အခန်း ၃၂၂
Vol. 33 Ch. 322
အခန်း (၃၂၂) - အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံး၏ အသုံးဝင်ပုံများ
"ဟီးဟီး... မစ္စတာဆွန်ဖုန်းရဲ့ ကုမ္ပဏီက တစ်နှစ်ကို ယူရေနီယံ တန် ၂၀၀၀ အထိ ထုတ်လုပ်နိုင်တယ်လို့ ကျွန်တော် ကြားထားပါတယ်... ကျွန်တော်တို့ ဂျပန် နျူကလီးယားစွမ်းအင်ဌာနက တန် ၁၅၀၀ လောက် ဝယ်ယူဖို့ အမှာစာ တင်လို့ရမလား... ကျွန်တော်တို့ကုမ္ပဏီက အလွန်ပဲ စိတ်ဝင်စားမှုရှိပါတယ်... မစ္စတာဆွန်ဖုန်းကလည်း ကူညီခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်..."
ကုန်းပွန်လျန်က ရုတ်တရက် မတ်တပ်ရပ်ကာ ဆွန်ဖုန်းကို ကိုးဆယ်ဒီဂရီ ဦးညွတ်အရိုအသေပေးရင်း အလွန်ရိုးသားဟန်ဖြင့် တောင်းဆိုလိုက်သည်။
"ဘာ... ခင်ဗျားတို့ကုမ္ပဏီက တန် ၁၅၀၀ တောင် လိုချင်တာလား... မစ္စတာကုန်းပွန်... ခင်ဗျား ဒီလိုလုပ်တာတော့ သိပ်မကောင်းဘူးထင်တယ်... ကျွန်တော်တို့ သုံးဖွဲ့စလုံးက မစ္စတာဆွန်ဖုန်းနဲ့ ပူးပေါင်းလုပ်ဆောင်ချင်လို့ လာခဲ့ကြတာကို ခင်ဗျားတို့ကုမ္ပဏီက ဘယ်လိုလုပ်ပြီး အမှာစာအများကြီးကို တစ်ယောက်တည်း ယူလို့ရမှာလဲ..."
ဘန်ဒီက ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည်။ ဟာသလုပ်နေတာလား။
အကယ်၍ ဆွန်ဖုန်းကသာ ကုန်းပွန်လျန်ကို သဘောတူလိုက်ပြီး တစ်နှစ်လျှင် တန် ၁၅၀၀ အထိ ရောင်းချပေးလိုက်ပါက သူ ဘယ်လောက်များ ထပ်ဝယ်နိုင်တော့မည်နည်း။ ထို့ကြောင့် သူက စိတ်မရှည်နိုင်တော့ဘဲ ကုန်းပွန်လျန်၏ စကားကို ချက်ချင်း ဝင်ရောက်ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
"ဒီလိုလုပ်ကြတာပေါ့... ကျွန်တော်တို့ အရင်ဆုံး မစ္စတာဆွန်ဖုန်းရဲ့ အကြံပြုချက်ကို နားထောင်ကြည့်ကြရအောင်... ခင်ဗျားတို့ ဘယ်လိုသဘောရလဲ..."
ဂျက်ခ်က တည်ငြိမ်စွာဖြင့် ဝင်ပြောလိုက်သည်။ ဆွန်ဖုန်း၏ မျက်နှာပေါ်ရှိ အပြုံးကို သူ မြင်လိုက်ရသောအခါ ဤတစ်ကြိမ် ဆွေးနွေးပွဲက လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သူ သိလိုက်သည်။
"ကောင်းပြီလေ... ဒါဆို မစ္စတာဆွန်ဖုန်းက ဒီနှစ်အတွင်းမှာ ဘယ်လောက်ရောင်းချဖို့ ရည်ရွယ်ထားလဲဆိုတာကို ပြောပြပေးပါ..."
ကုန်းပွန်လျန်ကလည်း မိမိကိုယ်တိုင် အနည်းငယ် လောကြီးလွန်းသွားသည်ကို သတိထားမိလိုက်သည်။ တတ်နိုင်မည်မဟုတ်ပေ။ သူ၏ ပခုံးပေါ်တွင် ကြီးမားသော ဖိအားများ ရှိနေသည် မဟုတ်ပါလား။ ဂျပန်နိုင်ငံရှိ နျူကလီးယားစက်ရုံများအတွက် ယူရေနီယံ လိုအပ်ချက်က အလွန်ကြီးမားလွန်းလှသည်။
ကိုယ်စားလှယ်သုံးဦးစလုံးက ဆွန်ဖုန်း၏ စကားကို နားထောင်ရန် စောင့်ဆိုင်းနေကြသည်။ အားလုံးက မျှော်လင့်တကြီးဖြင့် ဆွန်ဖုန်းအား ကြည့်ကာ အဖြေကို စောင့်မျှော်နေကြသည်။
'အဟမ်း... အဟမ်း...'
