အခန်း ၃၃၄
Vol. 34 Ch. 334
အခန်း (၃၃၄) - ပွက်လောရိုက်သွားစေသော ခြိမ်းခြောက်စကား
ကောင်းစွာ အနားယူပြီးနောက် ဆွန်ဖုန်းက အပြင်ထွက်ကာ ညစာကို အေးအေးဆေးဆေး စားသောက်လိုက်သည်။ ထို့နောက် သူ၏ အစီအစဉ်များကို စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်လိုက်တော့သည်။
သို့သော် လှုပ်ရှားမှုမစတင်မီ သူက ဗီဒီယိုဖိုင်တစ်ခုကို အရင်ရိုက်ကူး၍ အင်တာနက်ပေါ်သို့ တင်ရန် စိတ်ကူးလိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံးကို 'ငါ ပြန်လာပြီကွ' ဟု ကြေညာချင်နေခြင်းဖြစ်သည်။
မှန်ပါသည်။ ဆွန်ဖုန်းက ဤမျှလောက်ပင် မောက်မာဝင့်ကြွားသူဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က သူတို့ကို သေချာ မနာကျင်စေခဲ့သဖြင့် ဤတစ်ကြိမ်တွင် အသေအလဲ ချေမှုန်းပစ်ရန် သူ ဆုံးဖြတ်ထားသည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူများက သူ့ကို ရှာတွေ့နိုင်မည်မဟုတ်ကြောင်း ဆွန်ဖုန်း ကောင်းစွာ သိထားသည်။ သူ၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံ ရှိနေသည်မဟုတ်ပါလား။
ဟိုတယ်အခန်းထဲတွင် ဆွန်ဖုန်းက သူ၏ လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်သည်။ ထို့နောက် နောက်ခံရှုခင်းကို သဲသဲကွဲကွဲ မမြင်ရစေမည့် အကောင်းဆုံး ထောင့်ချိုးတစ်ခုကို ရှာဖွေလိုက်ပြီး ဗီဒီယို စတင်ရိုက်ကူးတော့သည်။
"ဟယ်လို အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်ကတော့ ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ရဲ့ ခေါင်းဆောင် မစ္စတာ X ပါ... ဟုတ်ပါတယ်... ကျွန်တော် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ပြန်ရောက်နေပါပြီ... ဒီတစ်ခေါက် ကျွန်တော် ပြန်လာတာက ဂျပန်တော်ဝင်လေလံရုံကို အပြစ်ပေးဖို့ပါပဲ... ဘာလို့လဲဆိုတော့ သူတို့က ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်ပြောခဲ့တဲ့ စကားတွေကို လုံးဝ မှတ်မိပုံမရဘူး... ပေကျင်းပြတိုက်ဆီကနေ အဲ့ဒီ ရှေးဟောင်းပစ္စည်း ဆယ်ခုကိုတောင် ပြန်တောင်းရဲတယ်ဆိုတော့လေ... အင်း... ဒီလိုလုပ်ကြတာပေါ့... ကျွန်တော်တို့အဖွဲ့က ဂျပန်တော်ဝင်လေလံရုံကို မြေပြင်နဲ့ တစ်ပြေးတည်းဖြစ်သွားအောင် ဖြိုချပစ်ဖို့ ဆုံးဖြတ်ထားတယ်... နောက်ထပ် နှစ်နာရီကြာရင် စတင်လုပ်ဆောင်မှာဖြစ်လို့ အဲ့ဒီအချိန်ကျရင် အားလုံး လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်... တာ့တာ..."
ဤတစ်ကြိမ်တွင်လည်း ဆွန်ဖုန်းက သူ မည်သူမည်ဝါဖြစ်ကြောင်းကို မသိနိုင်စေရန် မျက်နှာဖုံးကို တပ်ဆင်ထားဆဲဖြစ်သည်။
ဗီဒီယိုတိုလေးကို ရိုက်ကူးပြီးစီးသွားသောအခါ ဆွန်ဖုန်းက အသံလက်ထောက်ကို အင်တာနက်ချိတ်ဆက်ခိုင်းပြီး ကွန်ရက်ပေါ်သို့ တင်ခိုင်းလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ပို၍ပင် မောက်မာရဲတင်းစွာဖြင့် ရဲစခန်း၏ တရားဝင် ဝက်ဘ်ဆိုက်ပေါ်သို့ပါ တင်ခိုင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ရဲတပ်ဖွဲ့ဝင်များအားလုံး ဤပွက်လောရိုက်သွားစေမည့် သတင်းကြီးကို သိရှိသွားကြတော့သည်။
"ပိုင်ရှင်... အကုန်လုံး ပြီးစီးသွားပါပြီ... နောက်ထပ် နှစ်နာရီကြာရင် ပိုင်ရှင် သွားပြီး ဗုံးထောင်လို့ ရပါပြီ..."
