အခန်း ၃၂၇
Vol. 33 Ch. 327
အခန်း (၃၂၇) - ငါ မင်းနဲ့ တစ်ယောက်ချင်း ယှဉ်ချမယ်
အီဗာက ဘာမှဝင်မပြောသေးဘဲ အမျိုးသားနှစ်ယောက် အချင်းချင်း စကားနိုင်လုနေသည်ကို တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။ ဆွန်ဖုန်းကလည်း သူ့ရှေ့ရှိ ဤလူနှစ်ယောက်ကို ပြုံးစစဖြင့် ကြည့်နေသည်။
"ချားလ်စ်... မင်းရဲ့ ပါးစပ်စုတ်ကြီးကို ပိတ်ထားစမ်း... မင်းက လမ်းပေါ်က လူဆိုးဂိုဏ်းဝင်တစ်ယောက်လိုပဲ... ယဉ်ကျေးမှုဆိုတာ နည်းနည်းလေးမှ မရှိဘူး..."
ဂရီက ချားလ်စ်၏ စကားကြောင့် ဒေါသမထွက်သေးသော်လည်း သူ၏လေသံက အနည်းငယ် အေးစက်သွားခဲ့သည်။
"ဟွန့်... မိန်းမလျာကောင်..."
ချားလ်စ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်ကာ အီဗာဘက်သို့ လှည့်၍ ပြောလိုက်သည်။
"အီဗာသခင်မလေး... ဘယ်လို စဉ်းစားထားလဲဟင်... ဒီည ကျွန်တော့်ရဲ့ အကဖော် လုပ်ပေးပါလား... ကျွန်တော်က ဒီမိန်းမလျာကောင်ထက် အကပိုကောင်းမှာ သေချာပါတယ်..."
"အီဗာ... ဒီလောက် ရိုင်းစိုင်းတဲ့လူနဲ့ အတူတူ ကဖို့ မသင့်တော်ပါဘူး... ကျွန်တော်နဲ့ ကတာကမှ အသင့်တော်ဆုံးပါ..."
ဂရီက အီဗာထံသို့ တိုက်ရိုက် လက်ကမ်းပေးလိုက်ပြီး အကဖော်အဖြစ် ဖိတ်ခေါ်သည့် ဟန်အမူအရာကို ပြုလုပ်လိုက်သည်။
"အီဗာသခင်မလေး... ကျွန်တော့်ကို ရွေးချယ်ပါ..."
ချားလ်စ်ကလည်း အီဗာထံသို့ လက်တစ်ဖက် ကမ်းပေးလိုက်ကာ ဖိတ်ခေါ်သည့်ဟန် ပြုလုပ်လိုက်သည်။
"တော်ကြတော့... မင်းတို့နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကိုယ် ကြော်ငြာမနေကြနဲ့တော့... အီဗာက ဒီည ငါ့ရဲ့ အကဖော်ပဲ... မင်းတို့ တခြားမိန်းကလေးတွေကိုပဲ သွားရှာကြတော့..."
ဆွန်ဖုန်းက ပြုံးရွှင်စွာဖြင့် ဝင်ပြောလိုက်ပြီး 'မိန်းကလေး' ဆိုသည့် စကားလုံးကို တမင်သက်သက် ဖိပြောလိုက်သည်။
"ဆွန်ဖုန်း... မင်းက ဘာသဘောလဲ..."
ဂရီက လေထဲတွင် ဝဲနေသော သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တိတ်ဆိတ်နေဆဲဖြစ်သော အီဗာကို တစ်ချက်ကြည့်ကာ ဆွန်ဖုန်းအား မကျေမနပ်ဖြင့် မေးလိုက်သည်။
အစပိုင်းက ဂရီ ထင်ထားသည်မှာ အီဗာနှင့် ဆွန်ဖုန်းတို့က အသိမိတ်ဆွေများသာဖြစ်ပြီး အတူတူ စကားစမြည် ပြောနေကြခြင်းဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ ယခုတော့ အီဗာက ဆွန်ဖုန်း၏ အကဖော် ဖြစ်နေသည်တဲ့လား။ ဒါဆိုရင် သူတို့နှစ်ယောက်က ဘယ်လိုပတ်သက်မှုမျိုး ရှိနေကြတာလဲ။
ချက်ချင်းဆိုသလိုပင် ဂရီ၏ ဆွန်ဖုန်းအပေါ် ထားရှိသော ခင်မင်ရင်းနှီးမှုများက ပျောက်ကွယ်သွားပြီး အေးစက်စက် အမူအရာဖြင့် ရန်လိုသော အကြည့်များ ရောက်ရှိလာတော့သည်။
"ဆွန်ဖုန်း... မင်းပဲ..."
