အခန်း ၃၂၉
Vol. 33 Ch. 329
အခန်း (၃၂၉) - လက်သီးတစ်ချက်တည်းနှင့် လဲကျသွားခြင်း
မြက်ခင်းပြင်ပေါ်တွင် ချောမောလှပသော လူငယ်မိန်းကလေး ဒါဇင်ပေါင်းများစွာက စက်ဝိုင်းကြီးတစ်ခုသဖွယ် ဝိုင်းရံထားကြသည်။
သူတို့အားလုံးက ဆူညံစွာ အော်ဟစ်နေကြပြီး တစ်ကွင်းလုံးတွင် ဆွန်ဖုန်းအား အားပေးမည့်သူ တစ်ယောက်မှ မရှိပေ။ ပထမအချက်မှာ သူတို့အားလုံးက ဆွန်ဖုန်းကို မသိကြပေ။
ဒုတိယအချက်မှာ ဂရီက သူတို့ ဒုတိယမျိုးဆက် သူဌေးသားများကြားတွင် ခေါင်းဆောင်တစ်ဦးသဖွယ် ဖြစ်နေသဖြင့် အားလုံးက သူ့ကို လေးစားကြသည်။ အထူးသဖြင့် မိန်းကလေးများဆိုလျှင် ဂရီကို ထောက်ခံအားပေးကြောင်း ပြသရန်အတွက် သူတို့၏ ရင်ဘတ်များကိုပင် ဟပြချင်နေကြသည်။
"ဂရီ... အားတင်းထား... သူ့ကို အနိုင်ယူလိုက်... အီဗာသခင်မလေးနားကနေ ထွက်သွားအောင် လုပ်ပစ်လိုက်... ဟားဟားဟား..."
"သြော်... ဂရီနဲ့ ဆွန်ဖုန်းဆိုတဲ့လူနဲ့ ယှဉ်ချကြတာ အီဗာသခင်မလေးကြောင့်ကိုး... တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ... ဒါပေမဲ့ ငါပြောချင်တာက အီဗာသခင်မလေးက အဲ့ဒီဆွန်ဖုန်းကို မျက်လုံးထဲ ထည့်ပါ့မလား... ဘာလို့ သခင်လေးဂရီက ဒီလောက်တောင် စိတ်ပူနေရတာလဲ... သူနဲ့ တစ်ယောက်ချင်း ယှဉ်ချရလောက်အောင်ကို တကယ် လိုအပ်လို့လား..."
"အို... နင်က မသိပါဘူး... ခုနက နင် မမြင်လိုက်လို့ပါ... အီဗာသခင်မလေးက အဲ့ဒီဆွန်ဖုန်းနဲ့ အတူတူ ကခုန်နေတာ... သခင်လေးဂရီနဲ့ သခင်လေးချားလ်စ်ရဲ့ ဖိတ်ခေါ်မှုကိုတောင် ငြင်းပယ်လိုက်သေးတယ်... ငါ ထင်တာတော့ သခင်လေးဂရီက ဒေါသထွက်သွားလို့ ဆွန်ဖုန်းကို တစ်ယောက်ချင်း စိန်ခေါ်လိုက်တာ နေမှာပါ... ယောကျာ်းတွေကြားက စစ်မှန်တဲ့ ယှဉ်ပြိုင်မှုပေါ့..."
"သြော်... ဒီလိုကိုး..."
ဘေးပတ်ဝန်းကျင်ရှိ လူအများအပြားက အချင်းချင်း တီးတိုး ဝေဖန်ပြောဆိုနေကြသည်။
"ဂရီ... ဒီတစ်ယောက်ချင်း ယှဉ်ချတာက ဘယ်လိုအခြေအနေမျိုးရောက်မှ နိုင်တယ်လို့ သတ်မှတ်မှာလဲ..."
