အခန်း ၃၃၁
Vol. 34 Ch. 331
အခန်း (၃၃၁) - ဂျပန်များ၏ လျှို့ဝှက်ကြံစည်မှု
"သူဌေး... အကုန်လုံး စီစဉ်ပြီးပါပြီ... ဒါပေမဲ့ အပြင်မှာ အထူးစစ်ဆင်ရေးအဖွဲ့က အဖွဲ့ခေါင်းဆောင်ဆိုတဲ့သူ ရောက်နေပြီး သူဌေးကို တွေ့ချင်လို့တဲ့..."
အတွင်းရေးမှူးမလေးက ကွေ့ထျန်ထိုက်လန်ကို ကြည့်ကာ ပြောလိုက်သည်။
"အထူးစစ်ဆင်ရေးအဖွဲ့... သူတို့က ငါ့ကို ဘာလာလုပ်တာလဲ... ဟိုတစ်ညက အခိုးခံရတဲ့ကိစ္စကို လာမေးမလို့လား... ငါ သိသမျှ အကုန်ပြောပြပြီးပြီလေ... အဲ့ဒီ ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ ဆိုတဲ့ ခွေးကောင်တွေကို စုံစမ်းဖို့လည်း ပူးပေါင်းပါဝင်ပေးခဲ့တာပဲ... အခုဆိုရင် အချိန်တွေ အများကြီး ကုန်သွားပြီ... သူတို့က အခုချိန်ထိ ဘာမှ မစွမ်းဆောင်နိုင်သေးတာတော့ အမှန်ပဲ... ဟွန့်... ပြည်သူတွေဆီက ကောက်ထားတဲ့ အခွန်ငွေတွေကို အလကား ဖြုန်းတီးနေတာပဲ..."
ကွေ့ထျန်ထိုက်လန်က မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
သူ၏ တော်ဝင်လေလံရုံ ဖောက်ထွင်းခံရပြီးကတည်းက အထူးစစ်ဆင်ရေးအဖွဲ့တို့၊ စုံစမ်းစစ်ဆေးရေးဌာနတို့ဆိုသည့် လူများ ရောက်လာကာ အမှုကိစ္စကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ရှာဖွေခြင်း၊ စုံစမ်းခြင်းများကို ပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း ယခုအချိန်အတော်ကြာသည်အထိ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ဆိုသော ထိုသူများမှာ ယခုတိုင် လွတ်မြောက်နေဆဲဖြစ်ပြီး သူ၏ နိုင်ငံတော်အဆင့် ရတနာဆယ်ခုမှာလည်း ပေကျင်းပြတိုက်တွင် ပြသခံထားရဆဲဖြစ်သည်။
စဉ်းစားကြည့်ရုံဖြင့် သူ ဒေါသထွက်လွန်း၍ သေချင်စိတ်ပင် ပေါက်လာသည်။ ထိုပစ္စည်းဆယ်ခုက သူ၏ လေလံရုံမှ ပိုင်ဆိုင်သောအရာများ မဟုတ်ပါလား။ ယခုတော့ သူတစ်ပါးလက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုအချိန်အတောအတွင်း ထိုရှေးဟောင်းပစ္စည်း ဆယ်ခုကို ပြန်လည်တောင်းခံရန် သူ စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့က ဂျပန်အမျိုးသားပြတိုက်ကြီးကို ပြာကျသွားသည်အထိ ဖောက်ခွဲပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ သူ လုံးဝ မလုပ်ရဲတော့ပေ။ ထိုအဖွဲ့က အထူးစစ်ဆင်ရေးအဖွဲ့ကိုပင် ဗြောင်ကျကျ စိန်ခေါ်ရဲသော အရူးအမူး လူသတ်သမားများဖြစ်သည်။
