← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း (၃၂၁) - အမှာစာများ လုယူကြခြင်း

လက်ရှိအချိန်တွင် ကုန်းတွင်းပိုင်းမှ ယူရေနီယံတူးဖော်ထုတ်လုပ်ခြင်းကသာ အကျိုးအမြတ်အများဆုံးရရှိသည့် လုပ်ငန်းဖြစ်သည်။ ၎င်း၏ ကုန်ကျစရိတ်က ပင်လယ်ရေမှ ထုတ်ယူခြင်းထက် လေးငါးဆခန့် သက်သာသောကြောင့်ဖြစ်သည်။

သို့သော်လည်း ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လက်ရှိ ကုန်းတွင်းပိုင်းရှိ ယူရေနီယံသတ္တုကြောများမှာ တစ်နေ့တခြား နည်းပါးလာပြီး တူးဖော်လေ နည်းပါးလေ ဖြစ်နေသည်။ ဆယ်စုနှစ်ပေါင်းများစွာ တူး ဖော်ပြီးနောက် ယခုအခါ ခန်းခြောက်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက နိုင်ငံအများအပြားသည် ယူရေနီယံထုတ်လုပ်ရန် အခြားနည်းလမ်းများကို စတင်ရှာဖွေလာခဲ့ကြသည်။ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူခြင်းမှာ အလွန်ဖြစ်နိုင်ခြေရှိသော နည်းလမ်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေထဲတွင် ယူရေနီယံများ အမြောက်အမြား ပါဝင်နေသောကြောင့်ပင်ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် ပင်လယ်ရေမှ ယူရေနီယံထုတ်ယူခြင်း အများစုမှာ ငွေရှာရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ နိုင်ငံတော်က ကိုယ်ပိုင်တည်ဆောက်ခြင်း သို့မဟုတ် နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖက်စပ်လုပ်ကိုင်ခြင်းမျိုးသာရှိပြီး ထုတ်လုပ်ရရှိသမျှကို ကိုယ်ပိုင် နျူကလီးယားစက်ရုံများအတွက်သာ အဓိက အသုံးပြုကြသည်။

ထို့ကြောင့် နိုင်ငံတော်နှင့် ဖက်စပ်လုပ်ကိုင်ခွင့်ရသော မည်သည့်စီးပွားရေးသမားမဆို အရှုံးမရှိနိုင်ကြောင်း သေချာပါသည်။ နိုင်ငံတော်၏ ငွေကိုရှာရခြင်းက အလွယ်ကူဆုံးဖြစ်ပြီး နိုင်ငံတော်ဆိုသည်မှာ ငွေကြေးကြွယ်ဝသော အဖွဲ့အစည်းကြီး မဟုတ်ပါလား။

ထို့အပြင် ကုန်းတွင်းပိုင်းရှိ ယူရေနီယံသတ္တုကြော အများစုကိုလည်း နိုင်ငံတော်ကသာ ထိန်းချုပ်ထားသည်။ ထို့ကြောင့် လက်ရှိတွင် ဆွန်ဖုန်းကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရရန် အလွန်ခက်ခဲလှသည်။ လုပ်ကိုင်ခွင့်ရလျှင်တောင် အသေးအဖွဲလောက်သာ လုပ်ကိုင်နိုင်သည်။

ယခုအခါ ဆွန်ဖုန်းက ပင်လယ်ရေမှ ယူရေနီယံထုတ်ယူခြင်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပြီဖြစ်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဤမျှကြီးမားသော စက်ရုံကြီးကို တည်ဆောက်ခြင်းမှာ ဆွန်ဖုန်းတစ်ယောက်တည်းတော့ မဟုတ်ပေ။

ဆွန်ဖုန်း၏ အချက်အလက်များအရ လက်ရှိ ကမ္ဘာပေါ်တွင် ပုဂ္ဂလိကပိုင် ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး ကုမ္ပဏီကြီး လေးခုရှိပြီး ၎င်းတို့၏ နှစ်စဉ်ထုတ်လုပ်မှုမှာ ယူရေနီယံ တန် ၁၅၀၀ ထက် မနည်းပေ။

"အခု ကျွန်မတို့က ဒီလုပ်ငန်းနယ်ပယ်ထဲကို အတင်းဝင်လာပြီး သူတို့ရဲ့ ဈေးကွက်ဝေစုကို လုယူနေတာဆိုတော့ တခြားသူတွေက ကျွန်မတို့ကို ပြဿနာရှာလာမလား မသိဘူးနော်..."

