထွက်လာဖို့တောင် ခက်ခဲလိမ့်မယ်... ဗုံးဘယ်နှစ်လုံးမှ မခွဲရသေးခင် ငါကိုယ်တိုင် အရင်သေသွားလိမ့်မယ်...'

ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြန်လည်တုံ့ပြန်လိုက်သည်။

သူက အခြေခံခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည်ကို ထိုးနှံထားသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက လူသားများ၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသော်လည်း တိုက်ခိုက်၍မရနိုင်အောင် အစွမ်းထက်နေခြင်းတော့ မဟုတ်ပေ။

စနိုက်ပါကျည်ဆန် ထိမှန်ပါက သူလည်း သေချာပေါက် သေဆုံးမည်ဖြစ်သည်။ လူရာပေါင်းများစွာက သူ့ကို ဝိုင်းဝန်းပစ်ခတ်ကြမည်ဆိုလျှင် ကျည်ဆန်ဆယ်ဂဏန်းခန့် ထိမှန်ရုံဖြင့် သူ၏ဘဝလည်း ပြီးဆုံးသွားမည်ဖြစ်သည်။ လက်ရှိ ဆွန်ဖုန်း၏ စွမ်းဆောင်ရည်အရ လူဆယ်ဂဏန်းခန့်နှင့် ရင်ဆိုင်ရာတွင်တော့ အလွယ်တကူ ကစားနိုင်သော်လည်း လူရာပေါင်းများစွာနှင့် ရင်ဆိုင်ခြင်းမှာ သေလမ်းကို ရှာနေခြင်းပင်ဖြစ်သည်။

'ဟီးဟီး... ငါစဉ်းစားပြီးပြီ... ငါ့ရဲ့ အစွမ်းအထက်ဆုံး လျှို့ဝှက်လက်နက်ကို သုံးပြီး သူတို့နဲ့ ကစားရမယ်...'

ဆွန်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် လူယုတ်မာဆန်သော အပြုံးတစ်ခု ပေါ်လာသည်။

'ရေငုပ်စစ်ဝတ်စုံကို ဆင့်ခေါ်လိုက်...'

ဆွန်ဖုန်းက တိုးညင်းစွာ ရေရွတ်လိုက်သည်။

တစ်စက္ကန့်အကြာတွင် ဆွန်ဖုန်း ပျောက်ကွယ်သွားပြီး သူ၏နေရာတွင် မျက်စိကျိန်းမတတ် တောက်ပနေသော အနီရောင် သံမဏိလူသားတစ်ဦး အစားထိုး ဝင်ရောက်လာခဲ့သည်။ ဟုတ်ပေသည်။ ဆွန်ဖုန်းက ဤစစ်ဝတ်စုံဖြင့် ခိုးဝင်ကာ အထဲတွင် ဗုံးများကို ပရမ်းပတာ ပစ်ခွဲရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ထိုလူများကို အသေအလဲ ကစားပေးမည်ဖြစ်သည်။

'အကာအကွယ်ဒိုင်းကို ဖွင့်လိုက်...'

ရေငုပ်စစ်ဝတ်စုံကို ဝတ်ဆင်ပြီးနောက် ဆွန်ဖုန်းက အကာအကွယ်ဒိုင်းကို ဖွင့်ရန် အမိန့်ပေးလိုက်သည်။

ဤသို့ဖြင့် ဆွန်ဖုန်း၏ ရေငုပ်စစ်ဝတ်စုံမှာ ချက်ချင်းဆိုသလို ကိုယ်ပျောက်သွားတော့သည်။ ဤသည်မှာ အမှန်တကယ် ကိုယ်ပျောက်သွားခြင်းပင်ဖြစ်သည်။ ဤကဲ့သို့သော နည်းပညာမှာ လက်ရှိအချိန်တွင် အလွန်ထူးဆန်းနေမည်ဖြစ်သော်လည်း X ကြယ်စုတန်းတွင်တော့ အတော်လေး ရိုးရှင်းသော ကိစ္စတစ်ခုသာဖြစ်သည်။ ထို့အပြင် လက်ရှိကမ္ဘာပေါ်တွင်လည်း ကိုယ်ပျောက်လေယာဉ်များ ရှိနေပြီမဟုတ်ပါလား။ ထိုကိုယ်ပျောက်လေယာဉ်များမှာ အလင်းတန်းများကို အသုံးပြု၍ ကိုယ်ပျောက်သယောင် ဖန်တီးထားခြင်းသာ ဖြစ်သော်လည်း။