အသံလက်ထောက်က သတင်းပို့လိုက်သည်။
"ကောင်းတယ်... ဒီတစ်ခါ ငါတို့ ကြိုတင်ပြင်ဆင်ထားလို့ တော်သေးတာပေါ့... အရင်တစ်ခေါက် ဂျပန်အမျိုးသားပြတိုက်ကို ဖောက်ခွဲတုန်းကဆို ဗုံးပေါင်း ရာနဲ့ချီပြီး သွားထောင်ခဲ့ရလို့ ငါ အတော်လေး ပင်ပန်းခဲ့တာ... ဒီတစ်ခါတော့ အထူးပြုလုပ်ထားတဲ့ ဗုံးတွေ ပါလာလို့ တော်သေးတယ်... ဒီဂျပန်တော်ဝင်လေလံရုံကို မြေပြင်နဲ့ တစ်ပြေးတည်းဖြစ်သွားအောင် ဖောက်ခွဲဖို့အတွက်ဆိုရင် စူပါ အဆင့်မြင့် တိမ်တိုက်ဖောက်ခွဲရေးဗုံး လေးလုံးလောက် ထောင်လိုက်ရင် ရလောက်ပြီ ထင်တယ်..."
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။ ဤဗုံးများမှာ ပြီးခဲ့သည့်အကြိမ်က အသုံးပြုခဲ့သော အဆင့်မြင့် အချိန်ကိုက်ဗုံးများကို ပိုမိုသိပ်သည်းအောင် ပြုလုပ်ထားသော ဗားရှင်းဖြစ်သည်။ ထို့ကြောင့် ပေါက်ကွဲမှုစွမ်းအားက ယခင်ဗုံးများထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။ ဤသည်က ဆွန်ဖုန်းအတွက် အလုပ်လုပ်ရ ပိုမိုလွယ်ကူသွားစေသည်။
နောက်ထပ် နာရီဝက်ခန့် အကြာတွင် အထူးစစ်ဆင်ရေးအဖွဲ့ကို လုံးဝ အရေးမစိုက်သော ဆွန်ဖုန်း၏ မောက်မာဝင့်ကြွားလှသည့် ဗီဒီယိုဖိုင်လေးသည် ဂျပန်နိုင်ငံ၏ အင်တာနက်ကွန်ရက် တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အင်တာနက်လောက တစ်ခုလုံးကို မုန်တိုင်းတစ်ခုလို မွှေနှောက်သွားတော့သည်။
ဗီဒီယို ဝက်ဘ်ဆိုက်များဖြစ်စေ၊ သတင်း ဝက်ဘ်ဆိုက်များဖြစ်စေ၊ နာမည်ကြီး ဖိုရမ်များတွင်ဖြစ်စေ ဤထိတ်လန့်တုန်လှုပ်ဖွယ် သတင်းကြီးက ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။ ဤသတင်းက လူအများ၏ အာရုံကို ဖမ်းစားနိုင်လွန်းသောကြောင့်ပင် ဖြစ်သည်။
"သောက်ကျိုးနည်း... ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ ပြန်ပေါ်လာပြီဟေ့... ဂျပန်တော်ဝင်လေလံရုံ အဆောက်အအုံကြီးကို မြေပြင်နဲ့ တစ်ပြေးတည်းဖြစ်အောင် ဖြိုချပစ်မယ်လို့ ကြေညာထားတယ်... အို ဘုရားရေ... သူတို့က ဘာလို့ ဒီလောက်တောင် ရဲတင်းမောက်မာနေရတာလဲ... အဲ့ဒီ ရဲတွေကရော ဘာတွေလုပ်နေကြတာလဲ... ဘာတွေများ စားထားကြလို့လဲ... သူများတွေက ငါတို့ ဂျပန်ပြည်သူတွေရဲ့ ခေါင်းပေါ်ကို တက်နင်းနေတာတောင်မှ ဒီခွေးကောင်တွေကို လွတ်မြောက်ခွင့် ပေးထားတုန်းပဲလား... အသုံးမကျတဲ့ကောင်တွေ... အားလုံးက အသုံးမကျတဲ့ အမှိုက်ကောင်တွေချည်းပဲ..."