ဟွမ်ကျားချန်က ဆွန်ဖုန်းအား မေးလိုက်သည်။

"ဟင်းဟင်း... လာမှာတော့ သေချာတာပေါ့... ဈေးကွက်ယှဉ်ပြိုင်တာမျိုးဖြစ်ဖြစ် တခြားနည်းလမ်းတွေနဲ့ဖြစ်ဖြစ် လာကြမှာပဲ... ဒါပေမဲ့ ကိုယ်ကတော့ လုံးဝမကြောက်ပါဘူး... ငါတို့ရဲ့ ကုန်ကျစရိတ်က အရမ်းနည်းနေတာကို သူတို့ ဘယ်လိုပဲကစားကစား ကိုယ်က အကုန်ရင်ဆိုင်ပေးမယ်..."

ဆွန်ဖုန်းက ပြုံးလိုက်သည်။ သူလည်း စီးပွားရေးစစ်ပွဲမခင်းရသည်မှာ အတော်ကြာပြီဖြစ်သည်။

"ဒီလိုလုပ်ကြရအောင်... သန်ဘက်ခါကျရင် သတင်းစာရှင်းလင်းပွဲ လုပ်မယ်... ငါတို့ ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီ တရားဝင် လည်ပတ်နေပြီဆိုတာရယ် လစဉ်ထုတ်လုပ်မှုနှုန်း အချက်အလက်တွေကိုပါ တစ်ခါတည်း ကြေညာလိုက်မယ်... ဟီးဟီး... အဲ့ဒီလိုသာ လုပ်လိုက်ရင် အမှာစာလာတင်တဲ့သူတွေ တံခါးဝမှာ ကြိတ်ကြိတ်တိုးနေလိမ့်မယ်လို့ ကိုယ် ယုံကြည်တယ်..."

ဆွန်ဖုန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

လက်ရှိ ကမ္ဘာပေါ်တွင် ယူရေနီယံ လိုအပ်ချက်က အမြဲတမ်း ရောင်းလိုအားထက် ပိုများနေသည်။ ထုတ်လုပ်သမျှ ယူရေနီယံများက နျူကလီးယားစက်ရုံများ၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ယခု ဆွန်ဖုန်းဘက်တွင် ပစ္စည်းရှိနေပြီဖြစ်ရာ ထိုလူများက သေချာပေါက် လာရောက်ဝယ်ယူကြမည်ဖြစ်သည်။ မိမိ၏ ကုန်ပစ္စည်းကသာ ကောင်းမွန်နေပါက မရောင်းရမည်ကို လုံးဝ ပူစရာမလိုပေ။

"ကောင်းပြီ... ဒါဆို မနက်ဖြန် ကျွန်မ စီစဉ်လိုက်မယ်... သန်ဘက်ခါ သတင်းစာရှင်းလင်းပွဲ လုပ်ကြတာပေါ့... ကုမ္ပဏီဝက်ဘ်ဆိုက်ကနေလည်း ကြေညာချက် ထုတ်ပြန်လိုက်မယ်..."

ဟွမ်ကျားချန်က ပြောလိုက်သည်။

ဤသတင်းစာရှင်းလင်းပွဲကို စိန့်ဂျွန်မြို့တော်တွင် ကျင်းပရန် ဆွန်ဖုန်း ရည်ရွယ်ထားသည်။ အဘယ်ကြောင့်ဆိုသော် မြို့ငယ်လေးတွင် ကျင်းပပါက သွားလာရေး အဆင်မပြေနိုင်သောကြောင့်ဖြစ်သည်။

သုံးရက်မြောက်နေ့တွင် ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီက သတင်းစာရှင်းလင်းပွဲ ကျင်းပကာ စက်ရုံတရားဝင် စတင်လည်ပတ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့အပြင် ထုတ်လုပ်မှုနှုန်းနှင့် အရည်အသွေးဆိုင်ရာ အချက်အလက်များကိုပါ ထုတ်ပြန်ခဲ့ရာ ဤသတင်းက ချက်ချင်းဆိုသလို ဂယက်ရိုက်ခတ်သွားတော့သည်။ ယခင်က ပြင်ပလောကရှိ လူအများစုက X2 အမျိုးအစား စုပ်ယူရေးဆေးရည်ကို ကမ္ဘာ့အဆင့်မြင့်ဆုံးဟု အသိအမှတ်ပြုထားသော်လည်း ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဆိုသည်ကိုတော့ သံသယရှိနေခဲ့ကြသည်။

ယခု စမ်းသပ်လည်ပတ်ပြီးနောက် ထွက်ပေါ်လာသော ရလဒ်များက သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားခဲ့သည်။

တစ်နေ့လျှင် ယူရေနီယံ ၆ တန် (ဒုတိယနေ့ တရားဝင်လည်ပတ်ရာတွင် ၅ တန်မှ ၆ တန်သို့ တိုးလာသည်) ထုတ်လုပ်နိုင်ရုံသာမက ကုန်ကျစရိတ်မှာလည်း ၄၀ ရာခိုင်နှုန်းသာ ရှိတော့သည်။ ဤအချက်အလက်များ ထွက်ပေါ်လာသည်နှင့် ယူရေနီယံ အမြောက်အမြား လိုအပ်နေသူများအားလုံး သွေးနံ့ရသော ငါးမန်းများကဲ့သို့ သတင်းများကို အလုအယက် စုံစမ်းလာကြတော့သည်။