ရေငုပ်စစ်ဝတ်စုံက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည့် အကာအကွယ်ဒိုင်းကို ဖွင့်ပြီးနောက် ပြတိုက်ဆီသို့ အေးအေးလူလူ လမ်းလျှောက်သွားတော့သည်။

အကာအကွယ်ဒိုင်း၏ ကာကွယ်မှုကြောင့် အခြားသူများက ရေငုပ်စစ်ဝတ်စုံကို မမြင်နိုင်သလို ရေဒါများဖြင့်လည်း ထောက်လှမ်း၍ မရနိုင်ပေ။

'ဟားဟား... ပျော်စရာကြီး... ပျော်စရာကြီးပဲ...'

ဆွန်ဖုန်း ပြတိုက်၏ အဓိကတံခါးကြီးသို့ ရောက်ရှိသွားသောအခါ လုံခြုံရေးဝန်ထမ်းများက သေနတ်များကိုယ်စီ ကိုင်ဆောင်ကာ အသင့်အနေအထားဖြင့် စောင့်ကြပ်နေကြသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့ စောင့်နေသော လူဆိုးကြီးမှာ သူတို့၏ မျက်စိရှေ့မှ ဗြောင်ကျကျ ဖြတ်သွားသည်ကို သူတို့ လုံးဝမသိကြပေ။

မကြာမီမှာပင် ဆွန်ဖုန်းတစ်ယောက် ပြတိုက်၏ အဓိကတံခါးကြီးမှတစ်ဆင့် အသံတိတ် ဝင်ရောက်သွားခဲ့သည်။

ဤအချိန်တွင် ပြတိုက်အတွင်းရှိ ပြခန်းအသီးသီးမှာ မီးရောင်များဖြင့် ထိန်လင်းနေသည်။ အတွင်း၌ ကင်းလှည့်နေသော အဖွဲ့ပေါင်း သုံးဆယ်ကျော်ရှိပြီး တစ်ဖွဲ့လျှင် လူငါးယောက်ပါဝင်သည်။

ထို့အပြင် ဤနေရာရှိ လုံခြုံရေးကင်မရာများနှင့် သူခိုးဖမ်းစနစ်များကိုလည်း အားလုံး ဖွင့်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က အနီအောက်ရောင်ခြည်များ သို့မဟုတ် ဆင်ဆာများကို ထိမိပါက သို့မဟုတ် ကင်မရာမှ မသင်္ကာဖွယ် လူတစ်ဦးကို ဖမ်းယူရရှိပါက အချက်ပေးခေါင်းလောင်းများ ချက်ချင်း မြည်လာမည်ဖြစ်သည်။

ယခုအချိန်က ၈ နာရီ ၄၀ မိနစ် ရှိနေပြီဖြစ်ရာ ဆွန်ဖုန်း၏ ကြွားဝါသော ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဆယ်မိနစ်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။

လုံခြုံရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများမှာ ဆယ်မိနစ် ကြာသွားသည့်တိုင်အောင် မည်သည့်ထူးခြားမှုမျှ မရှိသေးသလို ကျူးကျော်သူလည်း မတွေ့ရသေးသဖြင့် သူတို့၏ စိုးရိမ်ပူပန်နေသော စိတ်များ အနည်းငယ် သက်သာရာ ရသွားကြသည်။

"အဲ့ဒီ ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ ဆိုတာ တကယ်တော့ လာရဲမှာမဟုတ်ပါဘူး... ကြည့်လေ... ငါတို့ဒီလောက်များတဲ့ လူတွေနဲ့ စောင့်နေတာကို သူတို့သာ လာရဲရင် ငါကိုယ်တိုင် ပျားအုံလိုဖြစ်သွားအောင် ပစ်သတ်ပစ်မယ်..."

