အခန်း ၃၁၈
Vol. 32 Ch. 318
အခန်း (၃၁၈) - သမီးမိန်းကလေး နှစ်ယောက်
'ဝုန်း... ဝုန်း... ဝုန်း...'
ပေါက်ကွဲသံများက တစ်လုံးထက်တစ်လုံး ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပြတိုက်ကြီးတစ်ခုလုံးမှာ အမြောက်တပ်ရင်းတစ်ခုက အမြောက်ပေါင်း ရာနှင့်ချီ၍ ပစ်ခတ်ဖျက်ဆီးသွားသည့်အလား အဆောက်အအုံများအားလုံး ပေါက်ကွဲမှုများအောက်တွင် ပြိုကျပျက်စီးသွားခဲ့ရသည်။
အတွင်း၌ ကင်းလှည့်နေသော လူရာပေါင်းများစွာမှာလည်း မည်သူမျှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။ အားလုံးမှာ ပေါက်ကွဲမှုမီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ပြာကျသွားကြလေပြီ။
ထိုအချိန်တွင် ကွမ်ခိုလျန်ဖူမှာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ခွေကျသွားတော့သည်။
ဤသို့သော ကိစ္စကြီး ဖြစ်ပွားသွားခဲ့ပြီဖြစ်ရာ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူတစ်ယောက်တည်း ပြီးဆုံးသွားခြင်းမဟုတ်ဘဲ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုလုံး ပြီးဆုံးသွားခြင်းပင်ဖြစ်သည်။ ဂျပန်အစိုးရပင်လျှင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော ဝေဖန်မှုဖိအားများကို ခံရတော့မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့က ဤအဖြစ်အပျက်ကို မတားဆီးနိုင်ခဲ့သောကြောင့်ပင်ဖြစ်သည်။
တစ်ဖက်လူက ပြတိုက်ကို ဖျက်ဆီးပစ်မည်ဟု ပြတ်ပြတ်သားသား ကြေညာထားခဲ့သည်။ ထို့အပြင် လုပ်ဆောင်မည့်နေရာနှင့် အချိန်ကိုပါ တိတိကျကျ ပြောပြထားခဲ့သေးသည်။ မိမိတို့ဘက်မှ လူရာပေါင်းများစွာကို စေလွှတ်ထားခဲ့သော်လည်း တားဆီးနိုင်ခြင်း လုံးဝမရှိခဲ့ပေ။
ယခုအခါ ပြတိုက်ကြီး ပြာကျသွားရုံသာမက ရှေးဟောင်းပစ္စည်း ကိုးသောင်းကျော်မှာလည်း အမှုန့်ဖြစ်သွားခဲ့ရသည်။ ထို့အပြင် အတွင်းရှိ လုံခြုံရေးဝန်ထမ်း ရာကျော်ခန့်ပါ အသက်ပေးလိုက်ရသည်။ ဤမျှကြီးမားဆိုးရွားလှသော အဖြစ်အပျက်ကြီး သတင်းပေါက်ကြားသွားသည်နှင့် အရာအားလုံး အဆုံးသတ်သွားတော့မည်ဖြစ်သည်။
"ငါ့ရဲ့ ရာထူးနေရာလေးတော့ သွားပါပြီ..."
ကွမ်ခိုလျန်ဖူက အရှေ့ဘက်ရှိ မီးပင်လယ်ကြီးကို ကြည့်ရင်း အသက်မပါသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ သူ အလုပ်ဖြုတ်ခံရတော့မည်မှာ သေချာသွားခဲ့ပြီဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်..."
ဘေးတွင်ရှိနေသော အီတိုက တစ်စုံတစ်ရာ ပြောချင်နေသော်လည်း သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်သည်။ သူကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်တော့မည် မဟုတ်ပေ။
"ပေါက်... တကယ်ကြီး ပေါက်ကွဲသွားတာပဲ..."
အစောက ထမင်းသွားစားရန် ပြင်နေသော သတင်းထောက်များမှာ အရှေ့ဘက်မှ ကောင်းကင်နှင့်မြေကြီး တုန်ဟည်းသွားစေသော ပေါက်ကွဲမှုကြီးကို မြင်လိုက်ရသောအခါ အကြီးအကျယ် လန့်ဖျပ်သွားကြသည်။
ဤမျှ ကြီးမားပြင်းထန်လှသော ပေါက်ကွဲမှုကြီးကြောင့် သူတို့အားလုံး သေးထွက်ကျမတတ် ကြောက်လန့်သွားကြသည်။ အထူးသဖြင့် အမျိုးသမီးသတင်းထောက်များမှာ ခြေထောက်များပင် ခွေကျသွားခဲ့ရသည်။ မျက်နှာများ ဖြူဖျော့သွားကာ အရှေ့ဘက်သို့ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြပြီး ပေါင်တံများမှာ တဆက်ဆက် တုန်ယင်နေကြသည်။
"မြန်မြန်... မြန်မြန် ဓာတ်ပုံရိုက်ကြ... ဗီဒီယိုပါ မှတ်တမ်းတင်ထား... ဒါက တကယ့်သတင်းခေါင်းကြီးပိုင်းပဲ... ဒီတစ်ခေါက် ငါတို့ လာတာ တကယ်ကို တွက်ခြေကိုက်သွားပြီ..."
