← Chapters

အခန်း ၃၃၅

Vol. 34 Ch. 335

အခန်း ၃၃၅

Vol. 34 Ch. 335

အခန်း (၃၃၅) - ငါ့ကိုဖမ်းဖို့ ပိုက်ကွန်ကြီး ဖြန့်ထားတာပဲ

တိုကျိုမြို့ရှိ တိုက်ခန်းတစ်ခုအတွင်းတွင်

ကွေ့ထျန်ထိုက်လန်တစ်ယောက် သတင်းဌာနများနှင့် အင်တာနက်ကွန်ရက်ပေါ်မှတစ်ဆင့် ဆွန်ဖုန်း တင်ထားသော ဗီဒီယိုဖိုင်ကို ကြည့်လိုက်ရသောအခါ အလန့်တကြားဖြစ်ကာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်သွားရသည်။

ဤအဖွဲ့အစည်းက သူ့ကို တိတ်တဆိတ် လာရောက်ဒုက္ခပေးလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ဗီဒီယိုဖိုင်ထဲတွင် တစ်ဖက်လူက လုံးဝကို ဗြောင်ကျကျ လာရောက်ဒုက္ခပေးမည်ဟု ကြေညာထားသည်။

ကံကောင်းစွာဖြင့် ယခု သူက ရဲတပ်ဖွဲ့၏ အစောင့်အရှောက်အောက်တွင် ရှိနေပြီး ဤမျှလောက် ကျယ်ဝန်းလှသော တိုကျိုမြို့ကြီးထဲတွင် တစ်ဖက်လူအနေဖြင့် သူ၏ ပုန်းအောင်းရာနေရာကို သေချာပေါက် ရှာတွေ့နိုင်မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။

သို့သော်လည်း ဗီဒီယိုဖိုင်ထဲတွင် မစ္စတာ X ဆိုသည့် ဤအဖွဲ့အစည်း၏ ခေါင်းဆောင်က သူ၏ တော်ဝင်လေလံရုံ အဆောက်အအုံကြီးကို ဖောက်ခွဲပစ်မည်ဟု ပြောထားသည်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်ပူပန်ကာ ထိတ်လန့်သွားရတော့သည်။

ဤမစ္စတာ X ၏ စကားများက အခြားသူများအမြင်တွင် ခြိမ်းခြောက်စကား သက်သက်သာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤအဖွဲ့အစည်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး ပြောသည့်အတိုင်း တကယ်လုပ်တတ်ကြောင်းကို သူ ကောင်းကောင်း သိထားသည်။ မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့်အကြိမ်က ဂျပန်အမျိုးသားပြတိုက်ကြီးကို ပြာကျသွားသည်အထိ ဖောက်ခွဲပစ်ခဲ့သည် မဟုတ်ပါလား။ ထို့အပြင် ထိုအသုံးမကျသော ရဲများကလည်း ယခုအချိန်အထိ သူတို့ကို မဖမ်းနိုင်သေးပေ။ ထိုမျှလောက် အစွမ်းထက်နေသည်ကို ပြောနေစရာပင် မလိုတော့ပေ။

'ငါ့ရဲ့ အဆောက်အအုံကြီးကို အထူးစစ်ဆင်ရေးအဖွဲ့က လူတွေ သေချာ ကာကွယ်ပေးနိုင်ဖို့ပဲ မျှော်လင့်ရတော့တာပဲ... ဒါက ငါတို့မိသားစု မျိုးဆက်သုံးဆက်ရဲ့ သွေးချွေးတွေနဲ့ တည်ဆောက်ထားတာ... တကယ်လို့ ဒီအဆောက်အအုံကြီးပါ ထပ်ပြီး အဖျက်ဆီးခံလိုက်ရမယ်ဆိုရင်တော့ ငါ တကယ်ကို လုံးပါးပါးသွားပြီ...'

ကွေ့ထျန်ထိုက်လန်က သက်ပြင်းချလိုက်သည်။ သူ၏ ကုမ္ပဏီ ဒေဝါလီခံရတော့မည်ဆိုသော်လည်း ဤအဆောက်အအုံကြီးကို ရောင်းချလိုက်ပါက ငွေအများအပြား ရရှိနိုင်ပြီး အကြွေးအများစုကို ဆပ်နိုင်မည်ဖြစ်သည်။ အကယ်၍ ဤအဆောက်အအုံကြီးကိုသာ မစ္စတာ X ဆိုသူက ဖောက်ခွဲပစ်လိုက်မည်ဆိုပါက သူက အိမ်ပြန်ပြီး လယ်သွားစိုက်ဖို့ နေနေသာသာ ထောင်ထဲမှာပင် တစ်သက်လုံး နေသွားရတော့မည့် အခြေအနေ ဖြစ်သွားပေလိမ့်မည်။

