အခန်း ၃၄၈
Vol. 35 Ch. 348
အခန်း ၃၄၈ - ဆေးဖက်ဝင်အပင်များ ဝယ်ယူခြင်း
'မြို့တော်ဆိုတာ မြို့တော်ပါပဲ... လူတွေရော ကားတွေရော အဆောက်အအုံတွေရော အရမ်းများတာပဲ...'
လေဆိပ်မှ အရှေ့ဘက်ခရိုင်သို့ သွားရာတွင် ဆွန်ဖုန်းအတွက် အချိန်နှစ်နာရီကျော် ကြာမြင့်သွားခဲ့သည်။ ထိုမျှကြာမြင့်သွားသည်မှာ ဘတ်စ်ကားစီးလာခြင်း မဟုတ်ဘဲ အငှားယာဉ်ဖြင့် လာခဲ့ခြင်းပင် ဖြစ်သည်။ ဆွန်ဖုန်းက အရှေ့ဘက်ခရိုင်ရှိ ပိုင်ချောင်ထန် ဟုခေါ်သော တိုင်းရင်းဆေးဆိုင်သို့ သွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ဤဆေးဆိုင်မှာ သက်တမ်းရင့် နာမည်ကြီး ဆိုင်တစ်ဆိုင်ဖြစ်ပြီး ရှားပါးသော ဆေးဖက်ဝင်အပင်များ ရှိနိုင်ကြောင်း သူ ကြားသိထားသည်။ သေချာသည်ကတော့ ဆွန်ဖုန်းအနေဖြင့် ယခင်က ဤဆေးဆိုင်အကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဤသည်မှာ စုန့်ကျဲ့ ဆိုသော ကောင်က သူ့ကို ညွှန်းပေးလိုက်ခြင်းသာ ဖြစ်သည်။
သက်တမ်း တစ်ထောင် လင်ဇီးမှို ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့်တိုင်အောင် သက်တမ်း တစ်ရာ လင်ဇီးမှိုလောက်ကတော့ ရှိနိုင်ကောင်း ရှိနိုင်ပေလိမ့်မည်။ အကယ်၍ သက်တမ်း တစ်ထောင် လင်ဇီးမှို မရရှိခဲ့ပါက သက်တမ်း တစ်ရာ လင်ဇီးမှို ဆယ်ပွင့်ဖြင့် အစားထိုး အသုံးပြုနိုင်ကြောင်း အသံလက်ထောက်က ဆွန်ဖုန်းကို ပြောပြထားသည်။ သေချာသည်ကတော့ သဘာဝအတိုင်း ပေါက်ရောက်သော အပင်များသာ ဖြစ်ရမည်ဖြစ်သည်။
"လူကြီးမင်း... ရောက်ပါပြီ..."
နောက်ဆုံးတွင် ဆွန်ဖုန်းတစ်ယောက် ကားပေါ်၌ အိပ်ငိုက်လုနီးပါး ဖြစ်နေချိန်တွင် အငှားယာဉ်က အရှေ့ဘက်ခရိုင်ရှိ ပိုင်ချောင်ထန် ဆေးဆိုင်ရှေ့သို့ ဆိုက်ရောက်လာခဲ့လေသည်။
"အော်... ရောက်ပြီလား..."
ဆွန်ဖုန်းက မျက်လုံးများကို ပွတ်သပ်လိုက်ပြီးနောက် ယာဉ်စီးခ ရှင်းပေးကာ ကားပေါ်မှ ဆင်းလာခဲ့သည်။ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပိုင်ချောင်ထန် ဆေးဆိုင်ကြီးကို တိုက်ရိုက် မြင်တွေ့လိုက်ရသည်။ ဤပိုင်ချောင်ထန် ဆေးဆိုင်ကြီးမှာ ရှေးဟောင်းအငွေ့အသက်များ အပြည့်အဝ လွှမ်းခြုံနေပြီး အဆောက်အအုံ၏ အသွင်အပြင်ကို ကြည့်ရုံဖြင့် သက်တမ်း အတော်လေး ကြာမြင့်နေပြီဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။
မြေညီထပ် ဧည့်ခန်းမသို့ ဝင်ရောက်သွားသောအခါ ဆွန်ဖုန်းက ဖောက်သည် အမြောက်အမြားကို တွေ့မြင်လိုက်ရသည်။ ဆေးလာဝယ်သူများ ရှိသကဲ့သို့ ဆေးခန်းလာပြသူများလည်း ရှိကြသည်။ ကြည့်ရသည်မှာ အတော်လေး နာမည်ကောင်းရထားသော တိုင်းရင်းဆေးဆိုင် တစ်ဆိုင်ဖြစ်ပုံရလေသည်။
"ညီမလေး... မင်းတို့ မန်နေဂျာ ဘယ်မှာလဲ... ကျွန်တော် သူ့ကို ဆွေးနွေးစရာလေး ရှိလို့..."