အမျိုးသားသတင်းထောက်တစ်ဦးက အလွန်အမင်း တုန်လှုပ်နေသည့်ကြားမှပင် အမြန်ဆုံး သတိပြန်လည်လာခဲ့သည်။ ပေါက်ကွဲမှုက သူတို့ဆီသို့ မရောက်နိုင်ကြောင်း သိသွားသောအခါ ဘေးနားရှိ သတင်းထောက်များကို အလျင်အမြန် သတိပေးလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ဒါက သေချာပေါက် သတင်းခေါင်းကြီးပိုင်းပဲ... ဒီတစ်ခါတော့ အစိုးရကို ဖြတ်ရိုက်လိုက်သလိုပဲ... ဒီလိုကိစ္စမျိုး ဖြစ်သွားမှတော့ အဲ့ဒီလူတွေ ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့... ပြည်သူတွေကို ဘယ်လို ရှင်းပြကြမလဲ... အခုဆို ပြတိုက်ကြီးလည်း အပျက်အစီးပုံကြီး ဖြစ်သွားပြီ..."
သတင်းထောက်တစ်ဦးက သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာနေသည့်ဟန်ဖြင့် ပြောလိုက်သည်။ ဂျပန်လူမျိုးတိုင်းက မျိုးချစ်စိတ်ရှိကြသည်တော့ မဟုတ်ပေ။
အရှေ့မှ သတင်းထောက်မှာ ထိုကဲ့သို့သော လူမျိုးဖြစ်သည်။ အစောက ကွမ်ခိုလျန်ဖူက သူတို့ကို အရေးမလုပ်ခဲ့သဖြင့် ယခုလို အဖြစ်အပျက်မျိုး ဖြစ်သွားသောအခါ ကွမ်ခိုလျန်ဖူတစ်ယောက် တာဝန်မှ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သူ သိလိုက်သည်။
'ဖျပ်... ဖျပ်... ဖျပ်...'
ကင်မရာမှ ဓာတ်ပုံရိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
မကြာမီမှာပင် ထိုသတင်းထောက် ခုနစ်ယောက် ရှစ်ယောက်ခန့်က မျက်စိရှေ့ရှိ ပေါက်ကွဲမှုများကို မှတ်တမ်းတင်လိုက်ကြပြီး သူတို့၏ ရုပ်သံလိုင်းများနှင့် သတင်းစာတိုက်များထံသို့ အလျင်အမြန် ဆက်သွယ်လိုက်ကြသည်။ ဤသတင်းကို အမြန်ဆုံး အချိန်မီ ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
"ဒုက္ခပဲ... အဲ့ဒီသတင်းထောက်တွေ... မဖြစ်ဘူး... ဒီကိစ္စကို ငါတို့ အရင်ဆုံး ဖုံးဖိထားမှဖြစ်မယ်... အထက်လူကြီးတွေ ဆုံးဖြတ်ချက်ချတဲ့အထိ စောင့်ရမယ်... မြန်မြန်... အဲ့ဒီသတင်းထောက်တွေကို သွားတားလိုက်..."
ကွမ်ခိုလျန်ဖူက အသိဝင်လာပြီး မလှမ်းမကမ်းတွင် ဓာတ်ပုံရိုက်နေသော သတင်းထောက်များကို မြင်လိုက်ရသောအခါ ဘေးနားရှိ အီတိုကို ချက်ချင်း အမိန့်ပေးလိုက်သည်။
"ဟိုင်း..."
အီတိုက ခေါင်းညိတ်ပြပြီး ချက်ချင်း ပြေးသွားလေသည်။
"လူတွေ လာကြဦး... ဆေးရုံနဲ့ မီးသတ်တပ်ဖွဲ့ကို မြန်မြန် အကြောင်းကြားလိုက်... အမြန်ဆုံး လာခဲ့ဖို့ပြော... အဲ့လိုမှမဟုတ်ရင် ဘေးပတ်ဝန်းကျင်က အဆောက်အအုံတွေပါ ကူးစက်ကုန်လိမ့်မယ်..."