မြက်ခင်းပြင် အလယ်တွင် ရပ်နေသော ဆွန်ဖုန်းက ဘေးပတ်ဝန်းကျင်မှ သူ့ကို အားမပေးဘဲ တစ်ဖက်လူကိုသာ အားပေးနေကြသူများကို လုံးဝ ဂရုမစိုက်ဘဲ သူ့ရှေ့ရှိ ဂရီကို ကြည့်ကာ မေးလိုက်သည်။ အမှန်တကယ်တော့ သူသည် ကိုယ်ခံပညာဖြင့် တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းကို တစ်ခါမှ မစမ်းသပ်ဖူးခဲ့ပေ။
"အရမ်းလွယ်ပါတယ်... လက်ဗလာနဲ့ တိုက်ရမှာပဲ... တစ်ယောက်ယောက်က အခြားတစ်ယောက်ကို မြေကြီးပေါ် လဲကျသွားအောင် ထိုးကြိတ်နိုင်ပြီး ပြန်မထနိုင်တော့ရင် နိုင်တယ်လို့ သတ်မှတ်မယ်... သေချာတာကတော့ တစ်ဖက်လူက မခံနိုင်တော့လို့ အရှုံးပေးရင်လည်း နောက်တစ်ယောက်က နိုင်တာပဲပေါ့..."
ဂရီက သွေးပူလေ့ကျင့်ခန်း လုပ်ရင်း ဆွန်ဖုန်းကို ရှင်းပြလိုက်သည်။
"ဝါး... သခင်လေးဂရီက အရမ်းမိုက်တာပဲ... ဒီလှုပ်ရှားမှုလေးက... အို... ဟိုလှုပ်ရှားမှုလေးကလည်း... ဝါး... အမိုက်စားပဲ..."
မိန်းကလေးတစ်ဦးက ဂရီ သွေးပူလေ့ကျင့်ခန်း လုပ်နေသည်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဂရီ၏ ပြည့်စုံလှပသော ကြွက်သားများကို သူမ မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
"ဒီလိုလား... နားလည်ပြီ..."
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
သူ၏ မျက်နှာပေါ်တွင် အနည်းငယ်မျှ စိုးရိမ်ပူပန်မှု မရှိဘဲ အလွန် သက်သောင့်သက်သာဖြစ်ကာ ပေါ့ပေါ့ပါးပါး နေနေသည်ကို မြင်လိုက်ရသောအခါ ဂရီတစ်ယောက် မျက်မှောင်ကြုတ်သွားမိသည်။
အပြင်ပန်းကြည့်မည်ဆိုပါက ဂရီက ဆွန်ဖုန်းထက် အနည်းငယ် ပို၍ တောင့်တင်းပြီး အရပ်လည်း ပိုရှည်သည်။ အမှန်တကယ်တော့ အပြင်လူများ အမြင်တွင် ဆွန်ဖုန်းက ဂရီကို ယှဉ်နိုင်မည်မဟုတ်ဟု ထင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဂရီက ကိုယ်ခံပညာကို ဆယ်နှစ်ကျော်ကြာ လေ့ကျင့်ခဲ့ကြောင်း သူတို့ သူဌေးသား အသိုင်းအဝိုင်းထဲတွင် လူတိုင်း သိထားကြသောကြောင့်ဖြစ်သည်။ ဆွန်ဖုန်းအကြောင်းကိုတော့ သူတို့ လုံးဝ မသိကြပေ။
"ဟိုဘက်မှာ ဘာတွေဖြစ်နေတာလဲ... လူတွေ အများကြီး ဝိုင်းအုံနေတယ်... တော်တော် စည်ကားနေပုံပဲ... လာ... ငါတို့ သွားကြည့်ကြရအောင်..."
ထိုအချိန်တွင် အီဗာ ဒေစီနှင့် သူမ၏ သူငယ်ချင်း မိန်းကလေးအချို့က ကပွဲအပြီး လမ်းလျှောက်ထွက်လာရင်း အရှေ့ဘက် မြက်ခင်းပြင်ရှိ အခြေအနေကို မြင်တွေ့လိုက်ရသဖြင့် သိချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
"ကောင်းပြီ... သွားကြည့်ကြတာပေါ့..."