ဆွန်ဖုန်းက စာရင်းသွင်းသည့် ကောင်တာသို့ လျှောက်သွားလိုက်ပြီးနောက် မျက်နှာဝိုင်းဝန်းကာ ချစ်စဖွယ်ကောင်းသော ကောင်မလေးတစ်ဦးကို မေးလိုက်သည်။
"ကျွန်မတို့ မန်နေဂျာကို ရှာမလို့လား..."
စာရင်းသွင်း ကောင်တာမှ ထိုကောင်မလေးက ဆွန်ဖုန်း၏ အမေးကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ ဤနေရာသို့ လာသူတိုင်းက ဆေးခန်းလာပြသူများ မဟုတ်လျှင် ဆေးလာဝယ်သူများသာ ဖြစ်ကြရာ မန်နေဂျာကို ရှာပြီး ဘာလုပ်မည်နည်း။
"ဟုတ်တယ်... မင်းတို့ မန်နေဂျာကို ရှာမလို့... ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ်ပါ... ကျေးဇူးပြုပြီး သွားပေးပေးပါဦး..."
ဆွန်ဖုန်းက မိမိ၏ လိပ်စာကတ်ကို ထုတ်ကာ ထိုကောင်မလေးထံသို့ ကမ်းပေးလိုက်သည်။
"အော်... ဟုတ်ကဲ့ပါရှင်... မန်နေဂျာ အားမအား ကျွန်မ သွားမေးကြည့်ပေးပါ့မယ်..."
ပြောဆိုပြီးနောက် မျက်နှာဝိုင်းဝန်းသော ထိုကောင်မလေးက ဆိုင်နောက်ဘက်သို့ ဝင်သွားလေသည်။ ထိုအရာက ဆွန်ဖုန်းကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။
'သောက်ကျိုးနည်း... ငါက နိုင်ငံခြားမှာတောင် အတော်လေး နာမည်ကြီးနေပြီကို နိုင်ငံတွင်း ပြန်ရောက်လာတာတောင် ငါ့ကို မသိကြဘူးလား... ငါက ဒီနှစ်ရဲ့ လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်တောင် ဖြစ်နေပြီကို...'
ဆွန်ဖုန်း၏ ထိုလိပ်စာကတ်တွင် ဖုန်းရွေ့ စက်မှုလုပ်ငန်းစု၏ ဥက္ကဋ္ဌ ဟု ရေးသားထားလေရာ ပိုင်ချောင်ထန် ဆေးဆိုင်၏ မန်နေဂျာမှာ လိပ်စာကတ်ကို မြင်သည်နှင့် တစ်စက္ကန့်မျှပင် မနှောင့်နှေးရဲတော့ဘဲ ထိုမျက်နှာဝိုင်းဝန်းသော ကောင်မလေးနှင့်အတူ ဆွန်ဖုန်းကို တွေ့ဆုံရန် အပြေးအလွှား ထွက်လာခဲ့တော့သည်။
"မင်္ဂလာပါ မစ္စတာဆွန်... ကျွန်တော်က ပိုင်ချောင်ထန် ရဲ့ မန်နေဂျာ ဟယ်လျန် ပါ..."
