အခန်း ၃၃၆
Vol. 34 Ch. 336
အခန်း (၃၃၆) - မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရခြင်း
"ဘယ်သူသိမှာလဲ... အခုဆိုရင် နာရီဝက်တောင် ကျော်သွားပြီ... ဒါပေမဲ့ သူတို့ မလာတာပဲ ပိုကောင်းပါတယ်... တကယ်လို့ လာမယ်ဆိုရင်တော့ ငါတို့တွေ သေချာပေါက် ကံဆိုးမိုးမှောင်ကျတော့မှာပဲ..."
ချွန်းရှ ဟုခေါ်သော ထိုလူကလည်း သူ၏ အိတ်ကပ်ထဲမှ ဆေးလိပ်တစ်ဘူးကို ထုတ်ယူကာ စိတ်ပြေလက်ပျောက်ဖြစ်စေရန် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။
"ဟေး... မင်းတို့နှစ်ယောက်က သေရမှာကို ကြောက်နေကြတာလား... ဒီမှာ ငါတို့လူတွေ ရာနဲ့ချီပြီး ရှိနေတာလေ... စနိုက်ပါသမားတွေလည်း ရှိသေးတယ်... ငါတို့ဆီမှာ လူအင်အား လက်နက်အင်အား ဒီလောက်တောင် အပြည့်အစုံ ရှိနေတာကို အဲ့ဒီ အသုံးမကျတဲ့ အဖွဲ့အစည်းကို ကြောက်နေရဦးမှာလား... မင်းတို့ကို ပြောလိုက်မယ်... သူတို့သာ တစ်ယောက်လာရင် တစ်ယောက်သတ်မယ်... နှစ်ယောက်လာရင် နှစ်ယောက်လုံး သတ်ပစ်မယ်..."
ရက်စက်ကြမ်းကြုတ်သော ရုပ်သွင်ရှိသည့် လူဝကြီးတစ်ယောက်က အလွန်မောက်မာဝင့်ကြွားစွာဖြင့် ဝင်ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် ထိုအသုံးမကျသော အဖွဲ့အစည်းက အထူးစစ်ဆင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းကာ ဖြန့်ကြက်ထားသော ဤပိုက်ကွန်ကြီးကို ထိုးဖောက်နိုင်မည်ဟု လုံးဝ မယုံကြည်ပေ။ တစ်ဖက်လူက ဘာတွေများ အစွမ်းထက်နေလို့လဲ။ သူတို့မှာလည်း လက်နှစ်ဖက်နှင့် သေနတ်တစ်လက်စီ ရှိတာပဲ မဟုတ်ပါလား။ နဂါးဘောလုံး ခုနစ်လုံးကို စုဆောင်းပြီး နတ်နဂါးကိုများ ခေါ်နိုင်လို့လား။
"ကန်းချွန်း... ငါက သေရမှာကို ကြောက်နေတာ မဟုတ်ဘူး... သတ္တိကြောင်နေတာလည်း မဟုတ်ဘူး... မင်း သိထားဖို့က ငါ့အဘိုးရယ် ငါ့အဘိုးရဲ့အဖေရယ် ငါ့အဘိုးအဖေရဲ့အဖေရယ် အားလုံးက စစ်သားတွေချည်းပဲ... သူတို့အားလုံးက တရုတ်ပြည်ကို ကျူးကျော်တဲ့ စစ်ပွဲမှာ ပါဝင်ခဲ့ဖူးတယ်... သူတို့အားလုံးက အစွမ်းထက်တဲ့ ဆာမူရိုင်းတွေပဲ... သူတို့တွေ တရုတ်လူမျိုး ဘယ်လောက်များများကို သတ်ခဲ့လဲဆိုတာတောင် မသိနိုင်ဘူး... ဆာမူရိုင်းတစ်ယောက်ရဲ့ သွေးပါတဲ့သူတစ်ယောက်အနေနဲ့ ငါက ဘယ်လိုလုပ် ကြောက်ရမှာလဲ... ငါ အခုလို ပြောတာက ဒီအဖွဲ့အစည်းက အရမ်း ထူးဆန်းလွန်းနေလို့ပဲ... အထူးစစ်ဆင်ရေးအဖွဲ့တောင် သူတို့ရဲ့ အရိပ်အယောင်ကို မရှာနိုင်ဘူးလေ..."
