အခန်း ၃၄၇
Vol. 35 Ch. 347
အခန်း ၃၄၇ - မင်းက ဒီလိုလူမျိုးကို သဘောကျတာလား
"ကိုယ် ပြန်ရောက်ပြီဟေ့..."
ညနေ ခြောက်နာရီတိတိအချိန်တွင် ဆွန်ဖုန်းက နယူးစ်မြို့လေးရှိ ကုမ္ပဏီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ စူးမေ၏ ရုံးခန်းတံခါးဝသို့ ရောက်သည်နှင့် ဆွန်ဖုန်းက အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်လေသည်။
"ရှင် ပြန်ရောက်လာပြီပေါ့... ဘယ်လိုလဲ... ရေနံမြေဘက်က အခြေအနေတွေကို သဘောကျရဲ့လား..."
စူးမေက ဆွန်ဖုန်း ဝင်လာသည်ကို မြင်လိုက်ရသောအခါ လက်ထဲမှ အလုပ်များကို ရပ်တန့်လိုက်ပြီး လှပစွာ ပြုံးရွှင်လျက် မေးလိုက်သည်။
"အင်း... အဲ့ဒီဘက်မှာ စူးမေ စီမံခန့်ခွဲထားတာ တော်တော်လေး ကောင်းပါတယ်... ဆုချတဲ့အနေနဲ့ ပြောစမ်းပါဦး... ဒီည ဘာစားချင်လဲ..."
"နယူးစ်မြို့လေးမှာ ဂျပန်စားသောက်ဆိုင် အသစ်တစ်ဆိုင် ဖွင့်ထားတယ်လေ... ကျွန်မတို့ အဲ့ဒီကို သွားပြီး မြည်းစမ်းကြည့်ကြမလား..."
စူးမေက အကြံပြုလိုက်သည်။
"ကောင်းပြီလေ... စူးမေသဘောပါပဲ..."
ဆွန်ဖုန်းက ပြန်ဖြေလိုက်သည်။ အမှန်အတိုင်းပြောရလျှင် ဆွန်ဖုန်းက ဂျပန်အစားအစာများကို မကြိုက်နှစ်သက်ပေ။ သို့သော်လည်း စူးမေက သွားရောက် မြည်းစမ်းချင်နေသည်ကို မြင်လိုက်ရသဖြင့် သွားစားကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
"လက်ထဲက အလုပ်တွေ ပြီးပြီလား..."
"ပြီးသွားပါပြီ... သွားကြရအောင်..."
စူးမေက သူမ၏ ရုံးစားပွဲကို သပ်ရပ်အောင် ရှင်းလင်းလိုက်ပြီးနောက် ဆွန်ဖုန်းနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။
ဆွန်ဖုန်းက ကားကို မောင်းနှင်လာခဲ့ပြီး မကြာမီမှာပင် သူတို့နှစ်ဦးက နယူးစ်မြို့လေး၏ အရှေ့ဘက်တွင် အသစ်ဖွင့်လှစ်ထားသော ဂျပန်စားသောက်ဆိုင်သို့ ရောက်ရှိသွားကြသည်။ ဤစားသောက်ဆိုင်၏ အပြင်အဆင်က အလွန် ထူးခြားလှပြီး ဂျပန်ရိုးရာ ဗိသုကာဟန်များဖြင့် အလှဆင်ထားလေသည်။
သူတို့နှစ်ဦး ဆိုင်ထဲသို့ ဝင်လာသည်နှင့် ဧည့်ကြိုကီမိုနိုဝတ် မိန်းကလေး လေးဦးက ဆွန်ဖုန်းနှင့် စူးမေတို့ကို ကိုးဆယ်ဒီဂရီ ခါးညွှတ်ကာ ကြိုဆိုနှုတ်ဆက်ကြလေသည်။
"သောက်ကျိုးနည်း... ဂျပန်မိန်းမတွေက တကယ် အောက်ကျနောက်ကျ ခံနိုင်တာပဲ..."
ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။
"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ... သူများတွေက ယဉ်ကျေးပျူငှာတာပါနော်..."
စူးမေက ဆွန်ဖုန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ထို့နောက် စားပွဲထိုးများထံတွင် ဒုတိယထပ် ပြတင်းပေါက်ဘေးရှိ နေရာတစ်ခုကို တောင်းဆိုလိုက်သည်။
နေရာတကျ ထိုင်ပြီးနောက် စူးမေက စားပွဲအပြည့် ဟင်းလျာများကို စတင်မှာယူတော့သည်။ ဤကောင်မလေးက တကယ့်ကို စားကြူးလေး တစ်ယောက်ပင် ဖြစ်နေတော့သည်။
"ရှင် ဘာကို ကြည့်နေတာလဲ..."
