အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း (၃၂၆) - ဒီအမျိုးသမီးက ငါ့အပိုင်ပဲ
ဆွန်ဖုန်းက ထိုလူအုပ်ကြီးနှင့် စကားအချေအတင်ပြောရန် စိတ်မပါပေ။
"လမ်းဖယ်ပေးပါ... လမ်းဖယ်ပေးပါ..."
သို့သော်လည်း ထိုသူဌေးသား ဆယ်ယောက်ကျော်က ဆွန်ဖုန်း၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ မောက်မာသောအကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ ဆွန်ဖုန်း၏ စကားများက သူတို့ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည် မဟုတ်ပါလား။
"မင်းကို ငါပြောလိုက်မယ်... မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး... နောက်တစ်ခါ အီဗာသခင်မလေးနားကို ကပ်တာများ တွေ့ရင်တော့ မင်းကို သေအောင်လုပ်ပစ်မယ်..."
ရှေ့ဆုံးမှ ခေါင်းဆောင်ဖြစ်သူက အရိုက်ခံချင်စရာကောင်းသော ရုပ်သွင်ဖြင့် သူ၏ နှာခေါင်းကို မော့ကာ ဆွန်ဖုန်းကို အထင်သေးစွာ ငုံ့ကြည့်ရင်း ကြုံးဝါးလိုက်သည်။
"ဟုတ်တယ်... အီဗာသခင်မလေးနဲ့ ဝေးဝေးနေစမ်း... အီဗာသခင်မလေးက မင်းလိုကောင်မျိုး လိုက်ခွင့်ရှိတဲ့သူ မဟုတ်ဘူး... သူက ငါတို့အားလုံးရဲ့ နတ်ဘုရားမပဲ..."
နုနုနယ်နယ် လူငယ်လေးတစ်ဦးက မိန်းမဆန်ဆန် အသံဖြင့် ဝင်အော်လိုက်သည်။
"ဒီမိန်းမလျာကောင်... ဘေးဖယ်နေစမ်း... အီဗာက အားလုံးနဲ့ဆိုင်တာ မဟုတ်ဘူး... ငါနဲ့ပဲ ဆိုင်တာ..."
"ဒီကြွက်သားတုံးကောင်... အီဗာသခင်မလေးက မင်းလို ရိုင်းစိုင်းတဲ့ကောင်ကို ဘယ်တော့မှ စိတ်ဝင်စားမှာ မဟုတ်ဘူး..."
ဆွန်ဖုန်း စကားမပြောရသေးခင်မှာပင် သူဌေးသား နှစ်ယောက်က အချင်းချင်း စတင်ရန်ဖြစ်နေကြပြီဖြစ်သည်။
"ဟားဟား... ငါ့ကို သတ်ချင်တယ်ပေါ့လေ... အရမ်းကို ကြိုဆိုပါတယ်..."
ဆွန်ဖုန်းက အေးစက်စက် ရယ်မောလိုက်သည်။
သူ ကြီးပြင်းလာသည့်တစ်လျှောက် သူ့ကို သတ်ချင်နေသူများ အများအပြား ရှိခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူတို့အားလုံးကသာ သူ့လက်ချက်ဖြင့် သေလုနီးပါး ဖြစ်သွားခဲ့ကြသည်။ ဥပမာအနေဖြင့် မျက်စိရှေ့ရှိ အီဗာပင် ဖြစ်သည်။ သူမက သူ့ကို သတ်ချင်နေသော်လည်း နောက်ဆုံးတွင် သူ့လက်ချက်ဖြင့် ရူးသွပ်သွားမတတ် ခံစားခဲ့ရသည် မဟုတ်ပါလား။
"လမ်းဖယ်စမ်း... လမ်းမပိတ်နဲ့..."
