အခန်း ၃၂၃
Vol. 33 Ch. 323
အခန်း (၃၂၃) - လူစီ၏ အထူးအချိန်ပိုအလုပ်
'မဆိုးဘူးပဲ... ဒီအလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးက တကယ့်ကို ငါ့အတွက် အဖိုးတန်လက်နက်တစ်ခု ရလိုက်တာပဲ...'
ဆွန်ဖုန်းက ဤအလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကိုသာ ရေငုပ်စစ်ဝတ်စုံတွင် တပ်ဆင်လိုက်မည်ဆိုပါက သေချာပေါက် မိုက်သွားမည်ဟု ယုံကြည်ထားသည်။
အာကာသထဲ ပျံသန်းမည်လား။ ရှာဖွေထောက်လှမ်းရေးစနစ်၏ အကွာအဝေးကို တိုးချဲ့မည်လား။ လက်နက်စနစ်ကို အဆင့်မြှင့်မည်လား။ လက်ရှိအချိန်တွင် ဆွန်ဖုန်းက ဤစွမ်းရည်များကို အဆင့်မြှင့်တင်ရန် မလိုအပ်သေးပေ။
ခဏတာ စဉ်းစားပြီးနောက် ဆွန်ဖုန်းက ဤအလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးကို ရေငုပ်စစ်ဝတ်စုံတွင် အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။ ကောင်းမွန်သောအရာများကို လိုအပ်သည့်နေရာတွင်သာ သုံးစွဲသင့်သည် မဟုတ်ပါလား။
'အသံလက်ထောက်... အခု ငါတို့ဆီမှာ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံး ရှိနေပြီဆိုတော့ အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည်ကို အမြန်ဆုံး ဖော်စပ်ပေးဖို့ နည်းလမ်းရှာပေးလို့ရမလား...'
ဆွန်ဖုန်းက အသံလက်ထောက်အား မေးလိုက်သည်။ ယခု သူက အသက် ၂၀၀ အထိ နေနိုင်ပြီဖြစ်သည်။ နားထောင်ကြည့်လျှင် အလွန်ရှည်လျားသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည့် အချိန်ကာလတစ်ခုသာဖြစ်သည်။ လူ့ဘဝဆိုသည်မှာ တိမ်တိုက်များ လွင့်မျောသွားသကဲ့သို့ လျင်မြန်လွန်းလှသည်ဟု ဆိုကြသည်မှာ အလကားပြောနေခြင်း မဟုတ်ပေ။
'ပိုင်ရှင်... အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံး ရှိနေပြီဆိုပေမယ့် အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ဖော်စပ်ဖို့ လိုအပ်တဲ့ ရှားပါးဆေးဘက်ဝင်အပင်တွေနဲ့ ရှားပါးဒြပ်စင်တွေ မရှိသေးဘူးလေ... ဆန်မရှိဘဲ ထမင်းချက်ခိုင်းနေတာလား...'
အသံလက်ထောက်က ပြန်လည်ချေပလိုက်သည်။
'ဒါဆိုရင် အဲ့ဒီဆေးဘက်ဝင်အပင်တွေနဲ့ ရှားပါးဒြပ်စင်တွေ စာရင်းကို ငါ့ဆီ ပို့ပေးလိုက်လေ... ငါ လိုက်ရှာကြည့်လို့ရတာပေါ့... ဘယ်လောက်ရရပေါ့ကွာ... မရှာဘူးဆိုရင်တော့ ဘာမျှော်လင့်ချက်မှ ရှိမှာမဟုတ်ဘူးလေ... ရှာကြည့်လို့ အကုန်လုံးသာ တွေ့သွားရင် ငါတို့တွေ ချမ်းသာပြီပေါ့ကွ...'
ဆွန်ဖုန်းက မျက်လုံးများ အရောင်လက်လာကာ စိတ်ကူးယဉ်နေတော့သည်။
'ကောင်းပါပြီ... အခုချက်ချင်း ပို့ပေးလိုက်ပါမယ်...'