လူပုလေး မူချွန်းတိုက်ပီ က တစ်စုံတစ်ယောက်က သူ့ကို လှောင်ပြောင်နေသည်ကို ကြားလိုက်ရသောအခါ ချက်ချင်း မကျေမနပ်ဖြစ်သွားပြီး သူ၏ မာနထောင်လွှားသော ခေါင်းကို မော့ကာ မိသားစု ရာဇဝင်ကို ထုတ်ကြွားလိုက်တော့သည်။ ဘိုးဘွားများ၏ ဂုဏ်ကျက်သရေကို သူကိုယ်တိုင် ရရှိထားသကဲ့သို့ပင်။
"အော်... ဒီလိုကိုး... အဲ့ဒါဆိုရင်လည်း အဲ့ဒီ အကြမ်းဖက်သမားတွေနဲ့ တွေ့တဲ့အချိန်ကျရင် သေနတ်ဘေးကင်းလော့ခ်ကိုတောင် ဖြုတ်ဖို့မေ့ပြီး ဘောင်းဘီထဲ သေးထွက်မကျသွားဖို့ မျှော်လင့်ပါတယ်ကွာ... ဟားဟားဟား..."
ချက်ချင်းဆိုသလိုပင် နားနေခန်းထဲရှိ လူအချို့က ဝိုင်းဝန်းရယ်မောလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဤလူပုလေးနှင့် တစ်ကျောင်းတည်းဆင်း စစ်တက္ကသိုလ်ကျောင်းဆင်းများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ ဤလူပုလေးမှာ ကျောင်းစဝင်ပြီး ပစ်မှတ်စတင် ပစ်ခတ်ရချိန်က သေနတ်သံကြောင့် လန့်ပြီး ဘောင်းဘီထဲ သေးထွက်ကျခဲ့ဖူးသည်။
"မင်း... မင်းတို့..."
ဆွန်ဖုန်းက ဤလူများနှင့် မနီးမဝေးမှ ဖြတ်လျှောက်သွားစဉ် ဤအသုံးမကျသော ကောင်များ အချင်းချင်း မျက်နှာနီရဲသည်အထိ ငြင်းခုံနေကြသည်ကို မြင်လိုက်ရသောအခါ အထင်သေးစွာ ရယ်မောလိုက်သည်။ ဤအမှိုက်ကောင်များက စောစောစီးစီး ငရဲပြည်သို့ သွားလေ ပိုကောင်းလေပင်။
မကြာမီမှာပင် ဆွန်ဖုန်းက အဆောက်အအုံ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် လူရာပေါင်းများစွာက ရန်သူ လာရောက်မည့်အချိန်ကို စိုးရိမ်တကြီးဖြင့် အသင့်အနေအထား စောင့်ကြပ်နေကြသည်။ သို့သော်လည်း ရန်သူက ရောက်လာပြီး ပြန်တောင် ထွက်သွားပြီဖြစ်ကြောင်းကို သူတို့ လုံးဝ မသိကြပေ။
"ဟားဟား... ဒီလူတွေ အကုန်လုံး ငါ့လက်ခုပ်ထဲမှာ ကစားခံနေရတာကို ကြည့်ရတာ တကယ်ကို အရသာရှိတာပဲ..."
ဆွန်ဖုန်းက ဤနေရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့သည်။ မကြာမီမှာပင် လူပြတ်သော အမှောင်လမ်းကြားလေးတစ်ခုကို ရှာတွေ့သွားပြီး ရေငုပ်ဝတ်စုံကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက် လမ်းမပေါ်သို့ ရင်ကော့ကာ မောက်မာစွာ ထွက်လာခဲ့သည်။
"အသံလက်ထောက်... ဖောက်ခွဲလိုက်တော့..."