ဤအချိန်တွင် ချားလ်စ်က ဂရီ၏ စကားကို ကြားလိုက်ရမှသာ အီဗာ၏ဘေးတွင် ရပ်နေသော ဤအာရှသားမှာ သူ အတော်လေး ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူ သေချာစဉ်းစားကြည့်လိုက်သောအခါ ရုတ်တရက် သတိရသွားတော့သည်။
ဤလူကို သူ တစ်ကြိမ် မြင်ဖူးခဲ့သည်။ သူက သူရဲကောင်းလုပ်ကာ အလှမယ်လေးကို ကယ်တင်ခဲ့သည့် ညကပင်။ သူက အီဗာကို ကယ်တင်ခဲ့သည့် ညကပင်။ ရှေ့တွင်ရှိနေသော ဤလူက အီဗာနှင့် ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိသွားခဲ့သော ထိုလူပင်ဖြစ်သည်။
အီဗာက ဘယ်လိုလုပ်ပြီး ဒီကောင်နဲ့ အတူတူ ရှိနေရတာလဲဆိုတာ သူ လုံးဝ စဉ်းစား၍မရနိုင်အောင် ဖြစ်သွားရသည်။ ရန်ငြိုးတွေ မရှိတော့ဘူးလား။
ဆွန်ဖုန်းက အံ့အားသင့်နေသော သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ငါဆိုလိုတာက ဒီည အီဗာက ငါ့ရဲ့ အကဖော်ပဲ... မင်းတို့ သေချာ ကြားလိုက်ကြလား... သေချာ ကြားတယ်ဆိုရင်လည်း သွားလို့ရပြီ..."
ချားလ်စ်ရော ဂရီပါ နှစ်ယောက်စလုံး ဆွံ့အသွားကြသည်။
အီဗာက ဆွန်ဖုန်းရဲ့ အကဖော်တဲ့လား။ သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ အီဗာက တစ်စုံတစ်ယောက်၏ အကဖော်လုပ်ပေးရန် ဒီလောက် လွယ်လွယ်ကူကူ သဘောတူလိုက်သည်တဲ့လား။
ပြီးခဲ့သည့် နှစ်များတစ်လျှောက်လုံး သူတို့နှစ်ယောက်သည် အီဗာနှင့် အကကခွင့် တစ်ကြိမ်မျှသာ ရရှိခဲ့ဖူးကြသည်။ ယခု သူတို့ရှေ့ရှိ ဤဆွန်ဖုန်းဆိုသော လူက အီဗာ၏ အကဖော် ဖြစ်နေသည်ဆိုသည့်အချက်ကို သူတို့ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ...
ဤဆွန်ဖုန်းဆိုသူက သာမန်လူများကြားတွင် သန်းကြွယ်သူဌေးတစ်ဦး၊ အောင်မြင်သူတစ်ဦး ဖြစ်နိုင်သော်လည်း ဂရီနှင့် ချားလ်စ်တို့၏ အမြင်တွင်တော့ အလွန်အမင်း အင်အားကြီးမားလှသူ တစ်ဦး မဟုတ်ပေ။ သူတို့၏ အဆင့်အတန်းက ဆွန်ဖုန်းထက် အများကြီး ပိုမိုမြင့်မားသည်ဟု သူတို့က ထင်မှတ်ထားကြသည်။ အီဗာက ဆွန်ဖုန်း၏ အကဖော်လုပ်ပေးရန် ဘယ်လိုလုပ်ပြီး သဘောတူလိုက်သလဲဆိုတာကို သူတို့ လုံးဝ စဉ်းစား၍မရနိုင်အောင် ဖြစ်နေကြသည်။
"အီဗာ... သူပြောတာ တကယ်လား... သူက ဒီည မင်းရဲ့ အကဖော်လား..."
ဂရီက ပထမဆုံးအကြိမ်အဖြစ် လုံးဝ မယုံကြည်နိုင်စွာဖြင့် အီဗာကို ကြည့်ကာ အဖြေကို စောင့်မျှော်နေသည်။
"အီဗာ... မင်း နောက်နေတာမလား... ဟားဟား..."
ချားလ်စ်ကလည်း ဝင်ပြောလိုက်သည်။
"အီဗာ... သူတို့ကို ကျယ်ကျယ်လောင်လောင်လေး ပြောပြလိုက်ပါအုံး..."
ဆွန်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဟုတ်တယ်... ဒီည ငါက ဆွန်ဖုန်းရဲ့ အကဖော်ပဲ... ဒါကြောင့် နင်တို့တွေ ငါ့ကို ထပ်ပြီး ဖိတ်ခေါ်နေစရာ မလိုတော့ဘူး... တခြားမိန်းကလေးတွေကိုပဲ သွားရှာကြတော့..."