"ဒီကနေ့ မနက်ပိုင်းမှာ ဖုန်းရွေ့သတ္တုတူးဖော်ရေးကုမ္ပဏီရဲ့ လက်အောက်ခံ ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံကြီး တရားဝင် စတင်လည်ပတ်ခဲ့ပြီဖြစ်ပါတယ်... သတင်းများအရ ဒီစက်ရုံရဲ့ နှစ်စဉ်ထုတ်လုပ်မှုဟာ ယူရေနီယံ တန် ၂၀၀၀ ခန့်ရှိပြီး လစဉ်ထုတ်လုပ်မှုကတော့ အံ့မခန်း ၁၆၆ တန်အထိ ရှိနေပါတယ်..."

ကနေဒါ ညနေခင်းရုပ်သံသတင်းမှ သတင်းကြေညာသူက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဖတ်ကြားနေသည်။

"ဒီစက်ရုံကြီးကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း သတင်းများက ဆိုပါတယ်... ယူရေနီယံတစ်ပေါင် ထုတ်လုပ်မှုစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၈၀ သာရှိတဲ့အတွက် ဖုန်းရွေ့ကုမ္ပဏီဟာ လက်ရှိ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးနယ်ပယ်မှာ အကျိုးအမြတ်အများဆုံး ရရှိနိုင်မယ့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ..."

ကနေဒါ စီးပွားရေးသတင်းစာ၏ မျက်နှာဖုံးတွင်လည်း ခေါင်းကြီးပိုင်းဖြင့် ဖော်ပြထားသည်။

"ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးစက်ရုံ တရားဝင် စတင်လည်ပတ်ခဲ့ခြင်းသည် ပုဂ္ဂလိကပိုင် ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး လုပ်ငန်းများ၏ တရားဝင် အင်အားကြီးမားလာမှုကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အနေဖြင့် ၂ နှစ်မှ ၃ နှစ်အတွင်း ရင်းနှီးငွေအားလုံး ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ မကြာမီ ဤစက်ရုံကြီးက ဥက္ကဋ္ဌ ဆွန်ဖုန်းအတွက် ငွေကြေးများကို အဆက်မပြတ် ရှာဖွေပေးတော့မည်ဖြစ်သည်။ ကနေဒါနိုင်ငံရှိ နျူကလီးယားစက်ရုံ အများအပြားကလည်း ဖုန်းရွေ့ကုမ္ပဏီထံမှ ယူရေနီယံဝယ်ယူရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြသည်..."

ဤသတင်းထွက်ပေါ်လာပြီးနောက် အထူးသဖြင့် ဂျပန်နိုင်ငံမှာ အံကြိတ်ကာ ဒေါသထွက်နေကြသည်။ ပြီးခဲ့သည့်အကြိမ်က ဆွန်ဖုန်း၏ အကြီးအကျယ် ဒုက္ခပေးခြင်းကို ခံခဲ့ရသည်မဟုတ်ပါလား။ သို့သော်လည်း ဒုက္ခရောက်ခဲ့ရလျှင်တောင် သူတို့ ဘာမှမတတ်နိုင်ပေ။

ဂျပန်နိုင်ငံ၏ လက်ရှိ ယူရေနီယံထုတ်လုပ်မှုမှာ သူတို့၏ နျူကလီးယားစက်ရုံများအတွက် လုံလောက်မှု မရှိသေးပေ။ နှစ်စဉ်နှစ်တိုင်း လိုအပ်သော ယူရေနီယံများကို ပြည်ပမှ တင်သွင်းနေရသည်။ ဂျပန်နိုင်ငံ၏ ကုန်းတွင်းပိုင်းတွင် ယူရေနီယံ တန် ၈၀၀၀ ခန့်သာ ရှိပြီး အစောကတည်းက တူးဖော်ကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် နှစ်ပေါင်းများစွာကြာအောင် ပင်လယ်ရေမှ ထုတ်ယူခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းတို့ကိုသာ အားထားနေရသည်။ ဂျပန်နိုင်ငံမှာ သယံဇာတရှားပါးသဖြင့် စွမ်းအင်သုတေသနကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းအဆင့်၌ အမြဲရပ်တည်နေသည်။ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော်လည်း ယခုအခါ ဆွန်ဖုန်း၏ X အမျိုးအစား စုပ်ယူရေးဆေးရည်များကြောင့် သူတို့ အရေးနိမ့်သွားခဲ့ရပြီဖြစ်သည်။

