အခန်း ၃၃၂
Vol. 34 Ch. 332
အခန်း (၃၃၂) - ဆွန်ဖုန်းအပေါ် စစ်ကြေညာခြင်း
"မစ္စတာကွေ့ထျန်ထိုက်လန်... စိတ်ချပါ... တကယ်လို့ ခင်ဗျားသာ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ခင်ဗျားနဲ့ ခင်ဗျားရဲ့ မိသားစုကို သေချာပေါက် ကာကွယ်ပေးမှာပါ... ပြီးတော့ ခင်ဗျားရဲ့ ကုမ္ပဏီကိုပါ အပြည့်အဝ ကာကွယ်ပေးမှာပါ... ကျွန်တော်တို့ အထူးစစ်ဆင်ရေးအဖွဲ့က ဒီအကြမ်းဖက်အဖွဲ့အစည်းကို အမြစ်ပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ထားပြီးပါပြီ... ဒါကြောင့် အင်အားအကြီးမားဆုံး တပ်ဖွဲ့တွေကိုလည်း စုစည်းထားပြီးပါပြီ... အရင်တစ်ခေါက်ကလို ကိစ္စမျိုး ထပ်ဖြစ်လာဖို့ လုံးဝ အခွင့်အရေးပေးမှာ မဟုတ်တော့ပါဘူး... ဒီလို သေးငယ်လှတဲ့ အဖွဲ့အစည်းလေးက ကျွန်တော်တို့ ဂျပန်အစိုးရကို လွန်ဆန်ပြီး မောက်မာရဲမယ်လို့ ခင်ဗျား ထင်နေလို့လား..."
ဖျင်ချွမ်ကျီထျန်က ဒေါသတကြီးဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် သူတို့ အထူးစစ်ဆင်ရေးအဖွဲ့က အလွန်တိကျသေချာသော စီမံကိန်းများကို ရေးဆွဲထားပြီးဖြစ်သည်။
အထက်လူကြီးများကလည်း ဤအကြမ်းဖက်အဖွဲ့အစည်းကို အမြစ်ပြတ်ချေမှုန်းရန် တင်းကျပ်စွာ အမိန့်ပေးထားသည်။ ပြည်သူလူထုကို ရလဒ်တစ်ခုခုမှ ပြသနိုင်ခြင်းမရှိလျှင် ဂျပန်နိုင်ငံအနေဖြင့် မည်သည့်မျက်နှာ သွားထားရမည်နည်း။
ဤမျှ သေးငယ်သော ကိစ္စလေးကိုပင် မဖြေရှင်းနိုင်လျှင် တစ်နေ့ စစ်ဖြစ်လာပါက ဘာသွားလုပ်နိုင်မည်နည်း။ လက်နက်ချ အရှုံးပေးလိုက်သည်ကမှ ပိုကောင်းပေလိမ့်မည်။
ကွေ့ထျန်ထိုက်လန်မှာ ဖျင်ချွမ်ကျီထျန်၏ စကားများကြောင့် အနည်းငယ်မျှပင် စိတ်လှုပ်ရှားသွားခြင်း မရှိပေ။ ယခု တစ်ဖက်လူ ပြောနေသည်များမှာ နှုတ်ခမ်းဖျားမှ ထွက်ကျလာသော ကတိစကားများသာ ဖြစ်သည်။
တကယ်တမ်း အချိန်တန်ပါက သူ့နှင့် သူ၏မိသားစုကို ကာကွယ်ရန် လူမည်မျှ စေလွှတ်ပေးမည်ကို သရဲတစ္ဆေများသာ သိပေလိမ့်မည်။
ပြီးခဲ့သည့်အကြိမ်က ဂျပန်အမျိုးသားပြတိုက်ကြီးကို လူရာပေါင်းများစွာဖြင့် စောင့်ကြပ်နေခဲ့သော်လည်း တစ်ဖက်လူက လုံးဝ ဂရုမစိုက်ဘဲ ပြာကျသွားသည်အထိ ဖောက်ခွဲပစ်ခဲ့သည်ကို မေ့ထား၍မရပေ။
တစ်ဖက်လူတွင် ထိုမျှလောက် အင်အားရှိနေပြီး ထိုမျှလောက် ရူးသွပ်ရဲတင်းနေသည်။ အကယ်၍ သူသာ ရာခိုင်နှုန်းပြည့် လုံခြုံရေးအာမခံချက် မရရှိပါက ကိုယ့်သေတွင်း ကိုယ်တူးမည့် အလုပ်မျိုးကို သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။
"ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို ဘယ်လို ကာကွယ်ပေးမှာလဲဆိုတာတော့ မသိဘူးနော်... ရိုးရိုး ရဲတပ်ဖွဲ့ဝင် နည်းနည်းလောက် လွှတ်ပေးထားမှာလား... ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် လာပြီး စောင့်ကြပ်ပေးမှာလား..."