အမြဲတမ်း တိတ်ဆိတ်နေခဲ့သော အီဗာက နောက်ဆုံးတွင် တည်ငြိမ်စွာ ဖွင့်ဟပြောဆိုလိုက်သည်။ သို့သော်လည်း အီဗာ၏ စကားက ဤလူနှစ်ယောက်အတွက်တော့ မိုးကြိုးပစ်ချလိုက်သလိုပင် အလွန်အမင်း တုန်လှုပ်သွားစေသည်။ ဆွန်ဖုန်းပြောတာ တကယ်ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
'ဒေါက်... ဒေါက်...'
သူတို့နှစ်ယောက်စလုံး၏ မေးရိုးများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားမတတ် ဖြစ်သွားကြသည်။
"ဒါ... ဒါက..."
ယခုအခါ ဂရီတစ်ယောက် ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်သွားရသည်။ မိမိကိုယ်ကိုယ် ကျေနပ်ဂုဏ်ယူနေသော ဆွန်ဖုန်းကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် အညစ်အကြေးများ စားလိုက်ရသကဲ့သို့ အလွန်အမင်း မသက်မသာ ဖြစ်သွားရသည်။
"မင်းတို့ဖြည်းဖြည်းရှာကြအုံးနော်... အီဗာ... သွားမယ်... ငါတို့ စိတ်ဝင်စားဖို့ကောင်းတဲ့ လူတချို့နဲ့ သွားပြီး စကားပြောကြရအောင်..."
ဆွန်ဖုန်းက မှင်သက်နေသော ထိုလူနှစ်ယောက်ရှေ့မှ အီဗာကို ဆွဲခေါ်ကာ ပြုံးရွှင်စွာဖြင့် ထွက်ခွာသွားတော့သည်။
"ဒါ... ဒါ... ဒါက... အီဗာက အဲ့ဒီကောင်ကို သဘောကျသွားတာများလား..."
ဂရီက ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်။
"မဖြစ်နိုင်ပါဘူး... ပြီးခဲ့တဲ့အကြိမ်က အီဗာ သူ့ကို အရမ်းမုန်းနေတာ ငါ မှတ်မိသေးတယ်... အခု ဘယ်လိုလုပ်ပြီး အဆင်ပြေသွားရတာလဲ..."
ချားလ်စ်က လုံးဝ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ အမုန်းကနေ အချစ်ဖြစ်သွားတာများလား။ အို ဘုရားရေ... ဒီလောက်လှပတဲ့ ပန်းလေးတစ်ပွင့်က နွားချေးပုံပေါ်ကို ကျရောက်သွားပြီပေါ့လေ။
"ငါ့လက်ကို လွှတ်စမ်း... ငါက နင့်ကို တစ်ပုဒ်ပဲ ကပေးမယ်လို့ ကတိပေးထားတာ... ငါ့ကို အတင်းအဓမ္မ လာမထိနဲ့..."
ထောင့်တစ်နေရာသို့ ရောက်သောအခါ အီဗာက ဆွန်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ကာ ဆွန်ဖုန်း၏ လက်ကို ရုန်းဖယ်လိုက်သည်။
"ဟီးဟီး... ကောင်းပါပြီ... ကောင်းပါပြီ... မင်းကို ငါ အခွင့်အရေး မယူတော့ပါဘူး... ဒါပေမဲ့ မင်းရဲ့ အခွင့်အရေးတွေကို ငါ အကုန်လုံး ယူပြီးသွားပြီလို့ ထင်တာပဲ... အပေါက်နှစ်ပေါက်... အော် မဟုတ်သေးဘူး... အပေါက်သုံးပေါက်လုံး အပါအဝင်ပေါ့..."
ဆွန်ဖုန်းက အပြစ်ကင်းမဲ့သည့်ဟန်ဖြင့် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။
"နင်... ငါ နင့်ကို သတ်ပစ်မယ်ဆိုတာ မယုံဘူးလား..."
အီဗာက ဆွန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်မှုများ ပေါ်လာပြီး နတ်ဆိုးတစ်ကောင်လို လှပသော မျက်နှာလေးပေါ်တွင် ရင်တွင်းနက်ရှိုင်းရာမှ အမုန်းတရားများ ပေါ်လွင်လာတော့သည်။
"ကောင်းပါပြီ... ကောင်းပါပြီ... ငါ စကားမှားသွားပါတယ်... ကဲပါ... ဒီကိစ္စကို ထပ်မပြောတော့ပါဘူး... သွားမယ်... ငါတို့ တခြားလူတွေနဲ့ သွားပြီး စကားပြောကြရအောင်... မင်းက ကနေဒါအသိုင်းအဝိုင်းထဲမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးကို သိမှာပေါ့... ဥပမာအနေနဲ့ ငါ့ကို မိတ်ဆက်ပေးပါလား..."