ဆွန်ဖုန်းက ဤလူမိုက်များနှင့် အချိန်ဖြုန်းမနေချင်တော့သဖြင့် ရှေ့တွင် ပိတ်ရပ်နေသော အရပ် ၁.၉ မီတာကျော်ရှိသည့် လူထွားကြီးကို လက်ဖြင့် တွန်းဖယ်ကာ မလှမ်းမကမ်းရှိ အီဗာဆီသို့ လျှောက်သွားလိုက်သည်။
ထိုလူထွားကြီး သူဌေးသားက သူ၏ခွန်အားကို အသုံးပြု၍ ဆွန်ဖုန်းကို တားဆီးရန် ရည်ရွယ်ထားသော်လည်း ရုတ်တရက် အလွန်ထိတ်လန့်ဖွယ်ကောင်းသော အရာတစ်ခုကို သတိထားမိလိုက်သည်။ အားကစားသမားတစ်ဦးလို ခွန်အားကြီးမားလှသော သူက ဤအာရှသား၏ ခပ်ဖွဖွ တွန်းဖယ်မှုအောက်တွင် နောက်သို့ အလိုအလျောက် ဆုတ်ခွာသွားခဲ့ရသည်။
သူက ဆက်လက်၍ ဆွန်ဖုန်းကို တားဆီးရန် ပြင်လိုက်သော်လည်း ဆွန်ဖုန်း၏ လူသတ်ချင်နေသော အကြည့်ကို မြင်လိုက်ရသောအခါ အသိစိတ်လွတ်သွားသကဲ့သို့ ဘာမှမပြောရဲ မလုပ်ရဲတော့ပေ။
ဤသို့ဖြင့် ထိုသူဌေးသားများမှာ ဆွန်ဖုန်းကို ဘာမှလုပ်မရတော့ပေ။ မည်သို့ပင်ဖြစ်စေ ဤနေရာက ကပွဲအခမ်းအနားဖြစ်ရာ သူတို့က အတင်းအဓမ္မ လုပ်ဆောင်၍ မရနိုင်ပေ။
"ဟေး... ဘာလို့ ပြေးလာတာလဲ... မင်းရဲ့ ရည်းစားကို ဒီတိုင်း ပစ်ထားခဲ့တာလား..."
ဆွန်ဖုန်းက အီဗာ၏ အနားသို့ ရောက်သွားပြီး ဝိုင်တစ်ခွက်ကို ယူကာ တစ်ငုံသောက်ရင်း မေးလိုက်သည်။
"စကားကို မဟုတ်တာ မပြောနဲ့..."
အီဗာက ဆွန်ဖုန်းကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"တစ်ညတာ ရည်းစားလေးကို အဲ့လိုခေါ်လို့ မရဘူးလား..."
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။
"ငါနဲ့ နင်က မရင်းနှီးဘူး..."
ဆွန်ဖုန်း စကားပြောနေဆဲမှာပင် ထိုယင်ကောင်အုပ်ကြီးက ပြန်လည် ဝိုင်းအုံလာကြပြန်သည်။
တစ်ယောက်ချင်းစီတိုင်းက ဆွန်ဖုန်းကို လူသတ်ချင်နေသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သူတို့က အလွန်အမင်း မနာလိုဖြစ်ကာ ဒေါသထွက်နေကြသည်။
သူတို့၏ စိတ်နှလုံးထဲရှိ နတ်ဘုရားမကို ဤအမျိုးသားက ဘာများလုပ်လိုက်သနည်း။ သူတို့နှစ်ယောက်က စကားပြောနေရုံသာမက ခါးကိုပါ ဖက်ထားသေးသည်။ သူတို့ဆိုလျှင် ယခုအချိန်အထိ အီဗာနှင့် စကားပြောခွင့်ပင် မရခဲ့ကြသေးပေ။
"ဟေး... မင်းက ဘယ်သူလဲဆိုတာ ငါတို့ကို မပြောသေးဘူးနော်..."
လူငယ်တစ်ဦးက ဆွန်ဖုန်း၏ အရှေ့သို့ လျှောက်လာကာ မောက်မာစွာ မေးလိုက်သည်။
"ငါက မင်းတို့နဲ့ မသိချင်ဘူးလေ... အဲ့ဒါကြောင့် ဆောရီးပါပဲ... ငါ့ကိုယ်ငါ မိတ်ဆက်ပေးဖို့ စိတ်ကူးမရှိဘူး..."
ဆွန်ဖုန်းက ထိုလူကို တစ်ချက်စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"မင်း... ဟွန့်... ရိုင်းစိုင်းလိုက်တာ..."
"သွားမယ်... ငါတို့ စကားပြောလို့ကောင်းမယ့် တိတ်ဆိတ်တဲ့နေရာကို သွားရအောင်... ဒီမှာက ယင်ကောင်တွေ အရမ်းများတယ်... ဆူညံလွန်းတယ်..."
ဆွန်ဖုန်းက ဝိုင်ခွက်ကို ချထားလိုက်ပြီး အီဗာ၏ လက်ကို ဆွဲကာ ထောင့်တစ်နေရာဆီသို့ လျှောက်သွားလိုက်သည်။ အီဗာက ဆွန်ဖုန်း သူမ၏ လက်ကို ဆွဲကိုင်လိုက်သောအခါ ရုန်းထွက်ရန် ကြိုးစားသော်လည်း ဆွန်ဖုန်းက တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် လုံးဝ လှုပ်မရတော့ပေ။ ထို့ကြောင့် ဆွန်ဖုန်း၏ ဆွဲခေါ်ရာနောက်သို့သာ လိုက်ပါသွားရတော့သည်။
"ယင်ကောင်... မင်းက ဘယ်သူ့ကို ယင်ကောင်လို့ ပြောတာလဲ..."