လမ်းမပေါ်တွင် လူသွားလူလာများ တဖြည်းဖြည်း နည်းပါးလာသည်ကို မြင်သောအခါ ဆွန်ဖုန်းက နာရီကို ကြည့်လိုက်သည်။ ယခုအချိန်က ည ၁၂ နာရီခန့် ရှိနေပြီဖြစ်သဖြင့် အသံလက်ထောက်အား အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်... အဝေးထိန်း ဖောက်ခွဲရေးစနစ်ကို စတင်လိုက်ပါပြီ..."
အသံလက်ထောက်၏ စကားအဆုံးတွင် မျက်စိဖြင့် မမြင်နိုင်သော လျှပ်စစ်လှိုင်းတစ်ခုက မနီးမဝေးရှိ ဂျပန်တော်ဝင်လေလံရုံ အဆောက်အအုံကြီးထဲသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
'ဝုန်း... ဝုန်း...'
မူလက ခမ်းနားထည်ဝါလှသော လေလံရုံ အဆောက်အအုံကြီးမှာ ဧရာမ အနီရောင် ပေါက်ကွဲမှုစွမ်းအင်ကြီး၏ ဖောက်ခွဲမှုကြောင့် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားတော့သည်။ ရေတွက်၍မရနိုင်သော ကွန်ကရစ် အပိုင်းအစများ၊ အုတ်ကျိုးအုတ်ပဲ့များနှင့် သံတိုသံစများက ဖုန်မှုန့်များနှင့် ရောနှောကာ ကောင်းကင်ယံနှင့် အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်သွားတော့သည်။
ထိုကြီးမားလှသော အနီရောင် ပေါက်ကွဲမှုစွမ်းအင်ကြီးက ဤအဆောက်အအုံကြီးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုတ်ဖြဲပစ်လိုက်သည်။ မီတာငါးဆယ်ခန့် မြင့်မားသော ဤအဆောက်အအုံကြီးမှာ ခါးလယ်မှ ကျိုးကျသွားပြီး အုတ်မြစ်ပါ ပြာကျသွားတော့သည်။
'ဝုန်း... ဒိုင်း...'
ဆက်တိုက် ပြိုကျသံများ ထွက်ပေါ်လာသည်။ ဤလေလံရုံ အဆောက်အအုံကြီးမှာ လုံးဝကို ပြာကျသွားခဲ့ပြီဖြစ်သည်။ အထဲတွင်ရှိသော ဂျပန်ဝက် တစ်ရာကျော်မှာလည်း အတူတကွ မြှုပ်နှံခံလိုက်ရပြီဖြစ်သည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်နှင့်အတူ အလွန် ပြင်းထန်သော တွန်းကန်အားလှိုင်းများကြောင့် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှ မှန်ပြတင်းပေါက်များအားလုံး ကွဲအက်သွားကြသည်။ ဤတစ်ကြိမ် ဗုံးများက တကယ်ကို အစွမ်းထက်လှသည်။ ကောင်းကင်ကိုပင် ထိုးဖောက်သွားမတတ် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲမှုကြီးကြောင့် အနီးနားတွင် နေထိုင်သူများမှာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ထိတ်လန့်သွားကြပြီး ငလျင်လှုပ်သည်ဟု ထင်မှတ်ကာ အားလုံး လမ်းမပေါ်သို့ အပြေးအလွှား ထွက်လာကြတော့သည်။
မူလက အမိန့်ပေးကားပေါ်တွင် ရန်သူ လာမည်လား မလာဘူးလား စဉ်းစားနေသော ဖျင်ချွမ်ကျီထျန်မှာ ရုတ်တရက် ထွက်ပေါ်လာသော ဧရာမ ပေါက်ကွဲသံကြီးနှင့်အတူ ပြင်းထန်သော တွန်းကန်အားလှိုင်းကြီးကြောင့် အလန့်တကြား ဖြစ်သွားရသည်။ သူ၏ ကားမှာ အဆောက်အအုံနှင့် သိပ်မဝေးလှသဖြင့် ရိုက်ခတ်မှုကို ခံလိုက်ရပြီး ပြင်းထန်သော လေလှိုင်းများကြောင့် ကားပင် မှောက်လုနီးပါး ဖြစ်သွားခဲ့သည်။
'ဒုက္ခပါပဲ...'