ဆွန်ဖုန်းက နောက်ပြောင်စွာဖြင့် ပြောလိုက်သည်။
"ငါ အားမရဘူး... ငါ နားချင်တယ်..."
အီဗာက ဆွန်ဖုန်း၏ တောင်းဆိုမှုကို တိုက်ရိုက် ငြင်းပယ်လိုက်ပြီး ဒေါသတကြီးဖြင့် ဆိုဖာတစ်ခုပေါ်တွင် ထိုင်ချလိုက်ကာ အချိုရည်တစ်ခွက်ကို ယူ၍ ဒေါသပြေစေရန် သောက်နေတော့သည်။
"မင်း ဖြည်းဖြည်းသောက်နော်... ငါ လူတချို့နဲ့ သွားပြီး စကားပြောလိုက်အုံးမယ်..."
ဆွန်ဖုန်းက ဤနေရာသို့ ရောက်လာပြီးမှတော့ အလကား အချည်းနှီး ပြန်မသွားနိုင်ပေ။ အလကား စကားပြောဆိုနိုင်မည့် သူများကို ရှာဖွေပေါင်းသင်းခြင်းကလည်း မဆိုးလှပေ။
နာရီဝက်ခန့် ကြာပြီးနောက် ဆွန်ဖုန်းသည် ချက်ချင်းဆိုသလိုပင် သူနှင့်အတူ စကားလက်ဆုံကျနိုင်မည့် လူသုံးယောက်ကို ရရှိသွားခဲ့သည်။ ဤလူများမှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ရှိကြသူများဖြစ်သည်။ တစ်ယောက်က ရေနံလုပ်ငန်းရှင်၊ တစ်ယောက်က ကုန်သွယ်ရေးလုပ်ငန်းရှင်၊ နောက်တစ်ယောက်ကတော့ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သူဖြစ်သည်။ သူတို့သုံးယောက်စလုံး အသက် သုံးဆယ် လေးဆယ် ဝန်းကျင်ခန့် ရှိကြသည်။ ဆွန်ဖုန်းက သူတို့နှင့် အလွန်အဆင်ပြေပြေ စကားပြောဆိုနေခဲ့သည်။
အနည်းငယ် စကားပြောဆိုပြီးနောက် မကြာမီ ကပွဲ စတင်တော့မည်ဖြစ်သည်။
ဆွန်ဖုန်းက အမျိုးသားအုပ်ကြီး ဝိုင်းရံနေသော အီဗာကို ရှာတွေ့သွားပြီး ရူးသွပ်လုမတတ် ဖြစ်နေကြသော ထိုအမျိုးသားများကြားမှနေ၍ အီဗာကို အကကြမ်းပြင်ပေါ်သို့ ဆွဲခေါ်ကာ တီးလုံးသံနှင့်အတူ စတင်ကခုန်ကြတော့သည်။
ခန်းမကြီးတစ်ခုလုံးတွင် အမျိုးသား အမျိုးသမီး ရာနှင့်ချီ၍ တီးလုံးသံနှင့်အတူ ယိမ်းနွဲ့ကခုန်နေကြပြီး အကဖော်များအချင်းချင်း ချစ်ရည်လူးနေကြသည်။
ဆွန်ဖုန်းက အီဗာ၏ သွယ်လျသော ခါးလေးကို ကိုင်ကာ သူမကိုယ်မှ ထွက်ပေါ်လာသော ရနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း ဤအခိုက်အတန့်ကို အလွန်အမင်း သာယာနေမိသည်။ အဘယ်ကြောင့်ဆိုသော် ဘေးပတ်ဝန်းကျင်ရှိ အမျိုးသားများစွာက သူ့ကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်ကို သူ တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ဤသည်က ဆွန်ဖုန်း၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားလိုစိတ်ကို အကြီးအကျယ် ကျေနပ်မှု ရရှိစေခဲ့သည်။ ဟားဟားဟား... သို့သော်လည်း ဆွန်ဖုန်းအတွက် တစ်ခုတည်းသော မကျေနပ်စရာမှာ အီဗာ၏ မျက်နှာထားက အမြဲတမ်း အေးစက်နေပြီး မျက်လွှာချထားကာ သူ့ကို တစ်ချက်လေးမှပင် မကြည့်ခြင်းဖြစ်သည်။ ဆွန်ဖုန်းက သစ်သားရုပ်ကြီးတစ်ရုပ်ကို ဖက်ပြီး ကနေရသလို ခံစားနေရသဖြင့် အလွန်အမင်း စိတ်ပျက်စရာ ကောင်းနေသည်။
"အပြုံးလေး ဘာလေး ပြုံးပါအုံး... ဘာလို့ အဲ့ဒီလောက် အေးစက်စက် မျက်နှာထားကြီးနဲ့ လုပ်နေရတာလဲ..."