တည်ငြိမ်သွားသော ကွမ်ခိုလျန်ဖူက အခြေအနေမှာ အလွန်ဆိုးရွားသော ရလဒ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ပြောင်းလဲ၍မရနိုင်တော့ကြောင်း သိလိုက်သဖြင့် ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရန်သာ တတ်နိုင်တော့သည်။
အရာအားလုံးကို စီစဉ်ညွှန်ကြားပြီးနောက် ကွမ်ခိုလျန်ဖူက ကွပ်ကဲမှုစခန်းရှိ လူများကို ဆက်သွယ်ကာ ထူးခြားမှု တစ်စုံတစ်ရာ တွေ့ရှိခြင်း ရှိမရှိ မေးမြန်းလိုက်သည်။
တစ်ဖက်လူက ပြတိုက်ကို အမှန်တကယ် ဖျက်ဆီးသွားပြီဖြစ်ရာ ပြတိုက်အတွင်း၌ သေချာပေါက် ပေါ်လာခဲ့မည်ဖြစ်သည်။ ထို့ကြောင့် ထိုသူခိုးကို မြင်တွေ့ခဲ့ရခြင်း ရှိမရှိ သူတို့ကို စစ်ဆေးခိုင်းလိုက်သည်။
သို့သော်လည်း ကွပ်ကဲမှုစခန်းမှ လူများက ကွမ်ခိုလျန်ဖူထံသို့ သတင်းဆိုးတစ်ခုသာ ပေးလာခဲ့သည်။ တစ်ဖက်လူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရကြောင်း ဆိုလာသည်။ ထို့အပြင် စနိုက်ပါသမား ဆယ်ယောက်ကလည်း မသင်္ကာဖွယ် လူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ခဲ့ရပေ။
'တစ်ဖက်လူက နတ်ဘုရားတစ်ပါးများလား... သူက အချိန်ကိုက်ဗုံး ရာပေါင်းများစွာကို ပြတိုက်ထဲမှာ ဘယ်လိုလုပ်ပြီး တပ်ဆင်သွားခဲ့တာလဲ... သူက ကြိုတင်ပြီး တပ်ဆင်ထားခဲ့တာများလား...'
ကွမ်ခိုလျန်ဖူက မျက်မှောင်ကြုတ်လျက် အပြင်းအထန် စဉ်းစားခန်း ဝင်နေမိသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့က တာဝန်ရရချင်းမှာပင် လူအင်အားစုစည်းကာ ချက်ချင်း လာရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။ ယုတ္တိအရဆိုလျှင် တစ်ဖက်လူက သူတို့၏ မျက်စိအောက်တွင် ဗုံးရာပေါင်းများစွာကို လာရောက်တပ်ဆင်သွားရန် မဖြစ်နိုင်ပေ။ အဖြစ်နိုင်ဆုံး အကြောင်းပြချက်မှာ ရန်သူက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးမှ ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် တင်လိုက်ခြင်းဖြစ်သည်။ ဤဖြစ်နိုင်ခြေက အများဆုံးဖြစ်သည်။
သို့သော်လည်း သူတို့ ပြတိုက်သို့ ရောက်လာချိန်တွင် တစ်ကြိမ် အသေအချာ ရှာဖွေစစ်ဆေးခဲ့သေးရာ မည်သည့်အန္တရာယ်ရှိသော ပစ္စည်းကိုမျှ မတွေ့ရှိခဲ့ပေ။
ထို့အပြင် ပြတိုက်ဆိုသည်မှာ အရေးပါသော နေရာတစ်ခုဖြစ်သဖြင့် လုံခြုံရေးကလည်း ကောင်းမွန်နေမည်မှာ အသေအချာပင်ဖြစ်သည်။ တစ်ဖက်လူက ပြခန်းအသီးသီးတွင် ဗုံးရာပေါင်းများစွာကို မည်သို့လွယ်ကူစွာ တပ်ဆင်သွားနိုင်ခဲ့သနည်း။ ဤအချက်ကို ကွမ်ခိုလျန်ဖူတစ်ယောက် ခေါင်းကွဲမတတ် စဉ်းစားသော်လည်း အဖြေမရနိုင်အောင် ဖြစ်နေသည်။
ဤအချိန်တွင် ကွမ်ခိုလျန်ဖူ၏ စိတ်ထဲ၌ မေးခွန်းပေါင်း သောင်းခြောက်ထောင် ထွက်ပေါ်နေသည်။
တစ်ဖက်လူက တစ်ယောက်တည်း မဟုတ်ကြောင်း သူ အပြည့်အဝ ယုံကြည်ထားသည်။ လူတစ်ယောက်တည်းက ဤမျှကြီးမားသော စွမ်းဆောင်ရည်မျိုး ရှိနေရန် မဖြစ်နိုင်ပေ။ ဥပမာအားဖြင့် ဗုံးရာပေါင်းများစွာ တပ်ဆင်ခြင်းကို လူတစ်ယောက်တည်း လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ပြတိုက်ထဲတွင် လုံခြုံရေးဝန်ထမ်းများလည်း ရှိနေသေးရာ ဤမျှများပြားသော ဗုံးများကို မသိမသာ တပ်ဆင်သွားနိုင်ရန်မှာ အဖွဲ့အစည်းတစ်ခုလုံး ပူးပေါင်းလုပ်ဆောင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
"ဟူး... ဒါတွေ တွေးနေလည်း အပိုပါပဲ... ငါကိုယ်တိုင်တောင် ငါ့ကိုယ်ငါ မကာကွယ်နိုင်တော့ဘူး... တစ်ဖက်လူကို ဘယ်လိုဖမ်းရမလဲဆိုတာကရော... ဟက်... တစ်ဖက်လူက ညဉ့်နက်ပိုင်း မုဆိုးတစ်ယောက်လိုပဲ... အရိပ်အယောင်တောင် မမြင်ရဘူး... နည်းလမ်းတွေကလည်း တကယ့်ကို ကောင်းကင်ဘုံအထိတောင် ရောက်နေသလား အောက်မေ့ရတယ်..."