ပေါက်ကွဲမှု ပြီးဆုံးသွားသောအခါ ဖျင်ချွမ်ကျီထျန်က စိတ်ထဲမှ ရေရွတ်လိုက်ပြီး အခြေအနေကို ကြည့်ရန် ကားပေါ်မှ အမြန်ဆင်းလာခဲ့သည်။ သို့သော် သူ ဆင်းလာပြီးနောက် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။ သူ၏ မျက်စိရှေ့တွင် မီတာငါးဆယ် မြင့်မားသော လေလံရုံ အဆောက်အအုံကြီး လုံးဝ မရှိတော့ပေ။ အပျက်အစီး ပုံကြမ်းကြီးသာ ကျန်ရစ်ခဲ့တော့သည်။
အခြားသော ခေါင်းဆောင်များလည်း ထွက်လာကြည့်လိုက်ရာ အားလုံး၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။ သူတို့၏ မျက်နှာများက ချက်ချင်း ညိုမည်းသွားပြီးနောက် ဖြူဖျော့သွားကာ နောက်ဆုံးတွင် နီမြန်းလာတော့သည်။
"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ... ဒါက အဲ့ဒီအဖွဲ့အစည်း လုပ်သွားတာလား... သူတို့က ဘယ်လိုလုပ် အထဲကို ဝင်သွားတာလဲ... ပြီးတော့ ဒီလေလံရုံကြီးကို ဘယ်လို ဖောက်ခွဲပစ်လိုက်တာလဲ... အဆောက်အအုံကြီးကိုတောင် ဖောက်ခွဲနိုင်ဖို့ဆိုတာ ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဗုံးတွေ လိုအပ်မလဲ... ပြီးတော့ အဲ့ဒီဗုံးတွေကို နိုင်ငံတွင်းကို ဘယ်လို သယ်သွင်းလာတာလဲ..."
ဒုတိယအဖွဲ့ခေါင်းဆောင် ကျွီစီလန်က သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ ချက်ချင်းပင် မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားတော့သည်။ သူ၏ မျက်လုံးများက အသက်ကင်းမဲ့နေပြီး ပါးစပ်မှလည်း တီးတိုးရေရွတ်နေမိသည်။
"ဘာလို့လဲ... ဘာလို့လဲ... ငါတို့ တစ်လကျော်ကြာအောင် ကြိုးစားပြီး လူအင်အား သောင်းနဲ့ချီ သုံးပြီး ပိုက်ကွန်ကြီး ဖြန့်ထားတာတောင်မှ ဒီသောက်ကျိုးနည်း အဖွဲ့အစည်းက ငါတို့ကို ကစားသွားနိုင်သေးတာလား... အခုချိန်ထိ သူတို့ရဲ့ အရိပ်အယောင်လေးတောင် မမြင်ရသေးဘူး... ငါတို့ကို မျက်နှာ ဖြတ်ရိုက်သွားပြန်ပြီ... ဘာလို့လဲ... ဘာလို့လဲ... သူတို့မှာ ဘာကျောထောက်နောက်ခံတွေ ရှိနေလို့ ဒီလောက်တောင် ရဲတင်းပြီး မောက်မာနေရတာလဲ... ဒီနေရာက သူတို့အတွက် လူသူကင်းမဲ့တဲ့ နေရာလိုများ ဖြစ်နေလို့လား..."