မကြာမီမှာပင် ဆိုင်နောက်ဘက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာခဲ့ပြီး မျက်နှာပေါ်တွင် အပြုံးပန်းများ ဆင်မြန်းလျက် ဆွန်ဖုန်းထံသို့ လျှောက်လာကာ လက်ကမ်းပေးလိုက်သည်။ ဆွန်ဖုန်းကဲ့သို့သော သူဌေးကြီးများက ဤနေရာသို့ လာရောက်ခြင်းမှာ သေချာပေါက် တန်ဖိုးကြီးမားသော ဆေးဖက်ဝင်အပင်များကို လာရောက်ဝယ်ယူရန်သာ ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည်။
ဤသည်မှာ အလွန် ကြီးမားသော ဖောက်သည်ကြီး တစ်ဦးပင်ဖြစ်သည်။ အကယ်၍ ဆေးလာဝယ်ခြင်း မဟုတ်ဘဲ ဆေးခန်းလာပြခြင်း ဖြစ်မည်ဆိုလျှင်တောင်မှ ကြီးမားသော လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ်မည်မှာ သေချာလှသဖြင့် သူက မည်သို့လုပ် လစ်လျူရှုရဲမည်နည်း။
"မင်္ဂလာပါ..."
ဆွန်ဖုန်းကလည်း ထို ဟယ်လျန် ဆိုသူနှင့် ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် အဓိက အကြောင်းအရာကို တိုက်ရိုက် စတင်လိုက်သည်။
"ကျွန်တော်က သူငယ်ချင်း တစ်ယောက် ညွှန်းပေးလိုက်လို့ ရောက်လာတာပါ... ခင်ဗျားတို့ဆိုင်က နာမည်ကောင်းရထားသလို အချိတ်အဆက်လည်း အရမ်းများတယ်လို့ ကြားတယ်... ဒီတစ်ခေါက် ကျွန်တော်က တန်ဖိုးကြီးတဲ့ ရှားပါးဆေးပင် တချို့ကို ဝယ်ချင်လို့..."
"ဟားဟား... မစ္စတာဆွန်... ကျွန်တော်တို့ ပိုင်ချောင်ထန် က သက်တမ်း တစ်ရာရှိပြီဖြစ်တဲ့ နာမည်ကြီး ဆိုင်ဟောင်းကြီးပါ... တိုင်းရင်းဆေးပင်တွေနဲ့ ပတ်သက်လာရင်တော့ လုံးဝကို အကောင်းဆုံးပါပဲ... ဆယ်စုနှစ်ချီ သက်တမ်းရှိနေပြီဖြစ်တဲ့ ရှားပါး ဆေးပင် တချို့တောင်မှ ကျွန်တော်တို့ဆီမှာ သိုလှောင်ထားတာ ရှိပါတယ်..."
ဟယ်လျန် က ဆွန်ဖုန်းအား အထူးဧည့်ခန်းအတွင်းသို့ ဖိတ်ခေါ်သွားပြီးနောက် ယုံကြည်မှု အပြည့်ဖြင့် ရှင်းပြလေသည်။
"အဲ့ဒါဆိုရင်တော့ အတော်ပဲ... ဒီတစ်ခေါက် ကျွန်တော် ဝယ်ချင်တဲ့ ဆေးပင် သုံးမျိုး ရှိတယ်... သဘာဝ တောဂျင်ဆင်းရယ် လင်ဇီးမှိုရယ် နှင်းကြာပန်းရယ်... အဲ့ဒီ သုံးမျိုးကို တစ်မျိုး ဆယ်ပင်စီ လိုချင်တယ်..."
ဆွန်ဖုန်း၏ စကားပင် မဆုံးသေးမီမှာပင် ဟယ်လျန် ၏ အသက်ရှူသံများက မြန်ဆန်လာခဲ့တော့သည်။ ဤတစ်ကြိမ်တော့ တကယ့် အော်ဒါကြီး တစ်ခု ဖြစ်နေပြီဖြစ်သည်။ ဤဆေးဖက်ဝင် အပင်များထဲမှ မည်သည့်အရာကမျှ ဈေးပေါသော အရာများ မဟုတ်ကြပေ။
"ကောင်းပါပြီ... ဘာပြဿနာမှ မရှိပါဘူး မစ္စတာဆွန်... ကျွန်တော်တို့ ဆိုင်မှာ အတိအကျကို ပစ္စည်း လက်ကျန် ရှိနေပါတယ်..."