စူးမေက ငါးစိမ်းသုပ် တစ်ဖတ်ကို စားလိုက်ပြီးနောက် ဆွန်ဖုန်းက သူမအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။
"မင်းကို ကြည့်နေတာလေ..."
ဆွန်ဖုန်းက ရယ်မောလျက် ဖြေလိုက်သည်။
"ထမင်းမစားဘဲ ကျွန်မကို ကြည့်ပြီး ဘာလုပ်မလို့လဲ... ကလေးဆန်လိုက်တာ..."
စူးမေက ဟီးဟီးဟားဟား ရယ်မောလိုက်သည်။ သူမ၏ သူဌေးကများ ရူးသွားပြီလားဟုပင် တွေးလိုက်မိသည်။
"ဒါကို အလှတရားက ထမင်းစားမြိန်စေတယ်လို့ ခေါ်တယ်... မင်းက အရမ်းလှတော့ ကိုယ်က ထမင်းမစားခင် မင်းကို အဝကြည့်ထားမှ ထမင်း ပိုစားဝင်မှာပေါ့..."
"ရှင့်မှာ အတည်အကျကို မရှိဘူး... မြန်မြန်စားပါ... ဘယ်လောက်ပဲ ကြည့်ကြည့် ကျွန်မက ရှင့်ကောင်မလေး ဖြစ်လာမှာ မဟုတ်ဘူးနော်... ရှင် လက်လျှော့လိုက်တော့..."
စူးမေက ချစ်စဖွယ် ရယ်မောကာ ပြောလိုက်သည်။
"ဘာလို့ ကိုယ့်ကောင်မလေး မဖြစ်ချင်ရတာလဲ... ကိုယ်က မချောလို့လား..."
ဆွန်ဖုန်းက မေးလိုက်သည်။
"မဟုတ်ပါဘူး... ရှင်က ကျွန်မ သဘောကျတဲ့ ပုံစံမျိုး မဟုတ်လို့ပါ..."
"ဒါဆို မင်းက အဲ့ဒီ စာကြမ်းပိုး ဆိုတဲ့ ကောင်မျိုးတွေကို တကယ်ကြီး သဘောကျတာလား..."
ဆွန်ဖုန်းက နှုတ်ခမ်းတွန့်လိုက်သည်။ အရင်တစ်ခေါက်က စူးမေက ပညာတတ်ပြီး အမူအရာ သိမ်မွေ့သော ယောကျာ်းမျိုးကို သဘောကျသည်ဟု ပြောခဲ့ဖူးသည်။ သောက်ကျိုးနည်း... အဲ့ဒါ စာကြမ်းပိုးကို ပြောတာပဲ မဟုတ်လား။
"စာကြမ်းပိုးလို့ ဘာလို့ အဲ့ဒီလောက် နားထောင်ရဆိုးအောင် ပြောရတာလဲ... အဲ့ဒါကို ဗဟုသုတ ကြွယ်ဝတဲ့ ပညာတတ်လို့ ခေါ်တယ်... ရှင် နားလည်လား..."
စူးမေက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်သည်။
"စာကြမ်းပိုးက ဘာလုပ်လို့ရမှာလဲ... တစ်နေကုန် စာအုပ်ထဲ ခေါင်းစိုက်ပြီး ပညာရပ်ဆိုင်ရာ သုတေသနတွေချည်း လုပ်နေတာ ဘာအသုံးကျမှာလဲ... မင်းကိုတောင် လုပ်ကျွေးနိုင်မှာ မဟုတ်ဘူး... ဘာလို့များ အဲ့ဒီလို ယောကျာ်းမျိုးကို သဘောကျရတာလဲ... ဒါ့အပြင် ဒီလို ယောကျာ်းမျိုးက သေချာပေါက် ခေတ်နောက်ကျပြီး အိမ်တွင်းအောင်းနေတတ်တဲ့ ကောင်တွေပဲ... ခန္ဓာကိုယ်ကလည်း ကျန်းမာမှာ မဟုတ်ဘူး... မင်းကို သေချာပေါက် စိတ်ကျေနပ်မှု ပေးနိုင်မှာ မဟုတ်ဘူး..."