အထူးစစ်ဆင်ရေးအဖွဲ့၏ မျက်စိအောက်တွင်ပင် ဂျပန်အမျိုးသားပြတိုက်ကြီးကို ဖောက်ခွဲပစ်ခဲ့သည်။ ထို့အပြင် ဗီဒီယိုဖိုင်ထဲတွင်လည်း ကွေ့ထျန်ထိုက်လန်အနေဖြင့် ထိုရှေးဟောင်းပစ္စည်း ဆယ်ခုကို ပြန်တောင်းရဲပါက မည်သို့သော အကျိုးဆက်ကို ခံစားရမည်ကို သတိပေးထားသေးသည်။
အကယ်၍ သူသာ ထိုရှေးဟောင်းပစ္စည်း ဆယ်ခုကို ပေကျင်းပြတိုက်မှ ပြန်တောင်းမည်ဆိုပါက သူ၏ လည်ပင်းပေါ်ရှိ ဦးခေါင်းကြီးမှာ မည်သည့်အချိန်တွင် အဖြတ်ခံရမည်ကိုပင် မသိနိုင်ပေ။
ဤနေရာတွင် အထူးစစ်ဆင်ရေးအဖွဲ့က ကွေ့ထျန်ထိုက်လန်ကို မကာကွယ်ပေးနိုင်ဘူးလားဟု မေးစရာရှိလာနိုင်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ကွေ့ထျန်ထိုက်လန်က ဂျပန်အထူးစစ်ဆင်ရေးအဖွဲ့ကို လုံးဝ မယုံကြည်ကြောင်း ပြောရမည်ဖြစ်သည်။
ဂျပန်အမျိုးသားပြတိုက် ပေါက်ကွဲမှုကြီးက အကောင်းဆုံး သက်သေပင်ဖြစ်သည်။ ကုမ္ပဏီ ဒေဝါလီခံရခြင်းကို သူ လက်ခံနိုင်သော်လည်း သူ၏ ကိုယ်ပိုင်အသက်လေးကိုတော့ သူ အလွန်တန်ဖိုးထားဆဲဖြစ်သည်။
အချိန်တွေသာ ကုန်လွန်သွားခဲ့သော်လည်း အထူးစစ်ဆင်ရေးအဖွဲ့က အမှုကို မဖော်ထုတ်နိုင်သေးပေ။ ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်များကိုလည်း မဖမ်းဆီးနိုင်သေးပေ။ ထို့ကြောင့် ပြည်သူလူထု၏ အထူးစစ်ဆင်ရေးအဖွဲ့အပေါ် ယုံကြည်လေးစားမှုမှာ ရာခိုင်နှုန်း နှစ်ရာအပေါင်းမှ ရာခိုင်နှုန်း နှစ်ရာအနှုတ်သို့ ချက်ချင်း ကျဆင်းသွားခဲ့သည်။
ဘာတတ်နိုင်မည်နည်း။ သူတို့က အရည်အချင်းမှ မရှိဘဲကိုး။ အလုပ်မလုပ်နိုင်သည်ကို ဘယ်သူ့ကို သွားအပြစ်တင်ရမည်နည်း။
"မသိပါဘူး... သူ ဘာမှမပြောဘူး... ဒါပေမဲ့ သူက သူဌေးနဲ့ လူချင်းတွေ့ပြီး စကားပြောချင်တယ်လို့တော့ ပြောပါတယ်..."
အတွင်းရေးမှူးမလေးက ပြန်ဖြေလိုက်သည်။
"စိတ်ရှုပ်စရာကောင်းလိုက်တာ... မတွေ့ဘူး... ငါ ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ... ပူးပေါင်းလုပ်ဆောင်စရာ ရှိတာတွေလည်း လုပ်ပေးပြီးပြီ... သူတို့ တရားခံကို မဖမ်းနိုင်တာလေ... ဘယ်လောက်ပဲ ထပ်ပြီး လုံးပန်းနေပါစေ အလကားပဲ..."
ကွေ့ထျန်ထိုက်လန်က စိတ်ရှုပ်ထွေးစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ သူက ဒေဝါလီခံကြောင်း ကြေညာပြီးနောက် ဇာတိရွာသို့ပြန်ကာ လယ်စိုက်ပြီး အေးအေးဆေးဆေး အနားယူတော့မည်ဟု ဆုံးဖြတ်ထားသည်။ သူ တင်ရှိနေသော အကြွေးများကိုတော့ သားမြေးများသာ ဆက်ဆပ်ကြပါစေတော့။
"ဟုတ်ကဲ့ပါ... အဲ့ဒါဆို ကျွန်မ သွားပြောလိုက်ပါ့မယ်..."