ထိုမှတ်ချက်ကိုတော့ လိင်မှုကိစ္စကို နှစ်သက်သော ဆုန်းတောင်ကျိန်းဇီ ဆိုသူက ရေးသားထားခြင်းဖြစ်သည်။
"ဒီဗီဒီယိုဖိုင်ကို ကြည့်ပြီးမှပဲ ဘင်လာဒင်တောင် ဒီအဖွဲ့ရဲ့ ခေါင်းဆောင် မစ္စတာ X နဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ဘူးဆိုတာ ငါ သိလိုက်ရတယ်... ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ရဲ့ ဒီမစ္စတာ X က တကယ်ကို ရဲတင်းလွန်းပြီး မောက်မာလွန်းလို့ပဲ... ကိုယ်က အကြမ်းဖက်လုပ်ငန်း လုပ်တော့မယ်ဆိုတာကိုတောင် အပြင်ကို ကြိုတင် ကြေညာထားသေးတယ်... နင်တို့လို အသုံးမကျတဲ့ ရဲပေါက်စတွေ အကုန်လုံး သိသွားတဲ့အချိန်မှ သူက လာလုပ်ပြတာ... ဒါပေမဲ့ အဲ့ဒီရဲတွေကလည်း သူ့ကို လုံးဝ မတားဆီးနိုင်ကြဘူးလေ... ပြီးခဲ့တဲ့တစ်ခေါက် ပြတိုက်ကြီး ပြာကျသွားတာက အကောင်းဆုံး သက်သေပဲ... ငါ တစ်ခုလောက် မေးချင်လို့... ဒီလောက် အဆင့်အတန်းမြင့်တဲ့ အဖွဲ့အစည်းထဲကို ငါ ဝင်လို့ရမလား..."
ဤမှတ်ချက်ကိုတော့ ကွန်ရက်စာမျက်နှာတစ်ခုပေါ်မှ အသုံးမကျသူများထဲက တိုက်လေယာဉ် ဆိုသော အမည်ဝှက်ဖြင့် ရေးသားထားခြင်းဖြစ်သည်။
အင်တာနက်ပေါ်တွင်သာမက ဤဗီဒီယိုဖိုင်က မုန်တိုင်းတစ်ခုသဖွယ် ထပ်မံရိုက်ခတ်သွားပြီး သတင်းဌာနများကလည်း ဤသတင်းကို ရရှိပြီးနောက် အချိန်ပိုဆင်းကာ သတင်းတင်ဆက်မှုများ ပြုလုပ်နေကြသည်။ လက်ရှိအချိန်က ည ၉ နာရီ ရှိနေပြီဖြစ်သည်ကို မမေ့သင့်ပေ။
ဂျပန် ညဉ့်ယံသတင်းဌာနမှ တင်ဆက်နေသည်မှာ -
"ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ ပြန်လည်ပေါ်ထွက်လာပါပြီ... အရင်းရှင် မစ္စတာကွေ့ထျန်ထိုက်လန်ရဲ့ ကုမ္ပဏီဖြစ်တဲ့ ဂျပန်တော်ဝင်လေလံရုံကို မြေပြင်နဲ့ တစ်ပြေးတည်းဖြစ်အောင် ဖြိုချပစ်မယ်လို့ ကြေညာလိုက်ပါတယ်... ဒီဗီဒီယိုဖိုင်က ပြီးခဲ့တဲ့အကြိမ်ကလိုပဲ တကယ် တိုက်ခိုက်မှု လုပ်လာမလား ဒါမှမဟုတ် မစ္စတာကွေ့ထျန်ထိုက်လန်ကို ခြိမ်းခြောက်ရုံ သက်သက်ပဲလား ဆိုတာကိုတော့... ကျွန်တော်တို့ရဲ့ ဆက်စပ်သတင်းတွေကို ဆက်လက်စောင့်ကြည့်ပေးကြပါ... ဒီညတော့ အားလုံးပဲ လေလံရုံ အနီးတစ်ဝိုက်ကို မသွားကြဖို့ အကြံပြုချင်ပါတယ်... အိမ်ကို စောစောပြန်ပြီး အနားယူကြပါ... ညဘက် လမ်းမပေါ် လျှောက်သွားနေမယ့်အစား အိမ်မှာပဲ နေပြီး မိန်းမနဲ့ အတူအိပ်တာက ဂျပန်နိုင်ငံရဲ့ သားသမီး တိုးပွားရေးအတွက် ပိုပြီး အထောက်အကူ ဖြစ်စေမှာပါ..."