အသံလက်ထောက်က သူ၏ပိုင်ရှင်ဖြစ်သူမှာ သေရမည်ကို အလွန်ကြောက်ရွံ့ပြီး အသက်ရှည်ရှည် နေချင်နေကြောင်း သိထားသဖြင့် သူ၏ကံကို စမ်းသပ်ခွင့်ပေးလိုက်တော့သည်။
မကြာမီမှာပင် ဆွန်ဖုန်းက စက္ကူနှင့် ဘောပင်ကို ယူကာ စတင်မှတ်သားတော့သည်။ အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးဘက်ဝင်အပင် စုစုပေါင်း ၅၀ မျိုးနှင့် ရှားပါးဒြပ်စင် ၁၀ မျိုးတို့ဖြစ်သည်။ ဆိုလိုသည်မှာ စုစုပေါင်း ပစ္စည်းအမျိုး ၆၀ ကို ရှာဖွေစုဆောင်းပြီးမှသာ အသံလက်ထောက်က အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည်ကို ဖော်စပ်ပေးနိုင်မည်ဖြစ်သည်။
"သောက်ကျိုးနည်း... ဆေးဘက်ဝင်အပင် ၅၀ မျိုးတောင်တဲ့လား... အဲ့ဒီအထဲက အပင် ၄၀ လောက်ကို ငါ ကြားတောင် မကြားဖူးဘူး... အဲ့ဒီရှားပါးဒြပ်စင်တွေကိုလည်း ငါ တစ်ခါမှ မကြားဖူးဘူး... ဘုရားရေ... အလယ်အလတ်အဆင့် ဆေးရည်ဖော်စပ်ဖို့က ဒီလောက်တောင် ခက်ခဲရသလားကွာ..."
ဆွန်ဖုန်းတစ်ယောက် ဒေါသထွက်လွန်း၍ ကျိန်ဆဲချင်စိတ်များပင် ပေါ်လာတော့သည်။
ဆွန်ဖုန်းတွင် ငွေကြေးမချို့တဲ့သော်လည်း ဤဆေးဘက်ဝင်အပင်များနှင့် ဒြပ်စင်များမှာ ငွေရှိလျှင်တောင် ဝယ်၍မရနိုင်ပေ။ ဝယ်၍မရခြင်းကို ထားလိုက်ပါတော့။ သူ တစ်ခါမှပင် မကြားဖူးပေ။
'ပိုင်ရှင်... ပိုင်ရှင်သိတဲ့ ဆေးဘက်ဝင်အပင် ၁၀ မျိုးက အမှန်တကယ်တော့ ကျွန်တော်တို့ X ကြယ်စုတန်းက ဆေးဘက်ဝင်အပင် ၁၀ မျိုးအစား ကမ္ဘာမြေပေါ်က အပင်တွေနဲ့ အစားထိုးထားတာပါ... ဘာလို့လဲဆိုတော့ အဲ့ဒီကမ္ဘာမြေပေါ်က အပင် ၁၀ မျိုးရဲ့ ဆေးစွမ်းက ကျွန်တော်တို့ X ကြယ်စုတန်းက အပင် ၁၀ မျိုးရဲ့ ဆေးစွမ်းနဲ့ အတူတူလောက် ဖြစ်နေလို့ပါ... အဲ့လိုသာ အစားမထိုးထားဘူးဆိုရင် ပိုင်ရှင်က အဲ့ဒီအပင် ၁၀ မျိုးကိုတောင် သိမှာမဟုတ်ဘူး...'
အသံလက်ထောက်က ရှင်းပြလိုက်သည်။
'ဘာ... ဒါဆို ငါမသိတဲ့ အပင် ၄၀ က အခုထက်ထိ X ကြယ်စုတန်းမှာပဲ ရှိနေတာပေါ့လေ...'