ဆွန်ဖုန်းက လှောင်ပြောင်လိုက်သည်။ စူးမေက ဤကဲ့သို့သော ယောကျာ်းမျိုးကို သဘောကျနေသည်ကို ကြားလိုက်ရသဖြင့် ဆွန်ဖုန်းတစ်ယောက် ချက်ချင်း မကျေမနပ် ဖြစ်သွားရသည်။
"ကျွန်မ ဘယ်လိုလူကို သဘောကျကျ ရှင့်အပူ ပါလို့လား... အချိန်တန်လို့ သူ ကျွန်မကို မလုပ်ကျွေးနိုင်ရင် ကျွန်မက သူ့ကို ပြန်လုပ်ကျွေးမှာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ရှင့်လို မိန်းမရှုပ်တဲ့ လူစားမျိုးကိုတော့ ကျွန်မ မနှစ်သက်ဘူး... ဟွန့်..."
စူးမေက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"အထင်ကို သေးတယ်ကွာ..."
ဆွန်ဖုန်းက တစ်ခွန်းသာ ပြောလိုက်ပြီး စူးမေနှင့် ဆက်မငြင်းခုံချင်တော့ပေ။ ဤကောင်မလေးကို နောက်မှ ဖြည်းဖြည်းချင်း ပညာပေးရမည်။ သူ့လိုလူကို မနှစ်သက်ဘူးတဲ့လား... တကယ်ပါပဲ။
"ဘာကို အထင်သေးရတာလဲ... ရှင်က မနာလို ဖြစ်နေတာ မဟုတ်လား... တခြားသူတွေရဲ့ မြင့်မားတဲ့ ပညာအရည်အချင်းနဲ့ ဗဟုသုတ ကြွယ်ဝမှုကို ရှင်က မနာလို ဖြစ်နေတာ..."
"ကိုယ်က သူတို့ကို မနာလိုဖြစ်ရမယ် ဟုတ်လား... ရူးနေလို့လား... နောက်ဆုံးတော့လည်း ကိုယ့်ဆီမှာ လစာစားပြီး အလုပ်လာလုပ်ရမယ့် ဘဝတွေပါပဲ... အော် ဒါနဲ့... အခု မင်းကို လိုက်နေတဲ့ စာကြမ်းပိုးတွေများ ရှိနေလား..."
ဆွန်ဖုန်းက မေးလိုက်သည်။
"ရှိတော့ ရှိတယ်... ဒါပေမဲ့ အဲ့ဒီလူတွေက မချောဘူးလေ... ချောတဲ့လူကျတော့လည်း ကျွန်မ သဘောကျတဲ့ ပုံစံမျိုး မဟုတ်ပြန်ဘူး..."
စူးမေက ပြန်ဖြေလိုက်သည်။
"ဖူး... မှတ်ကရော... တစ်ဘဝလုံး အပျိုကြီးသိုးသိုး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ ဆွန်ဖုန်းက အားရပါးရ ရယ်မောလိုက်လေသည်။
"သွားစမ်းပါ... ရှင်သာ အပျိုကြီး ဖြစ်မှာ..."
သူတို့နှစ်ဦးက စကားနိုင်လုရင်း ထမင်းစားသောက်နေကြရာ အတော်လေး စိတ်ဝင်စားစရာကောင်းသော ညစာစားပွဲလေးတစ်ခု ဖြစ်ခဲ့လေသည်။
ဤနေရာတွင် နှစ်ရက်ခန့် နေထိုင်ပြီးနောက် ဆွန်ဖုန်းက တရုတ်နိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ဤတစ်ကြိမ် နိုင်ငံတော်သို့ ပြန်ရခြင်း၏ ပထမ ရည်ရွယ်ချက်မှာ မိဘများကို သွားရောက် ကြည့်ရှုရန်ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်မှာတော့ လင်ဇီးမှိုနှင့် ဂျင်ဆင်း ကဲ့သို့သော ဆေးဖက်ဝင်အပင်များကို ဝယ်ယူရန်ဖြစ်သည်။
ဆွန်ဖုန်းက အသံလက်ထောက်ကို အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ဖော်စပ်ခိုင်းချင်နေခြင်းဖြစ်သည်။ အခက်အခဲ အလွန်ကြီးမားမည်ကို သူ သိထားသော်လည်း လုံးဝ လက်လျှော့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဆေးဘက်ဝင် အပင်တစ်မျိုးကို သိသည်နှင့် တစ်မျိုးကို ရှာဖွေစုဆောင်းမည်ဖြစ်သည်။ အနာဂတ်တွင် အောင်မြင်စွာ စုဆောင်းနိုင်မည်လား သို့မဟုတ် ကမ္ဘာမြေပြင်မှ ထွက်ခွာကာ သွားရောက်ရှာဖွေနိုင်မည်လား ဆိုသည်ကိုတော့ သူ ဂရုမစိုက်ပေ။
သက်တမ်း တစ်ထောင် လင်ဇီးမှိုနှင့် သက်တမ်း တစ်ထောင် ဂျင်ဆင်း... တစ်ထောင် ဟူသော စကားလုံးနှစ်လုံးကို တွေးကြည့်ရုံနှင့်ပင် ခေါင်းကိုက်ချင်လာသည်။ လက်ရှိအချိန်တွင် သက်တမ်း တစ်ရာရှိသော အပင်များကို ရှာဖွေရန်ပင် အလွန် ခက်ခဲနေပြီဖြစ်ရာ သက်တမ်း တစ်ထောင်အကြောင်း ပြောနေစရာပင် မလိုတော့ပေ။
"ထားလိုက်ပါတော့... ကံစမ်းကြည့်တာပေါ့..."