မြို့လယ်ခေါင်ရှိ ဂျပန်တော်ဝင်လေလံရုံ အဆောက်အအုံ အနီးတစ်ဝိုက်တွင် အားလုံးကို တားမြစ်မျဉ်းများဖြင့် ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာနှင့် အမျိုးမျိုးသော တာဝန်ရှိသူများက လျှို့ဝှက်ကင်း အထင်အရှားကင်း အစရှိသည်တို့ကို ချထားကြသည်။ အဆင့်မြင့် လုံခြုံရေးနှင့် စောင့်ကြည့်ကင်မရာ ပစ္စည်းကိရိယာများကိုလည်း ယူဆောင်လာခဲ့ကြသည်။ ထိုနည်းပညာရှင်များ၏ အဆိုအရဆိုလျှင် ခြင်တစ်ကောင် အဆောက်အအုံထဲသို့ ဝင်လာလျှင်တောင်မှ သူတို့၏ စက်ကိရိယာများက သိရှိနိုင်စွမ်းရှိသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် တိုကျိုမြို့ကြီး တစ်ခုလုံးတွင် ရဲတပ်ဖွဲ့ဝင် သောင်းနှင့်ချီ၍ ရှိနေပြီး ယာဉ်ထိန်းရဲများ အရပ်ဝတ်ရဲများ စသည်တို့က တိုကျိုမြို့၏ အဓိက လမ်းဆုံလမ်းခွများ ဂိတ်များ လေဆိပ်များနှင့် အရေးကြီးသော လူထုနေရာများကို ကင်းလှည့်ခြင်း စစ်ဆေးခြင်း ရှာဖွေခြင်းများ ပြုလုပ်နေကြသည်။ ချက်ချင်းဆိုသလိုပင် တိုကျိုမြို့၏ ကောင်းကင်ယံတွင် တင်းမာမှုများ ပြည့်နှက်သွားတော့သည်။

အမိန့်ပေးကားပေါ်တွင် ဖျင်ချွမ်ကျီထျန်က အဖွဲ့အသီးသီး၏ နောက်ဆုံးရ အစီရင်ခံစာများကို နားထောင်နေသည်။

ပထမဆုံးအနေဖြင့် အရေးကြီးသော ယာဉ်သွားယာဉ်လာ ဂိတ်များ ကားဂိတ်များ အပြည်ပြည်ဆိုင်ရာ လေဆိပ် အမြန်လမ်း အဝင်အထွက် ဂိတ်များ စသည်တို့တွင် အင်အားအများအပြားဖြင့် စစ်ဆေးရေးဂိတ်များ ချထားပြီး မသင်္ကာဖွယ် လူများကို တွေ့ရှိပါက ချက်ချင်း ဖမ်းဆီးစစ်ဆေးမည်ဖြစ်သည်။

ထို့အပြင် အရေးကြီးသော လူထုနေရာများတွင်လည်း အရပ်ဝတ်ရဲများနှင့် ကင်းလှည့်ရဲများကို အများအပြား စေလွှတ်ထားသည်။ တစ်ခုခု ဖြစ်ပွားလာပါက အမြန်ဆုံး အကူအညီပေးနိုင်ပြီး ဖြေရှင်းနိုင်ရန် ဖြစ်သည်။

ဤပြင်ပ အကူအညီပေးရေး အဖွဲ့များအပြင် အထူးတပ်ဖွဲ့ဝင် တစ်ရင်းလုံးက အချိန်မရွေး လှုပ်ရှားရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြပြီး အထူးရဲတပ်ဖွဲ့ လေးဖွဲ့ကလည်း အသင့်အနေအထားဖြင့် ရှိနေကြသည်။

ထိုအရာများအပြင် အထူးစစ်ဆင်ရေးအဖွဲ့က သူတို့၏ လျှို့ဝှက်အေးဂျင့် တစ်ရာကျော်ကို ဂျပန်တော်ဝင်လေလံရုံ အနီးတစ်ဝိုက်တွင် ဖြန့်ကြက်ထားပြီးဖြစ်သည်။ စနိုက်ပါ အယောက်ငါးဆယ်ကလည်း ဂျပန်တော်ဝင်လေလံရုံ အဆောက်အအုံကို တင်းကျပ်စွာ စောင့်ကြည့်နေကြသည်။ ရန်သူအရိပ်အယောင် တွေ့သည်နှင့်တစ်ပြိုင်နက် ဘာမှမေးစရာမလိုဘဲ ချက်ချင်း သတင်းပို့ပြီး ပစ်သတ်မည်ဖြစ်သည်။

ဤပြင်ပ ကြိုတင်ပြင်ဆင်မှုများအပြင် ဂျပန်တော်ဝင်လေလံရုံကလည်း အတွင်းပိုင်းနှင့် ပြင်ပတွင် စောင့်ကြပ်ရန် ထိပ်တန်းလုံခြုံရေးဝန်ထမ်း ရာပေါင်းများစွာကို စေလွှတ်ထားသည်။