ဤသို့ဖြင့် မိန်းကလေး လေးငါးယောက်ခန့်က အုပ်စုလိုက် ပွဲသွားကြည့်ရန် ထွက်လာခဲ့ကြသည်။
"ဟယ်... ဆွန်ဖုန်းပါလား..."
သူတို့အုပ်စု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားသောအခါ ဒေစီက ဆွန်ဖုန်းကို ပထမဆုံး မြင်လိုက်ရပြီး နောက်တစ်ယောက်က ဂရီဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဝါး... အီဗာသခင်မလေး ရောက်လာပြီ... ဒီတစ်ခါတော့ ကြည့်ကောင်းပြီ..."
"အီဗာ ရောက်လာပြီလား..."
ဆွန်ဖုန်းနှင့် ဂရီတို့ တိုက်ခိုက်ရန် ပြင်နေချိန်တွင် ဂရီက အီဗာ ရောက်လာကြောင်း ကြားလိုက်ရသဖြင့် သူ၏ နားရွက်နှစ်ဖက် ချက်ချင်း ထောင်တက်သွားတော့သည်။ ထို့နောက် ဆွန်ဖုန်းကို ခဏရပ်ရန် လက်ဟန်ပြလိုက်ပြီး အီဗာ၏ အရှေ့သို့ ကမန်းကတန်း ပြေးသွားတော့သည်။
"ဟေး... ဂရီ... နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ..."
ဒေစီက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ဤကဲ့သို့ လမင်းကြီး ထိန်လင်းနေသော ညဉ့်ယံတွင် ယောက်ျားကြီး နှစ်ယောက်က မြက်ခင်းပြင်ပေါ်တွင် ရပ်နေကြသည်။ ချစ်ခွင့်ပန်မလို့များလား။
"မစ္စဒေစီ... သခင်လေးဂရီက ဟိုဆွန်ဖုန်းဆိုတဲ့သူနဲ့ တစ်ယောက်ချင်း ယှဉ်ချမလို့လေ... ရှုံးတဲ့သူက အီဗာသခင်မလေးကို ထပ်မနှောင့်ယှက်ရဘူးတဲ့..."
ဂရီက အနည်းငယ် ရှက်ရွံ့သွားပြီး အီဗာကို ဘယ်လိုပြောရမလဲ စဉ်းစားနေချိန်တွင် ဘေးနားရှိ လူတစ်ယောက်က ထိုစကားကို ဝင်ပြောလိုက်သည်။
"အော်... ဒီလိုကိုး..."
ဒေစီက ကြားပြီးနောက် နားလည်သွားဟန်ဖြင့် အီဗာကို တစ်ချက်ကြည့်ကာ သူမ၏ တုံ့ပြန်မှုကို အကဲခတ်လိုက်သည်။ အခြား မိန်းကလေးများကလည်း အီဗာကို ဝိုင်းကြည့်နေကြသည်။
ဂရီကတော့ အီဗာ၏ အရှေ့တွင် ရူးကြောင်ကြောင် ရပ်နေပြီး သူ၏ နောက်စေ့ကို လက်ဖြင့် ပွတ်သပ်ကာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေသည်။
"အော်... အဲ့ဒါဆိုလည်း ချကြပေါ့..."
အီဗာက ဝမ်းသာခြင်း ဝမ်းနည်းခြင်း အလျဉ်းမရှိဘဲ ပြောလိုက်ပြီးနောက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသောက်ကျိုးနည်း ဆွန်ဖုန်းကို သူမ ထပ်မြင်လိုက်ရသောကြောင့်ဖြစ်သည်။
"ဟေး ဟေး ဟေး... အီဗာ... နင်က ဘာလို့ ထွက်သွားမှာလဲ... ဘယ်လိုပဲဖြစ်ဖြစ် ဒီယောကျာ်းလေး နှစ်ယောက်က နင့်အတွက် တစ်ယောက်ချင်း ယှဉ်ချကြတာလေ... ပြီးတဲ့အထိတော့ ကြည့်သွားသင့်တာပေါ့..."