ဆွန်ဖုန်း ဆွံ့အသွားရသည်။
သို့ဆိုလျှင် သူ ဘယ်လိုလုပ်ပြီး သွားရှာရမည်နည်း။ သူ X ကြယ်စုတန်းကို သွားနိုင် မသွားနိုင် ဆိုသည်ကို ထားလိုက်ပါတော့။ လက်ရှိတွင် X ကြယ်စုတန်းကြီးမှာ ပေါက်ကွဲပျက်စီးသွားပြီဖြစ်သည်။
ထို့အပြင် အစားထိုးထားသော ကမ္ဘာမြေပေါ်မှ သူသိသည့် အပင် ၁၀ မျိုးကိုပင် ရှာဖွေရန် အလွန်ခက်ခဲကြောင်း ဆွန်ဖုန်း တွေ့ရှိလိုက်ရသည်။ ဥပမာအားဖြင့် နှစ်တစ်ထောင် သက်တမ်းရှိ လင်ကျီးမှို၊ နှစ်တစ်ထောင် သက်တမ်းရှိ ဂျင်ဆင်း၊ အသားလင်ကျီးမှို စသည်တို့ဖြစ်သည်။
'ပိုင်ရှင်... စိတ်ပျက်အားငယ်မနေပါနဲ့... ဒီဆေးဘက်ဝင်အပင်တွေက X ကြယ်စုတန်းမှာတင် ရှိတာမဟုတ်ပါဘူး... နေအဖွဲ့အစည်း ဒါမှမဟုတ် နဂါးငွေ့တန်း ဂလက်ဆီထဲမှာလည်း ရှိနိုင်ပါတယ်...'
အသံလက်ထောက်က ဆွန်ဖုန်းအား မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ပေးလိုက်သည်။
'တကယ်လား...'
ဆွန်ဖုန်းက အလွန်ဝမ်းသာသွားသည်။ ထိုသို့ဆိုလျှင်တော့ သူ လုံးဝ မျှော်လင့်ချက်မဲ့နေခြင်း မဟုတ်တော့ဘဲ အခွင့်အရေး ရှိနေသေးသည်။
'ဟုတ်ပါတယ် ပိုင်ရှင်... ပြီးတော့ ဒီရှားပါးဒြပ်စင် ၁၀ မျိုးကလည်း ကမ္ဘာမြေပေါ်မှာ မရှိနိုင်ပေမယ့် နေအဖွဲ့အစည်း ဒါမှမဟုတ် နဂါးငွေ့တန်း ဂလက်ဆီထဲမှာ ရှိနိုင်ပါတယ်...'
'ကောင်းတယ်... အရမ်းကောင်းတယ်... ဒီလိုဆိုရင် ငါ နောင်ကျရင် ပိုပြီး ကြိုးစားရဦးမယ်ပေါ့... အသက်ရှည်ရှည် နေချင်ရင်တော့ ကြိုးစားရမှာပဲလေ...'
ဆွန်ဖုန်းက တီးတိုးရေရွတ်လိုက်သည်။
စာကြည့်ခန်းထဲမှ ထွက်လာသောအခါ သားဖြစ်သူက လမ်းလျှောက်သင်သည့် ကလေးတွန်းလှည်းလေးထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် ချစ်စရာကောင်းသော မျက်နှာလေးဖြင့် အပြေးအလွှား ရောက်လာတော့သည်။
"လ... လ... လ..."
ချောမွေ့သော ကြမ်းပြင်ပေါ်တွင် ကလေးတွန်းလှည်းလေးက ချောမွေ့စွာ ရွေ့လျားလာပြီး ဆွန်ဖုန်း၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဆွန်ဖုန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သားလေးကို ချော့မြှူလိုက်သည်။
"ပါပါး လို့ ခေါ်ကြည့်စမ်း..."
"ပါးပါး... ပါးပါး..."
ဆွန်ရွှိုက်လေးက တံတွေးများ သံယိုနေရင်း ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးဝိုင်းကြီးများက ဖခင်ဖြစ်သူကို ကြည့်ကာ စားစရာတစ်ခုခု တောင်းဆိုချင်နေပုံရသည်။
"ဘာလို့ ပါးပါးလို့ ခေါ်နေရတာလဲ... ပါပါး လို့ ခေါ်စမ်းပါ..."
ဆွန်ဖုန်းက ရယ်မောကာ ပြန်လည်ပြင်ဆင်ပေးလိုက်သည်။
မိသားစုများအားလုံး စိန့်ဂျွန်မြို့တော်သို့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဆွန်ဖုန်းက အချိန်အများစုကို အိမ်တွင်သာ ကုန်ဆုံးဖြစ်သဖြင့် သားဖြစ်သူကလည်း သူ့ကို သူစိမ်းမဆန်တော့ပေ။ ယခုဆိုလျှင် စကားစတင်သင်ယူနေပြီဖြစ်ပြီး ပါပါး ဟုပင် ခေါ်တတ်နေပြီဖြစ်သည်။
"ပါပါး..."