ဤမျှလောက် အစောင့်အကြပ်များ ထူထပ်စွာ ချထားသည်ကိုတောင်မှ တစ်ဖက်လူက အဆောက်အအုံကို ဖောက်ခွဲနိုင်ဦးမည်ဆိုလျှင် သူတို့အားလုံး အစုလိုက်အပြုံလိုက် ဗိုက်ခွဲသတ်သေကြသည်ကသာ ပိုကောင်းပေလိမ့်မည်။ သူတို့ လုံးဝ မယုံကြည်ကြပေ။

"ဒီရက်ပိုင်းအတွင်း ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ဒီငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ရဲ့ ပြီးခဲ့တဲ့ စစ်ဆင်ရေး နှစ်ခုစလုံးမှာ သူတို့ အသုံးပြုခဲ့တဲ့ လူအင်အားက သိပ်မများဘူး... သူတို့က ထိပ်တန်း အဆင့်တွေချည်းပဲ... ပထမအချက်က သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တန်ပြန်ထောက်လှမ်းရေးစွမ်းရည်နဲ့ ထွက်ပြေးလွတ်မြောက်နိုင်တဲ့ စွမ်းရည်တွေက အရမ်းကို ထူးချွန်ကြတယ်... အထူးတပ်ဖွဲ့ဝင်တွေထက်တောင် ပိုပြီး အထူးတပ်ဖွဲ့ဝင် ပီသကြတယ်... ဒုတိယအချက်က သူတို့မှာ အဆင့်မြင့် ဗုံးတွေ ရှိနေတယ်... ပြီးတော့ သူတို့က သူတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ဗုံးတွေကိုပဲ အမြဲတမ်း အသုံးပြုကြတယ်... ဒီတစ်ခေါက်လည်း အဲ့ဒီလိုပဲ လုပ်မယ်လို့ ကျွန်တော် ခန့်မှန်းရတယ်... မဟုတ်ရင် လေလံရုံ အဆောက်အအုံကြီးကို ဘယ်လိုလုပ် ဖြိုချနိုင်မှာလဲ..."

ဖျင်ချွမ်ကျီထျန်က အမိန့်ပေးကားပေါ်တွင် ထိုင်ကာ သူ၏ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် လက်ထောက်များကို ပြောလိုက်သည်။

"ခေါင်းဆောင်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က ယုတ္တိရှိပါတယ်... နာရီဝက်လောက်က ဗုံးရှင်းလင်းရေးအဖွဲ့ ငါးဖွဲ့နဲ့ အဖွဲ့ငယ် နှစ်ဆယ်ကို အဆောက်အအုံထဲ ဝင်ပြီး စစ်ဆေးခိုင်းထားပါတယ်... သူတို့ရဲ့ အစီရင်ခံစာတွေအရ အခုအချိန်အထိ အထဲမှာ ဘာဗုံးမှ ရှာမတွေ့သေးပါဘူး..."

ဒုတိယအဖွဲ့ခေါင်းဆောင် ကျွီစီလန် က ပြောလိုက်သည်။

"ပြီးခဲ့တဲ့ ပြတိုက်ကိစ္စမှာ ဒီအချိန်အထိ ကျွန်တော်တို့ နားမလည်နိုင်တာ တစ်ခုရှိတယ်... တစ်ဖက်လူက ကျွန်တော်တို့ရဲ့ မျက်စိအောက်မှာပဲ ဗုံးပေါင်း ရာနဲ့ချီပြီး ဘယ်လိုလုပ် တပ်ဆင်သွားနိုင်ခဲ့တာလဲ ဆိုတာကိုပဲ... ဒါမှမဟုတ် သူတို့က ဗီဒီယိုဖိုင် မတင်ခင်ကတည်းက ကြိုပြီး တပ်ဆင်ထားခဲ့တာများလား..."

လက်ထောက်ဖြစ်သူ ယွမ်ထျန်ကျဲ့လျန် က မေးလိုက်သည်။

"ပြီးခဲ့တဲ့ကိစ္စကို အခုချိန်ထိ ကျွန်တော်တို့ ဘာသဲလွန်စမှ မရသေးဘူး... အဲ့ဒီတုန်းက စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေရယ် ဧည့်သည်တွေ အဝင်အထွက်ကို စုံစမ်းစစ်ဆေးချက်တွေရယ် အရဆိုရင်တော့ သူတို့ ကြိုတင် တပ်ဆင်ထားတာ မဖြစ်နိုင်ဘူး... ဘာလို့လဲဆိုတော့ အဲ့ဒီလောက်များတဲ့ ပစ္စည်းတွေကို ဘယ်သူကများ အထဲကို သယ်သွားလဲဆိုတာ လုံးဝ ရှာမတွေ့ခဲ့လို့ပဲ... ဗုံးပေါင်း ရာနဲ့ချီရှိတာ... သေချာပေါက် တစ်နည်းနည်းနဲ့ သယ်သွားရမှာပဲလေ..."

"ကောင်းပြီ... ဒီကိစ္စကို ခဏထားလိုက်ပါအုံး... ခဏနေရင် ဒီ မစ္စတာ X ဆိုတဲ့လူက ကျွန်တော်တို့နဲ့ ဘယ်လို ဉာဏ်ပြိုင်မလဲ ဆိုတာကိုပဲ အရင် စဉ်းစားကြတာပေါ့... ပြီးခဲ့တဲ့တစ်ခေါက်က သူတို့က ကျွန်တော်တို့ အထူးစစ်ဆင်ရေးအဖွဲ့ကို အကြီးအကျယ် ကစားသွားခဲ့တာနော်..."