ဒေစီက အီဗာ လှည့်ထွက်သွားမည်ကို မြင်လိုက်ရသောအခါ သူမကို အမြန်ဆွဲထားပြီး မသွားရန် တားမြစ်လိုက်သည်။
"အီဗာ... ခဏစောင့်ပါအုံး... ငါ အဲ့ဒီဆွန်ဖုန်းကို စက္ကန့်ပိုင်းအတွင်း အလဲထိုးပြမယ်... သေချာ ကြည့်နေနော်..."
ဂရီက အီဗာ ထွက်သွားချင်နေသည်ကို မြင်လိုက်ရသောအခါ အချိန်ဆွဲမနေသင့်တော့ဟု တွေးလိုက်သည်။ ဆွန်ဖုန်းကို အမြန်ဆုံး အလဲထိုးပစ်ပြီး သူ၏ နတ်ဘုရားမရှေ့တွင် သူ၏ အစွမ်းအစများကို ပြသလိုက်ရမည်။ ဤသို့ဆိုလျှင် ဆွန်ဖုန်းကိုလည်း ဖယ်ရှားပစ်နိုင်မည်ဖြစ်သလို အီဗာကိုလည်း သူ၏ စွမ်းရည်များကို ပြသနိုင်မည်ဖြစ်ရာ ကျောက်တစ်ချက်ပစ် ငှက်နှစ်ကောင်ရပင် ဖြစ်သည်။
"ကောင်းပြီလေ..."
အီဗာက သူငယ်ချင်းများ၏ ဆွဲထားမှုကြောင့် ချက်ချင်း ထွက်မသွားနိုင်မှန်း သိလိုက်သဖြင့် သက်ပြင်းတစ်ချက်ချကာ ဤနေရာတွင် ဆက်နေပြီး ကြည့်ရန် သဘောတူလိုက်သည်။
"ဟေး... ဆွန်ဖုန်း... ငါတို့ စလို့ရပြီ..."
ဂရီက မြက်ခင်းပြင် အလယ်သို့ ခပ်သုတ်သုတ် ပြန်လျှောက်သွားပြီး ဆွန်ဖုန်းအား ပြောလိုက်သည်။
"ကောင်းပြီ... စလို့ရပြီ..."
ဆွန်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ဤအချိန်တွင် အီဗာလည်း ရောက်လာသည်ကို သူ မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ သို့သော် လာမှတော့လည်း နေကြည့်ပေါ့။
ထိုသူနှစ်ယောက် အချင်းချင်း မျက်နှာချင်းဆိုင်လိုက်ကြပြီး တိုက်ခိုက်မှု စတင်တော့မည်ဖြစ်သည်။
"အားတင်းထား... သူ့ကို အသေချပါ... ငါက ဒေါ်လာ တစ်သိန်း လောင်းထားတယ်... ဂရီ... သူ့ကို အသေချစမ်း..."
"သခင်လေးဂရီ... အားတင်းထား... အားတင်းထား... နိုင်ရင် ဒီည ကျွန်မတို့ အကုန်လုံး ရှင့်အိမ်ကို လာလည်မယ်... ကြိုက်သလို ကစားလို့ရတယ်..."
ကွင်းပြင်တစ်ခုလုံး ချက်ချင်းဆိုသလို ရူးသွပ်မတတ် အော်ဟစ်အားပေးသံများဖြင့် ဖုံးလွှမ်းသွားပြီး လူတိုင်းက အသက်ရှူအောင့်ကာ ကွင်းလယ်ရှိ လူနှစ်ယောက်ကို စိုက်ကြည့်နေကြသည်။
"အီဗာ... နင် ဘယ်သူနိုင်မယ် ထင်လဲ..."
ဒေစီက မေးလိုက်သည်။
"ဆွန်ဖုန်း နေမှာပေါ့..."
အီဗာက မပြောချင်သော်လည်း နောက်ဆုံးတွင်တော့ ဖွင့်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်း၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူမ ကောင်းကောင်း သိထားသောကြောင့်ဖြစ်သည်။ သူက တကယ့် လူမဆန်တဲ့ သတ္တဝါတစ်ကောင်လိုပင်။
"စပြီ..."