ဆွန်ဖုန်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် စတင်ပြောဆိုလိုက်သည်။
"ကျွန်တော့်ရဲ့ ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီက တစ်နှစ်ကို ယူရေနီယံ တန် ၂၀၀၀ လောက် ထုတ်လုပ်နိုင်မယ်ဆိုတာကို ခင်ဗျားတို့ သုံးယောက်စလုံး သိပြီးသား ဖြစ်မှာပါ... တစ်လကို ပျမ်းမျှ ၁၆၆ တန်ကနေ ၁၆၇ တန်အကြားမှာ ရှိပါတယ်... ဒီအချက်အလက်တွေကို ခင်ဗျားတို့ သေချာနားလည်ထားပြီးလောက်ပြီ မဟုတ်လား..."
ဆွန်ဖုန်းက ပြောရင်းဆိုရင်း မျက်နှာချင်းဆိုင်ရှိ ကိုယ်စားလှယ်သုံးဦးကို တစ်ချက်ကြည့်လိုက်သည်။
သုံးယောက်စလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။ ဤအချက်အလက်များကို လွန်ခဲ့သောရက်အနည်းငယ်ကတည်းက အသေးစိတ် လေ့လာထားပြီးဖြစ်ကြောင်း ပြသလိုက်ကြသည်။
"ဒီလိုလုပ်ကြတာပေါ့... ကျွန်တော်က ပထမနှစ်ဝက်အတွင်း ထုတ်လုပ်နိုင်မယ့် တန် ၁၀၀၀ အမှာစာကို အရင်ဆုံး ရောင်းချပေးမယ်... ယူရေနီယံ တစ်ပေါင်ရဲ့ ဈေးနှုန်းကိုတော့ အမေရိကန်ဒေါ်လာ ၃၂၀ သတ်မှတ်ထားပါတယ်... ခင်ဗျားတို့ သုံးဖွဲ့စလုံးက ကျွန်တော့်ကုမ္ပဏီဆီကို ပထမဆုံး လာရောက်တဲ့ ဖောက်သည်တွေဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အများကြီး ကျေးဇူးတင်ပါတယ်... ဒါကြောင့် ဒီတန် ၁၀၀၀ အမှာစာကို ခင်ဗျားတို့ သုံးဖွဲ့ကြားမှာ ယှဉ်ပြိုင်လုယူခိုင်းချင်ပါတယ်... ဘယ်လိုသဘောရလဲ... ကျွန်တော် သဘောကျလောက်မယ့် အကောင်းဆုံး အခြေအနေပေးနိုင်တဲ့သူကို ကျွန်တော် ရောင်းချပေးမယ်..."
ဆွန်ဖုန်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ ဤသုံးဖွဲ့ကို အပြိုင်အဆိုင် ဖြစ်စေချင်သောကြောင့် တမင်သက်သက် ဤသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ပို၍စိတ်ဝင်စားစရာ ကောင်းလာမည် မဟုတ်ပါလား။
ထင်ထားသည့်အတိုင်းပင် ကိုယ်စားလှယ်သုံးဦးစလုံး မျက်နှာထား ပြောင်းလဲသွားကြသည်။ ဆွန်ဖုန်းက သူတို့ကို အချင်းချင်း ပြိုင်ဆိုင်ခိုင်းနေခြင်းဖြစ်ကြောင်း သူတို့ ချက်ချင်း သိလိုက်ကြသည်။ နောက်ဆုံးတွင် အမြတ်အများဆုံး ရရှိသွားမည့်သူမှာ ဆွန်ဖုန်းသာ ဖြစ်ပေလိမ့်မည်။
"ဘယ်လိုလဲ... ယူရေနီယံ တစ်ပေါင်ကို ၃၂၀ ဒေါ်လာ သတ်မှတ်ထားတဲ့အပေါ် မကျေနပ်လို့လား... ဒါမှမဟုတ် တခြားပြဿနာ ရှိသေးလို့လား..."
ဆွန်ဖုန်းက ကိုယ်စားလှယ်သုံးဦးစလုံး စကားမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ မေးလိုက်သည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... တစ်ပေါင်ကို ၃၂၀ ဒေါ်လာဆိုတဲ့ ဈေးနှုန်းက တကယ်ကို တရားမျှတပါတယ်..."
ကုန်းပွန်လျန်က အလျင်အမြန် ဝင်ပြောလိုက်သည်။
လက်ရှိ ဈေးကွက်ပေါက်ဈေးအရ ယူရေနီယံ တစ်ပေါင်ကို ၃၁၈ ဒေါ်လာမှ ၃၂၅ ဒေါ်လာအကြား ရှိနေသည်ကို သတိပြုရမည်။ ထို့ကြောင့် ၃၂၀ ဒေါ်လာဆိုသည်မှာ လုံးဝ ဈေးမကြီးပေ။ ဤဈေးနှုန်းက ကုန်းပွန်လျန်အတွက်တော့ အတော်လေး အဆင်ပြေလှသည်။
"ဒီလိုလုပ်ကြရအောင်... ကျွန်တော့်အကြံပြုချက်ကတော့ ဒီတန် ၁၀၀၀ အမှာစာကို ကျွန်တော်တို့ သုံးဖွဲ့ တန်းတူခွဲယူကြရင်ရော ဘယ်လိုလဲ..."