နောက်ဆုံးတွင် ကွမ်ခိုလျန်ဖူက ခေါင်းကွဲမတတ် စဉ်းစားသော်လည်း နားမလည်နိုင်သဖြင့် သက်ပြင်းတစ်ချက်ချကာ ဆက်မတွေးတော့ပေ။
အခန်းတစ်ခန်းအတွင်း၌ ဆွန်ဖုန်းက ကုလားကာကို လှန်ကာ အဝေးရှိ ပြတိုက်နေရာမှ တောက်လောင်နေသော မီးတောက်ကြီးများကို ကြည့်ရင်း အေးစက်စက် ပြုံးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ တကယ်ကို ပျော်စရာကောင်းသွားခဲ့ပြီဖြစ်သည်။ ကလဲ့စားလည်း ချေနိုင်ခဲ့သလို ဒေါသလည်း ပြေသွားခဲ့ပြီဖြစ်သည်။
ထိုနေ့ညမှာပင် သတင်းရုပ်သံလိုင်းများနှင့် အင်တာနက်ကွန်ရက်ပေါ်တွင် ပြတိုက်ဗုံးပေါက်ကွဲသည့် သတင်းများက အရူးအမူး ပျံ့နှံ့သွားတော့သည်။ အာဏာပိုင်များက သတင်းကို ပိတ်ပင်ရန် ကြိုးစားသော်လည်း မရနိုင်တော့ပေ။ ပေါက်ကွဲမှုက တိုကျိုမြို့လယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နိုင်ငံသားများစွာက မျက်ဝါးထင်ထင် ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြသည်။ သူတို့က ဘာကိုသုံးပြီး ဖုံးကွယ်နိုင်မည်နည်း။
ဂျပန်ရုပ်သံလိုင်း - ကမ္ဘာပေါ်တွင် အမောက်မာဆုံးသော ကြေညာချက်ကြီးက တကယ်ဖြစ်လာခဲ့ပြီ။ လွန်ခဲ့သော နှစ်နာရီကျော်က ဂျပန်တော်ဝင်လေလံရုံမှ နိုင်ငံတော်အဆင့် ရတနာဆယ်ခုကို ခိုးယူသွားခဲ့သော သူခိုးလူသတ်ကောင်က ပြတိုက်ကို အမှုန့်ဖြစ်အောင် လုပ်ပစ်မည်ဟု ကြေညာခဲ့သည်။ အစပိုင်းတွင် သူက လေလုံးထွားနေခြင်းသာဖြစ်မည်ဟု ကျွန်ုပ်တို့ ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။
ဤလူကြမ်းကြီးက လုံခြုံရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ၏ မျက်စိအောက်တွင် သူပြောသည့်အတိုင်း မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း။ ထိုရဲတွေ အကုန်လုံးက အမှိုက်တွေလား။ တစ်ဖက်လူက နောက်တစ်နာရီခွဲကြာလျှင် ပြတိုက်ကို ဖျက်ဆီးမည်ဟု ဗြောင်ကျကျ ကြေညာထားခဲ့သည်။ သင်တို့က လူရာပေါင်းများစွာ၊ စနိုက်ပါသမားများ၊ သံချပ်ကာကားများဖြင့် လုံခြုံရေးချထားခဲ့သော်လည်း ပြတိုက်ကို မကာကွယ်နိုင်ခဲ့ပေ။
နောက်ဆုံးတွင် ပြတိုက်ကြီး ပေါက်ကွဲသွားရုံသာမက လူတစ်ရာကျော်ပါ သေဆုံးသွားခဲ့ရသည်။ ထို့အပြင် တစ်ဖက်လူ၏ အရိပ်အယောင်ကိုမျှ မမြင်တွေ့ခဲ့ရဘဲ သူတစ်ပါး၏ ကစားခြင်းကို အပြည့်အဝ ခံလိုက်ရသည်။ အရှက်ရဖွယ်ပင်။ ဤသည်မှာ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော အရှက်ရဖွယ်ရာကိစ္စကြီးဖြစ်သည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ စွမ်းဆောင်ရည်အပေါ် ကျွန်ုပ်တို့ အလွန်အမင်း သံသယဖြစ်မိပါသည်။ ထို့အပြင် ထိုအဖွဲ့ခေါင်းဆောင်၏ အရည်အချင်းကိုလည်း သံသယဖြစ်မိပါသည်။ ကျွန်ုပ်တို့၏ အခွန်ငွေများကို ဘာလုပ်ဖို့ ဒီအသုံးမကျတဲ့ကောင်တွေကို ကျွေးမွေးထားရမှာလဲ။