ဤထိတ်လန့်ဖွယ် ဗီဒီယိုဖိုင် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တိုကျိုမြို့တစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။ လူတိုင်းက အထူးစစ်ဆင်ရေးအဖွဲ့ဘက်သို့ အာရုံစိုက်လိုက်ကြပြီး ဤတစ်ကြိမ်တွင် ဤအဖွဲ့အစည်းကို နှိမ်နင်းနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်နေကြသည်။ ဤအဖွဲ့အစည်းကို ဆက်လက်၍ မောက်မာခွင့် ပေးထားမည်ဆိုပါက တကယ့်ကို ကမောက်ကမတွေ ဖြစ်ကုန်တော့မည်ဖြစ်သည်။
ဤညတွင် ပြည်သူအများအပြားမှာ ထိတ်လန့်တုန်လှုပ်နေကြသော်လည်း အထူးစစ်ဆင်ရေးအဖွဲ့၏ တပ်ဖွဲ့ဝင်များအားလုံးကတော့ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ နေ့ရက်ရှည်ကြာ ကြိုးစားအားထုတ်မှုများက အလကားမဖြစ်သွားဘဲ ဤအဖွဲ့အစည်း ပြန်လည်ပေါ်ထွက်လာမည့် အချိန်ကို နောက်ဆုံးတော့ စောင့်ဆိုင်းနိုင်ခဲ့ပြီဖြစ်သောကြောင့်ဖြစ်သည်။
အစပိုင်းက သူတို့ပင် လက်လျှော့လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ ဤငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့အနေဖြင့် သေတွင်းထဲသို့ ကိုယ်တိုင် ဝင်လာလောက်အောင် တုံးအလိမ့်မည်မဟုတ်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ သို့သော်လည်း တစ်ဖက်လူက တကယ်ကို ရဲတင်းလွန်းလှသည်။ ထို့အပြင် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ပင် မောက်မာလွန်းလှသည်။ ဤအဖွဲ့အစည်းက မိုးကြိုးကိုမကြောက် မုန်တိုင်းကိုမကြောက်ဟု ချီးကျူးရမည်လား သို့မဟုတ် သူတို့၏ မာနထောင်လွှားမှုများကို လှောင်ပြောင်ရမည်လား ဆိုသည်ကိုပင် မသိတော့ပေ။
အထူးစစ်ဆင်ရေးအဖွဲ့ ဌာနချုပ်။
အစည်းအဝေးခန်းမထဲတွင် ခေါင်းဆောင်အားလုံးက ဆွန်ဖုန်း အင်တာနက်ပေါ် တင်ထားသော ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီးနောက် အစည်းအဝေး စတင်လိုက်ကြသည်။
"အားလုံးပဲ... ဗီဒီယိုဖိုင်ကိုလည်း ကြည့်ပြီးကြလောက်ပြီ... နောက်ထပ် နှစ်နာရီကြာရင် ဒီအဖွဲ့အစည်းက သေချာပေါက် ပေါ်လာလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်... တစ်ဖက်လူက တကယ်ကို ရဲတင်းမောက်မာတယ်ဆိုတာ ကျွန်တော်တို့ မငြင်းနိုင်ဘူး... ဒါပေမဲ့ သူတို့မှာ ဒီလို မောက်မာနိုင်တဲ့ အရည်အချင်းတွေ ရှိနေတာလည်း အမှန်ပဲ... ဘာလို့လဲဆိုတော့ အခုအချိန်အထိ ဒီဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် ဘယ်လိုတင်လိုက်လဲဆိုတာ ကျွန်တော်တို့ ရှာမတွေ့သေးဘူး... ကျွန်တော်တို့ရဲ့ နည်းပညာကျွမ်းကျင်သူတွေက သူတို့ ဘယ်နေရာကနေ လွှင့်တင်လိုက်လဲဆိုတာ လုံးဝ ရှာမရဘူး ဖြစ်နေတယ်... ဆိုလိုတာက တစ်ဖက်လူဆီမှာ အလွန်အဆင့်မြင့်တဲ့ ဟက်ကာတွေ ရှိနေတယ်ဆိုတဲ့ သဘောပဲ...