ဒေါသကြီးပုံရသော လူတစ်ဦးက ချက်ချင်းပင် မကျေမနပ်ဖြစ်ကာ ဆွန်ဖုန်းကို အော်ဟစ်မေးမြန်းလိုက်သည်။
"မင်းကိုယ်မင်း ယင်ကောင်လို့ ထင်နေလို့လား..."
ဆွန်ဖုန်းက အေးစက်စက် ရယ်မောလိုက်သည်။
"ငါ... ငါက ယင်ကောင်မဟုတ်ပါဘူး..."
ထိုလူမှာ ဆွန်ဖုန်း၏ စကားကြောင့် ချက်ချင်း ဆွံ့အသွားရတော့သည်။
ဤသို့ဖြင့် ဆွန်ဖုန်းက အီဗာကို ဆွဲခေါ်သွားခဲ့ရာ မနာလိုဒေါသထွက်နေကြသော သူဌေးသားတစ်အုပ်သာ ကျန်ရစ်ခဲ့တော့သည်။ သူတို့မှာ ဆွန်ဖုန်း၏ ကျောပြင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အားလုံးက လက်ခလယ်ထောင်ပြနေကြတော့သည်။ ဤကဲ့သို့သော သူဌေးသားများကသာ အမှန်တကယ် အသုံးမကျသော အမှိုက်ကောင်များ ဖြစ်ပေသည်။
"အီဗာ... နင် ဒီလောက်စောစော ရောက်နေတာလား..."
ဆွန်ဖုန်းက အီဗာကို ဆွဲခေါ်သွားပြီး ခြေလှမ်းအနည်းငယ်မျှသာ လျှောက်ရသေးချိန်တွင် အနောက်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာပြီး ဒေါက်ဖိနပ်သံများလည်း ပါဝင်လာသည်။
"နင်... ဆွန်ဖုန်း..."
ဒေစီက ဆွန်ဖုန်း အီဗာ၏ လက်ကို ဆွဲကိုင်ထားသည်ကို မြင်လိုက်ရသောအခါ နီလာရောင်မျက်လုံးဝိုင်းကြီးများ ပြူးကျယ်သွားပြီး မျက်တောင်များ တဖျပ်ဖျပ်ခတ်သွားကာ မိတ်ကပ်ပါးပါးလေး လိမ်းချယ်ထားသော မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့်အဝ ပေါ်လွင်သွားတော့သည်။
အီဗာက ဆွန်ဖုန်းနှင့် ဘယ်လိုလုပ်ပြီး အတူတူ ရှိနေရတာလဲဆိုသည်ကို သူမ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ လက်ချင်းတောင် တွဲထားကြသေးသည်။ ဒါက ဘယ်လို အခြေအနေလဲ။
"ဟားဟား... မစ္စဒေစီ... မင်္ဂလာပါ... ဒီနေ့ ခင်ဗျား အရမ်းလှနေတယ်နော်..."
ဆွန်ဖုန်းက နှစ်ကြိမ်မျှသာ တွေ့ဖူးသေးသော ထိုနိုင်ငံခြားသူ အလှမယ် ဒေစီကို စိုက်ကြည့်လိုက်သည်။ သူမ၏ အဆွဲဆောင်နိုင်ဆုံး အစိတ်အပိုင်းမှာ ရှည်လျားသွယ်လျသော ခြေတံလှလှလေးများပင် ဖြစ်သည်။
ဆွန်ဖုန်း၏ ပူပြင်းလှသော အကြည့်များကြောင့် ဒေစီ၏ စိတ်ထဲတွင် ဆွန်ဖုန်းကို အကြီးအကျယ် အထင်သေးသွားမိသည်။
'ပန်းကန်ထဲကဟာကို စားနေရင်းနဲ့ အိုးထဲကဟာကို မျက်စိကျနေသေးတယ်ပေါ့လေ' ဟု တွေးလိုက်မိသည်။ သို့သော်လည်း ဒေစီက ပြုံးရွှင်စွာဖြင့် ပိုမိုဆွဲဆောင်မှုရှိစွာ ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
"နင်တို့နှစ်ယောက်က တွဲနေကြပြီပေါ့လေ..."