ဆွန်ဖုန်းက ပြောလိုက်သည်။
အီဗာက ဘာမှပြန်မပြောပေ။ ဤအကကို အမြန်ဆုံး ပြီးဆုံးသွားစေချင်ပြီး ဤလူယုတ်မာနှင့် ဝေးရာသို့ ထွက်သွားချင်နေမိသည်။ သူ့ကို ထာဝရ ထပ်မတွေ့ချင်တော့ပေ။
"အို... မတွေ့ရတဲ့ အချိန်အတွင်းမှာ မင်း နည်းနည်း ပိန်သွားသလိုပဲနော်... ဒီရက်ပိုင်း အစားအသောက် ပျက်နေလို့လား..."
ဆွန်ဖုန်းက အီဗာ၏ ခါးလေးကို ပွတ်သပ်ကာ အခွင့်အရေးယူရင်း ပြုံးစစဖြင့် မေးလိုက်သည်။
"နင် စကားမပြောဘဲ နေလို့မရဘူးလား..."
အီဗာက ခေါင်းမော့ကာ ဆွန်ဖုန်းကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် ငါ စကားမပြောတော့ဘူး..."
နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်းက အီဗာ၏ နှုတ်ခမ်းကို တိုက်ရိုက်ပင် နမ်းရှုံ့လိုက်တော့သည်။
"ဝူး... ဝူး... ဝူး..."
အီဗာတစ်ယောက် လုံးဝ တုံ့ပြန်ချိန် မရလိုက်ပေ။ ဆွန်ဖုန်းက သူမကို ဤကဲ့သို့ ထပ်မံပြုမူရဲလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဆွန်ဖုန်း၏ အနမ်းများအောက်တွင် သူမ ချက်ချင်း ဆွံ့အသွားရတော့သည်။
"ဘာ... အဲ့ဒီ ဆွန်ဖုန်းက အီဗာသခင်မလေးကို နမ်းလိုက်တာလား... အို ဘုရားရေ... တကယ်မဟုတ်ဘူးမလား... သူတို့နှစ်ယောက်က တကယ်ပဲ ရည်းစားတွေ ဖြစ်နေကြပြီလား..."
"ဒါ... မဖြစ်နိုင်ပါဘူး... အီဗာသခင်မလေးရဲ့ ပထမဆုံး ရည်းစားက ဒီလူစိမ်းကြီးတဲ့လား... သခင်လေးဂရီလည်း မဟုတ်ဘူး... သခင်လေးချားလ်စ်လည်း မဟုတ်ဘူးပေါ့..."
ဤအချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း ဆွန်ဖုန်း အီဗာကို နမ်းနေသည်ကို သတိထားမိသွားကြပြီး အားလုံး မျက်လုံးပြူးကာ လုံးဝ မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်သွားကြတော့သည်။
"ဆွန်ဖုန်း... မင်းကို ငါ သတ်ပစ်မယ်... မင်းလို ခွေးကောင်က ငါ့ရဲ့ အနာဂတ်ဇနီးလောင်းကို နမ်းရဲတယ်ပေါ့လေ..."
ဤအချိန်တွင် ချားလ်စ်က ဆွန်ဖုန်းတို့နှင့် သိပ်မဝေးလှသော နေရာတွင် ရှိနေသည်။ အီဗာက ဆွန်ဖုန်းနှင့် ကခုန်နေမည်ကို သူ သိထားသဖြင့် ဆွန်ဖုန်းကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မထင်မှတ်ထားသော အရာက ဖြစ်ပေါ်လာခဲ့သည်။ ဆွန်ဖုန်းက အီဗာကို နမ်းလိုက်သည်။ ဤမြင်ကွင်းက ချားလ်စ်၏ နှလုံးသားကို ဓားဖြင့် ထိုးမွှေလိုက်သကဲ့သို့ နာကျင်စေခဲ့သည်။
"ချားလ်စ်... စိတ်လိုက်မာပါ မလုပ်ပါနဲ့... လူကြီးလူကောင်း ပီသအောင်နေပါ... ဒီနေရာက ကပွဲအခမ်းအနားနော်... ဘားမဟုတ်ဘူး..."
ချားလ်စ်၏ အကဖော်က သူ့ကို ဆွဲထားပြီး ဆွန်ဖုန်းဆီသို့ သွားရောက်ရန်ပွဲ မဖြစ်စေရန် တားမြစ်လိုက်သည်။
"ဆွန်ဖုန်း..."