ဈေးနှုန်းအဆင်ပြေကြောင်း တွေ့ရှိရပြီးနောက် ဂျက်ခ်က အကြံပြုလိုက်သည်။ ဤသို့ဆိုလျှင် တစ်ဖွဲ့လျှင် နှစ်ဝက်အတွင်း တန် ၃၀၀ ကျော်ခန့် ရရှိမည်ဖြစ်ရာ မဆိုးလှပေ။
ဘန်ဒီက ကြားပြီးနောက် သဘောတူဟန်ပြသည်။ သူတို့ကုမ္ပဏီက ယူရေနီယံ အမြောက်အမြား လိုအပ်သော်လည်း ယခုအချိန်တွင် အပိုဆောင်း တန် ၃၀၀ ကျော် ရရှိမည်ဆိုပါက တာဝန်ကျေပွန်ပြီဟု ဆိုနိုင်သည်။
ဘန်ဒီက ခေါင်းညိတ်သဘောတူရန် ပြင်လိုက်ချိန်တွင် ကုန်းပွန်လျန်က လုံးဝ သဘောမတူပေ။ သူတို့ကုမ္ပဏီအတွက် လိုအပ်သော ယူရေနီယံ အများစုကို နိုင်ငံခြားမှ တင်သွင်းနေရခြင်းဖြစ်သည်။ ကုန်းတွင်းပိုင်းမှ ထုတ်လုပ်မှု လုံးဝမရှိတော့ပေ။ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး ကုမ္ပဏီများလည်း အနည်းငယ်သာ ရှိသော်လည်း နျူကလီးယားစက်ရုံများက အလွန်များပြားလှသည်။
ယခုအခါ ဆွန်ဖုန်း၏ ကုမ္ပဏီက တစ်နှစ်လျှင် တန် ၂၀၀၀ အထိ ထုတ်လုပ်နိုင်ကြောင်း တွေ့လိုက်ရသဖြင့် သိုးအုပ်ကို မြင်လိုက်ရသော ဝံပုလွေတစ်ကောင်လို အလွန်အမင်း စိတ်ဝင်စားသွားခဲ့သည်။ သူ၏ အထက်လူကြီးများကလည်း ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီ၏ တစ်နှစ်စာ အမှာစာအားလုံးကို ရယူရန် ညွှန်ကြားထားသည်။
ဆိုလိုသည်မှာ သူတို့ကုမ္ပဏီက ဆွန်ဖုန်း၏ ကုမ္ပဏီနှင့် ရေရှည်ပူးပေါင်းလုပ်ဆောင်ချင်နေခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင် ဆွန်ဖုန်း၏ ကုမ္ပဏီမှ တစ်နှစ်စာ ထုတ်လုပ်သမျှ ယူရေနီယံအားလုံးကို သူတို့ချည်းသာ ဝယ်ယူချင်ကြသည်။
"ကျွန်တော် သဘောမတူဘူး... မစ္စတာဆွန်ဖုန်း... ကျွန်တော်တို့ကုမ္ပဏီက ခင်ဗျားစက်ရုံကနေ တစ်နှစ်စာ ထုတ်လုပ်သမျှ ယူရေနီယံအားလုံးကို ဝယ်ယူချင်ပါတယ်... ဖြစ်နိုင်မလား ခင်ဗျာ... ဈေးနှုန်းကိုတော့ ကျွန်တော်တို့ဘက်က နည်းနည်းပိုပေးပါ့မယ်..."
ကုန်းပွန်လျန်က ဆွန်ဖုန်းအား ပြောလိုက်သည်။
"သြော်... ခင်ဗျားတို့ကုမ္ပဏီက တစ်နှစ်ကို ယူရေနီယံ အဲ့ဒီလောက်တောင် အများကြီး လိုအပ်လို့လား..."
ဆွန်ဖုန်းက အနည်းငယ် စိတ်ဝင်စားသွားသည်။ စဉ်းစားကြည့်ပါဦး။ ယူရေနီယံ တန် ၂၀၀၀ ဟူသည်မှာ နည်းနည်းနောနော ပမာဏမဟုတ်ပေ။ ယူရေနီယံ တစ်ပေါင်ကို ၃၂၀ ဒေါ်လာဆိုလျှင် တန် ၂၀၀၀ အတွက် ဒေါ်လာ သန်း ၄၀၀ ကျော်ပင် ကျသင့်မည်ဖြစ်သည်။
"ဟီးဟီး... မစ္စတာဆွန်ဖုန်း... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ကုမ္ပဏီရဲ့ နျူကလီးယားစက်ရုံအသစ်တစ်ခုက နောက်နှစ်ထဲမှာ ပြီးစီးတော့မှာပါ... ဒါကြောင့် ယူရေနီယံလိုအပ်ချက်က အရင်ကထက် ပိုများလာလို့ပါ..."
ကုန်းပွန်လျန်က ပြုံးရင်း ဖြေလိုက်သည်။
"သြော်... ဒီလိုကိုး..."