ဒေစီက အီဗာ၏ မျက်နှာပေါ်ရှိ မသဘာဝကျသော အမူအရာကို မြင်လိုက်ရသောအခါ သိချင်စိတ်ဖြင့် မေးလိုက်သည်။
ပြီးခဲ့သည့်အကြိမ်က အီဗာ ပြောခဲ့သည်မှာ ဆွန်ဖုန်းကို မုန်းတီးသည်ဟု သူမ မှတ်မိနေသေးသည်။ သို့သော် ယခုတော့ သူတို့နှစ်ယောက်က အတူတကွ ရှိနေကြပြီ။ လက်ချင်းတောင် တွဲထားကြသေးသည်။ သူတို့ကြားက ရန်ငြိုးတွေ ပြေလည်သွားကြပြီလား။
အော် မဟုတ်သေးဘူး... ဤအချိန်တွင် ဒေစီ ရုတ်တရက် သတိရသွားသည်မှာ ဆွန်ဖုန်းက အိမ်ထောင်သည် တစ်ယောက်ဖြစ်ကြောင်းကိုပင်။ ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး အတူတကွ တွဲနိုင်မည်နည်း။
"အော်... သူမက ကျွန်တော့်ကို တစ်ညတာ ရည်းစားလုပ်ပေးမယ်လို့ ပြောထားတယ်လေ..."
ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်မောကာ အီဗာ၏ ခါးလေးကို ဖက်လျက် အရှက်အကြောက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
အီဗာ၏ ခန္ဓာကိုယ်လေး တုန်ရီသွားပြီး ဆွန်ဖုန်းကို လှည့်ကြည့်ကာ မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ဘာမှပြန်မပြောချင်တော့ပေ။
သူမ ဘာပဲပြောပြော ရှေ့တွင်ရှိနေသော ဤလူယုတ်မာက အမြဲတမ်း မျက်နှာပြောင်တိုက်နေမည်သာ ဖြစ်ကြောင်း သူမ သိထားသည်။ သူမ ပိုပြောလေ သူက ပိုပြီး မျက်နှာပြောင်တိုက်လေ ဖြစ်လာမည်သာဖြစ်သည်။ ထို့ကြောင့် ဘာမှမပြောခြင်းက အကောင်းဆုံးဖြစ်သည်။
"သြော်... ဒီလိုကိုး..."
ဒေစီက သူတို့နှစ်ယောက်ကို ဟိုကြည့်ဒီကြည့် လုပ်ရင်း သူမ၏ စိတ်ထဲတွင် ဘာတွေတွေးနေမှန်း မသိနိုင်ပေ။
"ဟယ်... ဟိုလူက ဘယ်သူလဲ... အီဗာသခင်မလေးနဲ့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ..."
"ငါလည်း မသိဘူး... သူ့ကို တစ်ခါမှ မမြင်ဖူးဘူး... ဒါပေမဲ့ ရုပ်ကတော့ တော်တော်ချောတာပဲ..."
"အီဗာသခင်မလေးရဲ့ အရုပ်သစ်များလား..."
"သောက်ကျိုးနည်း... အဲ့ဒီလူက ငါ့ရဲ့ နတ်ဘုရားမလေးရဲ့ ခါးကို ဖက်ထားတယ်... အဲ့ဒီနေရာမှာ ငါသာ ဖြစ်သင့်တာ..."
ခန်းမထဲတွင်ရှိသော အမျိုးသား အမျိုးသမီးများက ဆွန်ဖုန်းနှင့် အီဗာတို့၏ ရင်းနှီးသော အနေအထားကို မြင်တွေ့လိုက်ရသောအခါ အုပ်စုလိုက် တီးတိုး ဝေဖန်ပြောဆိုနေကြတော့သည်။
ဒေစီက အီဗာနှင့် စကားအနည်းငယ် ထပ်ပြောချင်သော်လည်း မကြာမီမှာပင် ယင်ကောင်အုပ်ကြီး၏ ဝိုင်းအုံမှုကို ခံလိုက်ရပြီး အဆက်မပြတ် စကားလာပြောနေကြသဖြင့် မအားလပ်နိုင်တော့ပေ။
ဟူး... လှပသော အမျိုးသမီးများဆိုသည်မှာ ဤသို့ပင်ဖြစ်သည်။ အမြဲတမ်း ယင်ကောင်များ၏ နှောင့်ယှက်မှုကို ခံရလေ့ရှိသည်။
"ဝါး... သခင်လေးဂရီ ရောက်လာပြီ..."
ထိုအချိန်တွင် မည်သည့်အမျိုးသမီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်မှန်း မသိပေ။
တစ်ခန်းလုံးရှိ အမျိုးသမီးငယ် အများစုမှာ တံခါးပေါက်ဆီသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။ တံခါးပေါက်မှနေ၍ အရပ် ၁.၉ မီတာခန့်ရှိပြီး အလွန်အမင်း ချောမောခန့်ညားသော အမျိုးသားတစ်ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
သူ၏ အသက်မှာ ၂၄ ၂၅ နှစ်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အနောက်တိုင်းသားများတွင် တွေ့ရခဲသော ဆွဲဆောင်မှုရှိလှသည့် မျက်နှာထားကြောင့် အလွန်အမင်း ကြည့်ကောင်းလှသည်။
ဟုတ်ပါသည်။ ကြည့်ကောင်းသော အမျိုးသားတစ်ဦးသာမက ချောမောခန့်ညားသော အမျိုးသားတစ်ဦးလည်း ဖြစ်သည်။ ချောမောမှု + ဆွဲဆောင်မှု = ကြည့်ကောင်းခြင်း ပင်ဖြစ်သည်။
"ဒီလူက ဘယ်သူလဲ... ဒီလောက်တောင် ချောတာလား... ငါ့ထက်တောင် ပိုချောနေသေးတယ်... သောက်ကျိုးနည်းပဲ..."