"အင်း... ငါလည်း သူတို့ လာရဲမယ်မထင်ဘူး... သူတို့ အဲ့ဒီဗီဒီယိုဖိုင်ကို တင်လိုက်တာက ငါတို့ကို ခြောက်လှန့်ပြီး အထိတ်တလန့်ဖြစ်အောင် လုပ်ချင်ရုံ သက်သက်ပဲနေမှာပါ... ဒါပေမဲ့ သူတို့ ဒီလိုလုပ်လိုက်တော့လည်း ငါတို့က မကာကွယ်ဘဲ နေလို့မရပြန်ဘူး... တကယ်လို့သာ တကယ်လာရင် ပြဿနာကြီးသွားမှာလေ..."

"ဟုတ်တယ်... ရန်သူက အမှောင်ထဲမှာ ရှိနေပြီး ငါတို့က အလင်းထဲမှာ ရှိနေတာကိုး... ဒါက တတ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ... အပြစ်တင်ချင်ရင် အဲ့ဒီစုံစမ်းရေးအဖွဲ့က အသုံးမကျတဲ့ကောင်တွေကိုပဲ အပြစ်တင်ရမှာပဲ... အခုထက်ထိ တစ်ဖက်လူက ဘယ်သူလဲ သူတို့ရဲ့ ဌာနချုပ်က ဘယ်မှာလဲဆိုတာကိုတောင် မစုံစမ်းနိုင်သေးဘူး... တကယ်ကို အသုံးမကျတာ..."

"ဟေ့... လျိုရှန်း... မင်း အဲ့ဒီလောက် အကျယ်ကြီး မပြောနဲ့... ဒီမှာ ကင်းလှည့်နေတဲ့အထဲမှာ စုံစမ်းရေးအဖွဲ့က လူတွေလည်း ပါတယ်... တကယ်လို့ သူတို့ ကြားသွားရင် မကောင်းဘူးလေ..."

"ဟွန့်... သူတို့ကို ပြောတော့ရော ဘာဖြစ်လဲ... သူတို့ အသုံးမကျတာကို ဘယ်သူ့သွားအပြစ်တင်ရမှာလဲ..."

ကင်းလှည့်အဖွဲ့တစ်ဖွဲ့က နေရာတစ်နေရာတွင် ခဏနားကာ ဆေးလိပ်သောက်ရင်း စကားပြောနေကြသည်။ ထိုအချိန်တွင် ဆွန်ဖုန်းက သူတို့ရှေ့မှ တိတ်တဆိတ် ဖြတ်သွားသော်လည်း သူတို့ လုံးဝ သတိမထားမိကြပေ။

မကြာမီမှာပင် ဆွန်ဖုန်းက ပြခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဤပြခန်းကို ဆွန်ဖုန်းက အစောကတည်းက လေ့လာထားပြီးဖြစ်သည်။ ဤနေရာတွင် သိမ်းဆည်းထားသော ရှေးဟောင်းပစ္စည်းပေါင်း တစ်သောင်းကျော်ခန့် ရှိသည်။ အများစုမှာ တရုတ်ပြည် ရှေးခေတ်မှ ရှေးဟောင်းပစ္စည်းများဖြစ်ပြီး အမျိုးအစား စုံလင်လှသည်။ အများစုမှာ မင်မင်းဆက်နှင့် ချင်းမင်းဆက်တို့မှဖြစ်ပြီး ဆုန့်မင်းဆက်နှင့် ယွမ်မင်းဆက်တို့မှ ပစ္စည်းအနည်းငယ်လည်း ပါဝင်သည်။

မှန်သေတ္တာများအတွင်းရှိ မြောက်မြားစွာသော ရှေးဟောင်းပစ္စည်းများကို ကြည့်ရင်း ဆွန်ဖုန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

သူက ဤရှေးဟောင်းပစ္စည်းများအားလုံးကို ယူဆောင်သွားချင်သော်လည်း ထိုသို့လုပ်ဆောင်ရန်မှာ အလွန်ခက်ခဲမည်ကို သိထားသည်။ သူ ယူဆောင်သွားပြီးလျှင်တောင် ပြန်လည်ရောင်းချရန် ခက်ခဲမည်ဖြစ်သည်။ ထို့အပြင် ဤပစ္စည်းများကို မိခင်နိုင်ငံသို့ ပြန်ပို့ပေးလျှင်ရော ဘာထူးမည်နည်း။ ထိုသို့လုပ်မည့်အစား အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ခြင်းကမှ ပိုကောင်းဦးမည်။ ဤနေရာတွင် ဆက်လက်ထားရှိခြင်းက အရှက်ရဖွယ်ရာတစ်ခုသာ ဖြစ်သည်။