ဖျင်ချွမ်ကျီထျန်၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် လူသတ်ချင်သော အရိပ်အယောင်များ ပေါ်လာသည်။

"ခေါင်းဆောင်... အခု ကျွန်တော်တို့ လုပ်ရမယ့်အရာ အားလုံးကို လုပ်ပြီးပါပြီ... သူတို့ လှုပ်ရှားလာမယ့် အချိန်ကို စောင့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး... တကယ်လို့ တစ်ဖက်လူက ဘာမှမလုပ်ဘူးဆိုရင်လည်း ကျွန်တော်တို့ သူတို့ကို ဘာမှလုပ်လို့ မရနိုင်ဘူး... တစ်ဖက်လူရဲ့ နည်းလမ်းတွေက တော်တော်လေး အစွမ်းထက်ပုံရတယ်... သူတို့ ဂျပန်နိုင်ငံထဲကို ဘယ်လို ခိုးဝင်လာလဲဆိုတာကိုတောင် ကျွန်တော်တို့ ရှာမတွေ့သေးဘူးလေ..."

ဒုတိယအဖွဲ့ခေါင်းဆောင် ကျွီစီလန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ဟုတ်တယ်... စဉ်းစားကြည့်ရုံနဲ့တင် ခေါင်းကိုက်တယ်..."

ဤလူများက ဆွန်ဖုန်းအတွက် ခေါင်းကိုက်နေကြချိန်တွင် ဆွန်ဖုန်းကတော့ ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်ကာ ကော်ဖီကို အေးအေးဆေးဆေး သောက်ရင်း လက်ကိုင်ဖုန်းကို ကစားနေသည်။ သူ၏ လှုပ်ရှားမှု စတင်ရန် တစ်နာရီခွဲခန့် အချိန်ကျန်သေးသဖြင့် အရင်ဆုံး ကော်ဖီသောက်ရင်း ကော်ဖီဆိုင်ထဲမှ မိန်းကလေးများကို မြူဆွယ်ရန် အကြံရလိုက်ခြင်းဖြစ်သည်။

တစ်နာရီခွဲခန့် အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဆွန်ဖုန်းက ငွေရှင်းပြီးနောက် ကော်ဖီဆိုင်ထဲမှ ထွက်လာကာ ဂျပန်တော်ဝင်လေလံရုံဘက်သို့ ဦးတည်လျှောက်သွားလိုက်သည်။

မကြာမီမှာပင် ဆွန်ဖုန်းက လူပြတ်သော အမှောင်လမ်းကြားလေးတစ်ခုကို ရှာတွေ့သွားသည်။ အသံလက်ထောက်က သူ့ကို မည်သူမှ မမြင်နိုင်ကြောင်း သတင်းပို့ပြီးနောက် ဆွန်ဖုန်းက သိုလှောင်မှုနယ်ပယ်ထဲမှ ရေငုပ်ဝတ်စုံကို အမြန်ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

"ကာကွယ်ရေး အကာအကွယ်ကို ဖွင့်လိုက်..."

ရေငုပ်ဝတ်စုံကို ဝတ်ဆင်ပြီးနောက် အနီရောင် Iron Man ဝတ်စုံရှင်တစ်ဦးက လမ်းကြားထဲတွင် ပေါ်လာသည်။ မကြာမီမှာပင် ကာကွယ်ရေး အကာအကွယ်ပွင့်လာပြီး ရေငုပ်ဝတ်စုံကို လုံးဝ ဖုံးအုပ်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် ရေငုပ်ဝတ်စုံက လမ်းကြားထဲမှ ပျောက်ကွယ်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ကိုယ်ပျောက်သွားပြီ ဖြစ်သောကြောင့်ဖြစ်သည်။

"သွားမယ် သွားမယ် သွားမယ်... ဖျက်ဆီးရေး စစ်ဆင်ရေး ပြန်စပြီကွ... ဟားဟားဟား..."

လက်ရှိ ဆွန်ဖုန်း၏ အခြေအနေအရ အခြားသူများ၏ နည်းလမ်းများကို လုံးဝ ဂရုစိုက်စရာ မလိုတော့ပေ။ လေလံရုံ အဆောက်အအုံဆီသို့ ရင်ကော့ကာ လျှောက်သွားနိုင်သည်။

XX ဌာနများက သူ့ကို ဘယ်လိုနှိမ်နင်းဖို့ ကြိုးစားနေလဲဆိုတာကို သိစရာမလိုသလို ထောင်ချောက်တွေ ရှိမရှိကိုလည်း ဂရုစိုက်စရာ မလိုတော့ပေ။ ထောက်လှမ်းရှာဖွေရေး စနစ်အောက်တွင် မည်သည့် လျှို့ဝှက်ထောင်ချောက်မှ အသုံးမဝင်တော့ပေ။