မကြာမီမှာပင် နားနေခန်းထဲတွင် စောင့်ဆိုင်းနေသော အထူးစစ်ဆင်ရေးအဖွဲ့၏ ခေါင်းဆောင်သစ် ဖျင်ချွမ်ကျီထျန်သည် သူ့အတွက် အလွန် စိတ်အနှောင့်အယှက်ဖြစ်စေမည့် သတင်းကို ကြားလိုက်ရတော့သည်။
"တောင်းပန်ပါတယ် မစ္စတာဖျင်ချွမ်ကျီထျန်... ကျွန်မတို့ သူဌေးက ဧည့်သည်မတွေ့ချင်ဘူးလို့ ပြောပါတယ်... ပြန်ပါတော့ရှင်..."
အတွင်းရေးမှူးမလေးက ဖျင်ချွမ်ကျီထျန်ကို ပြောလိုက်သည်။
"ငါ့ကို မတွေ့ချင်ဘူး ဟုတ်လား..."
ဖျင်ချွမ်ကျီထျန်က မျက်မှောင်ကြုတ်သွားသည်။
"ငါ မစ္စတာကွေ့ထျန်ထိုက်လန်နဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စရှိတယ်... အဲ့ဒီကိစ္စက မင်းတို့ကုမ္ပဏီ ဒေဝါလီခံစရာမလိုအောင် လုပ်ပေးနိုင်တဲ့ ကိစ္စပဲ..."
ဖျင်ချွမ်ကျီထျန်က အတွင်းရေးမှူးမလေးထံသို့ ဗုံးတစ်လုံးကို ပစ်ချလိုက်သကဲ့သို့ ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုစကားကို ကြားလိုက်ရသော အတွင်းရေးမှူးမလေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။ ဤဗုံးကြီးက မည်မျှ အရေးပါကြောင်း သူမ ကောင်းစွာ သိထားသည် မဟုတ်ပါလား။
"တ... တကယ်လား..."
အတွင်းရေးမှူးမလေးက မျက်နှာပျက်ယွင်းစွာဖြင့် မေးလိုက်သည်။
"ဟုတ်တယ်... မင်း သွားပြီး မစ္စတာကွေ့ထျန်ထိုက်လန်ကို သေချာ ပြန်ပြောလိုက်ပါ... အခွင့်အရေးက တစ်ခါပဲ ရှိတယ်... သူ ငါတို့နဲ့ ပူးပေါင်းချင်လား မချင်ဘူးလား ဆိုတာ သူ့အပေါ်မှာပဲ မူတည်တော့တယ်..."
ဖျင်ချွမ်ကျီထျန်က ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျွန်မ အခုချက်ချင်း သွားပြောလိုက်ပါ့မယ်..."
အတွင်းရေးမှူးမလေးက သူမ၏ ကြီးမားသော တင်ပါးကြီးကို လှုပ်ခါရင်း ဥက္ကဋ္ဌရုံးခန်းဆီသို့ လေလိုမြန်သော အဟုန်ဖြင့် အပြေးအလွှား သွားတော့သည်။
"သူ... သူဌေး... အထူးစစ်ဆင်ရေးအဖွဲ့က ခေါင်းဆောင် မစ္စတာဖျင်ချွမ်ကျီထျန်က သူဌေးနဲ့ အရေးတကြီး ဆွေးနွေးစရာရှိတယ်လို့..."
အတွင်းရေးမှူးမလေးက စကားမဆုံးသေးခင်မှာပင် ကွေ့ထျန်ထိုက်လန်က စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။
"ငါ ခုနက ပြောပြီးပြီ မဟုတ်လား... မတွေ့ဘူးလို့... မတွေ့ဘူးဆိုရင် မတွေ့ဘူးပဲ... ငါ့မှာ ဧည့်သည် လက်မခံပိုင်ခွင့် ရှိတယ်... သူ့ကို ထွက်သွားခိုင်းလိုက်စမ်း..."
"မဟုတ်ဘူး သူဌေး... သူက ကျွန်မတို့ကုမ္ပဏီ ဒေဝါလီခံစရာ မလိုအောင် ကူညီပေးနိုင်မယ်လို့ ပြောလိုက်လို့ပါ..."