ကွေ့ထျန်ထိုက်လန်က မေးလိုက်သည်။
"မှန်ပါတယ်... ခင်ဗျားနဲ့ ခင်ဗျားမိသားစုကို ကာကွယ်ပေးဖို့ တပ်စုတစ်စု စေလွှတ်ပေးထားဖို့ စီစဉ်ထားပါတယ်... အဲ့ဒီအချိန်အတွင်းမှာ ခင်ဗျားတို့အနေနဲ့ အပြင်ကို လျှောက်မသွားဘဲ အိမ်ထဲမှာပဲ နေပေးဖို့ မျှော်လင့်ပါတယ်... လိုအပ်တာတွေ ရှိရင်လည်း အဲ့ဒီတပ်ဖွဲ့ဝင်တွေကို အကူအညီတောင်းပြီး ဝယ်ခိုင်းလို့ ရပါတယ်... ဘယ်လိုလဲ... သူတို့က ခင်ဗျားတို့ မိသားစုရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်... သူတို့အားလုံးက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်ပြီး ကိုယ်ခံပညာနဲ့ သေနတ်ပစ်စွမ်းရည်တွေမှာ အထူးကျွမ်းကျင်တဲ့ သူတွေချည်းပါပဲ..."
ဖျင်ချွမ်ကျီထျန်က ရှင်းပြလိုက်သည်။
"တပ်စုတစ်စုမှာ လူဘယ်နှစ်ယောက် ပါလဲ..."
ကွေ့ထျန်ထိုက်လန်က ဆက်မေးလိုက်သည်။
"ဆယ်ယောက် ပါ..."
"ဆယ်ယောက်တည်းလား... နည်းလွန်းတယ်... သူတို့က ကျွန်တော့်အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ်လို့ မထင်ဘူး... ကျွန်တော့်အနေနဲ့ ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ ငြင်းပယ်ပါတယ်..."
ကွေ့ထျန်ထိုက်လန်က သူ၏ခေါင်းကို ပလတ်စတစ် ဒရမ်တီးသကဲ့သို့ ခပ်သွက်သွက် ခါရမ်းလိုက်သည်။ ဟာသလုပ်နေတာလား။ လူဆယ်ယောက်တည်းနှင့် သူ့နှင့် သူ၏မိသားစုကို ကာကွယ်ပေးမည်တဲ့လား။
ထိုသို့သာဆိုလျှင် သုံးရက်ပင် မပြည့်ခင် သူ အသတ်ခံရပြီး အရိုးတောင် ရှာတွေ့မည်မဟုတ်ကြောင်း သူ ကောင်းကောင်း ယုံကြည်ထားသည်။
"ဆယ်ယောက်တောင် နည်းသေးတယ် ဟုတ်လား... မစ္စတာကွေ့ထျန်ထိုက်လန်... မနည်းတော့ပါဘူး... ပုံမှန်အခြေအနေဆိုရင် ကျွန်တော်တို့က သားကောင်ကို ကာကွယ်ဖို့အတွက် လူနှစ်ယောက် သုံးယောက်လောက်ပဲ လွှတ်ပေးလေ့ရှိတာပါ... အခု တစ်ခါတည်းနဲ့ လူဆယ်ယောက်တောင် လွှတ်ပေးတယ်ဆိုတာက မစ္စတာ့ကို ဘယ်လောက်တောင် အလေးထားလဲဆိုတာ သက်သေပြနေတာပါပဲ..."