အခြားတစ်ဖက်တွင်လည်း ဂရီက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ သူ၏ နှလုံးသားမှာလည်း သွေးထွက်သံယို ဖြစ်သွားရသည်။ အီဗာကို သူ ပိုးပန်းလာခဲ့သည်မှာ လေးငါးနှစ်ခန့် ရှိနေပြီဖြစ်သော်လည်း သူမ၏ လက်ကိုပင် မကိုင်ဖူးခဲ့ပေ။ ယခုတော့ ဤအမျိုးသားက အီဗာကို နမ်းနေသည်ကို မြင်လိုက်ရသဖြင့် သူ မဒေါသထွက်ဘဲ နေနိုင်ပါမည်လား။
သုံးမိနစ်ခန့် ကြာပြီးနောက် သူတို့နှစ်ယောက် လူချင်း ခွာလိုက်ကြသည်။ ဤပထမဆုံး အကပုဒ်မှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
"နင်... လူယုတ်မာ..."
အီဗာက ဆွန်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ကာ တိုးညင်းသောအသံဖြင့် ကျိန်ဆဲလိုက်သည်။
ဆွန်ဖုန်းက နှုတ်ခမ်းပေါ်တွင် စွန်းထင်းနေသော နှုတ်ခမ်းနီများကို လက်ဖြင့် သုတ်လိုက်ပြီး မောက်မာသော အပြုံးဖြင့် ပြောလိုက်သည်။
"အရသာကတော့ အရင်အရသာအတိုင်းပဲ... အင်း... မဆိုးပါဘူး... ဟီးဟီး..."
ယခုအခါ အီဗာ၏ အဆုတ်များပင် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။ ဆွန်ဖုန်းနှင့် တွေ့ပြီးကတည်းက သူမ၏ ဘဝတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်ဟု သူမ ခံစားနေရသည်။ သူမရှေ့ရှိ ဤလူယုတ်မာက သူမ၏ ဘဝအတွက် အကြီးမားဆုံး ရန်သူတော်ကြီးပင်ဖြစ်သည်။
သီချင်းသံ ရပ်တန့်သွားပြီး အကလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
အီဗာက ဆွန်ဖုန်းကို တစ်ချက်စိုက်ကြည့်ပြီးနောက် ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။ သူမ ဆွန်ဖုန်းကို ထပ်ပြီး မမြင်ချင်တော့ပေ။
"ဟင်းဟင်း... ကျောပြင်က ကြည့်ရင်တောင် ဆွဲဆောင်မှု ရှိနေတုန်းပဲ..."
အီဗာ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ဆွန်ဖုန်းက မျက်နှာပြောင်တိုက်စွာဖြင့် ရယ်မောလိုက်သည်။
အီဗာ ထွက်သွားပြီးနောက် ဂရီနှင့် ချားလ်စ်တို့က ချက်ချင်း ဝိုင်းအုံလာကြပြီး ပြိုင်ဘက်ကင်း ရန်သူတော်ကြီးဖြစ်သော ဆွန်ဖုန်းကို အမုန်းတရားများဖြင့် စိုက်ကြည့်နေကြသည်။ ယခင်က ချားလ်စ်နှင့် ဂရီတို့ အချင်းချင်း အကြီးမားဆုံး ပြိုင်ဘက်များအဖြစ် သတ်မှတ်ထားခဲ့ကြသော်လည်း ယခုအခါတွင်မူ သူတို့နှစ်ဦး ပူးပေါင်းကာ ဆွန်ဖုန်းကို အကြီးမားဆုံး ရန်သူတော်ကြီးအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်သည်။ အစောက ဆွန်ဖုန်းနှင့် အီဗာတို့ အတူတကွ ရှိနေကြသည်ကို သူတို့ မြင်တွေ့ခဲ့ကြသည် မဟုတ်ပါလား။
"ဆွန်ဖုန်း... ပြောစမ်း... မင်းနဲ့ အီဗာနဲ့က ဘယ်လိုပတ်သက်မှု ရှိကြတာလဲ..."
ချားလ်စ်က သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဆွန်ဖုန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်... ခုနက မင်း အီဗာကို အတင်းအဓမ္မ နမ်းလိုက်တာ မဟုတ်လား... အဲ့ဒီလိုသာဆိုရင် မင်းကို ငါ အလွတ်ပေးမှာ မဟုတ်ဘူး..."
ဂရီကလည်း အံကြိတ်ကာ ပြောလိုက်သည်။ သူ တကယ်ကို ဒေါသထွက်နေမိသည်။ မိမိချစ်ရသော အမျိုးသမီးကို အခြားအမျိုးသားတစ်ဦးက ပြုမူဆက်ဆံနေသည်ကို မြင်တွေ့ရသောအခါ သူ အလွန်ဒေါသထွက်မိသည်။ သို့သော်လည်း သူက အလွန် ချောမောလွန်းနေသဖြင့် အော်ဟစ်နေသည်ကပင် မိန်းမလျာတစ်ယောက် ရန်တွေ့နေသလို ဖြစ်နေရာ ဆွန်ဖုန်းက ကြည့်ရင်း အော့နှလုံးနာလာမိသည်။
"ငါနဲ့ အီဗာက ဘယ်လိုပတ်သက်မှု ရှိလဲဆိုတာ မင်းတို့ ကိုယ့်ဘာသာ တွေးကြည့်ကြပေါ့..."