ဂျပန်နိုင်ငံက ဒေါသထွက်နေသလို အမေရိကန်ကလည်း ဆွန်ဖုန်း၏ စက်ရုံထုတ်လုပ်မှုနှုန်းကို မနာလိုဖြစ်နေသည်။ ဗြိတိန်ကလည်း ထိုနည်းတူပင် မနာလိုဖြစ်နေကြသည်။ ဖုန်းရွေ့ကုမ္ပဏီ၏ ယူရေနီယံတစ်ပေါင် ထုတ်လုပ်မှုစရိတ် ဒေါ်လာ ၁၈၀ ဆိုသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့ မနာလိုဘဲ နေနိုင်ပါမည်လား။

သတင်းစာရှင်းလင်းပွဲ အပြီးတွင် ဆွန်ဖုန်းက ဟွမ်ကျားချန်ကို ခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်။ အိမ်တွင် တစ်ညအိပ်ပြီးမှသာ ဖုန်းရွေ့ကုမ္ပဏီ၏ ကိစ္စရပ်များကို ဆက်လက်ကိုင်တွယ်ရန် ရည်ရွယ်ထားသည်။

ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်တို့ ပြန်ရောက်လာသဖြင့် အမျိုးသမီးများအားလုံး ဝမ်းသာပျော်ရွှင်သွားကြသည်။

"ဝါး... အရမ်းချစ်စရာကောင်းတာပဲ... ငါက ကလေးနှစ်ယောက်ရဲ့ အဒေါ် ဖြစ်သွားပြန်ပြီပေါ့..."

ဟွမ်ကျားချန်က အိမ်ထဲသို့ ဝင်ဝင်ချင်း လျန်ယင်းနှင့် ယန်ရွှယ်တို့ ဆိုဖာပေါ်တွင် ပွေ့ချီထားသော ဆွန်ယင်းနှင့် ဆွန်ရွှယ်ဟန်လေးတို့ကို မြင်လိုက်ရသဖြင့် ချက်ချင်း ဆွဲဆောင်သွားခြင်း ခံလိုက်ရသည်။ သူမက မိခင်မေတ္တာများ ယိုဖိတ်လာကာ ဆွန်ယင်းလေးကို ပွေ့ချီပြီး စတင်ချော့မြှူနေတော့သည်။

"ဝါး... အရမ်းချစ်စရာကောင်းတယ်... လျန်ယင်းနဲ့ အရမ်းတူတာပဲ... ကြီးလာရင် လူငယ်လေးတွေ အများကြီးကို ဖမ်းစားနိုင်မယ့် အလှလေး ဖြစ်လာမှာ သေချာတယ်... ဘယ်လောက်တောင် ယောကျာ်းလေးတွေ ဝိုင်းဝိုင်းလည်နေမလဲ မသိဘူးနော်..."

ဟွမ်ကျားချန်က ရယ်မောကာ ပြောလိုက်သည်။

"ဒါပေါ့... သေချာတာပေါ့..."

လျန်ယင်းက ရယ်မောလိုက်သည်။ သူမ၏ သမီးလေး မျိုးရိုးဗီဇကောင်းမည်ကို သူမ အပြည့်အဝ ယုံကြည်ထားသည်။

"ဟွန့်... နောက်ဆိုရင် ငါ့သမီးတွေကို လာကြိုက်တဲ့ကောင်တွေသာ ငါ့ရဲ့ စစ်ဆေးမှုကို မအောင်မြင်ရင် ငါ့သမီးတွေကို ရည်းစားထားဖို့ လုံးဝ စိတ်ကူးမယဉ်နဲ့..."

ဆွန်ဖုန်းက ဒေါသတကြီးဖြင့် ဝင်ပြောလိုက်သည်။ အကယ်၍ ဘယ်ကောင်ကများ သူ၏သမီးလေးများကို လာကစားရဲပါက ထိုကောင်ကို မိန်းမလျာဖြစ်အောင် လုပ်ပစ်မည်ဖြစ်သည်။

"တကယ်လို့ သမီးက အဲ့ဒီကောင်လေးကို သဘောကျနေပြီး ရှင်က သဘောမကျဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ..."

ဟယ်မင်ယီက အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် အမျိုးသမီးများအားလုံးက ဆွန်ဖုန်းကို ပြိုင်တူလှမ်းကြည့်ကာ အဖြေကို စောင့်မျှော်နေကြသည်။

"အဲ့ဒါကတော့ အဲ့ဒီအချိန်ရောက်ရင် အခြေအနေ ကြည့်ရမှာပေါ့... ဒါပေမဲ့ လူဖြောင့်စိတ်ဖြောင့်တော့ ဖြစ်ရမယ်... တကယ်လို့ နှာဘူးကျကျ ကောက်ကျစ်စဉ်းလဲတဲ့ကောင်မျိုးဆိုရင်တော့ ဘယ်လိုသေသွားမှန်းတောင် မသိအောင် ငါကိုယ်တိုင် လုပ်ပစ်မယ်..."