ဖျင်ချွမ်ကျီထျန်တစ်ယောက် ခေါင်းကိုက်သွားရသည်။ သူ စေလွှတ်လိုက်သော လူဆယ်ယောက်ကို နည်းသေးသည်ဟု ပြောနေသေးသည်။ နိုင်ငံတော် ဝန်ကြီးချုပ် ခရီးထွက်သကဲ့သို့ နေ့တိုင်း လူဒါဇင်ပေါင်းများစွာဖြင့် စောင့်ကြပ်ပေးထားရမည်လား။
သူတို့ အထူးစစ်ဆင်ရေးအဖွဲ့ကသာ ဤကဲ့သို့ အသေးအဖွဲ ကိစ္စများအတွက် လူအင်အား သုံးနေရမည်ဆိုလျှင် လူထောင်ပေါင်းများစွာ ထပ်မံခေါ်ယူခန့်အပ်လျှင်တောင် လောက်ငှမည်မဟုတ်ပေ။
အထူးစစ်ဆင်ရေး အဖွဲ့ဝင်များဆိုသည်မှာ လေ့ကျင့်မှုကောင်းမွန်သော ထိပ်တန်း အဆင့်များဖြစ်သည်။ ဤလူဆယ်ယောက်က သာမန် ရဲတပ်ဖွဲ့ဝင် ရာဂဏန်းနှင့် ညီမျှပေသည်။
ထို့အပြင် ကာကွယ်ရန် လူအင်အား အများအပြား စေလွှတ်ထားမည်ဆိုပါက ထိုအကြမ်းဖက်သမားများက ကွေ့ထျန်ထိုက်လန်ကို လာရောက်သတ်ဖြတ်ရဲတော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူတို့၏ အားထုတ်မှုများက အလကား အချည်းနှီးဖြစ်သွားမည် မဟုတ်ပါလား။
"မရဘူး... ခင်ဗျားတို့အနေနဲ့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစု နေထိုင်ဖို့ လျှို့ဝှက်နေရာတစ်ခု စီစဉ်ပေးပြီး ကျွန်တော့်ကို ကာကွယ်ဖို့ လူအယောက် သုံးဆယ်အထက် စေလွှတ်ပေးမှပဲ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို သဘောတူနိုင်မယ်..."
ကွေ့ထျန်ထိုက်လန်က ခေါင်းခါလျက် တင်းမာစွာ ပြောလိုက်သည်။
"ဒီလိုလုပ်ကြတာပေါ့... ကျွန်တော်တို့က ခင်ဗျားတို့ နေဖို့ လျှို့ဝှက်နေရာတစ်ခု စီစဉ်ပေးမယ်... ပြီးတော့ ကာကွယ်ပေးဖို့ လူဆယ်ယောက် စေလွှတ်ပေးမယ်... ဘယ်လိုလဲ... တစ်ဖက်လူက အဲ့ဒီ လျှို့ဝှက်နေရာကို သေချာပေါက် ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်... တကယ်လို့ လူအင်အား များနေရင် ပိုပြီး သံသယဖြစ်စရာ ကောင်းသွားလိမ့်မယ်..."
ဖျင်ချွမ်ကျီထျန်က အကြံပြုလိုက်သည်။
"ခင်ဗျား သေချာ စဉ်းစားကြည့်ပါအုံး..."
ကွေ့ထျန်ထိုက်လန်က အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
သူ၏ တော်ဝင်လေလံရုံကို သူ လက်မလွှတ်ချင်သေးပေ။ တကယ်လို့များ ထိုနိုင်ငံတော်အဆင့် ရှေးဟောင်းပစ္စည်း ဆယ်ခုကို ပြန်လည်ရရှိမည်ဆိုပါက သူ ဒေဝါလီခံစရာ လိုတော့မည်မဟုတ်ပေ။ ကုမ္ပဏီကိုလည်း ပြန်လည် ထူထောင်နိုင်မည်ဖြစ်သည်။
"ကောင်းပါပြီ... ကျွန်တော် သဘောတူတယ်... ဒါပေမဲ့ ကျွန်တော်တို့ မိသားစု လျှို့ဝှက်နေရာကို ပြောင်းရွှေ့ပြီးမှပဲ ကုမ္ပဏီကနေ ပေကျင်းပြတိုက်ကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုပါ့မယ်... ဒီကိစ္စတွေ အားလုံးကို ကျွန်တော့် အတွင်းရေးမှူးကပဲ တာဝန်ယူ ဆောင်ရွက်သွားလိမ့်မယ်... ကျွန်တော်ကတော့ လူလုံးထွက်ပြမှာ မဟုတ်တော့ဘူး..."
ကွေ့ထျန်ထိုက်လန်က တောင်းဆိုလိုက်သည်။
"ကောင်းပါပြီ... ပူးပေါင်းရတာ ဝမ်းသာပါတယ်..."