ထို့ကြောင့် ဆွန်ဖုန်းတစ်ယောက် နိုင်ငံတော်သို့ ပြန်မည့် လေယာဉ်ပေါ်သို့ တက်ရောက်လာခဲ့လေသည်။
တစ်ရက်အကြာတွင် ဆွန်ဖုန်းက ဟိုင်ယန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤနေရာက ဆွန်ဖုန်း စတင် အခြေချ ကြီးပွားခဲ့သော နေရာဖြစ်သည်။ သူ၏ အောင်မြင်မှုများ စတင်ခဲ့ရာ နေရာလည်း ဖြစ်သည်။ သူ၏ အိမ်ကြီးဆီသို့ ပြန်ရောက်လာသောအခါ အိမ်ထဲတွင် လူသူကင်းမဲ့နေပြီး အနည်းငယ် ခြောက်ကပ်နေလေသည်။ ပရိဘောဂ အများအပြားတွင်လည်း ဖုန်များ တက်နေပြီဖြစ်သည်။
ဆွန်ဖုန်းက နာရီပိုင်း အလုပ်သမား အချို့ကို ငှားရမ်းကာ အိမ်ကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်ပြီးနောက် သူကိုယ်တိုင်က ဖုန်းရွေ့ သံမဏိစက်ရုံဆီသို့ ထွက်လာခဲ့သည်။ ပြောရမည်ဆိုလျှင် ဤနေရာသို့ မလာဖြစ်သည်မှာ နှစ်ဝက်ခန့်ပင် ရှိနေပြီဖြစ်သည်။
သံမဏိစက်ရုံကို သွားရောက် စစ်ဆေးပြီးနောက် ဆွန်ဖုန်း ပြန်လာခဲ့သည်။ လက်ရှိတွင် သံမဏိစက်ရုံ၏ လည်ပတ်မှုမှာ အတော်လေး ကောင်းမွန်နေသည်။ မန်နေဂျာများနှင့် ကြီးကြပ်ရေးမှူးများမှာ ဥက္ကဋ္ဌဖြစ်သူ ဆွန်ဖုန်း ရုတ်တရက် အသိမပေးဘဲ ရောက်လာသည်ကို မြင်လိုက်ရသောအခါ အားလုံး လန့်ဖျပ်သွားခဲ့ကြသည်။
ဆွန်ဖုန်းက စာရင်းဇယားများကို စစ်ဆေးကြည့်ရှုပြီး အနည်းငယ် ဆုံးမစကား ပြောကြားပြီးနောက် ပြန်ထွက်လာခဲ့သည်။ လက်ရှိတွင် စက်ရုံနှစ်ခုစလုံးမှာ လစဉ်လတိုင်း အော်ဒါများ ပြည့်နှက်နေသည်။ X အမျိုးအစား အထူးသံမဏိမှာ ပြည်တွင်းတွင် ဈေးကွက် ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ပြီး နာမည်အနည်းငယ် ရနေပြီဖြစ်သည်။ ဟိုင်ယန်မြို့တွင်တော့ ဈေးကွက်တစ်ခုလုံးကို လုံးဝ လွှမ်းမိုးထားနိုင်ပြီဖြစ်သည်။
ဟိုင်ယန်မြို့တွင် တစ်ရက်ခန့် နေထိုင်ပြီးနောက် နောက်တစ်နေ့တွင် ဆွန်ဖုန်းက ကားမောင်းကာ ဇာတိမြေသို့ ပြန်လာခဲ့လေသည်။
ညနေစောင်းအချိန်တွင် ဆွန်ဖုန်း အိမ်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ မိဘများက သူ ပြန်လာသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားကြသည်။ သို့သော်လည်း ချွေးမများကို အိမ်သို့ ခေါ်မလာခြင်းအပေါ် အနည်းငယ်တော့ အပြစ်တင်ကြလေသည်။ သေချာသည်ကတော့ ထိုအဘိုးအဘွား နှစ်ဦး အချစ်ဆုံးဖြစ်သော မြေးလေးများကိုလည်း မတွေ့ရသောကြောင့်ဖြစ်သည်။
