← Chapters

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း (၃၂၈) - မင်းတို့နှစ်ယောက်က ဘယ်လိုပတ်သက်နေတာလဲ

ဤကဲ့သို့သော လူငယ်များမှာ လက်ရှိခေတ်တွင် ရှားပါးလှသည်။ အရေးအကြီးဆုံးမှာ ဆွန်ဖုန်း၏ အသက်က ၂၄ နှစ်သာ ရှိသေးရာ အလွန်ငယ်ရွယ်လှသည်။ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများစွာ ရှိနေသေးသည်။

ဖီလက်စ်သည် ဆွန်ဖုန်းကဲ့သို့သော အရည်အချင်းရှိသူများကို အလွန်သဘောကျသည်။ အထူးသဖြင့် ဖခင်၏ အကူအညီမပါဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့သော ဆွန်ဖုန်းကဲ့သို့ လူမျိုးများကို ပို၍ သဘောကျမိသည်။

"ရပါတယ်ဗျာ... ခင်ဗျားနဲ့ စကားပြောရတာ တကယ် ဂုဏ်ယူစရာပါ..."

ဆွန်ဖုန်းက တည်ငြိမ်စွာ ပြုံးရွှင်လျက် ပြန်ပြောလိုက်သည်။

ဤဖီလက်စ်ဆိုသူသည် သူနှင့် အီဗာတို့ကြားရှိ ကိစ္စများကို သိထားပုံမရကြောင်း ဆွန်ဖုန်း ချက်ချင်း ရိပ်မိလိုက်သည်။ ဆိုလိုသည်မှာ အီဗာက ထိုညက ဖြစ်ပျက်ခဲ့သမျှကို သူမ၏ စိတ်ထဲတွင်သာ မြိုသိပ်ထားပြီး အပြင်သို့ ထုတ်မပြောရဲခဲ့ခြင်း ဖြစ်မည်။

ထို့ကြောင့် ဆွန်ဖုန်းသည် လူအများ၏ မနာလိုအားကျနေသော အကြည့်များကြားမှ ဖီလက်စ်နှင့်အတူ နေရာတစ်ခုရှာကာ စကားစမြည် ပြောဆိုနေကြတော့သည်။

သူတို့နှစ်ယောက်သည် ကမ္ဘာအရပ်ရပ်မှ အကြောင်းအရာများ၊ နက္ခတ္တဗေဒနှင့် ပထဝီဝင် အကြောင်းအရာများ၊ စီးပွားရေးလုပ်ငန်းများ စသည်တို့ကို စိတ်ပါလက်ပါ ဆွေးနွေးပြောဆိုနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် အလွန်အဆင်ပြေစွာ စကားပြောဆိုနေကြသည်။

ဆွန်ဖုန်းနှင့် ဖီလက်စ်တို့ ဤမျှလောက် အဆင်ပြေပြေ စကားပြောနေကြသည်ကို မြင်လိုက်ရသော ဂရီနှင့် ချားလ်စ်တို့မှာ အလွန်အမင်း မနာလိုဖြစ်သွားကြသည်။

သူတို့နှစ်ယောက်သည် လက်တင်မိသားစုနှင့် အတော်လေး ရင်းနှီးသည်ဟု ဆိုနိုင်သော်လည်း ဖီလက်စ်နှင့် ဤမျှလောက် ရင်းနှီးစွာ စကားပြောဆိုခွင့် တစ်ခါမှ မရခဲ့ဖူးပေ။ ဖီလက်စ်သည် လက်တင်မိသားစု၏ နောက်ထပ် မျိုးဆက်သစ် ခေါင်းဆောင်ဖြစ်ပြီး ဘဏ္ဍာရေးအုပ်စု၏ အနာဂတ် အမွေဆက်ခံမည့်သူဖြစ်ကြောင်း သူတို့ ကောင်းစွာ သိထားကြသည်။

အကယ်၍ ဖီလက်စ်နှင့်သာ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်ပါက သူတို့၏ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက်သာမက မိသားစုအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အီဗာကို ပိုးပန်းရာတွင်လည်း အများကြီး အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ မမေ့ပါနှင့်၊ ဖီလက်စ်က အီဗာ၏ အစ်ကိုအရင်း ဖြစ်သည်ကို။

"ဆွန်ဖုန်း... မင်းက အီဗာနဲ့ ဘယ်လို သိခဲ့တာလဲ..."