ဆွန်ဖုန်း ဂျပန်တော်ဝင်လေလံရုံ တည်ရှိရာ လမ်းမပေါ်သို့ ရောက်ရှိသွားသည်နှင့် သူ၏ ထောက်လှမ်းရှာဖွေရေး စနစ်၏ သတင်းပို့ချက်အရ သူ့ကို ဖမ်းဆီးရန် စောင့်ဆိုင်းနေသော လူအုပ်ကြီးကို သူ ချက်ချင်း သတိထားမိလိုက်သည်။

"ပိုင်ရှင်ကို သတင်းပို့ပါတယ်... ဂျပန်တော်ဝင်လေလံရုံ အဆောက်အအုံ အတွင်းမှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်ရာကျော် ကင်းလှည့်နေတာကို တွေ့ရှိရပါတယ်... အဆောက်အအုံ အပြင်ဘက်မှာလည်း လူလေးရာကျော် ချုံခိုစောင့်ဆိုင်းနေပါတယ်... အဆောက်အအုံ ပတ်ပတ်လည်က မြင့်မားတဲ့ နေရာတွေမှာ စနိုက်ပါ အယောက်လေးဆယ်လောက်က အဆောက်အအုံကို ချိန်ရွယ်ထားပါတယ်... တစ်ယောက်ယောက် အနားကပ်လာရင် သူတို့ရဲ့ မျက်စိအောက်ကနေ လွတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ဒါတွေအပြင် မီတာငါးထောင်လောက် အကွာအဝေးမှာ လက်နက်ကိုင် တပ်ရင်းတစ်ရင်း စုဝေးနေတာကို တွေ့ရှိရပါတယ်..."

အသံလက်ထောက်၏ သတင်းပို့ချက်ကို ကြားလိုက်ရသောအခါ ဆွန်ဖုန်း ရယ်မောလိုက်သည်။

တကယ်ကို ရယ်မောလိုက်မိခြင်းဖြစ်သည်။ တစ်ဖက်လူများက သူ့ကို တိုက်ခိုက်ရန် ဤမျှလောက် အင်အားအလုံးအရင်းဖြင့် ပြင်ဆင်ထားသည်ကို မြင်ရသည်မှာ သူ အနှစ်သက်ဆုံး အရာပင်ဖြစ်သည်။ သို့မှသာ သူက သူတို့ကို ကောင်းကောင်းကြီး ကစားပေးနိုင်မည် မဟုတ်ပါလား။

"လမ်းပေါ်က ကင်းလှည့်ရဲတွေ ပိုများလာတာ အံ့ဩစရာ မဟုတ်ဘူးပဲ... သူတို့အားလုံးက ငါ့ကို ဖမ်းဖို့ လုပ်နေကြတာကိုး... တကယ်ကို အံ့ဩစရာပဲ..."

ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။

"ပိုင်ရှင်ရေ... ဒါက ဆန်းသလားလို့... ပြီးခဲ့တဲ့တစ်ခေါက်က ပြတိုက်ထဲက ရှေးဟောင်းပစ္စည်း ကိုးသောင်းကျော်ကို ဖျက်ဆီးပစ်ခဲ့တာလေ... သူတို့ ပိုင်ရှင်ကို အလေးမထားဘဲ နေပါ့မလား... ပိုင်ရှင်ရဲ့ အရေပြားကိုခွာပြီး အကြောတွေကိုတောင် ဆွဲထုတ်ပစ်ချင်နေလောက်ပြီ..."

အသံလက်ထောက်က ပြောလိုက်သည်။

"ဟားဟား... မင်းပြောတာလည်း ဟုတ်တာပဲ... ငါက နည်းနည်းလေး များသွားသလားလို့..."

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်မောကာ ပြောလိုက်သည်။

"မများပါဘူး... ဒီလို ဂျပန်တွေကို ပြင်းပြင်းထန်ထန် သင်ခန်းစာပေးမှပဲ လိမ်လိမ်မာမာ နေကြမှာလေ... မဟုတ်ရင် သူတို့က အမြဲတမ်း ရိုင်းစိုင်းနေကြတာပဲ... ဒါက မကောင်းဘူးလေ..."

"မင်းပြောတာ မှန်တယ်..."