ဆွန်ဖုန်းက ပြောရင်းဆိုရင်း ကျန်ကိုယ်စားလှယ်နှစ်ဦးကို တစ်ချက်ကြည့်ကာ သူတို့၏ တုံ့ပြန်မှုကို အကဲခတ်လိုက်သည်။
ကုန်းပွန်လျန်က ဂျက်ခ်ကို ဗြောင်ကျကျ ဆန့်ကျင်ကာ သူတို့နှင့် အမှာစာ လုယူနေခြင်းဖြစ်သည်။ အမှာစာအားလုံးကို တစ်ယောက်တည်း ရယူချင်နေသဖြင့် သူတို့အား မျက်နှာပျက်အောင် လုပ်လိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး လုံးဝ မကျေမနပ် ဖြစ်သွားကြတော့သည်။
"နိုး... နိုး... နိုး... မစ္စတာကုန်းပွန်... ကျွန်တော်တို့ကုမ္ပဏီကလည်း ယူရေနီယံ အရမ်းလိုအပ်နေတာပါပဲ... ခင်ဗျားတို့ကုမ္ပဏီအတွက်ဆိုပြီး အမှာစာအားလုံးကို တစ်ယောက်တည်း သိမ်းကျုံးယူဖို့ လုပ်တာ သိပ်မကောင်းဘူးနော်... ဟုတ်တယ်မလား မစ္စတာဆွန်ဖုန်း... ကျွန်တော်တို့က အတူတူ လာခဲ့ကြတာလေ..."
ဂျက်ခ်က ခေါင်းခါလျက် ငြင်းပယ်လိုက်သည်။
"ဟုတ်တယ်... ကျွန်တော်လည်း မျှမျှတတဖြစ်ဖို့ လိုတယ်လို့ ထင်တယ်... သုံးဖွဲ့စလုံး သုံးပုံတစ်ပုံစီ ခွဲယူတာ အကောင်းဆုံးပဲ..."
ဘန်ဒီကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။ အကယ်၍ ကုန်းပွန်လျန်သာ အမှာစာအားလုံးကို ရယူသွားပါက သူတို့ ဤတစ်ခေါက် လာရခြင်းက အချည်းနှီးဖြစ်သွားမည် မဟုတ်ပါလား။
"မစ္စတာဆွန်... ခင်ဗျား ဘယ်လိုသဘောရလဲ... ကျွန်တော့်အကြံပြုချက်ကို စဉ်းစားပေးပါဦး..."
ကုန်းပွန်လျန်က မျှော်လင့်တကြီးဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဒီလိုလုပ်ကြတာပေါ့... ကုမ္ပဏီသုံးခုကို ခွဲရောင်းရတာ နည်းနည်း အလုပ်ရှုပ်တယ်လို့ ကျွန်တော် ထင်တယ်... ကုမ္ပဏီတစ်ခုတည်းကိုပဲ ရောင်းလိုက်ဖို့ စဉ်းစားထားတယ်... သေချာတာကတော့ အဲ့ဒီကုမ္ပဏီက အမှာစာအားလုံးကို ရယူနိုင်ရမယ်... ပြီးတော့ ကျွန်တော် သဘောကျတဲ့ ဈေးနှုန်းကို ပေးနိုင်ရမယ်... ဒါဆိုရင် ကျွန်တော်က အဲ့ဒီလိုလုပ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး..."
ဆွန်ဖုန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ဆွန်ဖုန်း၏ စကားကြောင့် ကုန်းပွန်လျန်မှာ အလွန်ဝမ်းသာသွားသော်လည်း ကျန်ကိုယ်စားလှယ်နှစ်ဦးမှာ အကြီးအကျယ် မှင်သက်သွားကြသည်။ အစောက သူတို့ကို ပြိုင်ဆိုင်ခိုင်းမည်ဟု ပြောထားပြီး ယခုတော့ တစ်ဖွဲ့တည်းကိုသာ ရောင်းမည်ဟု ရုတ်တရက် စကားပြောင်းသွားမည်ကို သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဘန်ဒီနှင့် ဂျက်ခ်တို့၏ မျက်နှာများ ညှိုးနွမ်းသွားကြသည်။
သူတို့ကုမ္ပဏီများက ယူရေနီယံ အများအပြား လိုအပ်သည်မှာ မှန်သော်လည်း တန် ၂၀၀၀ အထိတော့ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က အခြားနေရာများတွင်လည်း အမှာစာများ တင်ထားပြီးဖြစ်ရာ ဆွန်ဖုန်း၏ ကုမ္ပဏီတစ်ခုတည်းထံမှ ဝယ်ယူမည်မဟုတ်သောကြောင့်ဖြစ်သည်။
သို့သော်လည်း ကုန်းပွန်လျန်ကတော့ ထိုသို့မဟုတ်ပေ။ သူ့အတွက်တော့ ဘယ်လောက်ရရ ယူမည်ဖြစ်သည်။ ဆွန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ သူ အလွန်ဝမ်းသာသွားပြီး မျက်နှာအိုအိုကြီးပင် နီရဲလာတော့သည်။
"မစ္စတာဆွန်... ကျွန်တော်တို့ကုမ္ပဏီက ယူရေနီယံ တစ်ပေါင်ကို ၃၂၃ ဒေါ်လာ ပေးပါ့မယ်... ယူရေနီယံ တန် ၁၀၀၀ စာ အမှာစာ တင်ပါရစေ..."