ဆွန်ဖုန်းက ထိုအမျိုးသားကို ကြည့်လိုက်ရာ တစ်ဖက်လူက သူ့ထက် အနည်းငယ် ပို၍ ချောမောနေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်။
"သခင်လေးဂရီ... ဒီည အကဖော် ရှိပြီလား... ကျွန်မကို အကဖော်အဖြစ် ရွေးချယ်ပေးလို့ ရမလား..."
"သခင်လေးဂရီ... ဒီည ကျွန်မ ရှင်တို့အိမ်ကို လာလည်လို့ ရမလားဟင်..."
"သခင်လေးဂရီ... ဒီည ကျွန်မနဲ့ တစ်ပုဒ်လောက် ကပေးနိုင်မလား..."
ဂရီဟုခေါ်သော ဤချောမောခန့်ညားသည့် အမျိုးသား ဝင်လာသည်နှင့်တစ်ပြိုင်နက် နိုင်ငံခြားသူ အလှမယ် အယောက်နှစ်ဆယ်ကျော်ခန့်က ချက်ချင်း ဝိုင်းအုံသွားကြသည်။ ထိုအထဲတွင် အမျိုးသမီးကြီး လေးငါးယောက်ခန့်လည်း ပါဝင်ပြီး သူတို့၏ အကြည့်များက ဂရီကို အစိမ်းလိုက် ဝါးစားတော့မည့်အလား တပ်မက်စွာ စိုက်ကြည့်နေကြသည်။ သူတို့၏ တံတွေးမျိုချသံများကို ကြည့်ရုံဖြင့် ဂရီကို နေရာမှာတင် စားသုံးပစ်ချင်နေမှန်း သိသာလှသည်။
ဂရီ ရောက်လာသည်နှင့်တစ်ပြိုင်နက် အမျိုးသားများ၏ မနာလိုဒေါသထွက်မှုများကို ထပ်မံ၍ ဆွဲဆောင်သွားပြန်သည်။ အချို့သော အမျိုးသားများမှာ မိန်းကလေးတစ်ယောက်နှင့် စကားပြောအဆင်ပြေနေပြီး ညဘက် အိမ်သို့ခေါ်သွားရန် ပြင်ဆင်နေချိန်တွင် ဤမိန်းကလေးများက ဂရီကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဂရီ့ဆီသို့ ချက်ချင်း ပြေးသွားကြတော့သည်။ ရှက်ရွံ့သူများက အဝေးမှ စိုက်ကြည့်နေကြပြီး မရှက်တတ်သူများကတော့ ဂရီ၏ ကိုယ်ပေါ်သို့ပင် တွယ်တက်မတတ် ဖြစ်နေကြသည်။
လက်ရှိအချိန်တွင် ဂရီက နာမည်ကြီး ကမ္ဘာ့စူပါစတားတစ်ဦးကဲ့သို့ အမျိုးသမီးပရိသတ်များ၏ ဝိုင်းရံမှုကို ခံနေရပြီး အလွန် ထည်ဝါလှသည်။ သေချာသည်ကတော့ ဤသည်မှာ လူငယ်များကြားတွင်သာ ဖြစ်သည်။ သက်လတ်ပိုင်းအရွယ်များကတော့ အခြားခန်းမတစ်ခုတွင် သူတို့ပြောသင့်သော အကြောင်းအရာများကို ဆွေးနွေးနေကြသည်။
ဤကပွဲကို အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။
တစ်ပိုင်းက လူငယ်များအတွက်ဖြစ်ပြီး အခြားတစ်ပိုင်းကတော့ စစ်မှန်သော စီးပွားရေးလုပ်ငန်းရှင်များအတွက် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့က စီးပွားရေးအကြောင်း ဆွေးနွေးရန် ပတ်ဝန်းကျင်ကောင်းတစ်ခု လိုအပ်သည် မဟုတ်ပါလား။ စီးပွားရေးလုပ်ငန်းများ အပြန်အလှန် ချိတ်ဆက်နိုင်ခြေလည်း ရှိနေသေးသည်။
"အဲ့ဒီလူက ဘယ်သူလဲ..."