စကားပြောဆိုမှု အတော်လေး အဆင်ပြေသွားပြီးနောက် ဖီလက်စ်က ဆွန်ဖုန်းကို ရုတ်တရက် မေးလိုက်သည်။

သူသည် သူ၏ ညီမဖြစ်သူကို အမြဲတမ်း ထိန်းချုပ်၍မရခဲ့ပေ။ ပြီးခဲ့သည့် နှစ်များတစ်လျှောက်လုံး သူမတွင် ရည်းစားရှိသည်ဟု တစ်ခါမှ မကြားခဲ့ဖူးပေ။ ဤနှစ်များအတွင်း သူမသည် လူငယ်လေးများနှင့် ကခုန်လေ့မရှိပေ။ ယနေ့ညတွင် သူ၏ ညီမအရင်းဖြစ်သူက ဆွန်ဖုန်းနှင့်အတူ ကခုန်နေသည်ကို အမှတ်မထင် မြင်လိုက်ရသောအခါ သူ အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။

သူနှင့် သူ၏ ညီမလေးကြားတွင် ဇာတ်လမ်းတစ်ပုဒ်များ ရှိနေသလား။ အီဗာ၏ မိသားစုဝင်တစ်ဦးအနေဖြင့် သူ သေချာပေါက် စုံစမ်းကြည့်ရမည်ဖြစ်သည်။ အကယ်၍ သူက အီဗာကို တိုက်ရိုက်သွားမေးမည်ဆိုပါက အီဗာက သေချာပေါက် ဖြေမည်မဟုတ်ကြောင်း သူ သိထားသည်။

"အော်... ဒါက တိုက်ဆိုင်မှုလို့ပဲ ပြောရမှာပေါ့... ကျွန်တော်တို့က ဖေးယွီ တောင်ပေါ်လမ်းမှာ သိခဲ့ကြတာပါ... သူမက ကျွန်တော်နဲ့ ပြိုင်ကားမောင်းရင်း သိသွားကြတာလေ..."

ဆွန်ဖုန်းက ဖြေလိုက်သည်။

"သြော်... ဒီလိုကိုး..."

ဖီလက်စ်က အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ဆွန်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။

သူ၏ ညီမလေးက ကားပြိုင်မောင်းရသည်ကို အနှစ်သက်ဆုံးဖြစ်ကြောင်း သူ သိထားသည်။ ထို့အပြင် သူတို့အသိုင်းအဝိုင်းထဲမှ မည်သူမဆို သူမကို ပြိုင်ကားမောင်းရာတွင် အနိုင်ရရှိပါက ထိုသူနှင့် အတူတွဲမည်ဟု စိန်ခေါ်ထားဖူးကြောင်းလည်း သူ သိထားသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်များတစ်လျှောက်လုံး မည်သူမျှ သူမကို အနိုင်မရခဲ့ပေ။

ယခု ဆွန်ဖုန်းက အီဗာကို အနိုင်ရရှိသွားခဲ့တာလား။ သေချာစဉ်းစားကြည့်မည်ဆိုပါက အကယ်၍ ဆွန်ဖုန်းသာ အီဗာကို ရှုံးနိမ့်ခဲ့မည်ဆိုလျှင် အီဗာ၏ စရိုက်အရ ဆွန်ဖုန်းနှင့် အတူ ကခုန်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမက သူ့ကို အထင်သေးနေမည်ဖြစ်သောကြောင့်ဖြစ်သည်။ သူမသည် အမြဲတမ်း အထက်စီးမှ ဆက်ဆံတတ်သူဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းက အီဗာကို အနိုင်ရရှိခဲ့ပြီး သူတို့နှစ်ယောက် တွဲနေကြပြီဖြစ်မည်ဟု ဖီလက်စ်က ကောက်ချက်ချလိုက်သည်။

"မင်းက အခု အီဗာရဲ့ ရည်းစား ဖြစ်နေပြီလား..."