ဆွန်ဖုန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။

ရေငုပ်ဝတ်စုံနှင့် ကာကွယ်ရေး အကာအကွယ်၏ အကူအညီဖြင့် ဆွန်ဖုန်းမှာ ကိုယ်ပျောက်လူသားတစ်ဦးကဲ့သို့ တော်ဝင်လေလံရုံ၏ အပြင်ဘက် လမ်းမပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

လက်ရှိအချိန်တွင် လမ်းမတစ်ခုလုံးတွင် လူတစ်ယောက်မျှ မရှိတော့ပေ။ အားလုံးက အထူးစစ်ဆင်ရေးအဖွဲ့မှ လျှို့ဝှက်တပ်ဖွဲ့ဝင်များသာ ဖြစ်ကြသည်။ ဤအချိန်တွင် သူတို့အားလုံးက ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေကြပြီး ဆွန်ဖုန်း ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း ဆွန်ဖုန်း ပေါ်လာသည်ကို သူတို့ မမြင်နိုင်ကြပေ။

ဤငတုံးများက ငြိမ်းချမ်းရေးမြတ်နိုးသူများ အဖွဲ့ကို လူအများအပြား ပါဝင်သော အဖွဲ့အစည်းတစ်ခုဟု ထင်မှတ်နေကြဆဲဖြစ်သည်။ အမှန်တကယ်တော့ သူတို့ မသိကြသည်မှာ ဤအဖွဲ့အစည်းတွင် ဆွန်ဖုန်း တစ်ယောက်တည်းသာ ရှိသည်ဆိုသည့် အချက်ပင်ဖြစ်သည်။

အမိန့်ပေးကားပေါ်တွင် အချိန်တွေ တဖြည်းဖြည်း ကုန်လွန်သွားပြီး ည ဆယ့်တစ်နာရီကျော်သွားခဲ့ပြီဖြစ်သည်။

ဗီဒီယိုဖိုင်ထဲတွင် ပြောထားသော အချိန်ထက် နာရီဝက်ခန့် ကျော်လွန်သွားပြီဖြစ်သည်။ ယခုအချိန်တွင် လူတိုင်းက အလွန် စိုးရိမ်ပူပန်နေကြပြီး အသံတစ်ခုခု ကြားရမည်ကိုပင် စိုးရိမ်နေကြသဖြင့် ကိုယ့်နေရာကိုယ် အခိုင်အမာ စောင့်ကြပ်နေကြသည်။ ပြီးခဲ့သည့်အကြိမ်ကလည်း နာရီဝက်ခန့် အချိန်လွန်ပြီးမှသာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည်ကို သူတို့ ကောင်းကောင်း သိထားကြသည်။

"အခုထိ ဘာမှ မထူးခြားသေးဘူးလား... ဂိတ်တွေ အားလုံးရယ် တိုကျိုမြို့တွင်းမှာရယ် ဘာထူးခြားမှုမှ မရှိဘူးလား..."

ဖျင်ချွမ်ကျီထျန်က သူ၏ လက်အောက်ငယ်သားများကို မေးလိုက်သည်။

"ခေါင်းဆောင်ကို အစီရင်ခံပါတယ်... အခုအချိန်အထိ ဘာထူးခြားမှုမှ မရှိသေးပါဘူး... မျက်နှာချင်းဆိုင်က လေလံရုံ အဆောက်အအုံကလည်း ငြိမ်သက်နေပြီး ဘယ်သူမှ ခိုးဝင်တာမျိုး မတွေ့ရပါဘူး... ရေဒါနဲ့ တခြား လုံခြုံရေး အာရုံခံကိရိယာတွေမှာလည်း ဘာမှ ထူးခြားမှု မရှိပါဘူး..."

လက်အောက်ငယ်သားတစ်ဦးက သတင်းပို့လိုက်သည်။

"သြော်... ဒီမစ္စတာ X နဲ့ သူ့အဖွဲ့က မလာရဲတော့တာများလား..."

ဖျင်ချွမ်ကျီထျန်က မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် စတင်တွေးတောနေမိသည်။

တစ်ဖက်လူက သူတို့ ဤမျှလောက် ကြီးမားသော ပိုက်ကွန်ကြီး ဖြန့်ကြက်ထားသည်ကို မြင်တွေ့သွားပြီး မပေါ်လာရဲတော့ခြင်းများလား။ သို့သော်လည်း ပိုက်ကွန်ကြီး မဖြန့်ကြက်ထားပါက တစ်ဖက်လူကို ဖမ်းမိနိုင်မည် မဟုတ်ပေ။ တစ်ဖက်လူက မြေအောက်ထဲတွင် ပုန်းအောင်းနေသော ငါးရှဉ့်တစ်ကောင်ကဲ့သို့ သူတို့ကို မမြင်ရအောင် မထိတွေ့နိုင်အောင် မဖမ်းမိနိုင်အောင် ပြုလုပ်ထားသည်။ တကယ့်ကို အလွန် စိတ်ပျက်စရာကောင်းလှသည်။

"ခေါင်းဆောင်... တကယ်လို့ ဒီအဖွဲ့က ကျွန်တော်တို့ကို ကစားနေတာဆိုရင် ဘယ်လိုလုပ်မလဲ... ကျွန်တော်တို့က ဒီမှာ နေ့တိုင်း လူအင်အားတွေချထားပြီး စောင့်နေရမှာလား..."