ဆွန်ဖုန်းက အီဗာ၏ သွယ်လျသော ခါးလေးကို ညှစ်လိုက်ရင်း မေးလိုက်သည်။ အစောက သူ မေးလိုက်သော်လည်း သူမက ပြန်မဖြေဘဲ နေသဖြင့် ဆွန်ဖုန်းက တမင်သက်သက် အနိုင်ကျင့်လိုက်ခြင်းဖြစ်သည်။
"နင် ဘာလုပ်တာလဲ..."
အီဗာက ဆွန်ဖုန်း၏ အပြုအမူကြောင့် မျက်နှာပေါ်တွင် ပန်းရောင်သန်းသွားပြီး ကျင်စက်နှင့် အတို့ခံလိုက်ရသလို ခံစားလိုက်ရသဖြင့် အလွန်မသက်မသာ ဖြစ်သွားရသည်။
"သူ့နာမည်က ဂရီ တဲ့... ထိုင်းလုံဘဏ္ဍာရေးအုပ်စုက သခင်လေးပဲ... အနာဂတ် အမွေဆက်ခံမယ့်သူပေါ့..."
"အော်... ဒီလိုကိုး... ဒါကြောင့်မို့လို့ ဒီလောက်တောင် လူကြိုက်များနေတာကိုး... စူပါသူဌေးသားလေး ဖြစ်နေတာကိုး..."
ဆွန်ဖုန်းက အီဗာကို လွှတ်ပေးလိုက်ပြီး မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်သည်။
ကနေဒါတွင် အလွန်အင်အားကြီးမားသော ဘဏ္ဍာရေးအုပ်စု သုံးခုရှိသည်။ သေချာသည်ကတော့ သေးငယ်သော ဘဏ္ဍာရေးအုပ်စုများကို ထည့်မတွက်ထားပေ။ လတ်တင်ဘဏ္ဍာရေးအုပ်စု ဆိုသည်မှာ အီဗာ၏ မိသားစုဖြစ်ပြီး ကနေဒါ၏ ထိပ်တန်း ဘဏ္ဍာရေးအုပ်စုဖြစ်ကာ ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးအုပ်စုလည်း ဖြစ်သည်။
နောက်တစ်ခုက ထိုင်းလုံဘဏ္ဍာရေးအုပ်စု ဖြစ်ပြီး ကနေဒါတွင် ပထမတန်းစား ဘဏ္ဍာရေးအုပ်စုဖြစ်ကာ အမေရိကတိုက်တွင် အလွန်ဩဇာလွှမ်းမိုးမှု ရှိသည်။ သေချာသည်ကတော့ ကမ္ဘာ့အဆင့်နှင့် ယှဉ်လျှင်တော့ အနည်းငယ် အားနည်းသွားမည်ဖြစ်သည်။
နောက်တစ်ခုက ဂျင်ဟွာဘဏ္ဍာရေးအုပ်စု ဖြစ်ပြီး ထိုင်းလုံဘဏ္ဍာရေးအုပ်စုနှင့် အဆင့်အတန်း တူညီသည်။ လတ်တင်ဘဏ္ဍာရေးအုပ်စုက ကမ္ဘာ့အဆင့်မီဖြစ်ပြီး ကျန်နှစ်ခုကတော့ တိုက်ကြီးတစ်တိုက်စာ အဆင့်သာဖြစ်သည်။ သူတို့၏ အင်အားက အမေရိကတိုက်တွင်သာ ကန့်သတ်ထားသည်။ သို့သော်လည်း အလွန်အမင်း အင်အားကြီးမားလှသည်။ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ ထက် အဆပေါင်းများစွာ ပိုမိုအင်အားကြီးမားပေသည်။
"အော်... ဒါပေမဲ့ သူနဲ့ယှဉ်ရင် မင်းကမှ တကယ့် စူပါသူဌေးသမီး အစစ်ပဲနော်... ဘယ်နှစ်ဆက်မြောက် သူဌေးသမီးလဲဆိုတာတော့ မသိဘူးပေါ့လေ..."
ဆွန်ဖုန်းက ရယ်မောရင်း အီဗာကို ကြည့်ကာ ပြောလိုက်သည်။
"ဆောရီးပါ... ခဏလောက် ခွင့်ပြုပါအုံး..."
ဂရီက သူ့ကို ဝိုင်းရံထားသော အမျိုးသမီးများအား ယဉ်ကျေးစွာ ပြောလိုက်ပြီးနောက် သူ၏ အရှေ့တွင် ပိတ်ဆို့နေသော ရင်သားအစုံများကို တိုးဝှေ့ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ အီဗာကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။
"သခင်လေးဂရီ... ဘယ်သွားမလို့လဲ... ကျွန်မတို့ ထပ်ပြီး စကားပြောကြရအောင်လေ... ဒီည ကျွန်မတို့ ညီအစ်မ ဆယ်ယောက် ရှင်တို့အိမ်ကို သွားလည်ခွင့်ပြုဖို့ ရှင် မဖြေရသေးဘူးနော်..."