"ကောင်းပြီ... ပါးပါးဆိုလည်း ပါးပါးပေါ့... အဖေက ပျော်ပါတယ်... လာ... သားလေးကို ပျားရည် သွားတိုက်မယ်..."
ဆွန်ဖုန်းက သားလေးကို ပွေ့ချီကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး သားလေးသောက်ရန် ပျားရည်ဖျော်ပေးလိုက်သည်။
သူထင်ထားသည့်အတိုင်းပင် သားလေးကို အစားအစာတစ်ခုခု ကျွေးလိုက်သောအခါ ဤကောင်စုတ်လေးက ပို၍ပျော်ရွှင်သွားပြီး ပိုအော်ခေါ်တော့သည်။
ဟားဟား... ကလေးများက ဤသို့ပင်ဖြစ်သည်။ စားလိုက် အိပ်လိုက် ဆော့ကစားလိုက်နှင့် ဘာပူပင်သောကမှ မရှိကြပေ။ ဆွန်ဖုန်းပင်လျှင် အနည်းငယ် အားကျမိသည်။
သားဖြစ်သူနှင့် အတန်ကြာ ဆော့ကစားပြီးနောက် ဆွန်ဖုန်းက သမီးလေးနှစ်ယောက်ဆီသို့ သွားရောက်ချော့မြှူပြန်သည်။ ယခုအခါ သူတို့လေးများမှာ တစ်လပြည့်တော့မည်ဖြစ်သည်။ သူတို့၏ ရေကြည်ကြည်လို ဖြူစင်တောက်ပနေသော မျက်လုံးဝိုင်းကြီးများကို ကြည့်ရင်း ဆွန်ဖုန်းတစ်ယောက် အလွန်အမင်း အချစ်ပိုနေမိသည်။
"ကဲ... နို့တိုက်ချိန် ရောက်ပြီ..."
သမီးလေး အော်ဟစ်ငိုယိုနေသည်ကို မြင်လိုက်ရသောအခါ ယန်ရွှယ်က မေတ္တာအပြည့်ပါသော မျက်နှာဖြင့် လျှောက်လာပြီး ဆွန်ဖုန်းလက်ထဲမှ သမီးလေးကို ပွေ့ချီကာ နို့တိုက်ရန် ပြင်လိုက်သည်။
လျန်ယင်းနှင့် ယန်ရွှယ်တို့ နှစ်ယောက်စလုံးက နို့ထိန်းအမများကို မငှားရမ်းခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကလေးများကို အခြားအမျိုးသမီးများ၏ နို့ရည်ကို မတိုက်ကျွေးချင်သောကြောင့်ဖြစ်သည်။
ထို့အပြင် သူတို့က အလိုလိုက်ခံထားရသော အမျိုးသမီးများ မဟုတ်သဖြင့် ကိုယ်တိုင် နို့တိုက်လျှင် ခန္ဓာကိုယ်အချိုးအစား ပျက်ယွင်းသွားမည်ကိုလည်း မကြောက်ရွံ့ကြပေ။ ဟယ်မင်ယီလိုတော့ မဟုတ်ပေ။ သူမကတော့ ကိုယ်တိုင်နို့တိုက်လေ့ မရှိဘဲ ထိုအချိန်က နို့ထိန်းအမ တစ်ဖွဲ့လုံးကိုပင် ငှားရမ်းထားခဲ့သည်။
"လာ... မေမေ နို့တိုက်မယ်နော်..."
ယန်ရွှယ်က အင်္ကျီကို လှန်တင်ကာ ဆွန်ရွှယ်ဟန်လေးကို နို့စတင်တိုက်ကျွေးတော့သည်။ ယခုအခါတွင်မှ မိခင်ဘဝသို့ ရောက်ရှိနေသော အမျိုးသမီးများက ကမ္ဘာပေါ်တွင် အလှပဆုံး အမျိုးသမီးများဖြစ်ကြောင်း ဆွန်ဖုန်း သဘောပေါက်သွားတော့သည်။
ညဘက် ထမင်းစားပြီးနောက် အမျိုးသမီးများအားလုံး ကလေးထိန်းရန် အလုပ်ရှုပ်နေကြသဖြင့် ဆွန်ဖုန်းက ပျင်းရိပျင်းတွဲဖြင့် ကားမောင်းကာ လေညင်းခံထွက်လာခဲ့သည်။ တစ်ပတ်ခန့် ပတ်မောင်းပြီးနောက် မသိမသာဖြင့် ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီ ဌာနချုပ်သို့ ရောက်ရှိသွားခဲ့သည်။
ဆွန်ဖုန်းက အပေါ်ထပ်သို့ တက်ကာ လှည့်ပတ်ကြည့်ရှုလိုက်သည်။
တာဝန်ကျနေသော၊ အချိန်ပိုဆင်းနေသော ဝန်ထမ်းများက ဆွန်ဖုန်း ရောက်လာသည်ကို မြင်လိုက်ရသောအခါ ခေါင်းညိတ်အရိုအသေပေးကာ နှုတ်ဆက်ကြသည်။
"ဥက္ကဋ္ဌကြီး ညချမ်းပါ ခင်ဗျာ..."