ဒုတိယအချက်အနေနဲ့ ဒီအဖွဲ့အစည်းက အခုမှ ဒုတိယအကြိမ် ပေါ်လာတာပဲ... ပထမအကြိမ်က ဂျပန်အမျိုးသားပြတိုက် ကိစ္စလေ... ဒုတိယအကြိမ်ကတော့ အခု ဗီဒီယိုဖိုင် ထွက်လာတာပဲ... အရင်တစ်ခေါက်က ကိစ္စကိုလည်း အားလုံး သိကြမှာပါ... တစ်ဖက်လူက ဘာအကြောင်းပြချက်မှ မရှိဘဲ ဗီဒီယိုဖိုင် တစ်ခု တင်ခဲ့တယ်... အဲ့ဒီတုန်းက ကျွန်တော်တို့ အထူးစစ်ဆင်ရေးအဖွဲ့ကလည်း အရမ်းကို အလေးအနက်ထားပြီး အစောင့်အကြပ် ရာပေါင်းများစွာကို စေလွှတ်ခဲ့တယ်... ဒါပေမဲ့ ရလဒ်ကတော့ သူတို့ လုပ်ချင်တာကို အောင်မြင်အောင် လုပ်သွားနိုင်ခဲ့တာပဲ... သူတို့ ဗီဒီယိုဖိုင်ထဲမှာ ပြောခဲ့တဲ့အတိုင်း ပြတိုက်ထဲက ရှေးဟောင်းပစ္စည်း ကိုးသောင်းကျော်ကို အကုန်လုံး ဖျက်ဆီးပစ်ခဲ့တယ်...
တတိယအချက်ကတော့ ဒီတစ်ကြိမ်မှာ တစ်ဖက်လူက တကယ်လုပ်လုပ် ဟန်ဆောင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီအဖွဲ့အစည်းကို သေချာပေါက် တားဆီးရမယ်... ပြီးတော့ သူတို့ကို ဖမ်းဆီးရမယ်..."
ဖျင်ချွမ်ကျီထျန်က အောက်ခြေရှိ ခေါင်းဆောင်များကို ပြောလိုက်သည်။
ပြီးခဲ့သည့်အကြိမ်က ဤအဖွဲ့အစည်းက သူတို့၏ အထူးစစ်ဆင်ရေးအဖွဲ့ကို လက်ခုပ်ထဲထည့်ကာ ကစားသွားခဲ့ပြီး အဖွဲ့တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်ကို သူ သိထားသည်။ ဤတစ်ကြိမ်တွင်တော့ ဤအဖွဲ့အစည်းကို သေချာပေါက် ချေမှုန်းနိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။
"အမိန့်အတိုင်းပါ..."
လူအားလုံးက တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ပြိုင်တူ ဖြေကြားလိုက်ကြသည်။
"စစ်ဆင်ရေး စတင်မယ်... အစီအစဉ်အတိုင်း လှုပ်ရှားကြ..."
"အမိန့်အတိုင်းပါ..."
မကြာမီမှာပင် အထူးစစ်ဆင်ရေးအဖွဲ့က စတင်လှုပ်ရှားကြတော့သည်။ ဤတစ်ကြိမ်တွင်တော့ သူတို့က ပိုက်ကွန်ကြီးတစ်ခု ဖြန့်ကြက်ထားပြီး ဤအဖွဲ့အစည်းကို တစ်ကြိမ်တည်းနှင့် အမြစ်ပြတ် ချေမှုန်းရန် ရည်ရွယ်ထားသည်။
ချက်ချင်းဆိုသလိုပင် လူအင်အား သောင်းနှင့်ချီ၍ စတင်လှုပ်ရှားလာကြသည်။ ဤတစ်ကြိမ်တွင်တော့ သူတို့က အလွန်ကို ပြည့်စုံစွာ ပြင်ဆင်ထားခဲ့သည်။ ထို့အပြင် တစ်လကျော်ကြာအောင် အသေးစိတ် ရေးဆွဲထားခဲ့သော စီမံကိန်းလည်း ဖြစ်ပေသည်။