အခန်း ၃၃၇
Vol. 34 Ch. 337
အခန်း (၃၃၇) - ဘဝကြီးက နှင်းပွင့်လေးလို အထီးကျန်ဆန်လွန်းတယ်
"ဒီနေရာက သူတို့အိမ်များ မှတ်နေလား... လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ ရနေတာလား... ငါတို့ကို လက်ခုပ်ထဲထည့်ပြီး ကစားသွားတာပဲ... သောက်ကျိုးနည်း... သောက်ကျိုးနည်းပဲ..."
ဖျင်ချွမ်ကျီထျန်က ထပ်ပြီး သည်းမခံနိုင်တော့ဘဲ လူအုပ်ကြီးကြားထဲတွင် ရပ်ကာ အသံကုန် အော်ဟစ်ဆဲဆိုလိုက်တော့သည်။
ဒေါသများကို ပေါက်ကွဲထုတ်ပစ်ပြီးနောက် ဖိစီးနေသော ဖျင်ချွမ်ကျီထျန်၏ နှလုံးသားငယ်လေးမှာ အနည်းငယ်မျှ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ရုတ်တရက် သူက လက်ထောက်တစ်ဦးကို ဆွဲခေါ်ကာ မေးလိုက်သည်။
"လေဆိပ်တွေရယ် ကားဂိတ်တွေရယ် မြို့အထွက် ဂိတ်တွေမှာရယ် မသင်္ကာစရာ လူတွေများ တွေ့သေးလား..."
နောက်ဆုံးတွင်တော့ ဖျင်ချွမ်ကျီထျန်က ဤမျှော်လင့်ချက်လေးတစ်ခုအပေါ်တွင်သာ မှီခိုအားထားရတော့သည်။ အကယ်၍ ဤဘက်တွင်ပါ ဘာသဲလွန်စမှ မရရှိခဲ့ပါက သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့သော ဤစစ်ဆင်ရေးကြီးက လုံးဝ ကျရှုံးသွားပြီဖြစ်ကြောင်း သက်သေပြနေပေလိမ့်မည်။ သူကိုယ်တိုင်လည်း ယခင်အဖွဲ့ခေါင်းဆောင်ကဲ့သို့ပင် အထက်လူကြီးများ၏ ရာထူးမှ ထုတ်ပယ်ခြင်းကို ခံရတော့မည်မှာ သေချာလှသည်။
"ခေါင်းဆောင်ကို အစီရင်ခံပါတယ်... အခုထိ ဘာသတင်းမှ မရသေးပါဘူး... အကုန်လုံးက ပုံမှန်ပါပဲတဲ့... ဘာမသင်္ကာစရာ လူကိုမှ မတွေ့ရပါဘူးတဲ့..."
ထိုလက်ထောက်ဖြစ်သူက အလွန်တောင်းပန်ချင်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"အော်... အဲ့ဒါဆိုလည်း မင်း သွားပြီး အလုပ်ဆက်လုပ်တော့..."