ကုန်းပွန်လျန်က ချက်ချင်း ဈေးခေါ်လိုက်သည်။
ကုန်းပွန်လျန် ပေးသော ဈေးနှုန်းမှာ ဆွန်ဖုန်း သတ်မှတ်ထားသော အနိမ့်ဆုံးဈေးထက် ၃ ဒေါ်လာ ပိုများနေသည်။ အင်း... မဆိုးပါဘူး... ဒါကိုတော့ စဉ်းစားပေးသင့်သည်။ မည်သူ့ကိုရောင်းရောင်း အမြတ်ရမည်သာဖြစ်ရာ ဈေးပိုပေးသူကို ရောင်းချမည်ဖြစ်သည်။ ဂျပန်များထံမှ ငွေရှာရခြင်းကို ဆွန်ဖုန်းက ပိုမိုနှစ်သက်သည်။ သူ၏ထုတ်လုပ်မှုစရိတ်က အလွန်နည်းပါးသဖြင့် များများရောင်းလေ များများအမြတ်ထွက်လေသာ ဖြစ်သည်။
"မစ္စတာဆွန်ဖုန်း... ကျွန်တော်တို့ကုမ္ပဏီက ၃၂၄ ဒေါ်လာ ပေးပါ့မယ်..."
ဘန်ဒီက အလွန်မကျေမနပ်ဖြစ်နေသည်။ တန် ၁၀၀၀ အမှာစာကို သူတို့ မဝယ်နိုင်မှန်း သိသော်လည်း ကုန်းပွန်လျန်၏ အရိုက်ခံချင်စရာ ရုပ်ကို မြင်လိုက်ရသဖြင့် သူ့ကို အခက်တွေ့အောင် လုပ်ချင်နေသည်။ သူ့ကို ငွေပိုကုန်အောင် လုပ်ချင်နေခြင်းဖြစ်သည်။
"ခင်ဗျား..."
ကုန်းပွန်လျန်က ဘန်ဒီ သူ့ကို တမင်သက်သက် ဈေးကိုင်နေခြင်းဖြစ်သည်ကို မြင်လိုက်ရသောအခါ ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။
ဘန်ဒီ သူ့ကို တမင်သက်သက် ခြောက်လှန့်နေခြင်းဖြစ်ကြောင်း သူ သိထားသည်။ သို့သော်လည်း အမှာစာရရှိရန်အတွက် သူ ဒေါသကို မြိုသိပ်ထားလိုက်ရသည်။
"တစ်ပေါင်ကို ၃၂၅ ဒေါ်လာ... မစ္စတာဆွန်ဖုန်း... ကျွန်တော်တို့ကုမ္ပဏီက အခုဆိုရင် အများကြီး အလျှော့ပေးထားပါပြီ... ဒီဈေးနှုန်းက လက်ရှိပေါက်ဈေးထက်တောင် အများကြီး ပိုနေပါပြီ..."
ကုန်းပွန်လျန်မှာ သွားစွယ်များကျိုးမတတ် အံကိုကြိတ်ကာ ပြောလိုက်ရသည်။ ဘန်ဒီကို သူ အခုချက်ချင်း ကန်ချပစ်ချင်နေမိသည်။
တပြိုင်နက်တည်းမှာပင် ဆွန်ဖုန်းကိုလည်း လှည့်စားတတ်သော လူယုတ်မာဟု သူ၏စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။ ဤသည်မှာ သူ့ကို ဗြောင်ကျကျ ချောက်ချနေခြင်းပင် မဟုတ်ပါလား။
သို့သော်လည်း တစ်ယောက်က အမြတ်ထုတ်ချင်နေပြီး တစ်ယောက်ကလည်း လိုချင်ဇောနှင့် အလကား အမြတ်ထုတ်ခံရန် ဝန်လေးမနေခြင်းပင်ဖြစ်သည်။
ကုန်းပွန်လျန်မှာ အမှာစာရရှိရေးအတွက် သည်းခံရုံမှလွဲ၍ တခြားမရှိတော့ပေ။ ကမ္ဘာပေါ်တွင် နှစ်စဉ် ထုတ်လုပ်နိုင်သော ယူရေနီယံပမာဏမှာ အကန့်အသတ်ရှိပြီး နျူကလီးယားစက်ရုံများ ပိုမိုများပြားလာသည်နှင့်အမျှ ယူရေနီယံက ပိုမိုရှားပါးလာမည်ကိုသာ အပြစ်တင်ရပေမည်။
"ကောင်းပြီ... သဘောတူတယ်... ဒါပေမဲ့ ကျွန်တော်တို့ စာချုပ်ချုပ်မယ်ဆိုရင် ခင်ဗျားတို့ဘက်က စရန်ငွေ ဒေါ်လာ သန်း ၃၀ အရင်ပေးရမယ်... နောက်ပိုင်းကျရင် တစ်လကို တစ်ကြိမ် ပစ္စည်းပို့ပေးမယ်... ယူရေနီယံ တန် ၁၀၀၀ ကို ခြောက်လအတွင်း အပြီးပို့ပေးမယ်..."
ဆွန်ဖုန်းက ကုန်းပွန်လျန်ကို ချက်ချင်း သဘောတူလိုက်သည်။ ကျန်နှစ်ယောက်မှာလည်း ဤအခြေအနေကို မြင်လိုက်ရသောအခါ သူတို့အတွက် အခွင့်အရေး မရှိတော့ကြောင်း သိလိုက်သဖြင့် နှုတ်ဆက်ကာ ပြန်ထွက်သွားကြတော့သည်။
"ပြဿနာမရှိပါဘူး..."