ဆွန်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

အမျိုးသမီးများအားလုံး ဆွံ့အသွားကြသည်။

"ဘုရားရေ... ရှင်ပြောတဲ့ပုံစံကို ကြည့်ရတာ ရှင်ကိုယ်တိုင်က အဲ့ဒီလိုလူမျိုး ဖြစ်နေသလိုပဲနော်... နှာဘူးကျတယ် ကောက်ကျစ်စဉ်းလဲတယ်..."

ဟယ်မင်ယီက အနီးသို့ လျှောက်လာကာ ဆွန်ဖုန်း၏ နားရွက်ကိုလိမ်ဆွဲရင်း ဒေါသတကြီး ပြောလိုက်သည်။ သူမကိုယ်တိုင်က ဆွန်ဖုန်း၏ အပိုင်သိမ်းခြင်းကို ခံခဲ့ရသည်မဟုတ်ပါလား။

"ဘာလုပ်တာလဲ ဘာလုပ်တာလဲ... ကိုယ်က အဲ့ဒီလိုလူမျိုးလား... ကိုယ်က ရုပ်ချောပြီး တည်ကြည်ခန့်ညားတယ် လူဖြောင့်စိတ်ဖြောင့်ဖြစ်ပြီး မေတ္တာတရားလည်းရှိတယ် ရည်မှန်းချက်လည်း ကြီးမားတယ်... အဘွားအိုတွေကို လမ်းဖြတ်ကူးရင်တောင် ကူညီပေးတတ်တဲ့ လူငယ်လေးပါကွာ..."

ဆွန်ဖုန်းက ဟယ်မင်ယီ၏ လက်ကို ရိုက်ဖယ်လိုက်ပြီး အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစွာဖြင့် ပြောလိုက်သည်။

"အို... ဘယ်သူက ယုံမှာလဲ... ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆိုရင် သမီးလေးတွေ ရည်းစားရှာရင် သူတို့အဖေလို လူမျိုးကိုတော့ မရှာရင်ရပြီ..."

အမျိုးသမီးများက တစ်သံတည်း ပြိုင်တူပြောလိုက်ကြသည်။

ဘေးတွင်ထိုင်နေသော ဟွမ်ကျားချန်မှာ ဆိုဖာပေါ်တွင် အကြောဆွဲမတတ် ရယ်မောနေတော့သည်။

"ဟေ့ ဟေ့... ကလေးတွေကို ဒီလိုမျိုး သွန်သင်လို့ရမလား... ကိုယ့်ကိုတောင် မကောင်းတဲ့ ဥပမာအနေနဲ့ သုံးနေသေးတယ်... ဟင်... နေပါဦး... မင်းတို့တွေ အယားပြေချင်နေကြပြီလား..."

ဆွန်ဖုန်းက မျက်လုံးပြူးကာ သူ၏ ဩဇာအာဏာဖြင့် သူတို့ကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။ သူတို့တွေ တကယ်ကို လွန်လွန်းနေပြီ မဟုတ်ပါလား။

"ဟားဟား... စကားနိုင်မလုနိုင်တော့ အတင်းအဓမ္မ လုပ်ချင်နေပြီပေါ့လေ... ကျွန်မတို့က အခု မီးတွင်းထဲမှာ ရှိနေတာနော်... ရှင် ကျွန်မတို့ကို ထိရဲလို့လား..."

လျန်ယင်းက ဆွန်ဖုန်းကို နှုတ်ခမ်းသပ်ပြကာ ချစ်စဖွယ် ရန်စလိုက်သည်။

ယန်ရွှယ်ကလည်း လျန်ယင်းကိုကြည့်ကာ အတုခိုး၍ လုပ်ပြလိုက်သဖြင့် ဆွန်ဖုန်းတစ်ယောက် ဒေါသတကြီး အော်ဟစ်နေတော့သည်။

"ဟား... ကိစ္စမရှိပါဘူး... မင်းတို့အပြစ်တွေကို ဟယ်မင်ယီက အရင်ကိုယ်စား ခံပေးလိမ့်မယ်... မင်းတို့ ကျန်းမာရေးပြန်ကောင်းလာမှ ကိုယ်က နှစ်ဆ ပြန်ပြီး အပြစ်ပေးမယ်... ဟားဟား... ဒီနေ့ညတော့ မင်ယီ... မင်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်နော်..."

ဆွန်ဖုန်းက ဟယ်မင်ယီကို ကြည့်ကာ လူဆိုးကြီးတစ်ယောက်လို ပြုံးရင်း ပြောလိုက်သည်။

"ရှင်... ဒီနေ့ ကျွန်မ နေလို့မကောင်းဘူး..."

ဟယ်မင်ယီက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ သူမက ဆွန်ဖုန်းကို တမင်သက်သက် အကျပ်ရိုက်အောင် လုပ်ချင်နေခြင်းဖြစ်သည်။

"နေလို့မကောင်းဘူး ဟုတ်လား... ကိုယ် ကြည့်ကြည့်မယ်လေ..."