ဤပြခန်းအတွင်း၌လည်း လုံခြုံရေးကင်မရာများ တပ်ဆင်ထားသော်လည်း ဆွန်ဖုန်းတွင် ရှာဖွေထောက်လှမ်းရေးစနစ် ရှိနေသဖြင့် တစ်စက္ကန့်အတွင်းမှာပင် ပြခန်းအတွင်းရှိ ကင်မရာများနှင့် အချက်ပေးစနစ်များအားလုံးကို အသေးစိတ် သိရှိသွားခဲ့သည်။

အရာအားလုံးကို ရှင်းလင်းစွာ သိရှိသွားပြီးနောက် ဆွန်ဖုန်းက အချိန်မဆွဲတော့ဘဲ ကင်မရာများ ဖမ်းမမိနိုင်သော ထောင့်ကွယ်များတွင် အချိန်ကိုက်ဗုံးများကို စတင်တပ်ဆင်တော့သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ပြခန်းအတွင်း၌ ဗုံးဆယ်လုံးကျော် တပ်ဆင်ပြီးသွားခဲ့သည်။

သူ နောက်ပြခန်းတစ်ခုသို့ သွားရန် ပြင်လိုက်ချိန်တွင် တံခါးဝမှ ကင်းလှည့်အဖွဲ့တစ်ဖွဲ့ ဝင်လာသဖြင့် အလျင်အမြန် ရပ်တန့်လိုက်ရသည်။

"သွား... အထဲဝင်ကြည့်ရအောင်..."

လူငါးယောက်ပါဝင်သော အဖွဲ့က အထဲသို့ဝင်ကာ တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် မည်သည့်ထူးခြားမှုမျှ မတွေ့ရသဖြင့် ပြန်ထွက်သွားကြသည်။ ထို့နောက် ဆွန်ဖုန်းလည်း ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

ဤနေရာရှိ အချိန်ကိုက်ဗုံးများအားလုံးကို ဆွန်ဖုန်းက အချိန်ကိုက်သတ်မှတ်ထားပြီးဖြစ်သည်။ အချိန်ကျရောက်သည်နှင့် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အားလုံး တစ်ပြိုင်နက် ပေါက်ကွဲသွားမည်ဖြစ်သည်။

နောက်ထပ် နာရီဝက်ခန့်အကြာတွင် ဆွန်ဖုန်းက ပြခန်းအသီးသီးသို့ လှည့်လည်ကာ အချိန်ကိုက်ဗုံးများကို တပ်ဆင်ခဲ့သည်။ အကာအကွယ်ဒိုင်း၏ ကာကွယ်မှုကြောင့် နာရီဝက်ခန့်ကြာအောင် တိတ်တဆိတ် တပ်ဆင်နေသည့်တိုင်အောင် မည်သူကမျှ သတိမထားမိခဲ့ကြပေ။

မကြာမီမှာပင် ပြတိုက်ကြီးတစ်ခုလုံးရှိ နေရာအနှံ့အပြားတွင် အစွမ်းထက်အချိန်ကိုက်ဗုံး သုံးရာကျော်ကို ဆွန်ဖုန်း တပ်ဆင်ပြီးသွားခဲ့သည်။

ဤဗုံးများအားလုံး ပေါက်ကွဲသွားပါက အလွန်လှပသော မီးရှူးမီးပန်းပွဲကြီးတစ်ခု ဖြစ်လာမည်ဟု ဆွန်ဖုန်း ယုံကြည်ထားသည်။ ထိုအချိန်ကျလျှင်တော့... ဟီးဟီး... အတော်လေး ကြည့်ကောင်းပေလိမ့်မည်။

အရာအားလုံးကို အဆင်သင့်လုပ်ဆောင်ပြီးနောက် ဆွန်ဖုန်းက ခြေဖျားထောက်ကာ နောက်ပြန်လှည့်ပြီး ပြတိုက်ထဲမှ ထွက်ခွာလာခဲ့သည်။

ဤအချိန်တွင် ပြတိုက်တစ်ခုလုံးရှိ လုံခြုံရေးဝန်ထမ်းများနှင့် ရဲများအားလုံးမှာ အလွန်အမင်း စိတ်ပူပန်နေကြသည်။ နာရီဝက်ခန့် ကြာသွားသည့်တိုင်အောင် မည်သည့်ထူးခြားမှုမျှ မတွေ့ရသေးပေ။