ကုန်းပွန်လျန်ကလည်း ချက်ချင်း သဘောတူလိုက်သည်။
အကယ်၍ ဆွန်ဖုန်း၏ စက်ရုံကသာ ခြောက်လအတွင်း ယူရေနီယံ တန် ၁၀၀၀ မပေးပို့နိုင်ပါက လျော်ကြေးငွေ ပေးရမည်ဖြစ်ရာ စရန်ငွေ သန်း ၃၀ ကို သူ လုံးဝ မကြောက်ပေ။
"ကောင်းပြီလေ..."
ဆွန်ဖုန်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးစက်ရုံ လည်ပတ်ရန်နှင့် X2 အမျိုးအစား စုပ်ယူရေးဆေးရည် ထုတ်လုပ်ရန်အတွက် လိုအပ်သော ငွေကြေးများ၊ ဝန်ထမ်းများ၏ လစာများ စသည်တို့ကို ဆွန်ဖုန်း တစ်ယောက်တည်းကသာ ရင်းနှီးမြှုပ်နှံထားရခြင်းဖြစ်သည်။
ထို့ကြောင့် စရန်ငွေကို အနည်းငယ် ပိုတောင်းလိုက်ခြင်းက သူ ထပ်မံ၍ ငွေကြေးစိုက်ထုတ်စရာ မလိုတော့အောင် ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။
မကြာမီမှာပင် ဆွန်ဖုန်းနှင့် ကုန်းပွန်လျန်တို့သည် ခြောက်လစာ အမှာစာအတွက် စာချုပ်ချုပ်ဆိုပြီးစီးသွားကြသည်။ နှစ်ဖက်စလုံး အလွန်ကျေနပ်အားရနေကြသည်။ ဤတစ်ကြိမ် အမှာစာက ဆွန်ဖုန်းအတွက် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၃၅ သန်းအထိ ရှာဖွေပေးနိုင်မည်ဖြစ်သည်။
ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုလိုက်သည့် သတင်းက အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
ဆွန်ဖုန်းထံမှ အမှာစာရယူလိုသော အခြားဖောက်သည်များမှာ ဤသတင်းကို ကြားလိုက်ရသောအခါ အမြန်သွားရောက် မလုယူမိသည့်အတွက် အလွန်အမင်း နောင်တရနေကြတော့သည်။ ဤသို့ဖြင့် လူအများစုမှာ ဆွန်ဖုန်း၏ ကုမ္ပဏီမှ ဒုတိယနှစ်ဝက်အတွက် အမှာစာများကိုသာ မျက်စိကျနေကြရတော့သည်။
ယခုအချိန်မှစ၍ ဆွန်ဖုန်းအတွက် ငွေရှာပေးမည့် ကုမ္ပဏီ နောက်တစ်ခူ ထပ်တိုးလာခဲ့ပြီဖြစ်သည်။ ၎င်းမှာ အကျိုးအမြတ် အလွန်များပြားသော ကုမ္ပဏီကြီးတစ်ခုပင်ဖြစ်သည်။
...
ဤစီးပွားရေးကိစ္စများကို ဆွေးနွေးပြီးနောက် ဆွန်ဖုန်းတစ်ယောက် နောက်ဆုံးတော့ အနည်းငယ် အနားယူခွင့် ရရှိသွားတော့သည်။
လက်ရှိအချိန်တွင် ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီမှာ ပုံမှန်လည်ပတ်နေပြီး မည်သည့်ပြဿနာမျှ မပေါ်ပေါက်သေးပေ။ ဆိုလိုသည်မှာ စက်ရုံက လုံးဝ အဆင်ပြေနေသည်ဟု ပြောနိုင်သည်။ ယခုကဲ့သို့ နေ့စဉ်နေ့တိုင်း ပင်လယ်ရေထဲမှ ယူရေနီယံများ ထုတ်ယူနေရုံသာဖြစ်သည်။
ထိုနေရာတွင် ဟွမ်ကျားချန်က ကြီးကြပ်ပေးနေသဖြင့် ဤကုမ္ပဏီကို သေချာပေါက် ကောင်းစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ထို့အပြင် X2 အမျိုးအစား စုပ်ယူရေးဆေးရည် ထုတ်လုပ်ခြင်းကိုလည်း လူသားသိပ္ပံပညာရှင်များအဖြစ် ဟန်ဆောင်ထားသော စက်ရုပ်များက ကိုင်တွယ်နေသဖြင့် အပြင်လူများ လုံးဝ ခိုးယူလေ့လာနိုင်မည် မဟုတ်ပေ။
ယခုအချိန်မှစ၍ ဆွန်ဖုန်းတစ်ယောက် အေးအေးဆေးဆေး ထိုင်ကာ သူ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို စဉ်းစားနိုင်ပြီဖြစ်သည်။
လက်ရှိအချိန်တွင် ဆွန်ဖုန်း စုဆောင်းထားသော ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ခန့် ရှိနေပြီဖြစ်သည်။ ဤငွေများမှာ လွန်ခဲ့သော ခြောက်လကျော်အတွင်း စုဆောင်းထားခဲ့သော ငွေများဖြစ်သည်။
အရေးအကြီးဆုံးမှာ ယခုအခါ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီကလည်း သူ့အတွက် ငွေရှာပေးနေပြီဖြစ်သည်။ စိန်မိုင်းများကလည်း သူ့အတွက် ငွေရှာပေးနိုင်နေပြီဖြစ်သည်။
ယူရေနီယံရောင်းရငွေက တစ်နှစ်လျှင် သန်း ၄၀၀ ကျော်သာ ရှိသော်လည်း ရေရှည်အတွက်ဆိုလျှင် ပို၍ပို၍ များပြားလာမည်မှာ အသေအချာပင်ဖြစ်သည်။
'နောက်တစ်ဆင့်အနေနဲ့ ရေနံလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီး တိုးချဲ့သွားမယ်... ရေနံလုပ်ငန်းမှာ ပိုပြီး အင်အားကြီးလာအောင် ကြိုးစားမယ်...'