ဆွန်ဖုန်းက အနီးသို့ လျှောက်သွားကာ ဟယ်မင်ယီ၏ စကတ်ကို လှန်တင်လိုက်ရာ ဟယ်မင်ယီထံမှ ရှက်သွေးဖြာသော အော်သံလေး ထွက်ပေါ်လာပြီး ကျန်အမျိုးသမီးများမှာလည်း ပါးစပ်ကိုအုပ်ကာ အော်ဟစ်လိုက်ကြသည်။

အိမ်တွင် တစ်ရက်နေထိုင်ပြီးနောက် ဒုတိယနေ့၌ ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်တို့ ကားမောင်းကာ မြို့လယ်သို့ ထွက်လာခဲ့ကြသည်။

ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီ၏ ဌာနချုပ်ကို စိန့်ဂျွန်မြို့တော်တွင် ဖွင့်လှစ်ထားသဖြင့် ရုံးလုပ်ငန်းများအတွက် အဆင်ပြေစေသည်။

စက်ရုံက နယူးဖောင်လန် အရှေ့ပိုင်းကမ်းရိုးတန်းတွင်ရှိပြီး ဌာနချုပ်က စိန့်ဂျွန်မြို့တော်တွင် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရုံးပိုင်းဆိုင်ရာ အလုပ်အများစုမှာ အမှာစာများနှင့် ဝယ်ယူရေးကိစ္စများဖြစ်ရာ ဌာနချုပ်ကို အရှေ့ပိုင်းကမ်းရိုးတန်းတွင် ဖွင့်လှစ်ထားရန် မလိုအပ်သောကြောင့်ဖြစ်သည်။

ကုမ္ပဏီသို့ ရောက်ရှိလာပြီးနောက် ဌာနချုပ်မှ လက်ထောက်မလေးက ဆွန်ဖုန်းကို သတင်းပို့လာသည်။ ယနေ့တွင် စီးပွားရေးဆွေးနွေးရန်အတွက် ဖောက်သည်သုံးဖွဲ့ ရောက်ရှိနေကြောင်း ပြောပြသည်။ ဆွန်ဖုန်းက ယမန်နေ့က ယူရေနီယံများ ရောင်းချမည်ဖြစ်ကြောင်း ကြေညာထားခဲ့သည် မဟုတ်ပါလား။ ဤလူများက သတင်းကြားသည်နှင့် အလွန်မြန်ဆန်စွာ ရောက်ရှိလာကြခြင်းဖြစ်သည်။

"ဘယ်သူတွေလဲ..."

ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်တို့ ရုံးခန်းအတွင်းသို့ ဝင်လာပြီးနောက် နိုင်ငံခြားသူ အတွင်းရေးမှူးမလေး ဖျော်လာပေးသော ကော်ဖီပူပူကို သောက်ရင်း မေးလိုက်သည်။

ထိုအတွင်းရေးမှူးမလေး ထျန်နီ မှာ အသက် ၂၅ နှစ်အရွယ် ကနေဒါ ကောင်မလေးတစ်ဦးဖြစ်သည်။ သူမကို အထင်သေး၍မရပေ။ သူမက ပါရဂူဘွဲ့နှစ်ခု ရရှိထားသော ပညာတတ်မလေးဖြစ်သည်။ သို့သော်လည်း မည်မျှပင် ပညာတတ်ဖြစ်စေကာမူ ဆွန်ဖုန်းရှေ့မှာတော့ လက်ဖက်ရည်ကော်ဖီ ဖျော်ပေးနေရသည့် အဆင့်သာ မဟုတ်ပါလား။

"အမေရိကန် စွမ်းအင်ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ဂျပန် နျူကလီးယားစွမ်းအင်ဌာနရဲ့ ကိုယ်စားလှယ် နဲ့ ဗြိတိန် နျူကလီးယားစက်ရုံရဲ့ ကိုယ်စားလှယ်တို့ပါ..."

ပညာတတ်လက်ထောက်လေး ထျန်နီက ဖြေကြားလိုက်သည်။

"သြော်... သူတို့ ရောက်နေကြပြီလား..."

ဆွန်ဖုန်းက ကော်ဖီပူပူကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ နံနက်ခင်းတွင် ကော်ဖီပူပူတစ်ခွက် သောက်လိုက်ရသဖြင့် လန်းဆန်းတက်ကြွသွားကာ မနေ့ညက တိုက်ပွဲဝင်ထားသမျှ ပင်ပန်းနွမ်းနယ်မှုများအားလုံး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"ရောက်နေပါပြီ... မနက်စောစော ကုမ္ပဏီဖွင့်တာနဲ့ ရောက်လာကြတာပါ... အခု VIP ဧည့်ခန်းမဆောင်ထဲမှာ သူဌေးကို တွေ့ဖို့ စောင့်နေကြပါတယ်..."