ဖျင်ချွမ်ကျီထျန်က အလွန် ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် လက်ထောက်ဖြစ်သူကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။ ဆေးလိပ်ငွေ့များကို အားပါးတရ ရှိုက်သွင်းနေရင်း သူ၏ ရင်ထဲမှ အလွန်အမင်း ရှုပ်ထွေးနေသော စိတ်ခံစားမှုများကို ဆေးလိပ်၏ နီကိုတင်းဓာတ်ဖြင့်သာ ဖြေဖျောက်နေရတော့သည်။
မကြာမီမှာပင် ဤသတင်းဆိုးကြီးက အထူးစစ်ဆင်ရေးအဖွဲ့ ဌာနချုပ်ဆီသို့ ရောက်ရှိသွားခဲ့သည်။
ဒုတိယညွှန်ကြားရေးမှူး ကျိုချွမ်ဟောက်အာက ဤသတင်းကို ကြားလိုက်ရသောအခါ ဒေါသထွက်လွန်း၍ သူ အလွန်မြတ်နိုးသော ဂျပန်အရက်ပုလင်းများကိုပင် ရိုက်ခွဲပစ်လိုက်တော့သည်။ ထို့နောက် ကုလားထိုင်ပေါ်သို့ ခွေခွေလေး လဲကျသွားတော့သည်။ သူ၏ ရာထူးသက်တမ်းတစ်လျှောက်လုံးတွင် ယခင်က မကြုံဖူးသေးသော အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သူ ကောင်းစွာ သိလိုက်သည်။
ပြီးခဲ့သည့်အကြိမ်က သူက အထက်လူကြီးများထံတွင် ဤကိစ္စကို သပ်ရပ်လှပစွာ ဖြေရှင်းပေးမည်ဟု ကတိပေးထားခဲ့သည် မဟုတ်ပါလား။ ယခုတော့ ပြီးပြီ။ ဂျပန်တော်ဝင်လေလံရုံ ဖောက်ခွဲဖျက်ဆီးခံလိုက်ရသော်လည်း ဤအဖွဲ့အစည်းကို မဖမ်းနိုင်သေးပေ။ ဖမ်းမိဖို့ကို ထားလိုက်ပါတော့၊ သူတို့က ဘယ်လိုအဖွဲ့အစည်းမျိုးလဲ ဆိုတာကိုတောင် အခုထိ သေချာ မသိရသေးပေ။ တကယ့်ကို သောက်ကျိုးနည်း ကိစ္စကြီးပင်။
ဆွန်ဖုန်းက ဤကိစ္စကို အောင်မြင်စွာ ပြီးမြောက်သွားပြီးနောက် ဟိုတယ်သို့ တိုက်ရိုက် မပြန်သေးဘဲ ကွေ့ထျန်ထိုက်လန်၏ အိမ်သို့ သွားရောက်ကာ စကားပြောရန် စိတ်ကူးလိုက်သည်။
သို့သော်လည်း ဆွန်ဖုန်းက အငှားယာဉ်ဖြင့် ကွေ့ထျန်ထိုက်လန်၏ အိမ်အနီးရှိ လမ်းတစ်လမ်းသို့ ရောက်ရှိသွားသောအခါ ထောက်လှမ်းရှာဖွေရေးစနစ်မှတစ်ဆင့် အိမ်ထဲတွင် ကွေ့ထျန်ထိုက်လန် မရှိကြောင်းကို သတိထားမိလိုက်သည်။ လက်နက်ကိုင် စောင့်ကြပ်နေသော အစောင့်နှစ်ဆယ်ကျော်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဒီကွေ့ထျန်ထိုက်လန်ကတော့ သူ့ကို လက်စားချေမှာ ကြောက်လို့ သေချာပေါက် ထွက်ပြေးသွားတာပဲ ဖြစ်ရမယ်... ဟူး... ထားလိုက်ပါတော့... အခုချိန် လိုက်ရှာရင်လည်း တွေ့မှာမဟုတ်ဘူး... ပြန်ပြီး အိပ်တာပဲ ကောင်းပါတယ်..."