"ဥက္ကဋ္ဌကြီး မင်္ဂလာပါရှင်..."
"အင်း... အင်း... မင်းတို့ ထမင်းစားပြီးကြပြီလား... ဘယ်အချိန်အထိ အချိန်ပိုဆင်းရမှာလဲ..."
ဆွန်ဖုန်းက နွေးထွေးစွာ ပြုံးရွှင်လျက် မေးလိုက်သည်။
'အင်း... ဒီဝန်ထမ်းတွေကို အသိအမှတ်ပြု ချီးကျူးစကားလေးတော့ ပြောပေးသင့်တာပေါ့ …ဒါမှ သူတို့ ပိုပြီး ကြိုးကြိုးစားစား အလုပ်လုပ်ကြမှာလေ... ဟီးဟီး…’
ဆွန်ဖုန်း၏ ဂရုစိုက်မှုကို ရရှိလိုက်သော ဝန်ထမ်းများမှာ ချက်ချင်းပင် မျက်နှာများ ဝင်းပသွားကြပြီး အလုပ်လုပ်ချင်စိတ်များ ပိုမိုတက်ကြွလာကာ အချိန်ပိုဆင်းရသည့် ပင်ပန်းမှုများပင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
လူစီ၏ ရုံးခန်းရှေ့မှ ဖြတ်သွားချိန်တွင် သူမ၏ ရုံးခန်းမီး လင်းနေသေးသည်ကို ဆွန်ဖုန်း သတိထားမိလိုက်သည်။
'အို... ဒီကောင်မလေးက တော်တော်လေး ကြိုးစားတာပဲ...'
ပြီးခဲ့သည့်အကြိမ်က ဆွန်ဖုန်းက သူမကို ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီ ဌာနချုပ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး မန်နေဂျာရာထူးတစ်ခု ပေးအပ်ခဲ့သည်။ သူမက ဤမျှ ကြိုးစားပမ်းစား လုပ်ကိုင်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ချီးကျူးထိုက်ပေသည်။
ဆွန်ဖုန်းက တံခါးကို အသာလေးတွန်းဖွင့်ကာ ဝင်သွားလိုက်သည်။
"လူစီ... ဒီလောက်ညဉ့်နက်နေတာတောင် အချိန်ပိုဆင်းနေတုန်းလား... ထမင်းရော စားပြီးပြီလား... ပင်ပန်းနေပြီပေါ့..."
ဆွန်ဖုန်း ဝင်ဝင်ချင်း ရုံးစားပွဲပေါ်တွင် အလုပ်ရှုပ်နေသော လူစီကို မြင်လိုက်ရသဖြင့် ပြုံးကာ ပြောလိုက်သည်။
ဆွန်ဖုန်း ရုတ်တရက် ဝင်လာသဖြင့် လူစီတစ်ယောက် အလန့်တကြား ဖြစ်သွားရသည်။
သူမ၏ ချောမောလှပသော မျက်နှာလေး ထိတ်လန့်သွားပြီး သူမ၏ ရင်သားအစုံကို လက်ဖြင့်အုပ်ကာ ပြောလိုက်သည်။
"သူဌေး... ရောက်လာတာလား... အာ... ဟိုလေ... ကျွန်မ နည်းနည်းလေးပဲ ကျန်တော့တာမို့လို့ပါ... ခဏနေရင် ဆင်းလို့ရပါပြီ... အချိန်ပိုဆင်းတယ်လို့လည်း မဆိုသာပါဘူး..."
လူစီက ပြုံးကာ ပြန်ဖြေလိုက်သည်။