ဟယ်လျန် က ရင်ဘတ်ကို ပုတ်ကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော် လိုချင်တာက သက်တမ်း တစ်ရာ ရှိတဲ့ ဟာတွေနော်... ခင်ဗျားတို့ဆီမှာ ရှိလား မရှိဘူးလားတော့ မသိဘူး... ပိုက်ဆံကတော့ ပြဿနာ မဟုတ်ဘူး... အော် ဒါနဲ့... ကျွန်တော် တစ်ခုလောက် ထပ်မေးချင်သေးတယ်... ခင်ဗျားတို့ဆီမှာ သက်တမ်း တစ်ထောင် ရှိတဲ့ဟာတွေရော ရှိလား... တကယ်လို့ ရှိတယ်ဆိုရင် ကျွန်တော် ဈေးကောင်းပေးပြီး ဝယ်မယ်..."
ဆွန်ဖုန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဘာဗျ... သက်တမ်း တစ်ရာ ဟုတ်လား..."
ဟယ်လျန် တစ်ယောက် ဖောက်သည်ကြီး တစ်ဦးကို ရရှိလိုက်ပြီဟု ဝမ်းသာအားရ ဖြစ်နေချိန်တွင် ဆွန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာထားက ချက်ချင်း ပျက်ယွင်းသွားတော့သည်။ နောက်ပိုင်းမှ သက်တမ်း တစ်ထောင် ဆိုသည့် စကားကို ကြားလိုက်ရသောအခါ သူ အမှန်တကယ်ပင် ငိုချင်သွားတော့သည်။
'ဒီသူဌေးက ဝူရှာ သိုင်းဝတ္ထုတွေ ဖတ်တာ အရမ်းများနေလို့များလား... သက်တမ်း တစ်ထောင်တဲ့... ငါ့ကို လာနောက်နေတာလား...'
"မရှိဘူးလား... သက်တမ်း တစ်ထောင် မရှိရင်လည်း ကိစ္စမရှိပါဘူး... သက်တမ်း တစ်ရာ ရှိရင်လည်း ရပါတယ်..."
ဆွန်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟီးဟီး... မစ္စတာဆွန်... ဒီလိုပါ... သက်တမ်း တစ်ထောင် ရှိတဲ့ ဆေးပင်တွေဆိုတာ ဒီကမ္ဘာကြီးပေါ်မှာ လုံးဝ မရှိတော့ပါဘူး... အနည်းဆုံး လက်ရှိကမ္ဘာကြီးမှာတော့ အသုံးမဝင်တော့ပါဘူးဗျာ... ရှေးခေတ်တုန်းကဆိုရင်တော့ သက်တမ်း ရာနဲ့ချီတဲ့ ဆေးပင်တွေ ရှိနိုင်ကောင်း ရှိနိုင်ခဲ့ပါလိမ့်မယ်... ဒါပေမဲ့ အခုခေတ်မှာတော့ သဘာဝ ပတ်ဝန်းကျင် အခြေအနေတွေရယ် အလွန်အကျွံ တူးဖော်မှုတွေရယ်ကြောင့် သဘာဝအတိုင်း ပေါက်ရောက်တဲ့ သက်တမ်း တစ်ရာ ဆေးပင်တွေဆိုတာ အလွန်ကို ရှားပါးသွားပါပြီ... အင်း... မစ္စတာဆွန် လိုချင်တဲ့ သဘာဝ တောဂျင်ဆင်းနဲ့ လင်ဇီးမှို ဆိုရင် ကျွန်တော်တို့ ဆိုင်မှာတောင် နှစ်ပင် သုံးပင်လောက်ပဲ ရှိပါတော့တယ်... အဲ့ဒါတွေကလည်း ဆိုင်ရဲ့ အဖိုးတန် ရတနာတွေပါ... ဒီခေတ်ကြီးထဲမှာ သက်တမ်း ဆယ်စုနှစ်ချီ ရှိတဲ့ သဘာဝ ဆေးပင်တွေကို ဝယ်ယူရရှိနိုင်ဖို့ဆိုတာတောင် တော်တော်လေးကို ကံကောင်းနေပါပြီ..."