ဆွန်ဖုန်းက ဤကွေ့ထျန်ထိုက်လန်ကို ချက်ချင်း ရှာမတွေ့နိုင်မှန်း သိသဖြင့် အိမ်ပြန်အိပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် ဂျပန်တော်ဝင်လေလံရုံ အဆောက်အအုံကြီးမှာ ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့၏ လက်ချက်ဖြင့် ထပ်မံ ဖောက်ခွဲဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သတင်းက တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။
ဂျပန်အစိုးရ၏ မျက်နှာကို ထပ်မံ၍ အပြင်းအထန် ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။ ဤအဖွဲ့အစည်းက တုန်လှုပ်ဖွယ် ကိစ္စကြီး နှစ်ခုကို ဆက်တိုက် ကျူးလွန်ခဲ့သဖြင့် လူအများစုကို ဒေါသထွက်စေခဲ့သလို အလွန်အမင်းလည်း ကြောက်ရွံ့သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤမျှလောက် သေးငယ်သော ကိစ္စလေးကိုတောင် မဖြေရှင်းနိုင်သော ဂျပန်အစိုးရ၏ အသုံးမကျမှုကိုလည်း သူတို့က အကြီးအကျယ် စိတ်ပျက်နေကြသည်။
အမှန်တကယ်တော့ လက်ရှိ ဂျပန်နိုင်ငံမှာလည်း ဘာမှ မတတ်နိုင်လောက်အောင် ဖြစ်နေရသည်။
စဉ်းစားကြည့်မည်ဆိုပါက ဘင်လာဒင်က အမေရိကန်ကို ဒုက္ခပေးခဲ့စဉ်က အမေရိကန်ကဲ့သို့ အင်အားကြီးနိုင်ငံပင်လျှင် နှစ်ပေါင်းများစွာ အချိန်ယူပြီးမှသာ ဘင်လာဒင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ယခု သူတို့က ဤငြိမ်းချမ်းရေးမြတ်နိုးသူများ အဖွဲ့အစည်းက ဘင်လာဒင်ထက်ပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်ဟု ထင်မြင်နေကြသည်။
သူတို့က မကောင်းမှုတစ်ခုခု မလုပ်ခင် နောက်ထပ် ဘာလုပ်မည်ကို အရင် ကြိုတင် ကြေညာလေ့ရှိသည်။ အချိန် နေရာ အားလုံးကို တိတိကျကျ ပြောပြထားပြီး မင်းတို့ဘက်က အပြည့်အဝ ကြိုတင်ကာကွယ်ထားတဲ့ အချိန်ကျမှ သူတို့က လာရောက်ဖောက်ခွဲကြခြင်းဖြစ်သည်။ နောင်ကို မပြောတတ်ပေမယ့် အနည်းဆုံးတော့ ယခု ဆက်တိုက် နှစ်ကြိမ်တိုင်တိုင် ဤမျှလောက် မောက်မာဝင့်ကြွားခဲ့ပြီး သူတို့ပြောသည့်အတိုင်းလည်း တကယ် ဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်။
ထို့ကြောင့် ယခုအခါတွင် ငြိမ်းချမ်းရေးမြတ်နိုးသူများ အဖွဲ့ကို ဂျပန်နိုင်ငံက SSS အဆင့်ရှိ အလွန်အရေးကြီးသော ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ ဂျပန်နိုင်ငံသာမက အခြားနိုင်ငံများကလည်း ဤအဖွဲ့အစည်းကို စတင်၍ သတိထားလာကြပြီဖြစ်သည်။ သူတို့ကလည်း ဤမျှလောက် ရူးသွပ်ပြီး မောက်မာသော အဖွဲ့အစည်းက သူတို့၏ ခေါင်းပေါ် လာရောက် တက်နင်းမည်ကို ကြောက်ရွံ့နေကြသည်။
ထိုသို့သာ ဖြစ်လာခဲ့မည်ဆိုလျှင် သူတို့ကို ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ မပေးနိုင်သည့်တိုင်အောင် သူတို့၏ ပြည်သူများကို စိတ်ပျက်သွားစေနိုင်ပြီး သူတို့၏ မျက်နှာများကို အကြီးအကျယ် ဖြတ်ရိုက်ခံရသလို ဖြစ်သွားမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုအခါတွင် ငြိမ်းချမ်းရေးမြတ်နိုးသူများ အဖွဲ့အစည်းကို နိုင်ငံအသီးသီးက အဓိကထား နှိမ်နင်းရမည့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်သည်။
ဂျပန် ညဉ့်ယံသတင်း ရုပ်မြင်သံကြား -
"မနေ့ည သန်းခေါင်ယံ ဆယ့်နှစ်နာရီအချိန်မှာ ဂျပန်တော်ဝင်လေလံရုံ အဆောက်အအုံကြီးကို ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်... အဆောက်အအုံကြီး တစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ပြီး လူနှစ်ရာကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်... ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဘိုးဘေးဧကရာဇ်မင်းများထံ သွားရောက်ခစားရတဲ့ နိုင်ငံသားတွေအတွက် ကျွန်မတို့ သုံးမိနစ်ခန့် ငြိမ်သက်ပြီး ဝမ်းနည်းကြေကွဲကြောင်း ပြသအပ်ပါတယ်... ကျွန်မတို့အနေနဲ့ ဒီလို လူမဆန်တဲ့ အဖွဲ့အစည်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်... သူတို့က လုံးဝကို စိတ်လွတ်ကိုယ်လွတ် ရူးသွပ်နေတဲ့ လူတွေပါပဲ... အထူးစစ်ဆင်ရေးအဖွဲ့နဲ့ တခြားဌာနတွေက အထူးရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်...