ဂျပန်တိုင်းမ်သတင်းစာ - အစိုးရကို ဖြတ်ရိုက်လိုက်ခြင်း။ အကြမ်းဖက်သမားများက ဂျပန်ရဲတပ်ဖွဲ့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။ ဤလုံခြုံရေးဝန်ထမ်းများက ဘာအသုံးကျသနည်း။ သူတစ်ပါးက ကိုယ့်ခေါင်းပေါ်တက်ပြီး အညစ်အကြေးစွန့်သွားတာကိုတောင် ဘယ်နေရာကလာပြီး စွန့်သွားမှန်း မသိကြဘူး။ ယခုအချိန်အထိ တစ်ဖက်လူကို မဖမ်းမိသေးဘဲ အညစ်အကြေးတွေသာ ပေကျံနေခဲ့ရပြီ။ မင်းတို့က ဘာအသုံးကျလို့လဲ။ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေကို စားဖို့ပဲ သိကြတယ်။
အင်တာနက်ပေါ်တွင် - အသုံးမကျတဲ့ကောင်တွေ... အမှိုက်ကောင်တွေ... လူရာပေါင်းများစွာက လူတစ်ယောက်ကို သွားဖမ်းတာကို အရိပ်တောင် မတွေ့ခဲ့ရဘူး... အဲ့ဒီအပြင် လူတစ်ရာကျော်တောင် သေသွားသေးတယ်... အရေးအကြီးဆုံးက တစ်ဖက်လူက ပြတိုက်ကို ဖျက်ဆီးမယ်လို့ ဒီလောက် ဗြောင်ကျကျ ကြေညာထားတာကို မင်းတို့ လုံခြုံရေးဝန်ထမ်းတွေက တကယ်ကြီး အဖျက်ဆီးခံလိုက်ရတယ်... မင်းတို့ မျက်နှာတွေ ဘယ်နားထားမလဲ... ဒီကိုလာခဲ့စမ်း... ငါကိုယ်တိုင် မင်းတို့ကို အချက်တစ်သောင်းလောက် ရိုက်ပစ်မယ်...
ဖိုရမ်တစ်ခုတွင် - ငါထင်တာတော့ အဲ့ဒီမောက်မာတဲ့ အကြမ်းဖက်သမားက တရုတ်လူမျိုးပဲ ဖြစ်ရမယ်... ပြီးတော့ တရုတ်ပြည်နဲ့လည်း အများကြီး ပတ်သက်နေလိမ့်မယ်... တရုတ်ပြည်က အဖျက်အမှောင့်လုပ်ဖို့ လွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်... ငါတို့အားလုံး ပူးပေါင်းပြီး ကန့်ကွက်ဆန္ဒပြရမယ်...
တစ်ရက်ကြာပြီးနောက် ဤပေါက်ကွဲသံကြီးကဲ့သို့သော သတင်းက ဂျပန်တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားရုံသာမက ကမ္ဘာတစ်ဝန်းသို့ပါ ပျံ့နှံ့သွားတော့သည်။ ဤသတင်းက တကယ်ကို မိုက်လွန်းလှသည်။ အိုစမာဘင်လာဒင်ထက်ပင် ပိုမိုမိုက်လွန်းနေသည်။
ထိုမောက်မာသော သူခိုးက ပြတိုက်ကို ဖျက်ဆီးပစ်မည်ဟု ဗြောင်ကျကျ ကြေညာခဲ့ပြီးနောက် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက သွားရောက်စောင့်ကြပ်နေသည့်တိုင်အောင် အမှန်တကယ် အဖျက်ဆီးခံလိုက်ရပြီး လူတစ်ရာကျော်ပါ ငရဲပြည်သို့ ရောက်သွားခဲ့ရသည်။
ဤသတင်းကြောင့် ကမ္ဘာပေါ်ရှိ လူအများအပြားက ဂျပန်နိုင်ငံအား လှောင်ပြောင်ရယ်မောနေကြသည်။ သူတို့၏ စွမ်းဆောင်ရည်မဲ့မှုနှင့် အသုံးမကျမှုများကို လှောင်ပြောင်နေကြခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် တစ်ကမ္ဘာလုံးက 'ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့' ဟုခေါ်သော အဖွဲ့အစည်းကို စတင်ကြောက်ရွံ့လာကြသည်။ အကြောင်းမှာ ဤအဖွဲ့အစည်းကို လက်ရှိတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပြီး အန္တရာယ်အဆင့်အတန်းကို S အဆင့်အထိ တိုက်ရိုက်သတ်မှတ်လိုက်သောကြောင့်ဖြစ်သည်။
ဂျပန်နိုင်ငံ၏ မြို့တော်တွင် ဤမျှ ကောင်းကင်နှင့်မြေကြီး တုန်လှုပ်စေသော ကိစ္စရပ်မျိုးကို ကျူးလွန်ရဲပြီး လုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကာ မည်သူမျှ မသိရှိ မဖမ်းဆီးနိုင်ခြင်းက ဤအဖွဲ့၏ စွမ်းဆောင်ရည်မှာ ကမ္ဘာ့ထိပ်တန်း အကြမ်းဖက်အဖွဲ့အစည်းများ၏ ထိပ်ဆုံးနေရာသို့ တိုက်ရိုက် ရောက်ရှိသွားစေခဲ့သည်။