အတွင်းရေးမှူးမလေးက အနည်းငယ် မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
"ဘာ... သူတို့က ငါ့ကုမ္ပဏီကို ဒေဝါလီခံစရာ မလိုအောင် ကူညီပေးနိုင်မယ် ဟုတ်လား..."
ကွေ့ထျန်ထိုက်လန်က မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့်အဝ ပေါ်လွင်သွားသည်။
တစ်ဖက်လူက အဖွဲ့အစည်းတစ်ခု၊ အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုမျှသာ ဖြစ်သည်။ ကြီးမားသော ဘဏ္ဍာရေးအုပ်စုကြီးတစ်ခု မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကုမ္ပဏီထဲသို့ ရန်ပုံငွေများ ထည့်ဝင်ပေးနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူ၏ ကုမ္ပဏီကို ဒေဝါလီမခံရအောင် မည်သို့ ကူညီပေးနိုင်မည်နည်း။ တစ်ဖက်လူက နောက်ပြောင်နေခြင်းလား၊ သို့မဟုတ် သူ၏ အတွင်းရေးမှူးမလေးကို လိမ်ညာနေခြင်းလား။
"သူဌေး... တစ်ဖက်လူက ဘာပဲလုပ်လုပ် ကျွန်မအထင်တော့ သူနဲ့ တွေ့ပြီး အခြေအနေကို အရင် လေ့လာကြည့်တာ ပိုကောင်းမယ် ထင်ပါတယ်..."
"ဟူး... ကောင်းပြီလေ... သေနေတဲ့မြင်းကို အရှင်လိုသဘောထားပြီး ကုကြည့်ရတာပေါ့... ဒီခေါင်းဆောင်သစ်ကို သွားတွေ့ကြည့်တာပေါ့..."
မကြာမီမှာပင် ကွေ့ထျန်ထိုက်လန်နှင့် ဖျင်ချွမ်ကျီထျန်တို့ တွေ့ဆုံသွားကြသည်။ လူချင်းတွေ့ပြီးနောက် ယဉ်ကျေးမှုအရ စကားအနည်းငယ် ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် ကွေ့ထျန်ထိုက်လန်က စိတ်မရှည်စွာဖြင့် အဓိကအကြောင်းအရာကို စတင်ပြောဆိုလိုက်သည်။
"မစ္စတာဖျင်ချွမ်ကျီထျန်... ခုနက ခင်ဗျားက ကျွန်တော့် အတွင်းရေးမှူးကို ကျွန်တော့်ကုမ္ပဏီ ဒေဝါလီခံစရာ မလိုအောင် ကူညီပေးနိုင်တယ်လို့ ပြောလိုက်တယ်ဆို... အဲ့ဒါ တကယ်ပဲလား..."
ကွေ့ထျန်ထိုက်လန်၏ စိတ်အားထက်သန်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ ဖျင်ချွမ်ကျီထျန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
"မှန်ပါတယ်... ကျွန်တော်တို့ဆီမှာ နည်းလမ်းတစ်ခုတော့ ရှိတယ်... ဒါပေမဲ့ ခင်ဗျားက ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်မှ ရမယ်..."
"သြော်... ဘယ်လိုနည်းလမ်းများလဲဗျ..."
ကွေ့ထျန်ထိုက်လန်၏ စဉ်းစားတွေးခေါ်နိုင်စွမ်းအရ ဖျင်ချွမ်ကျီထျန်၏ စကားများထဲမှ လျှို့ဝှက်ချက် တစ်ခုခုကို ရိပ်မိနေပြီဖြစ်သည်။
"အရမ်းလွယ်ပါတယ်... ခင်ဗျားသာ ပေကျင်းပြတိုက်ဆီကနေ အဲ့ဒီ နိုင်ငံတော်အဆင့် ရှေးဟောင်းပစ္စည်း ဆယ်ခုကို ပြန်တောင်းနိုင်မယ်ဆိုရင် ခင်ဗျားကုမ္ပဏီ ဒေဝါလီခံစရာ လိုတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်..."