ထျန်နီက ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... ငါတို့ သွားတွေ့ကြတာပေါ့..."

ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်တို့က လက်ထောက် ထျန်နီနှင့် စီမံကိန်းမန်နေဂျာတစ်ဦးကို ခေါ်ဆောင်ကာ ဧည့်ခန်းမဆောင်ဆီသို့ ထွက်လာခဲ့ကြသည်။

ဧည့်ခန်းမဆောင်သို့ ရောက်ရှိသွားသောအခါ တကယ်ပင် ကိုယ်စားလှယ်သုံးဖွဲ့စလုံး ထိုနေရာတွင် ဆွန်ဖုန်းကို အချိန်အတော်ကြာ စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း လေထုက အနည်းငယ် မွန်းကျပ်နေပုံရသည်။ ဤသုံးဖွဲ့စလုံးမှာ ပြိုင်ဘက်များဖြစ်ကြရာ စကားမပြောကြဘဲ တိတ်ဆိတ်စွာ အကဲစမ်းနေကြပုံရသည်။ ဆွန်ဖုန်းက သူတို့သုံးဖွဲ့စလုံးကို တစ်ပြိုင်နက်တည်း ခေါ်တွေ့မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။ ဤလုပ်ရပ်ကို သူတို့ သိပ်သဘောမကျသော်လည်း ချက်ချင်း ပြန်လှည့်ထွက်သွား၍လည်း မရပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သူတို့က တစ်ဖက်လူထံမှ စီးပွားရေး လာရောက်တောင်းဆိုနေရခြင်းကြောင့်ဖြစ်သည်။

"ဟားဟား... အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ... ကျွန်တော်က ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဆွန်ဖုန်း ပါ..."

ဆွန်ဖုန်း ဝင်လာသည်နှင့်တစ်ပြိုင်နက် ပြုံးရွှင်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

ထိုသုံးဖွဲ့ကလည်း ဆွန်ဖုန်းကို မြင်လိုက်ရသောအခါ မတ်တပ်ရပ်ကာ ယဉ်ကျေးစွာ အပြန်အလှန် မိတ်ဆက်ကြသည်။ ရင်းနှီးစွာ နှုတ်ဆက်ပြီးနောက် ပြန်လည်ထိုင်လိုက်ကြသည်။

ဤတစ်ကြိမ်တွင် အမေရိကန်စွမ်းအင်ကုမ္ပဏီမှ ကိုယ်စားလှယ်၏အမည်မှာ ဘန်ဒီဖြစ်ပြီး အသက် လေးဆယ်ကျော်အရွယ် အတွေ့အကြုံရင့်ကျက်ပြီး ကောက်ကျစ်မည့်ပုံပေါက်နေသော လူတစ်ဦးဖြစ်သည်။

ဂျပန် နျူကလီးယားစွမ်းအင်ဌာနမှ လူပုဝဝကြီး၏အမည်မှာ ကုန်းပွန်လျန်ဖြစ်ပြီး သူ၏ရုပ်ကို မြင်လိုက်တာနဲ့ ဆွန်ဖုန်းတစ်ယောက် ဖိနပ်နဲ့ ကောက်ပေါက်ချင်စိတ် ပေါက်သွားရသည်။ တကယ်ကို အရိုက်ခံချင်စရာ ရုပ်မျိုးဖြစ်သည်။ ဗြိတိန် နျူကလီးယားစက်ရုံမှ ခေါင်းဆောင်၏အမည်မှာ ဂျက်ခ်ဖြစ်သည်။

"ခင်ဗျားတို့တွေ ယူရေနီယံ လာဝယ်ချင်ကြတာမလား..."

ဆွန်ဖုန်းက ထိုင်ပြီးသည်နှင့် တိုက်ရိုက်ပင် မေးလိုက်သည်။

ထိုသုံးဖွဲ့က ကြားပြီးနောက် ဟီးဟီးဟားဟား ရယ်မောလိုက်ကြပြီး ဘန်ဒီက အလျင်အမြန် ဝင်ပြောလိုက်သည်။

"ဟုတ်ပါတယ် မစ္စတာဆွန်ဖုန်း... ကျွန်တော်တို့ကုမ္ပဏီက ခင်ဗျားတို့ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်... ကျွန်တော်တို့က ယူရေနီယံ အမြောက်အမြား ဝယ်ယူဖို့ လိုအပ်နေလို့ပါ... မစ္စတာဆွန်ဖုန်းအနေနဲ့ ကျွန်တော်တို့ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ပေးနိုင်မလား ခင်ဗျာ..."