ဆွန်ဖုန်းက ပြုံးစစဖြင့် ထိုနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
"မပြောဘူးပေါ့လေ... မပြောဘူးဆိုရင် မင်းနဲ့ ငါ တစ်ယောက်ချင်း ယှဉ်ချမယ်..."
ဂရီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ဤဆွန်ဖုန်းဆိုသော လူက တကယ်ကို ရိုင်းစိုင်းလွန်းလှသည်။ ကနေဒါတွင် ဆက်ပြီး မနေချင်တော့ဘူးလား။ သူ၏ မိသားစုက လတ်တင်မိသားစုလောက် အင်အားမကြီးသော်လည်း ဆွန်ဖုန်းကို ဒုက္ခရောက်အောင် လုပ်ရန်တော့ လွယ်ကူလှသည်။
"တစ်ယောက်ချင်း ယှဉ်ချမယ်... ဘယ်လို ယှဉ်ချမှာလဲ..."
ဆွန်ဖုန်းက အနည်းငယ် စိတ်ဝင်စားသွားသည်။ ယခင်က ဝတ္ထုများထဲတွင် တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြသည်ကို ဖတ်ဖူးသော်လည်း အနောက်တိုင်းသားများ၏ တစ်ယောက်ချင်း ယှဉ်ပြိုင်မှုဆိုသည်ကို သူ နားမလည်ပေ။
ဘေးတွင်ရှိသော ချားလ်စ်က ဂရီတစ်ယောက် ဆွန်ဖုန်းကို တစ်ယောက်ချင်း ယှဉ်ပြိုင်ရန် စိန်ခေါ်လိုက်သည်ကို မြင်လိုက်ရသောအခါ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် အောင့်အီးထားလိုက်သည်။
ဆွန်ဖုန်းတစ်ယောက်တည်းက သူ၏ သက်တော်စောင့် ခုနစ်ယောက် ရှစ်ယောက်ခန့်ကို မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ်သို့ လဲကျသွားအောင် လုပ်နိုင်ခဲ့သည့် တိုက်ခိုက်ရေးစွမ်းရည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ သူက တိုက်ခိုက်ရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်မည်မှာ သေချာသည်။
သို့သော်လည်း ယခုအချိန်တွင် ဂရီတစ်ယောက် ဆွန်ဖုန်း၏ ရိုက်နှက်မှုကို ခံရမည်ကို သူ အလွန်ဝမ်းသာနေမိသည်။ အဘယ်ကြောင့်ဆိုသော် ဂရီက သူ၏ ဆယ်နှစ်ကျော်ကြာ ရန်သူတော်ကြီး ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့နှစ်ယောက်က မူလတန်းကျောင်းတက်ကတည်းက အမြဲတမ်း ပြိုင်ဆိုင်လာခဲ့ကြသူများဖြစ်သည်။
"လက်ဗလာနဲ့ ယှဉ်ချမှာ... မင်းနိုင်ရင် အီဗာကို ငါ ထပ်ပြီး မပိုးပန်းတော့ဘူး... တကယ်လို့ မင်းရှုံးရင်တော့ မင်းနဲ့ အီဗာနဲ့က ဘယ်လိုပတ်သက်မှုပဲ ရှိနေပါစေ... သူ့နားကနေ ထာဝရ ထွက်သွားပေးရမယ်... ဘယ်လိုလဲ..."
ဂရီက ပြောလိုက်သည်။
"သြော်... အဲ့ဒါဆို လက်ဗလာနဲ့ တစ်ယောက်ချင်း ချမယ်ပေါ့လေ..."
ဆွန်ဖုန်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ဟုတ်တယ်... မင်း အဲ့ဒီလို မှတ်ယူလို့ရတယ်... ဘယ်လိုလဲ... သဘောတူလား..."