ဖျင်ချွမ်ကျီထျန်က ပြောလိုက်သည်။
"ခင်ဗျား ပြောတာ မှန်ပါတယ်... တကယ်လို့ ကျွန်တော့်ကုမ္ပဏီက အဲ့ဒီပစ္စည်းတွေကိုသာ ပြန်တောင်းနိုင်မယ်ဆိုရင် သေချာပေါက် အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ... ဒါပေမဲ့..."
ကွေ့ထျန်ထိုက်လန်က ဖျင်ချွမ်ကျီထျန်၏ စကားက အဓိပ္ပာယ်များစွာ ရှိနေကြောင်း သိလိုက်သည်။
သူကိုယ်တိုင်လည်း ဥပဒေကြောင်းအရ ထိုပစ္စည်းများကို ပြန်လည်တောင်းခံရန် စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း သူ အလွန် တွန့်ဆုတ်နေမိသည်။ ဗီဒီယိုဖိုင်ထဲမှ ထိုအကြမ်းဖက်သမား၏ ခြိမ်းခြောက်စကားများကို သူ အလွန် ကြောက်ရွံ့နေမိသည်။
အကယ်၍ သူ၏ ကုမ္ပဏီကသာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသော ထိုရှေးဟောင်းပစ္စည်းများကို ပြန်လည်ရရှိမည်ဆိုပါက သေချာပေါက် ဒေဝါလီခံစရာ လိုတော့မည်မဟုတ်ပေ။ ဖောက်ခွဲဖျက်ဆီးခံလိုက်ရသော ရှေးဟောင်းပစ္စည်း ရာပေါင်းများစွာအတွက် ငွေကြေးဆုံးရှုံးမှုအချို့ ရှိနေသေးသော်လည်း ဒေဝါလီခံစရာ မလိုတော့သည်ကပင် သူ့အတွက် အလွန် ဝမ်းသာစရာ ဖြစ်နေပြီဖြစ်သည်။
"ခင်ဗျား ဘာကို စိတ်ပူနေလဲဆိုတာ ကျွန်တော် သိပါတယ်... အဲ့ဒီ ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုရယ် နောက်ကွယ်ကနေ ခင်ဗျားကို လုပ်ကြံမှာကိုရယ် ကြောက်နေတာ မဟုတ်လား..."
ဖျင်ချွမ်ကျီထျန်က မေးလိုက်သည်။
"ဟုတ်တယ်... ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲလေ... အရင်တုန်းက သူတို့က ဂျပန်အမျိုးသားပြတိုက်ကို ဖျက်ဆီးပစ်မယ်... ရှေးဟောင်းပစ္စည်း ကိုးသောင်းကျော်ကို ဖျက်ဆီးပစ်မယ်လို့ ဗြောင်ကျကျ ကြေညာခဲ့တာပဲ... အဲ့ဒီအချိန်က လက်နက်ကိုင်တပ်ဖွဲ့ဝင် ရာချီပြီး သွားစောင့်နေတာတောင် သူတို့ကို မတားဆီးနိုင်ခဲ့ဘူး... ဒါ့အပြင် အခုချိန်ထိ ခင်ဗျားတို့ သူတို့ကို မဖမ်းနိုင်သေးဘူးလေ... မဖမ်းနိုင်တာကို ထားလိုက်ပါတော့... ကျွန်တော် ထင်တာတော့ ခင်ဗျားတို့ သူတို့ရဲ့ သဲလွန်စလေး နည်းနည်းတောင် ရှာမတွေ့သေးဘူး မဟုတ်လား... အဲ့ဒါကြောင့် သူတို့ကို ဆန့်ကျင်တဲ့ကိစ္စမျိုးကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ရဲရဲဝံ့ဝံ့ လုပ်ရဲမှာလဲ..."
ကွေ့ထျန်ထိုက်လန်က မှိုင်းညို့နေသော မျက်နှာထားဖြင့် ဖြေလိုက်သည်။ သူက အသေခံမယ့် ကိစ္စမျိုးကို မလုပ်ချင်ပေ။ သူက အိမ်ပြန်ပြီး လယ်စိုက်ကာ အေးအေးဆေးဆေး နေချင်သေးသည်။