ဖီလက်စ်က မေးလိုက်သည်။

"ဗျာ... အော်... မဟုတ်ပါဘူး... အဟမ်း... ကျွန်တော်တို့က သာမန် သူငယ်ချင်းတွေပါ..."

ဆွန်ဖုန်းက အလွန် သက်သောင့်သက်သာမဖြစ်စွာဖြင့် နှာခေါင်းကို ပွတ်ရင်း ဖြေလိုက်သည်။

'သောက်ကျိုးနည်း... ငါသာ အဲ့ဒီမိန်းမရဲ့ ရည်းစား ဖြစ်ခဲ့မယ်ဆိုရင်... မနက်ဖြန်ကျရင် အိပ်ရာပေါ်မှာ သေချာပေါက် အလောင်းဖြစ်နေလောက်ပြီ...'

ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်မိသည်။ ကာမစပ်ယှက်လို့ သေသွားမှာမဟုတ်ဘဲ ထိုမိန်းမက သူ့ကို အသေသတ်ပစ်မည်မှာ သေချာသည်။ ယခု သူတို့နှစ်ယောက်က ကမ္ဘာ့ရန်သူတွေလို ဖြစ်နေကြရာ ဘယ်လိုလုပ်ပြီး သံယောဇဉ်တွေ ရှိနိုင်တော့မည်နည်း။ အကယ်၍ ထိုညက ဆွန်ဖုန်းက အီဗာကို ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် ပြုမူခဲ့သည်ကိုသာ ဖီလက်စ် သိသွားပါက သူ့ကို အခုချက်ချင်း သတ်ပစ်မည်လား မသိနိုင်ပေ။

သို့သော်လည်း ဤဖီလက်စ်က ဆွန်ဖုန်းနှင့် အတော်လေး အဆင်ပြေလှသည်။ ဤအမျိုးသားက အနာဂတ် လက်တင်ဘဏ္ဍာရေးအုပ်စု၏ အမွေဆက်ခံမည့်သူဖြစ်ကြောင်း သူ သိထားသည်။ သို့သော် သူက အလွန် ပွင့်လင်းသူဖြစ်ပြီး ဆွန်ဖုန်းနှင့် စကားပြောရာတွင် အလွန် ပျော်ရွှင်စရာကောင်းသည်။ ထို့ကြောင့် ဆွန်ဖုန်းက ဖီလက်စ်ကို အလွန် သဘောကျမိသည်။

ထိုအီဗာဆိုသော မိန်းမနှင့်တော့ လုံးဝမတူပေ။ ထိုမိန်းမက ရပ်ကွက်ထဲက ရန်တွေ့တတ်သော မိန်းမတစ်ယောက်လိုပင်။ မောင်နှမနှစ်ယောက် ဘာကြောင့် ဒီလောက်တောင် ကွာခြားနေရသလဲဆိုသည်ကို ဆွန်ဖုန်း လုံးဝ နားမလည်နိုင်ပေ။

"တကယ် သာမန်သူငယ်ချင်းတွေပဲလား..."

ဖီလက်စ်က ဆွန်ဖုန်းကို ကြည့်ရင်း အနည်းငယ် သံသယဝင်သွားသည်။

ဆွန်ဖုန်း လိမ်ပြောနေသည်ဟု သူ ထင်လိုက်သည်။ အကယ်၍ သာမန်သူငယ်ချင်းတွေသာဆိုလျှင် သူ၏ ညီမက ဆွန်ဖုန်းနှင့် အတူ ကခုန်မည်မဟုတ်ကြောင်း သူ သေချာသိထားသည်။

"ဟုတ်ပါတယ်ဗျာ... ပုလဲတောင် ဒီလောက် မစစ်ပါဘူး..."

ဆွန်ဖုန်းက လက်ကိုမြှောက်ကာ ကျိန်တွယ်လိုက်သည်။

'သောက်ကျိုးနည်း... ဒီဖီလက်စ်က မိဘတစ်ယောက်က သားသမီးကို စစ်ဆေးမေးမြန်းနေသလိုပဲ...'

ဆွန်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။

"သြော်... အဲ့ဒါဆိုရင်တော့ ထူးဆန်းတယ်နော်..."