"ဟုတ်ပါတယ် သခင်လေးဂရီ... ကျွန်မတို့ ညီအစ်မ ဆယ်ယောက်က ဒီည ရှင်နဲ့အတူ ရေကူးရင်း ဘဝရဲ့ ရည်မှန်းချက်တွေအကြောင်း ဆွေးနွေးချင်လို့ပါ..."
"နောက်မှပေါ့ကွာ... ဟီးဟီး..."
ဂရီက လက်ဝှေ့ယမ်းပြလိုက်ပြီး အီဗာရှိရာသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။ အီဗာကသာ သူ၏ ပစ်မှတ်ဖြစ်သည်။
သူ အီဗာကို ပိုးပန်းနေသည်မှာ ငါးနှစ် ခြောက်နှစ်ခန့် ရှိနေပြီဖြစ်သည်။ အီဗာက သူ့အပေါ် အမြဲတမ်း အေးတိအေးစက် ဆက်ဆံလေ့ရှိသော်လည်း ဤကဲ့သို့ မာနကြီးသော အမျိုးသမီးကို ရရှိရန်အတွက် အချိန်ယူ ကြိုးစားရမည်ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည်။
"အီဗာ... မင်း ဒီလောက်စောစော ရောက်နေတာလား..."
ဂရီက လျှောက်လာရင်း အဝေးမှနေ၍ ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။ သူ၏ ညို့ယူဖမ်းစားနိုင်သော မျက်နှာပေါ်ရှိ အပြုံးက တကယ်ကို ဆွဲဆောင်မှု ရှိလှသည်။
"အင်း..."
အီဗာက ဆွန်ဖုန်းကို ပထမဆုံး တွေ့ခဲ့စဉ်ကကဲ့သို့ မာနကြီးပြီး အေးစက်သော အမူအရာမျိုး ပြန်လည် ဖမ်းယူလိုက်သည်။ ဂရီ၏ ရင်းနှီးမှုအပေါ် သူမက ခပ်အေးအေးသာ တုံ့ပြန်လိုက်သည်။
"အို... ဒီကလူက တကယ်ကို ချောတာပဲ... ခုနက ခန်းမထဲက မိန်းကလေးတွေ အားလုံးကိုတောင် ညို့ယူဖမ်းစားလိုက်သလား အောက်မေ့ရတယ်..."
ဆွန်ဖုန်းက ဂရီကို အနီးကပ် ကြည့်လိုက်သောအခါ... သောက်ကျိုးနည်း... တကယ်ကို အမိုက်စား ချောမောလွန်းလှသည်။ မိန်းမလျာ သွားမလုပ်တာ တကယ် နှမြောစရာပဲ။
"အော်... ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ခင်ဗျားက..."
ဂရီက အီဗာ၏ ဘေးတွင် ရပ်နေသော ဤအမျိုးသားစိမ်းကို ကြည့်လိုက်ရာ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူ ဘယ်မှာ တွေ့ဖူးခဲ့မှန်း သေချာ မမှတ်မိတော့ပေ။
"သြော်... ကျွန်တော် မှတ်မိပြီ... ခင်ဗျား နာမည်က ဆွန်ဖုန်း မဟုတ်လား..."
ဆွန်ဖုန်းက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရန် ပြင်လိုက်ချိန်မှာပင် ဂရီက ရုတ်တရက် သတိရသွားသည်။ ဤသူမှာ ကနေဒါနိုင်ငံ၏ ဆယ်စုနှစ်များစွာအတွင်း အသက်အငယ်ဆုံးနှင့် အအောင်မြင်ဆုံး လူငယ်လုပ်ငန်းရှင် ဆွန်ဖုန်း ပင်ဖြစ်သည်။
"ကျွန်တော့်နာမည်ကို သိနေတာပဲ... ကျေးဇူးတင်ပါတယ်..."
ဆွန်ဖုန်းက ပြန်ပြောလိုက်သည်။
"ဟားဟား... ကျွန်တော်လည်း ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ သိတာပါ... မစ္စတာဆွန်က တကယ်ကို လူငယ်လူရည်ချွန်ပဲ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ်ပိုင်အင်ပါယာတစ်ခု တည်ဆောက်နိုင်ခဲ့တာပဲ..."
ဂရီက စူပါသူဌေးသားတစ်ဦး၏ မာနကို မပြသဘဲ အလွန် ရင်းနှီးဖော်ရွေစွာဖြင့် ဆွန်ဖုန်းကို ချီးကျူးစကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်... ကံကောင်းလို့ပါ... ကံကောင်းလို့ပါ..."