ကွေ့ထျန်ထိုက်လန် သဘောတူလိုက်သည်ကို မြင်သောအခါ ဖျင်ချွမ်ကျီထျန်၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
မကြာမီမှာပင် ဂျပန် တော်ဝင်လေလံရုံက လှုပ်ရှားမှုများ စတင်လာတော့သည်။ ပထမဆုံးအနေဖြင့် ကုမ္ပဏီ ဒေဝါလီခံမည့် ကိစ္စကို ယာယီ ရပ်ဆိုင်းလိုက်သည်။
ထို့နောက် ကွေ့ထျန်ထိုက်လန်က သူ၏ အတွင်းရေးမှူး ထန်ရယ်ဟွာဇီ အား တရုတ်နိုင်ငံ ပေကျင်းပြတိုက်ကို နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုရန် ညွှန်ကြားလိုက်သည်။ ထို့အပြင် ပေကျင်းပြတိုက်သည် ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ နှင့် ပူးပေါင်းကြံစည်နေကြောင်း မဟုတ်မမှန် စွပ်စွဲချက်များကိုပါ ထည့်သွင်းပြောဆိုခဲ့သည်။
ဂျပန် တော်ဝင်လေလံရုံ၏ ဤလုပ်ရပ်ကြောင့် ပေကျင်းပြတိုက်မှ တာဝန်ရှိသူများမှာ အနည်းငယ် အငိုက်မိသွားခဲ့သည်။ ဤသတင်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။
ဂျပန် ညနေခင်း ရုပ်မြင်သံကြားသတင်း -
"ဒီကနေ့ နေ့လယ်ပိုင်းက ဂျပန် တော်ဝင်လေလံရုံဟာ တရုတ်နိုင်ငံ ပေကျင်းပြတိုက်ကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်... တစ်ဖက်ပြတိုက်ဟာ သူတို့ကုမ္ပဏီပိုင် နိုင်ငံတော်အဆင့် ရှေးဟောင်းပစ္စည်း ဆယ်ခုကို တရားမဝင် သိမ်းဆည်းထားတယ်လို့ စွပ်စွဲထားပါတယ်... နိုင်ငံတကာ တရားရုံးကလည်း ဒီအမှုကို လက်ခံစစ်ဆေးနေပြီ ဖြစ်ပါတယ်... နောက်ဆက်တွဲ သတင်းတွေကိုတော့ ကျွန်တော်တို့ သတင်းချန်နယ်ကနေ ဆက်လက် စောင့်ကြည့်ပေးကြပါ... အသေးစိတ်ကို ဆက်လက် တင်ဆက်ပေးသွားပါမယ်..."
ဟွာရှား နေ့စဉ်သတင်းစာ -
"ဂျပန် တော်ဝင်လေလံရုံရဲ့ လုပ်ရပ်ဟာ ဗြောင်ကျကျ စွပ်စွဲပုတ်ခတ်မှုသာ ဖြစ်ပါတယ်... ရွံရှာစရာကောင်းတဲ့ စွပ်စွဲချက်တစ်ခုပါပဲ... ဒီရှေးဟောင်းပစ္စည်း ဆယ်ခုဟာ မူလကတည်းက တရုတ်နိုင်ငံပိုင် ပစ္စည်းတွေဖြစ်ပြီး အတိတ်က သူတို့ အရှက်ကင်းမဲ့စွာ လုယက်သွားခဲ့တာသာ ဖြစ်ပါတယ်... အခု ပိုင်ရှင်အစစ်ဆီကို ပြန်ရောက်လာပြီဖြစ်လို့ ကျွန်တော်တို့ဘက်က ဘယ်တော့မှ ပြန်ပေးမှာ မဟုတ်ပါဘူး... တကယ်လို့ သူတို့က ဒီလိုလုပ်မယ်ဆိုရင် တျောက်ယွီကျွန်းကလည်း တရုတ်နိုင်ငံပိုင်ပဲလို့ ကျွန်တော်တို့ဘက်က ပြောရပါလိမ့်မယ်..."