ဟယ်လျန် က ဆွန်ဖုန်းအား သေချာ ရှင်းပြလိုက်သည်။
"ဒီလိုကိုး..."
ဆွန်ဖုန်းက ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်ပျက်သွားတော့သည်။ မိမိက အဝေးကြီးမှ ပြန်ပြေးလာခဲ့သည်ကို လုံးဝ မရှိဘူးတဲ့လား။ သက်တမ်း တစ်ထောင်ဆိုသည်ကို ထားလိုက်ပါတော့။ သက်တမ်း တစ်ရာ ရှိသည်ကပင် အပင်အနည်းငယ်သာ ရှိသည်တဲ့လား။
ဆွန်ဖုန်းက တစ်မျိုးလျှင် ဆယ်ပင်စီ အတိအကျ လိုအပ်နေသည် မဟုတ်ပါလား။ သို့သော်လည်း သက်တမ်း တစ်ရာရှိသော သဘာဝ တောဂျင်ဆင်း ဆိုလျှင် ဂရမ် အနည်းငယ်မျှပင် တရုတ်ယွမ်ငွေ သန်းချီ၍ ဈေးပေါက်နေပြီဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူက ဆိုင်၏ အဖိုးတန် ရတနာဟု ပြောခြင်းမှာလည်း မမှားပေ။
"အဲ့ဒါဆိုရင် ခင်ဗျားတို့ဆိုင်မှာ တခြား အချိတ်အဆက်တွေများ မရှိဘူးလား... ဒါမှမဟုတ် တခြားဆိုင်တွေကိုရော မေးကြည့်ပေးလို့ မရဘူးလား... ဒီဆေးပင် သုံးမျိုးကို တစ်မျိုး ဆယ်ပင်စီ ကျွန်တော့်အတွက် ရှာပေးနိုင်မလား ဆိုတာကိုလေ..."
ဆွန်ဖုန်းက ဤကိစ္စရပ်များ၏ အဝင်အထွက်များကို ကောင်းစွာ မသိရှိသဖြင့် အခြားသူများကိုသာ အကူအညီ တောင်းရတော့မည်ဖြစ်သည်။ ထို့အပြင် ယခုအခါတွင် တရုတ်ယွမ်ငွေ သန်းဂဏန်း ဆယ်သန်းဂဏန်း ဆိုသည်မှာ ဆွန်ဖုန်းအတွက် ဘာမှ မဟုတ်တော့ပေ။
"မစ္စတာဆွန်... ကျွန်တော်တို့ဆိုင်က မေးကြည့်ပေးပါ့မယ်... လက်ရှိတော့ ဒီလိုပဲ လုပ်လို့ ရပါလိမ့်မယ်..."
ဟယ်လျန် က ပြောလိုက်သည်။
"ကောင်းပြီ... အဲ့ဒါဆို အခု ခင်ဗျားတို့ဆိုင်မှာ နှင်းကြာပန်းရယ် သဘာဝ တောဂျင်ဆင်းရယ် လင်ဇီးမှိုရယ် ဘယ်လောက် ရှိလဲ..."
ဆွန်ဖုန်းက မေးလိုက်သည်။
"နှင်းကြာပန်းကတော့ အပင် တစ်ရာကျော်လောက် ရှိပါတယ်... သဘာဝ တောဂျင်ဆင်းက သုံးပင်... လင်ဇီးမှိုက သုံးပင် ရှိပါတယ်... မစ္စတာဆွန် အကုန်လုံး ဝယ်မလို့လား..."