ဆွန်ဖုန်းက စိတ်ထဲမှ ကြံစည်နေသည်။
ပင်လယ်ပြင်ထဲတွင် ရေနံများ အလွန်အမင်း ပေါများလှသည်။ သူက ကုန်းတွင်းပိုင်း ရေနံလုပ်ငန်းများတွင် အင်အားကြီးလာအောင် လုပ်ဆောင်ပြီးမှသာ ပင်လယ်အောက်ခြေရှိ ရေနံများကို စိတ်ကြိုက်တူးဖော်ကာ ရောင်းချနိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် သူ့၌ သေးငယ်သော စိန့်ဖုန်းရေနံမြေလေးတစ်ခုသာ ရှိသေးရာ အတော်လေး သေးငယ်သေးသည်ဟု ဆိုရမည်။ ရေနံသူဌေးကြီးများနှင့် ယှဉ်ကြည့်ပါက အလွန်သေးငယ်သော ပုရွက်ဆိတ်လေးတစ်ကောင်လိုသာ ဖြစ်နေသေးသည်။
'ဟုတ်ပါတယ် ပိုင်ရှင်... ကျွန်တော်တို့ နောက်တစ်ဆင့်အနေနဲ့ ကမ်းလွန်ရေနံမြေတွေကို ရင်းနှီးမြှုပ်နှံတာ ပိုကောင်းပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရေနံအများစုက ပင်လယ်ထဲကနေ ရလာတာဆိုတော့ ကမ်းလွန်ရေနံမြေတွေမှာ ရင်းနှီးမြှုပ်နှံထားရင် ရေနံတွေကို တိတ်တဆိတ် သယ်ထုတ်ပြီး ရောင်းချဖို့ ပိုလွယ်ကူသွားမှာပါ...'
အသံလက်ထောက်က အကြံပြုလိုက်သည်။
'အင်း... ငါလည်း အဲ့ဒီလိုပဲ စဉ်းစားထားတာ... အခု ငါတို့ဆီမှာ ရန်ပုံငွေ ၃ ဘိီလီယံ ဆိုတဲ့ အင်အားကြီးမားတဲ့ ငွေကြေးတွေ ရှိနေပြီဆိုတော့ အကြီးအကျယ် စတင်လုပ်ဆောင်လို့ ရပြီလို့ ယုံကြည်တယ်...'
ဆွန်ဖုန်းက ပြုံးရွှင်စွာဖြင့် တွေးလိုက်သည်။
မသိမသာဖြင့် နှစ်နှစ်တာအချိန် ကုန်လွန်သွားခဲ့ပြီးနောက် ယခုအခါ ဆွန်ဖုန်းပိုင်ဆိုင်သော ပိုင်ဆိုင်မှုများက အမေရိကန်ဒေါ်လာ ၃ ဘီလီယံ အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤသည်မှာ အရင်က သူ အိပ်မက်ပင် မမက်ရဲခဲ့သော ပမာဏဖြစ်သည်။
ဤ ဆိုသော ငွေကြေးများရရှိလာခြင်းမှာ ရွှေသင်္ဘောအုပ်စု လေလံပွဲ၊ မာအာ သံရိုင်းမိုင်းနှင့် စိန့်ဖုန်းရေနံမြေတို့က အဓိကရှာဖွေပေးခဲ့ခြင်းဖြစ်သည်။ အခြားသော အသေးအဖွဲ ဝင်ငွေများနှင့် ပေါင်းစပ်လိုက်သောအခါ ဆွန်ဖုန်းအတွက် ဒေါ်လာ ၃ ဘီလီယံအထိ ရရှိလာခဲ့ခြင်းဖြစ်သည်။
ဆွန်ဖုန်းက သူ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အသံလက်ထောက်နှင့် ဆွေးနွေးပြီးနောက် ရုတ်တရက် အရာတစ်ခုကို သတိရသွားသည်။ လွန်ခဲ့သောရက်အနည်းငယ်က လေလံပွဲမှ ဝယ်ယူရရှိခဲ့သော ဒဏ္ဍာရီလာ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကြီးကို ယခုအချိန်အထိ အချိန်မရ၍ ထုတ်မကြည့်ရသေးပေ။
'အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကို ထုတ်ပေးစမ်း...'