အမေရိကန်သတင်းစာ - ကြောက်ရွံ့ဖွယ်ကောင်းသော အကြမ်းဖက်အဖွဲ့အစည်းသစ် - 'ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့'။ ဤအဖွဲ့အစည်းက ဂျပန်တော်ဝင်လေလံရုံသို့ တစ်ခေါက်သွားရောက် ကစားခဲ့ပြီး လေလံရုံကြီးတစ်ခုလုံးကို ပျက်စီးသွားစေခဲ့သည်။ ထို့နောက် ဂျပန်ပြတိုက်ကိုပါ ဆက်လက်ဖျက်ဆီးပစ်ခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် လက်ရှိအချိန်အထိ ထိုအဖွဲ့အစည်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ သေချာမသိရသေးဘဲ မည်သည့်တိုးတက်မှုမျှ မရှိသေးပေ။ ဘက်ပေါင်းစုံမှ ခွဲခြမ်းစိတ်ဖြာချက်များအရ ဤအဖွဲ့အစည်းကို တရုတ်လူမျိုးများဖြင့် ဖွဲ့စည်းထားသည်ဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ကျူးလွန်ခဲ့သော ကိစ္စရပ်နှစ်ခုစလုံးမှာ ဘိုးဘေးများ၏ အရှက်ရဖွယ်ရာများကို ဆေးကြောပေးခြင်းဖြစ်ပြီး လုယက်ခံခဲ့ရသော ရှေးဟောင်းပစ္စည်းများကို ဖျက်ဆီးပစ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ဗြိတိန်သတင်းစာ - ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့က ကောင်းကင်နှင့်မြေကြီး တုန်လှုပ်စေသော ကိစ္စရပ်နှစ်ခုကို ကျူးလွန်ပြီးနောက် သူတို့၏ စွမ်းဆောင်ရည်မှာ အလွန်အမိုက်စားဖြစ်ကြောင်း သက်သေပြလိုက်သည်။ ထို့အပြင် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်မှာလည်း တကယ်ကို စိတ်ပျက်စရာကောင်းကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။
တရုတ်သတင်းစာ - သင်တို့က စွပ်စွဲနေတာပဲ... ကျွန်ုပ်တို့နဲ့ အဲ့ဒီ ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့နဲ့ လုံးဝကို မသက်ဆိုင်ပါဘူး... သူတို့လုပ်ခဲ့တဲ့ ကိစ္စတွေက ဂျပန်လူမျိုးတွေရဲ့ ရုပ်ရည်က တုံးအလွန်းလို့ အမြင်မကြည်တာနေမှာပါ... ဒီလို ဝက်တွေလိုလူမျိုးကို အနိုင်ကျင့်ရတာ သဘောကျလို့နေမှာပေါ့...
အပြန်အလှန် ငြင်းခုန်မှုများက ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဂျပန်တော်ဝင်လေလံရုံက ပေကျင်းပြတိုက်ထံမှ ထိုနိုင်ငံတော်အဆင့် ရတနာဆယ်ခုကို ထပ်မံတောင်းဆိုရဲခြင်း မရှိတော့ပေ။ အကြောင်းမှာ ယခင်က ဆွန်ဖုန်း ဗီဒီယိုဖိုင်ထဲတွင် သတိပေးထားခဲ့သည့်အတိုင်း ဂွေ့ထျန်ထိုက်လန်သာ ထပ်မံတောင်းဆိုရဲပါက ဂျပန်တော်ဝင်လေလံရုံကိုပါ အပြတ်ရှင်းပစ်မည်ဟု ဆိုထားသောကြောင့်ဖြစ်သည်။
ယခင်က ဂျပန်တော်ဝင်လေလံရုံ၏ ဥက္ကဋ္ဌ ဂွေ့ထျန်ထိုက်လန်က ထိုစကားကို အထင်သေးလှောင်ပြောင်ခဲ့သော်လည်း ပြတိုက်ကြီး ဖျက်ဆီးခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ သေးထွက်ကျမတတ် ကြောက်လန့်သွားခဲ့ရသည်။
သူက ပေကျင်းပြတိုက်ကို ထိုရတနာဆယ်ခု ပြန်ပေးရန် မည်သို့တောင်းဆိုရဲတော့မည်နည်း။ ဂျပန်ပြတိုက်၏ အဖြစ်ကို မမြင်ဘူးလား။ လူရာပေါင်းများစွာ စောင့်ကြပ်နေသည့်ကြားမှ အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။ သူသာ အဲ့ဒီလိုလုပ်ရဲရင် အသက်တိုချင်လို့ပဲ ဖြစ်ရမယ်။ လက်ရှိအချိန်တွင်တော့ သူ့ကိုယ်သူ ကာကွယ်ပေးရန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ကို လုံးဝ မျှော်လင့်မထားရဲတော့ပေ။