ဤတစ်ကြိမ် နိုင်ငံတော်သို့ ပြန်လာရာတွင် ဆွန်ဖုန်း၌ လုပ်စရာ ကိစ္စများ ရှိနေသဖြင့် မိန်းမများကို ခေါ်လာရန် အဆင်မပြေပေ။ ထို့အပြင် သမီးလေး နှစ်ယောက်က အသက် တစ်လကျော်သာ ရှိသေးသဖြင့် ခရီးရှည် သွားလာရန် မသင့်တော်သေးပေ။ ဤမျှငယ်ရွယ်သေးသော ကလေးများအနေဖြင့် ခရီးပန်းမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"ဒီတစ်ခေါက် ပြန်လာတာ ဘယ်နှစ်ရက်လောက် နေမှာလဲ..."
ဆွန်ဖုန်း၏ ဖခင်က မေးလိုက်သည်။
"တစ်ပတ်လောက်တော့ နေဖြစ်မယ် ထင်တယ်..."
"ကောင်းပြီ... အဲ့ဒါဆိုရင်လည်း ဒီရက်ပိုင်း ဆွေမျိုးတွေအိမ် လည်လိုက်ဦးလေ..."
"ဟုတ်ကဲ့... သိပါပြီဗျ..."
ဖခင်ဖြစ်သူက သူ့ကို ဆွေမျိုးများထံ အလည်သွားခိုင်းခြင်းမှာ ကြီးပွားချမ်းသာလာသော်လည်း ဇာစ်မြစ်ကို မမေ့စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆွန်ဖုန်း ကောင်းစွာ သိထားသည်။
မည်သို့ပင်ဖြစ်စေ ယခု သူက ပိုက်ဆံရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်သစ်ကူးတုန်းက ဆွေမျိုးတစ်စုကို ယွမ်ငွေ သိန်းဂဏန်းလောက် ပေးခဲ့သည်။ ဤတစ်ခေါက် ပြန်လာချိန်တွင်လည်း အနည်းငယ် ထပ်ပေးလိုက်မည်ဖြစ်သည်။ ထိုငွေဖြင့် သူတို့ စီးပွားရေး လုပ်ချင်လုပ်၊ ဘာလုပ်လုပ် အဆင်ပြေစေရန် ဖြစ်သည်။
ဆွန်ဖုန်းက ဆွေမျိုးများထံ အလည်သွားရန် နှစ်ရက်ခန့် အချိန်ယူလိုက်ပြီးနောက် အိမ်တွင် လေးငါးရက်ခန့် နေထိုင်ကာ မြောက်ပိုင်းဒေသသို့ သွားရန် ပြင်ဆင်လိုက်သည်။
ပြောရမည်ဆိုလျှင် သူ ပေကျင်းမြို့သို့ တစ်ခါမှ မရောက်ဖူးသေးပေ။ ထိုဂျင်ဆင်းများက မြောက်ပိုင်းဒေသတွင် ပိုပေါသည် မဟုတ်ပါလား။ ထိုဘက်သို့ သွားရောက်ကာ အနည်းငယ်လောက် ရနိုင်မည့် အခွင့်အရေး ရှိမရှိ ရှာဖွေကြည့်ရမည်ဖြစ်သည်။
ယခင်လိုပင် လေယာဉ်ဖြင့် သွားခဲ့ရာ ဒုတိယနေ့တွင် ဆွန်ဖုန်းတစ်ယောက် ပေကျင်းသို့ ရောက်ရှိသွားခဲ့သည်။ ဤပေကျင်း မြို့တော်ကြီးက ဆွန်ဖုန်းကို ပေးစွမ်းသော ပထမဆုံး ခံစားချက်မှာ ကားပိတ်ခြင်းပင် ဖြစ်သည်။ သောက်ကျိုးနည်း တကယ်ကို ကားပိတ်လွန်းလှသည်။