"ငါပြောသားပဲ... အဲ့ဒီသူခိုးက လာရဲမှာမဟုတ်ပါဘူးလို့... ငါတို့ဒီလောက်များတဲ့ လူတွေ ဒီမှာရှိနေတာကို တွေ့ပြီး သံချပ်ကာကား နှစ်စီးကိုပါ မြင်လိုက်ရတော့ သူ သေချာပေါက် ကြောက်သွားပြီလေ... ဟားဟား... အင်တာနက်ပေါ်မှာ ဗီဒီယိုတင်ပြီး ပြတိုက်ကို မြေလှန်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေသေးတယ်... ငါကြည့်ရသလောက်တော့ သူက အသုံးမကျတဲ့ အရူးတစ်ယောက်ပဲ... လေလုံးထွားတတ်တဲ့ အရူးတစ်ယောက်..."

"ဟုတ်တယ်... မင်းကြည့်လေ... အချိန်က နာရီဝက်တောင် ကျော်နေပြီ... သူ လာမှမလာသေးတာ... ငါတို့ရဲ့ အင်အားကိုမြင်ပြီး ကြောက်လန့်သွားတာ သေချာတယ်..."

"ငါထင်တာတော့ ငါတို့တွေ ခဏနေရင် အလုပ်သိမ်းလို့ ရလောက်ပြီ... အဲ့ဒီလူသတ်သမားက လာရဲမှာ မဟုတ်တော့ဘူး..."

"အလုပ်သိမ်းမယ်... ဟားဟား... မင်း စိတ်ကူးယဉ်နေတာလား... ဒီနေ့ည အဲ့ဒီကောင် မလာရင်တောင် ငါတို့တွေ အလုပ်သိမ်းလို့ရမှာ မဟုတ်ဘူး... အထက်လူကြီးတွေရဲ့ စရိုက်ကို မင်းသိသားပဲ... သူတို့က မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာမှာကို အမြဲတမ်း စိုးရိမ်နေတတ်တာ... ဒါကြောင့် ငါတို့ကို ဒီမှာပဲ ဆက်ပြီး စောင့်ခိုင်းထားမှာ သေချာတယ်... ရက်အတော်ကြာကြာ ဆက်စောင့်ရဖို့တောင် ရှိသေးတယ်..."

"သောက်ကျိုးနည်းပဲ... ဒီနေ့ည ငါအိမ်ပြန်ပြီး ငါ့ရဲ့ ယင်းကျစ် နဲ့ အိပ်ချင်နေတာကို... တကယ်ကို စိတ်ပျက်စရာပဲ..."

"ယင်းကျစ်... ဘယ်ယင်းကျစ်လဲ..."

"လျိုချင်းယင်းကျစ် လေ... ငါ အသစ်ရထားတဲ့ ကောင်မလေး..."

"ဘာ... လျိုချင်းယင်းကျစ်... ဟျောင့်... အဲ့ဒါ ငါ့ကောင်မလေးလေ... အား... မင်း ဒီခွေးကောင် ငါ့ကောင်မလေးကိုများ သွားပတ်သက်ရဲတယ်ပေါ့လေ... ဝါတာနာဘေး... ငါမင်းနဲ့ တစ်ယောက်ချင်း ချမယ်..."

"သြော်... ယင်းကျစ် ပြောဖူးတဲ့ သူ့ရဲ့ ရည်းစားဟောင်း ငါးစက္ကန့်တောင် မခံတဲ့ကောင်ဆိုတာ မင်းကိုး... ဟားဟား... ချွန်းရှား ကောင်လေး..."