ထိုမျှမက ဂျပန်ပြည်သူများကပါ ဆန္ဒပြမှုများ စတင်လာကြသဖြင့် နောက်ဆုံးတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်အဆင့်ဆင့် အားလုံး ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီး အိမ်ပြန်ကာ လယ်လုပ်စားရန်သာ ရှိတော့သည်။
အချိန်များ အလျင်အမြန် ကုန်ဆုံးသွားပြီး မကြာမီမှာပင် နှစ်လကျော် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။
ဤနှစ်လကျော်အချိန်အတွင်း ဖုန်းရွေ့ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံမှာ နောက်ထပ်လဝက်ခန့်အကြာတွင် ပြီးစီးတော့မည်ဖြစ်သည်။ စိန့်ဖုန်းရေနံမြေတွင် လက်ရှိ ရေနံတွင်း ၅၀ ရှိနေပြီဖြစ်ပြီး လစဉ်ထုတ်လုပ်မှုမှာလည်း အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
အိုလီမြို့ငယ်လေးဘက်ရှိ စိန်မိုင်းများမှာလည်း တိုးတက်မှု အတော်လေးကောင်းမွန်နေသည်။
ထိုအထဲတွင် ဖုန်းရွေ့သုတေသနဌာနမှ ပင်လယ်ပြင် ရေနံတူးဖော်ရေးစင်မြင့်နှင့်ပတ်သက်သော သုတေသနမှာလည်း ကြီးမားသော အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။ လက်ရှိတွင် အသံလက်ထောက်က အလွန်အဆင့်မြင့်သော ပင်လယ်ပြင် ရေနံတူးဖော်ရေးစင်မြင့်တစ်ခုကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။ ဆွန်ဖုန်းက မကြာမီအချိန်အတွင်း ကမ်းလွန်ရေနံမြေတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသည်။
နှစ်လကျော် ကြာမြင့်သွားပြီးနောက် လျန်ယင်း မီးဖွားရန် နီးကပ်လာသလို ယန်ရွှယ် လည်း မီးဖွားရန် နီးကပ်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း လျန်ယင်းက ယန်ရွှယ်ထက် အနည်းငယ် ပိုစောသည်။
ယနေ့ကတော့ လျန်ယင်း ခွဲစိတ်မီးဖွားမည့်နေ့ပင်ဖြစ်သည်။
စိန့်ဂျွန်မြို့တော် ပထမဆေးရုံ၏ အထူးလူနာခန်းအတွင်း၌ လျန်ယင်းက ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဆွန်ဖုန်းနှင့် စကားပြောနေသည်။
ဘေးတွင် ဟယ်မင်ယီနှင့် ယန်ရွှယ်တို့လည်း ရှိနေပြီး သူတို့အားလုံး ပျော်ရွှင်စွာ စကားပြောနေကြသည်။ သို့သော်လည်း လျန်ယင်း၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်နေသည်ကို လူတိုင်း မြင်တွေ့နေရသည်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ကလေးမီးဖွားရမည်ဖြစ်ရာ မည်သို့ စိုးရိမ်စိတ်မရှိဘဲ နေမည်နည်း။
"ဖုန်း... ဒီတစ်ခေါက် သမီးလေးကို ဘယ်လိုနာမည်ပေးမလဲဟင်..."
လျန်ယင်းက ဆွန်ဖုန်း၏ လက်ကို ဆုပ်ကိုင်ရင်း ညင်သာစွာ မေးလိုက်သည်။ လွန်ခဲ့သောရက်အနည်းငယ်က ဆေးစစ်ချက်အရ သူမ၏ ဗိုက်ထဲရှိကလေးမှာ မိန်းကလေးဖြစ်ကြောင်း သိထားပြီးဖြစ်သည်။
"အင်း... ဒီကိစ္စကို ကိုယ် သေချာစဉ်းစားရဦးမယ်... မလောပါနဲ့... မင်း အရင်ဆုံး မွေးဖွားပြီးမှ ဆက်ပြောကြတာပေါ့... ဟားဟား..."