မကြာမီမှာပင် နှစ်ဖက်စလုံးက အင်တာနက်နှင့် မီဒီယာများပေါ်တွင် အပြန်အလှန် စကားစစ်ထိုးနေကြတော့သည်။ အမှန်တကယ် တရားရင်ဆိုင်ရမည့် အချိန်မှာတော့ နှစ်လကြာပြီးနောက်မှသာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကွေ့ထျန်ထိုက်လန်တို့ မိသားစုမှာ လျှို့ဝှက်နေရာတစ်ခုသို့ ပြောင်းရွှေ့ပုန်းအောင်းနေပြီဖြစ်သည်။ အထူးစစ်ဆင်ရေးအဖွဲ့ကလည်း ဂျပန် လေလံရုံ၏ အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြသည်။
လေလံရုံထဲတွင် ဝန်ထမ်း ဆယ်ဂဏန်းကျော်ခန့် ကျန်ရှိနေသေးသော်လည်း ဤသို့ ပြုလုပ်ရခြင်းမှာ ပြီးခဲ့သည့်အကြိမ်က အကြမ်းဖက်သမားများက ဗီဒီယိုဖိုင်ထဲတွင် ကွေ့ထျန်ထိုက်လန်အနေဖြင့် တရားစွဲဆိုမည်ဆိုပါက သူတို့အဖွဲ့က လက်စားချေမည်ဟု ပြောကြားထားသောကြောင့်ဖြစ်သည်။
ထို့ကြောင့် အထူးစစ်ဆင်ရေးအဖွဲ့က တော်ဝင်လေလံရုံနှင့် ကွေ့ထျန်ထိုက်လန်၏ မူလနေအိမ်တို့တွင် ပိုက်ကွန်တစ်ခုသဖွယ် အစောင့်အကြပ်များ ထူထပ်စွာ ချထားပြီး ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ ထောင်ချောက်ထဲသို့ ဝင်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
အခြားသော နေရာများတွင်လည်း အသေးစိတ် ပြင်ဆင်မှုများ ပြုလုပ်ကာ အသင့်အနေအထား ရှိနေကြသည်။ ဤအကြမ်းဖက်အဖွဲ့ ဤနေရာတွင် ပေါ်လာသည်ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သနားညှာတာမှုကင်းမဲ့စွာဖြင့် တိုက်ခိုက်ချေမှုန်းကြမည်ဖြစ်သည်။
အမှန်တကယ်တော့ ဆွန်ဖုန်းကို ထောင်ချောက်ဆင်ဖမ်းမည့် ဤနည်းလမ်းမှာ အလွန်တုံးအလှပြီး အောက်တန်းအကျဆုံး နည်းလမ်းပင်ဖြစ်သည်။ သို့သော်လည်း ဖျင်ချွမ်ကျီထျန်အနေဖြင့် ဤသို့လုပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
ဤကာလအတောအတွင်း သူ၏ လက်အောက်ရှိ အသုံးပြုနိုင်သော သယံဇာတအားလုံးကို အသုံးချကာ နည်းလမ်းပေါင်းစုံဖြင့် ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ကို ခြေရာခံရန် ကြိုးစားခဲ့သည်။ သို့သော် ယနေ့တိုင် အနည်းငယ်မျှပင် သဲလွန်စ မရရှိခဲ့ပေ။
မှန်ပါသည်။ ဤအဖွဲ့အစည်းက လုံးဝ ပေါ်မလာခဲ့သလိုမျိုး လေစိမ်းတစ်ချက်လို ပျောက်ကွယ်နေခဲ့ရာ မည်သည့်နေရာမှ စတင်စုံစမ်းရမည်ကိုပင် မသိတော့ပေ။ ထို့ကြောင့် သူက ဤအဖွဲ့အစည်းကို ဆွပေးကာ ပြန်လည်ထွက်ပေါ်လာစေရန်နှင့် ဖမ်းဆီးနိုင်ရန် ဤလှည့်ကွက်ကို အသုံးပြုခဲ့ရခြင်းဖြစ်သည်။
သို့သော် ဤတုံးအသော နည်းလမ်း၏ ပြဿနာမှာ တစ်ဖက်လူက ထောင်ချောက်ထဲသို့ ဝင်လာမည်လား မဝင်လာဘူးလား ဆိုသည်ကို မသိရခြင်းပင်ဖြစ်သည်။ တစ်ဖက်လူကလည်း ဤအစီအစဉ်ကို ကောင်းကောင်း သိရှိနေမည်မှာ သေချာသည်။
အကယ်၍ တစ်ဖက်လူက ဆက်လက်၍ ရဲတင်းမောက်မာနေမည်ဆိုပါက အသက်ပေးပြီး ပြန်ဆပ်ရပေလိမ့်မည်။ အကယ်၍ တစ်ဖက်လူက မထွက်ပေါ်လာရဲဘူးဆိုလျှင်လည်း သူ၏ အထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် အထက်လူကြီးများကို အစီရင်ခံတင်ပြရန် အကြောင်းပြချက်ကောင်းတစ်ခု ရရှိသွားမည်ဖြစ်သည်။