မကြာမီမှာပင် ထိုလူနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ထိုးကြိတ်သတ်ပုတ်ကြတော့သည်။

ယာယီကွပ်ကဲမှုစခန်းအတွင်း၌ဖြစ်သည်။

ကွမ်ခိုလျန်ဖူက နာရီကို ကြည့်လိုက်သည်။ ယခုအချိန်က ကိုးနာရီကျော်နေပြီဖြစ်ရာ ဗီဒီယိုထဲတွင် ပြောထားသည့်အချိန်ထက် တစ်နာရီခန့်ပင် ကျော်လွန်နေပြီဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်အထိ တစ်ဖက်လူ ပေါ်လာခြင်း မရှိသေးပေ။

ကွမ်ခိုလျန်ဖူက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ကြည့်ရတာ တစ်ဖက်လူက တကယ်ပဲ ပေါ်လာရဲပုံမပေါ်ဘူး... ဒီလိုလုပ်ကြရအောင်... ငါ မြေပြင်အခြေအနေကို သွားကြည့်လိုက်ဦးမယ်... တကယ်လို့ ဘာပြဿနာမှ မရှိဘူးဆိုရင် လူတွေကို ပြန်ဆုတ်ခိုင်းလိုက်တော့... လုံခြုံရေး အယောက်ငါးဆယ်လောက် ချန်ထားခဲ့ရင် ရပါပြီ..."

"ကောင်းပါပြီ အဖွဲ့ခေါင်းဆောင်... ကျွန်တော်ပါ လိုက်ခဲ့ပါ့မယ်..."

အီတိုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ဤတစ်နာရီနီးပါး အချိန်အတွင်း လူတိုင်းက ပြတိုက်ကိုသာ အာရုံစိုက်ကာ အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် စောင့်နေခဲ့ကြသည်။

သို့သော်လည်း တစ်နာရီကြာသည့်တိုင်အောင် တစ်ဖက်လူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။ သူတို့အားလုံးမှာ တစ်ဖက်လူ၏ လှည့်စားခြင်းကို ခံလိုက်ရသည်ဟု ခံစားနေကြရသည်။

"အာ... စစ်ဆင်ရေးအဖွဲ့ခေါင်းဆောင် လာပြီ... မြန်မြန်သွားပြီး အင်တာဗျူးလုပ်ရအောင်..."

ကွမ်ခိုလျန်ဖူနှင့် အီတိုတို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် သတင်းထောက် ရှစ်ယောက်ခန့်က အပြေးအလွှား ရောက်ရှိလာပြီး ကွမ်ခိုလျန်ဖူကို အင်တာဗျူးရန် ပြင်လိုက်ကြသည်။ လက်ရှိအခြေအနေ မည်သို့ရှိနေသနည်းဆိုသည်ကို သူတို့ သိချင်နေကြသည်။

"မင်္ဂလာပါရှင်... ကျွန်မက ဂျပန်ရုပ်သံလိုင်းက သတင်းထောက်ပါ... အခုအချိန်မှာ လူကြီးမင်းကို အင်တာဗျူးဖို့ အဆင်ပြေနိုင်မလားရှင်..."

ချစ်စရာကောင်းသော ဂျပန်အမျိုးသမီးလေးတစ်ဦးက အရှေ့ဆုံးမှ ပြေးထွက်လာကာ ကွမ်ခိုလျန်ဖူ၏ ရှေ့တွင် ပိတ်ရပ်ပြီး မေးလိုက်သည်။

"တောင်းပန်ပါတယ်... ကျွန်တော် အခု အချိန်မရဘူး... ဖယ်ပေးပါ..."

ကွမ်ခိုလျန်ဖူက အရှေ့တွင် လှပသော အမျိုးသမီးလေးတစ်ဦး ရှိနေသော်လည်း ရပ်တန့်ကာ အင်တာဗျူးလက်ခံရန် မရည်ရွယ်ပေ။ သူ့တွင် လုပ်စရာကိစ္စများ ရှိနေသေးသည်။

"စစ်ဆင်ရေးအဖွဲ့ခေါင်းဆောင်ရှင့်... အခုဆိုရင် အဲ့ဒီဗီဒီယိုထဲက သူခိုးပြောထားတဲ့အချိန်က တစ်နာရီလောက် ကျော်လွန်သွားခဲ့ပါပြီ... သူ ပေါ်မလာသေးဘူးဆိုတော့ တစ်ဖက်လူက မလာရဲတော့ဘူးလို့ ပြောလို့ရမလားရှင်... ဒါမှမဟုတ် သူက နောက်ပြောင်ခဲ့တာများလား... အခု စစ်ဆင်ရေးအဖွဲ့အနေနဲ့ သူ့ကို ဖမ်းမိထားပြီလား... ဒါမှမဟုတ် သူ့ရဲ့ သဲလွန်စတစ်ခုခုကိုရော ရှာတွေ့ထားပြီလားရှင်..."