ဒီအဖွဲ့အစည်းက တိုကျိုမြို့မှာ ဒုတိယအကြိမ် ပြစ်မှုကျူးလွန်တာပါ... နှစ်ကြိမ်စလုံးမှာ သူတို့က သူတို့လုပ်မယ့် အစီအစဉ်တွေကို အင်တာနက်ပေါ်မှာ ကြိုတင်ပြီး မောက်မာဝင့်ကြွားစွာ ကြေညာခဲ့ပါတယ်... ပြီးတော့ တစ်နာရီ နှစ်နာရီအကြာမှာ တကယ် လာလုပ်ပြသွားခဲ့ပါတယ်... ကျွန်မတို့ဆီမှာ ဒီလောက်များပြားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးဌာနက လူတွေ ရှိနေတာတောင် ဘာလို့ သူတို့ကို မတားဆီးနိုင်ခဲ့ရတာလဲ... သူတို့က တကယ်ပဲ လက်သုံးဖက် ခေါင်းသုံးလုံးများ ရှိနေလို့ ဒီဌာနက လူတွေက မတားဆီးနိုင်တာလား... အခုအချိန်အထိ သူတို့ရဲ့ အခြေအနေမှန်ကိုတောင် မသိရသေးပါဘူး... ဒီဌာနတွေအပေါ် ကျွန်မတို့ တကယ်ကို စိတ်ပျက်မိပါတယ်... ဒီနေ့ မြို့တွင်း လမ်းမများပေါ်မှာ ပြည်သူတွေရဲ့ ဒေါသထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်... သူတို့က ဒီဌာနတွေရဲ့ အသုံးမကျမှုကို ဆန့်ကျင်ဆန္ဒပြနေကြတာပါ..."
ကျိုကျင်းယင်းဇီ က သတင်းတင်ဆက်ပေးခဲ့သည်။
အမေရိကန် သတင်းစာ -
"ဒီ ငြိမ်းချမ်းရေးမြတ်နိုးသူများ အကြမ်းဖက်အဖွဲ့ဟာ လက်ရှိ ကမ္ဘာပေါ်မှာ ထိပ်တန်း အကြမ်းဖက်အဖွဲ့အစည်း ဆယ်ခုစာရင်းဝင် ဖြစ်လာပါပြီ... နိုင်ငံအသီးသီးက ပူးပေါင်းပြီး သူတို့ကို ဖမ်းဆီးကြဖို့ ကျွန်တော်တို့ တိုက်တွန်းနှိုးဆော်ပါတယ်... ကမ္ဘာကြီးရဲ့ လုံခြုံရေးစောင့်ရှောက်သူအဖြစ် ခံယူထားတဲ့ ကျွန်တော်တို့ အမေရိကန်အနေနဲ့ ဂျပန်နိုင်ငံဆီကို အထူးတပ်ရင်းတစ်ရင်း စေလွှတ်ပြီး ဒီအဖွဲ့အစည်းကို နှိမ်နင်းရာမှာ ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်..."