ဆွန်ဖုန်းက စာကြည့်ခန်းထဲသို့ ဝင်ကာ တံခါးကို ပိတ်လိုက်ပြီးနောက် သိုလှောင်ခန်းထဲမှ လက်သီးဆုပ်အရွယ်အစားသာရှိသော အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကို ထုတ်ယူလိုက်သည်။
ဤအလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးမှာ တစ်တုံးလုံး မည်းနက်ပြောင်လက်နေပြီး လက်ထဲ၌ ကိုင်ကြည့်လိုက်ရာတွင် အတော်လေး လေးလံနေသည်။ ဤသည်မှာ ဆွန်ဖုန်းအတွက် အခြေခံအဆင့်ထက် ပိုမိုမြင့်မားသော အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကို ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်သည်။
'ဒါက နေအဖွဲ့အစည်းမှာတောင် ရှာမတွေ့နိုင်တဲ့ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးပေါ့လေ... နဂါးငွေ့တန်း ဂလက်ဆီထဲမှာတောင် အများကြီး ရှိနိုင်ပါ့မလား...'
ဆွန်ဖုန်းက ဤအမည်းရောင် ကျောက်တုံးကြီးကို လက်နှစ်ဖက်ဖြင့် ပွေ့ချီကာ အသေးစိတ် လေ့လာကြည့်ရှုရင်း အသံလက်ထောက်အား မေးလိုက်သည်။
'ဟုတ်ပါတယ် ပိုင်ရှင်... ဒီတစ်ကြိမ်တော့ ပိုင်ရှင်ရဲ့ ကံဇာတာက တကယ်ကို ကောင်းလွန်းနေလို့ ကမ္ဘာမြေပေါ်ကို ကျလာတဲ့ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကို တွေ့သွားတာပါ...'
'ဒါပေမဲ့ တစ်တုံးတည်းပဲ ရှိတာလေ... နည်းလွန်းတယ်... သုံးလိုက်ရင် ကုန်သွားတော့မှာ...'
ဆွန်ဖုန်းက နှမြောတသစွာဖြင့် ပြောလိုက်သည်။
'ပိုင်ရှင်... ရောင့်ရဲတင်းတိမ်ပါ... တစ်တုံးရတာကိုက မလွယ်လှပါဘူး... ပိုင်ရှင်က ဘယ်လောက်တောင် များများလိုချင်နေသေးတာလဲ...'
အသံလက်ထောက်က ပြန်လည်ချေပလိုက်သည်။
'ဒီအလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကိုတော့ တူးဖော်ရေး စက်ပစ္စည်းတွေအတွက် သေချာပေါက် အသုံးခံမှာ မဟုတ်ဘူး... ရေငုပ်စစ်ဝတ်စုံကို အဆင့်မြှင့်တင်ဖို့ သုံးမယ်... အဲ့ဒါမှ ရေငုပ်စစ်ဝတ်စုံရဲ့ လုပ်ဆောင်ချက် အသစ်တွေကို ထပ်ပြီး ဖွင့်လို့ရမှာလေ... ဒါမှမဟုတ် မင်းအတွက်ပဲ သုံးမယ်... အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ဖော်စပ်ဖို့အတွက် အသုံးပြုမယ်...'
ဆွန်ဖုန်းက စွမ်းအင်ကျောက်တုံးကို အသေအချာ လေ့လာပြီးနောက် သူ၏ အစီအစဉ်များကို ချမှတ်လိုက်သည်။
'ပိုင်ရှင်... တကယ်လို့ ပိုင်ရှင်က ရေငုပ်စစ်ဝတ်စုံအတွက် အသုံးပြုမယ်ဆိုရင်တော့ လုပ်ဆောင်ချက်အသစ်တွေ အများကြီး ထပ်တိုးလာမှာ သေချာပါတယ်... ပထမတစ်ခုကတော့ ရှာဖွေထောက်လှမ်းရေးစနစ်ပါ... ဒီစနစ်ရဲ့ ထောက်လှမ်းနိုင်တဲ့ အကွာအဝေးက သေချာပေါက် ထပ်ပြီး ကျယ်ပြန့်သွားပါလိမ့်မယ်... ဒုတိယတစ်ခုကတော့ အကယ်လို့ ရေငုပ်စစ်ဝတ်စုံက အလယ်အလတ်အဆင့် စွမ်းအင်ကို အသုံးပြုထားမယ်ဆိုရင် သူ့ရဲ့ လက်နက်စနစ်ကလည်း လက်ရှိထက် အများကြီး ပိုပြီး အစွမ်းထက်လာမှာပါ... တတိယတစ်ခုကတော့ ရေငုပ်စစ်ဝတ်စုံက ကမ္ဘာမြေပြင်ကို ကျော်လွန်ပြီး အာကာသထဲအထိ ပျံသန်းနိုင်တော့မှာပါ... ဒါပေမဲ့ အဝေးဆုံးအနေနဲ့ လကမ္ဘာအထိပဲ ပျံသန်းနိုင်ပါလိမ့်မယ်... အဲ့ဒီထက်ပိုဝေးတဲ့ နေရာတွေကိုတော့ မပျံသန်းနိုင်သေးပါဘူး...'
အသံလက်ထောက်က စိတ်လှုပ်ရှားစွာဖြင့် အသေးစိတ် ရှင်းပြလိုက်သည်။