ချစ်စရာကောင်းသော အမျိုးသမီးသတင်းထောက်လေးက ကွမ်ခိုလျန်ဖူ၏ အေးစက်သောမျက်နှာထားကြောင့် နောက်ဆုတ်မသွားဘဲ မေးခွန်းများကို တတွတ်တွတ် အဆက်မပြတ် မေးမြန်းနေသည်။ သတင်းထောက်တစ်ဦးအနေဖြင့် အင်တာဗျူးခံရသူများ၏ အေးစက်သော မျက်နှာထားများကို သူမ ရိုးအီနေပြီဖြစ်သည်။

"ဟုတ်ပါတယ်... အဲ့ဒီအကြမ်းဖက်သမားက ကြောက်သွားပြီလား... ပြီးတော့ သူက တကယ်ရော ဘယ်သူလဲ... အဲ့ဒီ ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ ဆိုတာ တကယ်ပဲ ရှိနေတာလား... သူတို့က အကြမ်းဖက်အဖွဲ့အစည်းလား..."

"လူကြီးမင်း... တကယ်လို့ တစ်ဖက်လူက တကယ်ပဲ လာရောက်တိုက်ခိုက်မယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ သူတို့ကို ရာနှုန်းပြည့် တားဆီးနိုင်ပါ့မလား..."

"ခေါင်းဆောင်ကြီး... ဒီကိစ္စအပေါ် ခင်ဗျား ဘယ်လိုမြင်လဲ..."

သတင်းထောက်များက တစ်ယောက်တစ်ပေါက် အော်ဟစ်မေးမြန်းနေကြပြီး ရှုပ်ယှက်ခတ်ကာ ကွမ်ခိုလျန်ဖူကို ပြတိုက်ထဲသို့ ဝင်ခွင့်မပေးဘဲ ဝိုင်းရံပိတ်ဆို့ထားကြသည်။

"ကျေးဇူးပြုပြီး ဖယ်ပေးကြပါ... ကျွန်တော့်မှာ တာဝန်ရှိတယ်... ခင်ဗျားတို့ကို အင်တာဗျူးဖြေဖို့ အချိန်မရှိဘူး..."

ကွမ်ခိုလျန်ဖူ၏ မျက်နှာထားက မည်းမှောင်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

သတင်းထောက်များက ကွမ်ခိုလျန်ဖူ၏ လူသတ်တော့မည့်အလား စူးရှသော မျက်လုံးများကို မြင်လိုက်ရသောအခါ အားလုံး ပါးစပ်ပိတ်သွားကြပြီး ဘေးသို့ လမ်းဖယ်ပေးလိုက်ကြသည်။

"ဟွန့်..."

ကွမ်ခိုလျန်ဖူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အီတိုနှင့်အတူ ပြတိုက်အဓိကတံခါးပေါက်မှတစ်ဆင့် ပြခန်းများရှေ့ရှိ ကွင်းပြင်ဆီသို့ အလျင်အမြန် ဝင်ရောက်သွားတော့သည်။

"ယဉ်ကျေးမှု လုံးဝမရှိဘူး... သွားရအောင်... ဒီအင်တာဗျူးကို လုပ်လည်း ထူးမှာမဟုတ်ပါဘူး... ငါကြည့်ရသလောက်တော့ ဒီနေ့ည အဲ့ဒီသူခိုးက တကယ်ပဲ လာရဲမှာ မဟုတ်တော့ဘူး... ငါတို့ ပြန်ကြရအောင်... အဓိပ္ပာယ်ရှိတဲ့ သတင်းလည်း ရမှာမဟုတ်ဘူး... သွားပြီး ထမင်းစားကြတာကမှ ပိုကောင်းဦးမယ်... ညခုနစ်နာရီကျော်လောက် ကပျာကယာ ပြေးလာရတာ အခုထိ ထမင်းတောင် မစားရသေးဘူး..."

သတင်းထောက်တစ်ယောက်က ညည်းတွားလိုက်သည်။

"ငါလည်း သဘောတူတယ်... သွားကြမယ်..."