အထူးစစ်ဆင်ရေးအဖွဲ့မှာ ဤဖြစ်ရပ်ကို ကြုံတွေ့ပြီးနောက် လူအင်အား သောင်းနှင့်ချီ၍ အသုံးပြုကာ တစ်လကျော်ကြာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး လူအင်အား ငွေအင်အား အမြောက်အမြားကို အသုံးပြုခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ဆွန်ဖုန်း၏ ဤအဖွဲ့အစည်းကို မချေမှုန်းနိုင်ခဲ့ပေ။ ဤသည်က သူတို့ကို အရှက်ရလွန်း၍ သေချင်စိတ်ပင် ပေါက်သွားစေခဲ့သည်။
သေချာသည်ကတော့ ဤသည်က အရေးအကြီးဆုံး မဟုတ်ပေ။ အရေးအကြီးဆုံးမှာ အဖွဲ့ခေါင်းဆောင် လေးဦးလုံး တိုက်ရိုက် ရာထူးမှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။ ညွှန်ကြားရေးမှူးကိုလည်း ဒုတိယညွှန်ကြားရေးမှူးအဖြစ် ရာထူးချထားလိုက်ပြီး ဒုတိယညွှန်ကြားရေးမှူးကိုလည်း အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးချထားလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ အထက်လူကြီးများက အထူးစစ်ဆင်ရေးအဖွဲ့မှ လူများကို ကြီးမားသော သင်ခန်းစာတစ်ခု ပေးလိုက်ခြင်းပင်ဖြစ်သည်။
ထို့အပြင် ကွေ့ထျန်ထိုက်လန်မှာ သူ၏ အဆောက်အအုံကြီး ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း သတင်းကြားသည်နှင့်တစ်ပြိုင်နက် နေရာမှာတင် သတိလစ်မေ့မြောသွားတော့သည်။
သူ ပြန်လည်သတိရလာသောအခါ ပေကျင်းပြတိုက်ကို နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုထားမှုကို ရုပ်သိမ်းလိုက်ရန် သူ၏ အတွင်းရေးမှူးထံ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။ ဟာသလုပ်နေတာလား။ အကယ်၍ သူက ထပ်ပြီး တစ်ခုခု လုပ်ရဲသေးမည်ဆိုလျှင် သူ၏ တစ်ဘဝလုံး ကောင်းကောင်း နေရတော့မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိထားသည်။
သူသာ လူလုံးထွက်ပြမည်ဆိုပါက ဤအဖွဲ့အစည်းက သူ့ကို သေချာပေါက် လာရောက်သတ်ဖြတ်မည်ဖြစ်သည်။ အဆိုးဆုံးဆိုရင် သူ၏ မိသားစု တစ်စုလုံးပင် တစ်ယောက်မှ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ အမှန်တကယ်တော့ ကွေ့ထျန်ထိုက်လန်မှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားခြင်းသာ ဖြစ်သည်။ ဆွန်ဖုန်းကလည်း ဤမျှလောက်အထိ ရက်စက်တတ်သူမျိုး မဟုတ်ပေ။ ယခုအခါ ဤကဲ့သို့သော ငါးမွှားလေး ပုစွန်မွှားလေးများကို အချိန်ကုန်ခံပြီး ရှင်းလင်းနေရန် သူ လုံးဝ စိတ်မဝင်စားတော့ပေ။
"ဟူး... စိတ်ဝင်စားစရာ မကောင်းတော့ဘူး... ဘဝကြီးက နှင်းပွင့်လေးလို အထီးကျန်ဆန်လွန်းတယ်... တစ်ယောက်ချင်း ယှဉ်ချနိုင်မယ့်သူ တစ်ယောက်မှကို မရှိတော့ဘူး..."
နံနက်ခင်းတွင် ဆွန်ဖုန်းတစ်ယောက် အိပ်ရာမှ နိုးထလာပြီးနောက် ဟိုတယ်အခန်း၏ ဝရန်တာတွင် ရပ်ကာ အရှေ့ဘက်မှ ထွက်ပြူလာသော နေမင်းကြီးကို ကြည့်ရင်း အလွန်အမင်း မျက်နှာပြောင်တိုက်စွာဖြင့် ပြောလိုက်သည်။
သူ၏ အသက် ၂၄ နှစ်အရွယ်အထိ တစ်ကြိမ်တစ်ခါလောက် ရှုံးနိမ့်သွားရလောက်အောင် ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်မျိုးကို တစ်ခါမှ မတွေ့ဖူးသေးပေ။ ဒါက သူ အရမ်း အစွမ်းထက်လွန်းနေလို့ မဟုတ်ဘဲ ပြိုင်ဘက်တွေက အရမ်း အသုံးမကျလွန်းနေလို့သာ ဖြစ်ပေသည်။