ဂရီက အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။
သူ၏ စွမ်းရည်အပေါ် သူ အလွန်ယုံကြည်မှု ရှိသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာကြာအောင် သူကသာ ချားလ်စ်ကို အမြဲတမ်း ရိုက်နှက်နိုင်ခဲ့ပြီး ချားလ်စ်က သူ့ကို တစ်ခါမှ အနိုင်မရခဲ့ဖူးသောကြောင့်ဖြစ်သည်။ သူက သိုင်းပညာကို ဆယ်နှစ်ကျော်ကြာ လေ့ကျင့်ခဲ့ပြီး ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ဦးဟု ဆိုနိုင်သည်။ ဂရီက ချောမောခန့်ညားသော်လည်း သူ၏ ခန္ဓာကိုယ်တွင် ကြွက်သားများဖြင့် ပြည့်နှက်နေသည်။
"ပြဿနာ မရှိပါဘူး... ငါ သဘောတူတယ်... ပြောစမ်း... ငါတို့ ဘယ်အချိန် ဘယ်နေရာမှာ ယှဉ်ချကြမလဲ..."
ဆွန်ဖုန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ဒီဂရီဆိုတဲ့ မိန်းမလျာကောင်က အရိုက်ခံချင်နေမှတော့ ငါကလည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရုံပေါ့။
"ကောင်းတယ်... ခဏနေ ကပွဲပြီးသွားရင် အပြင်ဘက်က မြက်ခင်းပြင်မှာ ချမယ်... ဘယ်လိုလဲ..."
ဂရီက ဆွန်ဖုန်းအား ပြောလိုက်သည်။ ဆွန်ဖုန်းကို ရိုက်နှက်အနိုင်ယူနိုင်ရုံသာမက အီဗာကိုပါ ပျော်ရွှင်အောင် ထားနိုင်မည့် အမျိုးသားတစ်ဦးဖြစ်ကြောင်း ဤနေရာရှိ လူအားလုံးကို သူ သက်သေပြချင်နေသည်။
"ရတယ်... ပြဿနာ မရှိပါဘူး..."
ဆွန်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ် သဘောတူလိုက်သည်။
"မင်းက ဆွန်ဖုန်းလား..."
ဤအချိန်တွင် အသက် နှစ်ဆယ့်ခုနစ် ရှစ်နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက လျှောက်လာပြီး ဆွန်ဖုန်းကို ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုဖီလက်စ်... မင်္ဂလာပါဗျ..."
ဆွန်ဖုန်းက သူ့ရှေ့ရှိ ဤအမျိုးသားကို ကြည့်ကာ သူ မသိဘူးဟု တွေးလိုက်ချိန်မှာပင် ချားလ်စ်နှင့် ဂရီတို့က ဤအမျိုးသားကို အလွန်ရိုသေစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါ... ခင်ဗျား ကျွန်တော့်ကို သိလို့လား..."
ဆွန်ဖုန်းက မေးလိုက်သည်။
"ဟားဟား... အစ်ကို့နာမည်က ဖီလက်စ် လတ်တင် ပါ... အီဗာရဲ့ အစ်ကိုပေါ့... ခုနက ဒုတိယထပ်ကနေ မင်းတို့နှစ်ယောက် အရမ်းရင်းနှီးနေကြတာကို မြင်လိုက်လို့ ဆင်းလာပြီး စကားပြောကြည့်တာပါ..."
ဖီလက်စ်က နွေးထွေးစွာ ပြောလိုက်သည်။
"အော်... အစ်ကိုဖီလက်စ်ကိုး... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ..."
ဆွန်ဖုန်းက လက်ကမ်းပေးကာ တစ်ဖက်လူနှင့် နှုတ်ဆက်လိုက်သည်။
"ကျွန်တော်နဲ့ အီဗာနဲ့က သိပ်မရင်းနှီးပါဘူး... သူငယ်ချင်းကောင်းတွေပါ..."
သူ့ရှေ့ရှိ ဤအမျိုးသားမှာ အီဗာ၏ အစ်ကိုဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလာပြီ။
"သြော်... ဒီလိုကိုး..."
"မင်းအကြောင်း ငါ ကြားဖူးပါတယ်... အရမ်း အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပဲ... အားရင်တော့ ငါတို့ စကားပြောကြတာပေါ့..."
ဖီလက်စ်က စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ဖခင်ဖြစ်သူက ဆွန်ဖုန်းအကြောင်း သတင်းစာတွင် ဖတ်ရစဉ်က ဆွန်ဖုန်းကို အလွန်ချီးကျူးခဲ့ဖူးသောကြောင့်ဖြစ်သည်။
ဖီလက်စ် သိထားသည်မှာ သူတို့၏ အဘိုးများလက်ထက်ကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အောင်မြင်လာခဲ့ကြသူများဖြစ်သည်။ သူ၏ ဖခင်က ဆွန်ဖုန်းကို အလွန် အလားအလာရှိသူဟု ပြောခဲ့ပြီး နှစ်နှစ်အတွင်းမှာပင် အလွန်မြန်ဆန်စွာ အောင်မြင်လာခဲ့သူဖြစ်ကြောင်း ပြောခဲ့ဖူးသည်။