ထိုအချိန်တွင် ကွမ်ခိုလျန်ဖူက ပြတိုက်အဓိကတံခါးပေါက်မှ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ကင်းလှည့်အဖွဲ့တစ်ဖွဲ့ အပြေးအလွှား ရောက်ရှိလာပြီး အော်ဟစ်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်... ပြဿနာတက်ပြီ... နံပါတ်သုံး ပြခန်းမှာ အချိန်ကိုက်ဗုံး နှစ်လုံး တွေ့ထားတယ်..."

"ဘာ..."

ကွမ်ခိုလျန်ဖူက ဤသတင်းကို ကြားလိုက်ရသောအခါ မျက်နှာအရောင် ပြောင်းသွားသည်။

"အခြားနေရာတွေမှာရော တွေ့သေးလား..."

ကွမ်ခိုလျန်ဖူက အလျင်အမြန် ရှေ့တိုးသွားပြီး ကင်းလှည့်အဖွဲ့ခေါင်းဆောင်ကို မေးလိုက်သည်။

"မ... မတွေ့သေးပါဘူး... ကျွန်တော်တို့ တွေ့တွေ့ချင်း လာသတင်းပို့တာပါ..."

"မကောင်းတော့ဘူး... အထဲမှာ ကင်းလှည့်နေတဲ့လူတွေ အကုန်လုံးကို ပြန်ဆုတ်ခိုင်းလိုက်... ပြီးရင် ဗုံးရှင်းလင်းရေးအဖွဲ့ကို အထဲဝင်ပြီး ဗုံးရှင်းခိုင်း... နောက်ပြီး ဒီနေရာကို ချက်ချင်း ပိတ်ဆို့ထားလိုက်... လူတိုင်း အမြင့်ဆုံး သတိဝီရိယနဲ့ အသင့်အနေအထားမှာ နေကြ..."

ကွမ်ခိုလျန်ဖူ၏ စကားသံ အဆုံးတွင် သူ၏အမိန့်များကို အကောင်အထည် မဖော်နိုင်မီမှာပင် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

'ဝုန်း...'

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး နံပါတ်သုံး ပြခန်းမှ ပြင်းထန်သော ပေါက်ကွဲမှုကြီး စတင်ဖြစ်ပေါ်လာသည်။ ထို့အပြင် ပေါက်ကွဲမှုက တစ်လုံးတည်း မဟုတ်ဘဲ အဆက်မပြတ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

'ဝုန်း... ဝုန်း... ဝုန်း...'

ဆူညံလှသော ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

အတွင်းပိုင်းရှိ ပြခန်းအသီးသီးမှ ပေါက်ကွဲမှုများ စတင်ဖြစ်ပေါ်နေသည်ကို ကွမ်ခိုလျန်ဖူ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ကြီးမားခန့်ညားသော အဆောက်အအုံကြီးများမှာ ပေါက်ကွဲမှု၏ ဒေါသတကြီး မီးတောက်များထဲတွင် ချက်ချင်းဆိုသလို ဝါးမြိုခံလိုက်ရပြီး အပျက်အစီးပုံကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။

"ပြီးပြီ... အကုန်ပြီးပြီ... ဒီလောက်များတဲ့ ဗုံးတွေက ဘယ်ကနေ ရောက်လာရတာလဲ..."

ကွမ်ခိုလျန်ဖူက မျက်စိရှေ့ရှိ ပေါက်ကွဲမှုများကို ကြည့်ရင်း ဆွံ့အမှင်သက်သွားရသည်။ ဗုံးပေါက်ကွဲမှုက တစ်လုံးနှစ်လုံး မဟုတ်ဘဲ ဆယ်ဂဏန်းနှင့်ချီ၍ တစ်ပြိုင်နက်တည်း ပေါက်ကွဲနေခြင်းဖြစ်သည်။

မြင့်မားထည်ဝါသော အဆောက်အအုံကြီးများမှာ ပေါက်ကွဲမှုမီးတောက်များထဲတွင် ချက်ချင်းဆိုသလို နစ်မြုပ်သွားပြီး အားလုံး အမှုန့်ဖြစ်သွားတော့သည်။ အပြင်ဘက်ရှိ လူအားလုံးမှာလည်း ရုတ်တရက် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသည်။

ပေါက်ကွဲမှု၏ အားပြင်းမှုနှင့် သိပ်သည်းမှုမှာ အလွန်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြတိုက်ကြီးတစ်ခုလုံးမှာ မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။

All Chapters