လက်အောက်ငယ်သားတစ်ဦးက မေးလိုက်သည်။

"တကယ်လို့ လူမချထားရင်လည်း မရဘူးလေ... သူတို့ရဲ့ ဗီဒီယိုဖိုင်က ထွက်လာပြီးပြီ... အခုဆိုရင် ပြည်သူတွေ အားလုံးကလည်း ဒီကိစ္စကို သိနေကြပြီ... ပြီးတော့ အထက်ကလည်း ဒီအဖွဲ့ကို ချေမှုန်းဖို့ အမိန့်ပေးထားတယ်... တကယ်လို့ ကျွန်တော်တို့ မရှိတဲ့အချိန်မှာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ အထူးစစ်ဆင်ရေးအဖွဲ့က လူတွေ တစ်ယောက်မှ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး..."

ဒုတိယအဖွဲ့ခေါင်းဆောင် ကျွီစီလန် က လေးနက်စွာ ပြောလိုက်သည်။

"ဒုတိယအဖွဲ့ခေါင်းဆောင် ပြောတာ မှန်တယ်... တစ်ဖက်လူ ပေါ်လာလာ မပေါ်လာလာ ကျွန်တော်တို့ သုံးရက်လောက်တော့ ဆက်ပြီး စောင့်ကြည့်ရမယ်... ပြီးရင် တိုကျိုမြို့တစ်ခုလုံးကို အင်အားအပြည့်သုံးပြီး အကြီးအကျယ် ရှာဖွေစစ်ဆေးမှု လုပ်မယ်... အဲ့ဒီအချိန်ကျမှ ဘာထူးခြားမှုမှ မတွေ့ရဘူးဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းမယ်..."

ဖျင်ချွမ်ကျီထျန်က ခဏတာ စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

ယခုအချိန်တွင် သူတို့ အထူးစစ်ဆင်ရေးအဖွဲ့မှာ အလွန် အကျပ်ရိုက်နေသည်။ မိမိတို့က အလင်းထဲတွင် ရှိနေပြီး တစ်ဖက်လူက အမှောင်ထဲတွင် ရှိနေသည်။ သူတို့က အမြဲတမ်း အကူအညီမဲ့နေသော အခြေအနေမျိုးတွင် ရှိနေသဖြင့် တကယ့်ကို စိတ်ညစ်စရာ ကောင်းလှသည်။

ယခုအချိန်တွင် ဖျင်ချွမ်ကျီထျန်က ထိုနည်းပညာဌာနမှ လူများကို အလွန် ဆဲဆိုချင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဗီဒီယိုဖိုင် နှစ်ခု ထွက်ပေါ်လာခဲ့သော်လည်း ထိုသောက်ကျိုးနည်း နည်းပညာရှင်များက တစ်ဖက်လူ မည်သို့ လွှင့်တင်ခဲ့သည်ကို မရှာဖွေနိုင်ခဲ့သောကြောင့်ဖြစ်သည်။ အကယ်၍ ဖောက်ထွင်းပြီး စုံစမ်းနိုင်ခဲ့မည်ဆိုပါက ဤမျှလောက် အချိန်ကုန်ခံစရာ မလိုတော့ဘဲ ချက်ချင်း သွားရောက်ဖမ်းဆီးနိုင်မည် မဟုတ်ပါလား။

"ဒီည ဘာမှ မဖြစ်ဘဲတော့ နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ခံစားနေရတယ်..."

ဖျင်ချွမ်ကျီထျန်၏ မျက်ခုံးများ တဆတ်ဆတ် ခုန်နေပြီး စိတ်ထဲတွင် လေးလံမှုတစ်ခု ဖြစ်ပေါ်လာသည်။

ဤလူများက တိုကျိုမြို့တစ်ခုလုံး၏ အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေချိန်တွင် ဆွန်ဖုန်းကတော့ ဂျပန်တော်ဝင်လေလံရုံ အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

ဤနေရာသို့ ဒုတိယအကြိမ် ရောက်လာခြင်းဖြစ်သဖြင့် ဆွန်ဖုန်းက လမ်းကြောင်းများကို အလွန် ကျွမ်းကျင်နေပြီဖြစ်သည်။ အသံလက်ထောက်၏ အကူအညီဖြင့် ရေငုပ်ဝတ်စုံ၏ မှန်ပြင်မှတစ်ဆင့် အဆောက်အအုံအတွင်းရှိ အခြေအနေများကို ဆွန်ဖုန်းက ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ယခုအချိန်တွင် အဆောက်အအုံအတွင်း၌ လူတစ်ရာကျော်ခန့် ကင်းလှည့်စောင့်ကြပ်နေကြပြီး အထပ်တိုင်းတွင် လူရှိနေသည်။ ဤနေရာရှိ လုံခြုံရေး ကိရိယာအားလုံးကိုလည်း ဖွင့်ထားသည်။ ထို့အပြင် မှန်ပြင်မှတစ်ဆင့် မြင်ရသလောက်ဆိုလျှင် ဤကိရိယာများမှာ သူ ပထမအကြိမ် လာခဲ့စဉ်ကထက် ထက်ဝက်ခန့် ပိုများလာခဲ့သည်။ ဤကိရိယာများကို ထိုဌာနများမှ ယူဆောင်လာခြင်း ဖြစ်မည်ဟု ဆွန်ဖုန်း ခန့်မှန်းလိုက်သည်။

"ဟီးဟီး... ဒီတစ်ခါတော့ ဗုံးတွေကို ဒုတိယထပ်မှာ ထားလိုက်မယ်... ငါက ဒီအဆောက်အအုံ တစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖောက်ခွဲပစ်မှာကွ..."