စတင်ပြီဟု အော်သံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဂရီက တိုက်ခိုက်မည့်ဟန် ပြင်လိုက်ပြီး ဆွန်ဖုန်းကို အပြည့်အဝ အာရုံစိုက်ကာ ကြည့်နေသည်။
သူက မိမိကိုယ်ကိုယ် အထင်ကြီးသော်လည်း ပြိုင်ဘက်ကို လျှော့တွက်မည့် လူမိုက်မျိုးတော့ မဟုတ်ပေ။ လျှော့တွက်ခြင်းဆိုသည့် စကားလုံးက သူ၏ အဘိဓာန်တွင် လုံးဝ မရှိပေ။ ထို့အပြင် တစ်ဖက်လူ မည်မျှ အစွမ်းထက်သည်ကို သူ မသိသေးပေ။
"လာလေကွာ..."
ဆွန်ဖုန်းက ဂရီ တိုက်ခိုက်ရန် အသင့်ပြင်ထားသော်လည်း သူ့ကို လာမတိုက်ခိုက်သေးသည်ကို မြင်လိုက်ရသောအခါ အလွန်ပျင်းရိသွားမိသည်။ ထားလိုက်တော့... သူက လာမတိုက်ခိုက်ရင်လည်း ကိုယ်ကပဲ အရင် စတင်လိုက်တော့မည်။ ဤငြီးငွေ့စရာကောင်းသော လူကို အမြန်ဆုံး ရှင်းပစ်ပြီး အိမ်ပြန်ကာ ရေချိုးအိပ်ရမည်။
"ဟား..."
ဆွန်ဖုန်းက အေးစက်စွာ ဟစ်ကြွေးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က အမြောက်ဆံတစ်လုံးကဲ့သို့ ဂရီဆီသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။ သူ၏ အရှိန်က လေပွေတစ်ချက်လို အလွန်မြန်ဆန်လှသည်။
အမှန်တကယ်တော့ ဆွန်ဖုန်း၏ အရှိန်က အစွမ်းကုန် မသုံးရသေးပေ။ အဘယ်ကြောင့်ဆိုသော် ဂရီက ဆွန်ဖုန်း အစွမ်းကုန် သုံးရလောက်အောင် အဆင့်မမီသောကြောင့်ဖြစ်သည်။
"ဟင်..."
နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်းက ဂရီ၏ အရှေ့သို့ ရောက်ရှိသွားပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည်။
ဤအချိန်တွင် ဂရီက ဆွန်ဖုန်း သူ၏ အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်ကိုသာ မြင်လိုက်ရသည်။ ဆွန်ဖုန်း ပြေးဝင်လာသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး ဆွန်ဖုန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ကာကွယ်ရေးဟန်ကိုလည်း အသင့်ပြင်ထားခဲ့သည်။
သို့သော်လည်း ဆွန်ဖုန်း၏ လက်သီးချက်က အလွန်မြန်ဆန်လွန်းလှသည်။ ဂရီက လက်သီးရိပ်ကိုသာ မြင်လိုက်ရပြီး ခေါင်းငုံ့ရှောင်ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် သူ အနည်းငယ် နောက်ကျသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ ထို့နောက် သူ၏ ညာဘက်ပါးပြင်ကို ဆွန်ဖုန်း၏ လက်သီးက အပြင်းအထန် ထိမှန်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆွန်ဖုန်း၏ လက်သီးချက်ကြောင့် မြေပြင်ပေါ်သို့ ဒိုင်းခနဲ လဲကျသွားတော့သည်။
သူ၏ ခေါင်းထဲတွင် မူးဝေသွားပြီး ဦးနှောက်တစ်ခုလုံး ဆွန်ဖုန်း၏ ထိုးကြိတ်မှုကြောင့် ပျော့ဖတ်သွားသကဲ့သို့ ခံစားလိုက်ရကာ မြေပြင်ပေါ်တွင် လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။