ဖျင်ချွမ်ကျီထျန်၏ မျက်နှာက ရုပ်ဆိုးအကျည်းတန်နေပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေကာ ကောင်းကင်ကို မော့ကြည့်ရင်း ကျိန်ဆဲလိုက်သည်။
သူ ဤမျှလောက် အချိန်ကြာမြင့်စွာ ပြင်ဆင်ခဲ့သော်လည်း တစ်ဖက်လူက အောင်မြင်သွားခဲ့သေးသည်။ အစပိုင်းက သူ တစ်ခုခု ရလဒ်ကောင်း ရရှိမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရလဒ်မှာတော့ တစ်ဖက်လူက သူ့ကို သနားညှာတာမှုကင်းမဲ့စွာဖြင့် မျက်နှာကို ဖြတ်ရိုက်သွားခြင်းပင်ဖြစ်သည်။ တစ်ဖက်လူက ဆက်လက် မောက်မာနေဆဲဖြစ်ပြီး သူကတော့ တစ်ဖက်လူ၏ အမွေးတစ်ပင်ကိုပင် မထိတွေ့နိုင်ခဲ့ပေ။
"ခေါင်းဆောင်... အခု ကျွန်တော်တို့ ဘယ်လို ဆက်လုပ်ကြမလဲ..."
လက်အောက်ငယ်သားတစ်ဦးက လျှောက်လာပြီး ဖျင်ချွမ်ကျီထျန်ကို မေးလိုက်သည်။ ယခုကဲ့သို့ အလွန်ဆိုးရွားသော အခြေအနေမျိုး ဖြစ်ပေါ်လာပြီဖြစ်ရာ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန်သာ ကျန်တော့သည်။
"ဘယ်လိုလုပ်ရမလဲ ဟုတ်လား... မီးသတ်ကားတွေ ချက်ချင်း ခေါ်လိုက်... ပြီးတော့ ဘေးပတ်ဝန်းကျင်က လူတွေကို အမြန် သွားပြီး နှစ်သိမ့်ပေးလိုက်... အော်... ဟုတ်ပြီ... စနိုက်ပါသမားတွေရယ် စောင့်ကြည့်ရေးအဖွဲ့တွေရယ်ကို ချက်ချင်း ဆက်သွယ်လိုက်... ပြီးတော့ အဲ့ဒီ နည်းပညာရှင်တွေကိုပါ မေးကြည့်လိုက်... ခုနက ရန်သူ့အရိပ်အယောင်များ တွေ့လိုက်သေးလားလို့..."
ဖျင်ချွမ်ကျီထျန်၏ စိတ်ထဲတွင် အဆုတ်များပင် ပေါက်ကွဲထွက်မတတ် ဒေါသထွက်နေသော်လည်း သူက သာမန်လူ မဟုတ်ပေ။ မကြာမီမှာပင် အမြန်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နောက်ဆက်တွဲ အစီအစဉ်များကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."
မကြာမီမှာပင် ဖျင်ချွမ်ကျီထျန်က ပြန်လည်ဖြေကြားချက်များကို ရရှိလိုက်သည်။ ဤလူများအားလုံးက ရန်သူ့အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ရပါဟု ဆိုသည်။
ဆိုလိုသည်မှာ သူ၏ လူရာပေါင်းများစွာ ဤနေရာတွင် အသေစောင့်ကြပ်နေသော်လည်း တစ်ဖက်လူ၏ အရိပ်ကိုပင် မမြင်လိုက်ရဘဲ တစ်ဖက်လူက ဤအဆောက်အအုံကြီးကို ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။
သူ ကွေ့ထျန်ထိုက်လန်နှင့် ပူးပေါင်းစကတည်းက ရန်သူ လာရောက်မည့်အချိန်ကို စောင့်ဆိုင်းရန် လူတစ်ရာကို ဤအဆောက်အအုံထဲတွင် ကြိုတင် ပုန်းအောင်းစေခဲ့သည်။
သို့သော်လည်း မည်သူကမျှ မမြင်တွေ့ခဲ့ရပေ။ တစ်ဖက်လူက သူ၏ မျက်စိအောက်တွင် မည်ကဲ့သို့ ရှောင်ကွင်းပြီး ဗုံးများကို တပ်ဆင်သွားခဲ့သနည်း။