ဟယ်လျန် က မေးလိုက်သည်။
"အင်း... နည်းနည်းတော့ နည်းပေမယ့် အရင်ဆုံး ဝယ်ထားလိုက်ပါ့မယ်... အော် ဒါနဲ့... ကျွန်တော့်အတွက် သဘာဝ တောဂျင်ဆင်းနဲ့ သဘာဝ လင်ဇီးမှိုလို ဆေးပင်မျိုးတွေကို သေချာလေး စုံစမ်းပေးဖို့ မမေ့နဲ့ဦးနော်... တကယ်လို့များ သတင်းရရင် ကျွန်တော့်ဆီ ချက်ချင်း ဖုန်းဆက်လိုက်ပါ..."
သိုက်စန်း နှင်းကြာပန်းများမှာ နှစ်စဉ် ပွင့်လေ့ရှိသဖြင့် သက်တမ်း အပိုင်းအခြား မရှိကြောင်း ဆွန်ဖုန်း သိထားသည်။ လင်ဇီးမှိုနှင့် သဘာဝ တောဂျင်ဆင်း များသာလျှင် သက်တမ်း အပိုင်းအခြား ရှိကြသည်။
ဆွန်ဖုန်းက သိုက်စန်း နှင်းကြာပန်း အပင်နှစ်ဆယ်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ ရှိသမျှ သဘာဝ တောဂျင်ဆင်းနှင့် လင်ဇီးမှို များကိုတော့ အကုန် ဝယ်ယူလိုက်တော့မည်ဖြစ်သည်။ အသံလက်ထောက်က သက်တမ်းကို စစ်ဆေးအတည်ပြုပေးနိုင်သဖြင့် လိမ်လည်ခံရမည်ကို ဆွန်ဖုန်း လုံးဝ မစိုးရိမ်ပေ။
"ဟုတ်ကဲ့ပါ မစ္စတာဆွန်..."
မကြာမီမှာပင် ဆွန်ဖုန်းက ဤအဖိုးတန် ဆေးပင်များကို ယွမ်ငွေ ၇ သန်း ၈ သန်းခန့် အကုန်အကျခံကာ ဝယ်ယူလိုက်လေသည်။ ထိုအထဲတွင် သဘာဝ တောဂျင်ဆင်း သုံးပင်က တန်ဖိုးအကြီးဆုံး ဖြစ်ပြီး တစ်ပင်လျှင် ယွမ်ငွေ သန်းဂဏန်းခန့် တန်ဖိုးရှိသည်။ လင်ဇီးမှိုကတော့ တစ်ပင်လျှင် ယွမ်ငွေ သိန်းဂဏန်းသာ ရှိပြီး နှင်းကြာပန်းကတော့ ပို၍ပင် ဈေးပေါသေးသည်။
"မစ္စတာဆွန်... ဒီလိုပါဗျာ... ကျွန်တော့်ရဲ့ အတွေ့အကြုံအရဆိုရင် လင်ဇီးမှိုကို လိုက်ဝယ်ဖို့က နည်းနည်း ပိုလွယ်ကူနိုင်ပါတယ်... ဒါပေမဲ့ သက်တမ်း တစ်ရာ သဘာဝ တောဂျင်ဆင်း ကို ရှာဖို့ကတော့ တကယ်ကို ခက်ခဲပါလိမ့်မယ်... ဒီအရာက လက်ရှိအချိန်မှာ အရမ်းကို ရှားပါးနေပြီလေ... ချန်ပိုင်တောင်တန်း ဘက်မှာတောင် အခုဆိုရင် သဘာဝ တောဂျင်ဆင်း တွေက တစ်နေ့တခြား နည်းပါးလာနေပြီ... သက်တမ်း တစ်ရာ ရှိတဲ့ဟာမျိုးဆိုရင် ဒီရက်ပိုင်း နှစ်တွေအတွင်းမှာ လုံးဝကို မတွေ့ရတော့ဘူး..."
ဟယ်လျန် က ဆက်ပြောလိုက်သည်။
"ဒီလိုလား..."
ဆွန်ဖုန်းက ထိုစကားကို ကြားလိုက်ရသောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ဤအခြေအနေမျိုးကို သူလည်း အနည်းငယ် ကြားဖူးထားသည်။ မိမိကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ထိုဘက်သို့ သွားရောက် ရှာဖွေရတော့မည်လား။