ဆုံးဖြတ်ချက်ချပြီးနောက် ဆွန်ဖုန်းက ဒုတိယထပ်သို့ အမြန်ဆုံး သွားလိုက်သည်။ ဒုတိယထပ်တွင် အခန်းဆယ်ခန်းကျော်ခန့် ရှိသည်။ နောက်ဆုံးတွင် ဆွန်ဖုန်းက နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ထိုနေရာမှာ ရေချိုးခန်းအတွင်းတွင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေငုပ်ဝတ်စုံ၏ ထောက်လှမ်းရှာဖွေရေး စနစ်အရ ရေချိုးခန်းတစ်ခုတည်းတွင်သာ စောင့်ကြည့်ကင်မရာ မတပ်ဆင်ထားသောကြောင့်ဖြစ်သည်။

"ဟီးဟီး... စူပါ အဆင့်မြင့် တိမ်တိုက်ဖောက်ခွဲရေးဗုံး လေးလုံးကို တစ်ခါတည်း တပ်ဆင်လိုက်မယ်... ဒီတစ်ခါတော့ မင်းတို့ အဆောက်အအုံကြီး ပြိုကျမသွားဘူးဆိုရင် မှတ်ကရောပဲ..."

ဆွန်ဖုန်းက သိုလှောင်မှုနယ်ပယ်ထဲမှ ဗုံးလေးလုံးကို အမြန်ဆုံး ထုတ်ယူလိုက်ပြီး လျှို့ဝှက်သော နေရာတစ်ခုတွင် လျင်မြန်စွာ တပ်ဆင်လိုက်သည်။

တပ်ဆင်ပြီးစီးသွားသောအခါ ဆွန်ဖုန်းက အမြန်ဆုံး ပြန်ထွက်လာခဲ့သည်။ သူ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ထိုဗုံးများကို ဖောက်ခွဲပစ်မည်ဖြစ်သည်။

မြေညီထပ်တွင် ကင်းလှည့်နေသူ အများဆုံးရှိပြီး ဤနေရာတွင် ချထားသော လူအင်အားမှာ လူနှစ်ဆယ်ကျော်ခန့် ရှိသည်။

ယခုအချိန်က ည ၁၂ နာရီခန့် ရှိနေပြီဖြစ်သည်။ ဤလူများအားလုံးက အိပ်ငိုက်ခြင်း အလျဉ်းမရှိဘဲ မျက်လုံးများ နီရဲနေသည်အထိ စောင့်ကြည့်နေကြသည်။ လက်ထဲမှ ရိုင်ဖယ်သေနတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မြေညီထပ်တွင် ကင်းလှည့်နေကြသည်။

အကယ်၍ သူတို့ အနည်းငယ်လေး ပေါ့ဆသွားပါက အမှောင်ထဲတွင် ပုန်းအောင်းနေသော ရန်သူ၏ သတ်ဖြတ်ခြင်းကို ခံရမည်ကို သူတို့ ကောင်းစွာ သိထားကြသည်။ သူတို့ ယခု ရင်ဆိုင်နေရသည်မှာ သာမန် ရာဇဝတ်ကောင်များ မဟုတ်ဘဲ သူတို့ လုပ်ချင်ရာ လုပ်ရဲသော စူပါ အကြမ်းဖက်အဖွဲ့အစည်းကြီး ဖြစ်သည်။

ပြီးခဲ့သည့် ပြတိုက် ပေါက်ကွဲမှုဖြစ်စဉ်တွင် သူတို့လည်း အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေခဲ့သည်။ ကံကောင်းစွာဖြင့် ထိုအချိန်က သူတို့က အပြင်ဘက်တွင် ကင်းလှည့်နေခဲ့သောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူတို့အားလုံး အကင်ခံလိုက်ရပြီဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့ကံဆိုးစွာဖြင့် အဆောက်အအုံ အတွင်း၌ ကင်းလှည့်ရန် တာဝန်ကျခဲ့ရာ ချေးစားလိုက်ရသလို ကံဆိုးမိုးမှောင်ကျနေသည်ဟု ခံစားနေရသည်။

"ချွန်းရှ... ဒီည အဲ့ဒီအဖွဲ့က တကယ်လာပါ့မလားကွာ..."

မြေညီထပ် ဧည့်ခန်းမတွင် ငါးယောက်တစ်ဖွဲ့ ကင်းလှည့်ပြီးနောက် နားနေဆောင်တွင် ထိုင်ကာ လူပုလေးတစ်ယောက်က ဆေးလိပ်ထုတ်သောက်ရင်း သူ၏ စိတ်ဖိစီးမှုများကို လျှော့ချကာ အဖွဲ့သားများကို မေးလိုက်သည်။

All Chapters