ဖီလက်စ်က အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ဆွန်ဖုန်းကို တစ်ချက်ကြည့်ကာ အသာအယာ ပြုံးလိုက်သည်။ သူ၏အပြုံးကြောင့် ဆွန်ဖုန်းတစ်ယောက် စိတ်ထဲတွင် လိပ်ပြာမလုံ ဖြစ်သွားရသည်။ တစ်ဖက်လူက သူ လိမ်ပြောနေသည်ကို သိသွားပြီလား။

"ကောင်းပါပြီ... ငါ သွားစရာလေး ရှိသေးလို့ သွားလိုက်ပါအုံးမယ်... မင်း ဆက်ပြီး ပျော်ပါအုံး... ဒါက ငါ့ရဲ့ ကတ်ပြားပါ... အခွင့်အရေးရရင် အတူတူ တွေ့ကြတာပေါ့..."

ဖီလက်စ်က ထွက်မသွားခင် ဆွန်ဖုန်းအား ရွှေရောင်စာလုံးများဖြင့် ရိုက်နှိပ်ထားသော ကတ်ပြားတစ်ခုကို ပေးခဲ့သည်။ ထိုကတ်ပြားပေါ်တွင် နာမည်တစ်ခုနှင့် ဖုန်းနံပါတ်တစ်ခုသာ ပါရှိသည်။

"သောက်ကျိုးနည်း... ငါက လူကြီးလူကောင်း တစ်ယောက်နဲ့ အဆက်အသွယ် ရသွားတာလား..."

ဖီလက်စ် ထွက်သွားသည်ကို ကြည့်ကာ ဆွန်ဖုန်းက မျက်နှာပြောင်တိုက်စွာဖြင့် ရယ်မောလိုက်သည်။

...

ဤအချိန်တွင် အီဗာမှာ သူငယ်ချင်းများနှင့်အတူ စကားပြောနေသည်။

ထိုအချိန်တွင် ဖီလက်စ်က သူမထံသို့ လျှောက်လာခဲ့သည်။

"ဟေး... ညီမလေးတို့ စကားပြောနေကြတာ တော်တော် အဆင်ပြေနေပုံပဲ... ဘာတွေများ ပြောနေကြတာလဲ..."

"မိန်းကလေးတွေအကြောင်း ပြောနေတာပါ... ဘာလဲ... အစ်ကိုဖီလက်စ်ကရော နားထောင်ချင်လို့လား..."

မိန်းကလေးတစ်ဦးက အီဗာ၏ အစ်ကိုဖြစ်သူကို ပြန်ပြောလိုက်သည်။

"ညီမလေးတို့ ပြောပြချင်ရင်တော့ အစ်ကိုလည်း နားထောင်ချင်တာပေါ့..."

ဖီလက်စ်က တည်ငြိမ်စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

စကားအနည်းငယ် ပြောပြီးနောက် ဖီလက်စ်က အီဗာကို ဘေးသို့ ခေါ်သွားကာ မေးလိုက်သည်။

"ညီမလေး... ညီမနဲ့ အဲ့ဒီ ဆွန်ဖုန်းဆိုတဲ့သူနဲ့က ဘယ်လိုပတ်သက်မှု ရှိကြတာလဲ..."

"ဘယ်က ဆွန်ဖုန်းလဲ... ဘာပတ်သက်မှုလဲ... အစ်ကို ဘာတွေပြောနေမှန်း ညီမ နားမလည်ဘူး..."

အီဗာက သူမအစ်ကို၏ စကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ် ပျက်သွားသော်လည်း ချက်ချင်း ပြန်လည်ထိန်းချုပ်ကာ ဘာမှမသိသလို ဟန်ဆောင်လိုက်သည်။

ထိုခွေးကောင်အကြောင်းကို သူမ လုံးဝ မပြောချင်ပေ။ သူမအစ်ကိုက ဤဆွန်ဖုန်းအကြောင်းကို ဘယ်ကနေ ဘယ်လို ကြားလာမှန်း သူမ မသိပေ။ လမ်းဘေးသတင်းတွေ ကြားလာတာလား။

"ကဲပါ... ဟန်ဆောင်မနေပါနဲ့တော့... ခုနက ညီမတို့နှစ်ယောက် ကခုန်နေကြတာ အစ်ကို မြင်လိုက်တယ်... အမှန်အတိုင်း ပြောစမ်းပါ... သူက ညီမရဲ့ ရည်းစားလား..."