ဆွန်ဖုန်းက လျန်ယင်း၏ လက်ဆုပ်ကိုင်ထားသော ခွန်အားကို ခံစားမိလိုက်ရာ သူမ စိတ်ထဲတွင် အနည်းငယ် ကြောက်လန့်နေကြောင်း သိလိုက်သည်။
ထို့ကြောင့် အခြားအကြောင်းအရာများကို ပြောဆိုကာ သူမ၏ စိတ်ဖိစီးမှုများကို လျှော့ချပေးချင်နေသည်။ နောက်ထပ် တစ်နာရီအကြာတွင် သူမ ခွဲစိတ်မီးဖွားရတော့မည်ဖြစ်သည်။ ဆွန်ဖုန်းက မိမိတွင် ကလေးတစ်ယောက် ထပ်တိုးလာတော့မည်ဖြစ်ရာ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။
အင်း... နောက်ထပ် နှစ်ပတ်အကြာတွင် ယန်ရွှယ်လည်း ခွဲစိတ်မီးဖွားရတော့မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် သူက ကလေးသုံးယောက်၏ ဖခင်ဖြစ်လာတော့မည်ဖြစ်သည်။ သူ၏ ပခုံးပေါ်ရှိ တာဝန်များကလည်း ပိုမိုကြီးမားလာပြီဖြစ်သည်။
"ကောင်းပြီလေ... အဲ့ဒါဆို နာမည်လှလှလေး ပေးရမယ်နော်..."
"သိပါတယ်ကွာ... ကိုယ့်သမီးလေးက သေချာပေါက် လူတွေထဲက ဖီးနစ်ငှက်လေး ဖြစ်လာမှာပါ... နောင်ကျရင် လှပရုံတင်မကဘူး နာမည်လေးလည်း လှနေရမယ်... သေချာပေါက် တိုင်းပြည်ကို လှုပ်ခတ်နိုင်တဲ့ အလှလေး ဖြစ်လာမှာပါ... ဟားဟား..."
"ဒါပေါ့... ရှင် ကျွန်မရဲ့ မျိုးရိုးဗီဇကိုလည်း ကြည့်ဦးလေ... သူမက နောင်ကျရင် ကျွန်မထက်တောင် ပိုလှလာမှာ သေချာတယ်..."
လျန်ယင်းက မိမိ၏ ဗိုက်ကလေးကို ပွတ်သပ်ရင်း ချစ်စဖွယ် ရယ်မောကာ ပြောလိုက်သည်။
"ဒါပေါ့... ဒါပေါ့..."
ဆွန်ဖုန်းက ထောက်ခံလိုက်သည်။
မကြာမီမှာပင် လျန်ယင်း ခွဲစိတ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ဆွန်ဖုန်းမှာ ယခင်က ဟယ်မင်ယီ သားလေးမွေးဖွားစဉ်ကလောက် စိုးရိမ်ပူပန်နေခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် လျန်ယင်းကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ထိုးနှံပေးထားပြီးဖြစ်ရာ အခြေခံအားဖြင့် မည်သည့်အန္တရာယ်မျှ ရှိနိုင်မည်မဟုတ်ကြောင်း သူ သိထားသောကြောင့်ဖြစ်သည်။ ဤတစ်ကြိမ် မီးဖွားမှုက သေချာပေါက် ချောမွေ့သွားမည်ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် ခွဲစိတ်မှုက အလွန်ချောမွေ့သွားခဲ့ပြီး လျန်ယင်းက အလွန်ချစ်စရာကောင်းသော သမီးမိန်းကလေးတစ်ဦးကို မွေးဖွားပေးခဲ့သည်။
မွေးဖွားပြီး တတိယမြောက်နေ့တွင် အခန်းတွင်း၌ ဆွန်ဖုန်းက သူ၏ ပထမဆုံးသမီးလေးကို ပွေ့ချီကာ အလွန်အမင်း အလိုလိုက်ထားသည်။
ဤကလေးမလေးက ငိုတတ်သော ကောင်မလေးဖြစ်သော်လည်း ဆွန်ဖုန်း ပွေ့ချီလိုက်သည်နှင့် တစ်ပြိုင်နက် အငိုတိတ်သွားလေ့ရှိသည်။ ဆွန်ရွှိုက်ဆိုတဲ့ ထိုကောင်စုတ်လေးနှင့်တော့ တခြားစီပင်။ ထိုကောင်လေးမှာ သူ ပွေ့ချီလိုက်သည်နှင့် ထငိုတော့သည်မဟုတ်ပါလား။
"ဖုန်း... ရှင် သမီးလေးရဲ့ နာမည်ကို စဉ်းစားပြီးပြီလား..."
ကုတင်ပေါ်မှ လျန်ယင်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"စဉ်းစားပြီးပြီ... ဆွန်ယင်း လို့ ပေးရအောင်... ဉာဏ်ရည်ထက်မြက်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုတယ်လေ... မင်းဘယ်လိုထင်လဲ..."
ဆွန်ဖုန်းက ပြောလိုက်သည်။ ဤနာမည်ကို သူက အစောကတည်းက စဉ်းစားထားပြီးဖြစ်သည်။
ပြောရဦးမည်ဖြစ်ရာ ယန်ရွှယ်၏ ဗိုက်ထဲရှိ ကလေးအတွက်လည်း သူ နာမည်စဉ်းစားပြီးပြီဖြစ်သည်။ ယန်ရွှယ်၏ ဗိုက်ထဲရှိ ကလေးမှာလည်း မိန်းကလေးဖြစ်ပြီး မွေးဖွားလာပါက ဆွန်ရွှယ်ဟန် ဟု အမည်ပေးမည်ဖြစ်သည်။