ကျန်နှစ်ယောက်က ဘန်ဒီ၏ ခြေလှမ်းမြန်သွားမှုကို မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ မိမိကိုယ်ကိုယ် အပြစ်တင်ကာ ဘန်ဒီ၏ ဆွေစဉ်မျိုးဆက် အမျိုးသမီးများအားလုံးကို စိတ်ထဲမှနေ၍ အကြိမ်ရာပေါင်းများစွာ ဆဲဆိုမေတ္တာပို့နေကြတော့သည်။

"မစ္စတာဆွန်ဖုန်း... ကျွန်တော်တို့ကုမ္ပဏီကလည်း ခင်ဗျားတို့ကုမ္ပဏီနဲ့ ပူးပေါင်းချင်ပါတယ်... ကျွန်တော်တို့ကုမ္ပဏီကလည်း ဒီနှစ်ထဲမှာ ယူရေနီယံ အမြောက်အမြား ဝယ်ယူဖို့ရှိပါတယ်... ဟီးဟီး... မစ္စတာဆွန်ဖုန်းအနေနဲ့ ကျွန်တော်တို့နဲ့ရော ပူးပေါင်းနိုင်မလား ခင်ဗျာ..."

ဤအချိန်တွင် ကုန်းပွန်လျန်လည်း ဆက်ပြီး သည်းမခံနိုင်တော့ပေ။ ဆွန်ဖုန်း စကားပြောရန် ပြင်လိုက်သည်ကို မြင်လိုက်သည်နှင့် လိမ္မာပါးနပ်စွာ ဝင်ရောက်ပြောဆိုလိုက်သည်။ အကယ်၍ ဆွန်ဖုန်းကသာ ဘန်ဒီကို သဘောတူလိုက်မည်ဆိုလျှင် သူတို့ကုမ္ပဏီအတွက် အခြေအနေ မကောင်းနိုင်တော့ပေ။

"မစ္စတာဆွန်ဖုန်း... ကျွန်တော်တို့ကုမ္ပဏီကလည်း ခင်ဗျားတို့နဲ့ ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်..."

ဂျက်ခ်ကလည်း စိတ်ထဲမှနေ၍ ထိုခွေးကောင်နှစ်ကောင်ကို ကျိန်ဆဲလိုက်ပြီး လက်ရှိအခြေအနေကို ကြည့်ကာ ယဉ်ကျေးမှုများကို ဂရုမစိုက်နိုင်တော့ဘဲ မျက်နှာပြောင်တိုက်ကာ ဝင်လုမေးလိုက်သည်။

"အင်း... ကျွန်တော့်ကုမ္ပဏီကနေ ယူရေနီယံဝယ်မယ့် ဖောက်သည်တွေကို ကျွန်တော်က အထူးပဲ ကြိုဆိုပါတယ်... ကျွန်တော့်ကုမ္ပဏီ စတင်လည်ပတ်တာ သုံးရက်တောင် မပြည့်သေးခင်မှာ ခင်ဗျားတို့သုံးယောက်က ကိုယ်တိုင်ကိုယ်ကျ လာပြီး အမှာစာတင်ကြတဲ့အတွက် ကျွန်တော့်အနေနဲ့ အများကြီး ကျေးဇူးတင်ပါတယ်ဗျာ..."

ဆွန်ဖုန်းက အလွန်ကျေးဇူးတင်နေသည့် ပုံစံမျိုး ဟန်ဆောင်လိုက်သည်။

ထိုသုံးယောက်ကလည်း ဆွန်ဖုန်း၏ စကားကို ကြားပြီးနောက် မျှော်လင့်မထားဘဲ အလေးပေးခံရသလိုမျိုး ဟန်ဆောင်ကာ တစ်ယောက်ပြီးတစ်ယောက် မျက်နှာလိုမျက်နှာရ စတင်ပြောဆိုကြတော့သည်။

"ဒါက မစ္စတာဆွန်ဖုန်းရဲ့ ကုမ္ပဏီက အရမ်းအင်အားကြီးမားလို့ပါ... ကျွန်တော်တို့ မစ္စတာဆွန်ဖုန်းနဲ့ လာပြီးပူးပေါင်းတာက သေချာပေါက် ကောင်းတဲ့ကိစ္စတွေချည်းပါပဲ..."

"မစ္စတာဆွန်ဖုန်းက ဒီနှစ်အတွင်းမှာ အအောင်မြင်ဆုံးနဲ့ အသက်အငယ်ဆုံး လုပ်ငန်းရှင်ကြီးလေ... ကျွန်တော်တို့ ခင်ဗျားနဲ့ ပူးပေါင်းရတာ ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာပါပဲ..."

ဆွန်ဖုန်းက သူတို့၏ ဖားယားမှုများကို နားထောင်ရင်း စိတ်ထဲမှနေ၍ အေးစက်စက် ပြုံးလိုက်သည်။ သူတို့ရဲ့ မျက်နှာလိုမျက်နှာရ ဖားယားတဲ့စကားတွေက တကယ်ကို နားထောင်လို့ကောင်းတာပဲ။ အစ်ကိုကြီးက ဒီလိုစကားမျိုးတွေကို နားထောင်ရတာ အရမ်းသဘောကျတယ်လေ။

All Chapters