ဆွန်ဖုန်းက ရယ်မောကာ ပြန်ပြောလိုက်သည်။
ဂရီက ဆွန်ဖုန်းနှင့် ယဉ်ကျေးမှုအရ စကားအနည်းငယ် ပြောပြီးနောက် စကားလမ်းကြောင်းကို အီဗာဘက်သို့ လှည့်လိုက်သည်။ ဆွန်ဖုန်းအပေါ် အချိန်မဖြုန်းချင်သည်မှာ သိသာလှသည်။
"အီဗာသခင်မလေး... ဒီည ကျွန်တော့်ရဲ့ အကဖော်အဖြစ် ဝင်ရောက်ပြီး ကျွန်တော်နဲ့အတူ တစ်ပုဒ်လောက် ကပေးဖို့ ဖိတ်ခေါ်ခွင့်ပြုပါ..."
ဂရီက အလွန်ယဉ်ကျေးသပ်ရပ်စွာဖြင့် အီဗာကို ဖိတ်ခေါ်လိုက်သည်။ ယခုညသည် သူနှင့် အီဗာ အနီးကပ်ဆုံး ရှိနေနိုင်မည့် အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး သူမကို ပိုမို သိမ်းသွင်းနိုင်ရန် အခွင့်အရေးများ ရရှိနိုင်မည်ဟု ဂရီက ယုံကြည်ထားသည်။
"ဂရီ... မင်း တွေးတာ လွန်လွန်းနေပြီ... မင်းလို မိန်းမလျာကောင်နဲ့ အီဗာက ဘယ်လိုလုပ်ပြီး အကဖော် လုပ်မှာလဲ... အဲ့ဒီလိုသာဆိုရင် သူမအတွက် သိက္ခာကျစရာ ဖြစ်သွားမှာပေါ့..."
ထိုအချိန်တွင် အလွန် ကြားရခက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အလွန် ကျက်သရေရှိလှသော အမျိုးသားတစ်ဦးက သူတို့သုံးယောက်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ချားလ်စ်..."
ဆွန်ဖုန်းက ထိုအမျိုးသားကို မြင်လိုက်ရသောအခါ ချက်ချင်း သတိရသွားသည်။ ဤကောင်က ပြီးခဲ့သည့်အကြိမ်က သူ့ကိစ္စကို ဝင်ဖျက်ခဲ့သော ခွေးကောင် မဟုတ်ပါလား။ ဒီနေရာမှာ ဒီကောင်နဲ့ လာတွေ့လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"ချားလ်စ်..."
ဂရီက မဖိတ်ခေါ်ဘဲ ရောက်လာသော ချားလ်စ်ကို မြင်လိုက်ရသောအခါ မျက်နှာ အနည်းငယ် ပျက်သွားသည်။ လမ်းခုလတ်မှ ဝင်ရောက်နှောင့်ယှက်သူကို မည်သူကမျှ သဘောကျမည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ ဤချားလ်စ်မှာလည်း အီဗာကို ပိုးပန်းနေသူများထဲမှ တစ်ဦးဖြစ်သည်။ ဂျင်ဟွာဘဏ္ဍာရေးအုပ်စု၏ တရားဝင် အမွေဆက်ခံမည့်သူဖြစ်သည်။ ရာထူးနေရာဖြစ်စေ အရည်အချင်းဖြစ်စေ ဂရီထက် လုံးဝ မနိမ့်ကျသော သူဖြစ်သည်။
ချားလ်စ်က အလွန် ပွင့်လင်းသူဖြစ်သည်။ ဆဲသင့်လျှင် ဆဲမည်၊ လှောင်ပြောင်သင့်လျှင် လှောင်ပြောင်မည်ဖြစ်သည်။ ဂရီကဲ့သို့ အလှောင်ခံရသည့်တိုင်အောင် ယဉ်ကျေးစွာဖြင့် သည်းခံနေမည် မဟုတ်ပေ။ မိန်းမလျာကောင်ဟူသော စကားကို ဂရုမစိုက်ဘဲ နေမည်မဟုတ်ပေ။
"အီဗာသခင်မလေး... ဒီည ကျွန်တော့်ရဲ့ အကဖော် လုပ်ပေးပါလား... ဒီမိန်းမလျာကောင်နဲ့ အတူတူ ကချင်လို့တော့ မဟုတ်ဘူးမလား... အဲ့ဒီလိုသာဆိုရင် ခင်ဗျားအတွက် သိက္ခာကျစရာ ဖြစ်သွားမှာပေါ့..."
ချားလ်စ်က အလွန် ကောက်ကျစ်စဉ်းလဲစွာဖြင့် ပြောလိုက်သည်။