ဖီလက်စ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အက ကရုံလေးကိုများ... ခုနက ညီမမှာ အကဖော် မရှိလို့ ဘေးနားက တွေ့တဲ့လူတစ်ယောက်ကို ကောက်ခေါ်လိုက်တာ... အဲ့ဒီလူက အစ်ကိုပြောတဲ့ ဆွန်ဖုန်းဆိုတဲ့သူ ဖြစ်သွားတာ နေမှာပေါ့... ကဲ... အစ်ကိုနဲ့ စကားမပြောတော့ဘူး... ညီမ သူငယ်ချင်းတွေဆီ သွားတော့မယ်..."

အီဗာက ဖီလက်စ် ဆက်ပြောမည့်စကားကို နားမထောင်တော့ဘဲ ချက်ချင်း ထွက်သွားတော့သည်။

"ဟား... ညီမလေးတို့နှစ်ယောက်ကြားမှာ သေချာပေါက် တစ်ခုခု ရှိနေတာပဲ..."

ဖီလက်စ်က ရယ်မောလိုက်သည်။

...

ခန်းမကြီးအပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင်။

ယခုအချိန်တွင် လူငယ် မိန်းကလေး ယောကျာ်းလေးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အယောက်ငါးဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အားလုံးက လက်ခုပ်တီးအားပေးကာ လေချွန်နေကြသဖြင့် အလွန် ဆူညံနေတော့သည်။

"ဂရီ... သူ့ကို အသေချပါ... သူ့ကို ဝက်ရုပ်ပေါက်သွားအောင် ထိုးပစ်လိုက်..."

"ဟိုတစ်ယောက်က ဆွန်ဖုန်းလား... ဝါး... ရုပ်က တော်တော်ချောတာပဲနော်... ဒါပေမဲ့ ဂရီ... ခွန်အားရှိသလောက် အကုန်သုံးပြီး သူ့ကို အနိုင်ယူလိုက်စမ်းပါ..."

ဂရီ၏ အမျိုးသမီးပရိသတ်တစ်ဦးက စူးရှသောအသံဖြင့် အော်ဟစ်လိုက်သည်။

"ဂရီ ဂရီ... ဂရီ ဂရီ... ကျွန်မ ရှင့်ကို ချစ်တယ်... ကျွန်မ ရှင့်ကို ချစ်တယ်..."

မိန်းကလေး လေးငါးယောက်ခန့်က အလယ်ဗဟိုတွင် ရပ်နေသော ဂရီကို ကြည့်ကာ အသံကုန် အော်ဟစ်အားပေးနေကြသည်။

"ဝါး... တစ်ယောက်ချင်း ယှဉ်ချကြတော့မယ်... တကယ်ကို ကြည့်ကောင်းတော့မှာပဲ... ဟိုတစ်ယောက်က ဂရီရဲ့ အထိုးနှက်တွေကို ဘယ်နှစ်ချက်လောက် ခံနိုင်မလဲဆိုတာ မသိဘူးနော်..."

"လာ လာ လာ... လောင်းကြေးထပ်ကြမယ်... ငါကတော့ ဂရီ နိုင်မယ်လို့ လောင်းတယ်..."

"ငါလည်း ဂရီ နိုင်မယ်လို့ လောင်းတယ်..."

"တကယ်လို့ ဂရီသာ ရှုံးသွားရင်... ငါ အခုချက်ချင်း ခွေးနဲ့ သွားအိပ်ပြမယ်..."

ချက်ချင်းဆိုသလိုပင် မြက်ခင်းပြင်ပေါ်ရှိ လူအုပ်ကြီးမှာ အလွန်အမင်း ဆူညံပွက်လောရိုက်သွားပြီး သူတို့၏ အသံများကြောင့် နောက်ထပ် လူတစ်အုပ်လည်း ရောက်ရှိလာကြပြန်သည်။

"အလောင်းအစားလေး ဘာလေး လုပ်ကြရအောင်... လာ... လာ..."

"သခင်လေးဂရီ... ကျွန်မ ရှင့်ကို ချစ်တယ်…”

All Chapters