အခန်း ၃၅၀
Vol. 35 Ch. 350
အခန်း ၃၅၀ - ငါ မတော်ဘူးလား
ဒီလို ရေနံမြေမျိုးမှာ ရေနံတွင်း တစ်တွင်း နှစ်တွင်းလောက်ကိုပဲ ရင်းနှီးမြှုပ်နှံပြီး စက်ဘီးကနေ ဆိုင်ကယ် ဖြစ်လာမလား ဆိုတာကို စမ်းသပ်ဖို့လောက်သာ သင့်တော်လေသည်။
အကယ်၍ ရေနံမြေ တစ်ခုလုံးကိုသာ ဝယ်ယူလိုက်မည်ဆိုပါက သေချာပေါက် ရှုံးနှိမ့်မည် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် အခြားသူများက ဒီလိုရေနံမြေမျိုးကို ဘာကြောင့် အလောတကြီး ရောင်းထုတ်ချင်နေမည်နည်း။
ဒီအချိန်တွင် စူးမေ တစ်ယောက် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေလေသည်။
အရင်တစ်ခေါက် စိန့်ဖုန်း ရေနံမြေတွင် ရင်းနှီးမြှုပ်နှံခဲ့စဉ်က စွန့်စားရမှု အလွန်ကြီးမားသော်လည်း မျှော်လင့်ချက် အနည်းငယ်တော့ ရှိခဲ့သေးသည်။ သို့သော် ယခုကဲ့သို့ တစ်ပတ်ရစ် ရေနံမြေကို ရင်းနှီးမြှုပ်နှံခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင် ဖြစ်လေသည်။
ဥပမာအားဖြင့် ဒီရေနံမြေရှိ ရေနံတွင်း အခုတစ်ရာထဲတွင် ဆယ်ဂဏန်းလောက်သာ အမြတ်ထွက်နိုင်ပြီး ကျန်သော တွင်းများအားလုံးမှာ ရေနံထွက်ရှိမှုထက် ရင်းနှီးမြှုပ်နှံရသည့် ကုန်ကျစရိတ်က အများကြီး ပိုမို များပြားနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့်သာ အသေးစား ရင်းနှီးမြှုပ်နှံသူများက ရေနံတွင်း တစ်တွင်း နှစ်တွင်းခန့်ကို ဝယ်ယူကာ စက်ဘီးမှ ဆိုင်ကယ် ဖြစ်လာမလား ဆိုသည်ကို စမ်းသပ် ရင်းနှီးမြှုပ်နှံလေ့ ရှိကြခြင်း ဖြစ်လေသည်။
"ဟားဟား ငါတို့ ဆေးမှားသောက်ထားတာ မဟုတ်ပါဘူး တကယ်တော့ ငါ့ရဲ့ ဖုန်းရွေ့ သုတေသန ဌာနက အဲဒီ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မင်းကို ပြောချင်တာပါ"
ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်လေသည်။ သူ့တွင် ရွှေလက်ချောင်း ရှိနေသဖြင့် မည်မျှပင် တူးဖော်ရန် ခက်ခဲသော ရေနံမြေဖြစ်ပါစေ သူ့ရှေ့တွင်တော့ အမှိုက်သာသာပင် ဖြစ်သည်။
ဒီမျှ အဆင့်မြင့်သော နည်းပညာများကို သူ မည်သို့ ပိုင်ဆိုင်ထားသနည်း ဆိုသည့် ပြဿနာကိုတော့ ဖုန်းရွေ့ သုတေသန ဌာနအပေါ်သို့သာ လွှဲချထားလိုက်လေသည်။
လွန်ခဲ့သော နှစ်ဝက်ခန့်ကတည်းက ဆွန်ဖုန်း၏ ဖုန်းရွေ့ သုတေသန ဌာနသည် ကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်များနှင့် ပတ်သက်သော စမ်းသပ်မှုများကို စတင် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
အမြဲတမ်းလိုလို အသံလက်ထောက် စနစ်က ကူညီပေးနေပြီး စက်ရုပ်များကတော့ သတင်းအချက်အလက်များ လက်ခံခြင်းနှင့် စမ်းသပ်မှုများ ပြုလုပ်ခြင်းတို့ကို တာဝန်ယူ လုပ်ဆောင်ကြသည်။ လက်ရှိအချိန်အထိ ကြီးမားသော အောင်မြင်မှုများ ရရှိနေပြီဟု ဆိုနိုင်လေသည်။
နောက်ထပ် ကိစ္စတစ်ခုမှာ ပင်လယ်ရေမှ မဂ္ဂနီဆီယမ် ထုတ်ယူခြင်း လုပ်ငန်းတွင်လည်း အောင်မြင်မှု အချို့ ရရှိနေပြီ ဖြစ်သည်။
သို့သော် ပင်လယ်ရေမှ မဂ္ဂနီဆီယမ် ထုတ်ယူခြင်းကို ဆွန်ဖုန်း လောလောဆယ် မလုပ်ဆောင်ချင်သေးပေ။ လက်ရှိတွင် သူ၏ ရန်ပုံငွေမှာ ဒေါ်လာ သန်း သုံးထောင် ရှိနေပြီ ဖြစ်သော်လည်း သူ လုပ်ဆောင်ရမည့် ကိစ္စများစွာ ရှိနေသေးသည်။
ဥပမာအားဖြင့် လက်ရှိတွင် ရေနံလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံချင်နေသည်။ အရာအားလုံးကို တစ်ဆင့်ချင်းစီ လုပ်ဆောင်ရမည် ဖြစ်ပြီး အလွန်အမင်း လျင်မြန်စွာ တိုးတက်လွန်းလျှင်လည်း မကောင်းလှပေ။
ထို့အပြင် ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်း လုပ်ငန်းမှာလည်း စတင်ခဲ့သည်မှာ သိပ်မကြာသေးသလို စိန်သတ္တုကြော တူးဖော်ရေးမှာလည်း စတင်ခဲ့သည်မှာ သိပ်မကြာသေးသောကြောင့် ဖြစ်လေသည်။
"တကယ်လား တကယ်လို့ အဲဒီလောက် ယုံကြည်မှု ရှိတယ်ဆိုရင်တော့ ကျွန်မ ကန့်ကွက်စရာ မရှိပါဘူး ဒါပေမဲ့ ကျွန်မတို့က ဘာလို့ တစ်ပတ်ရစ် ရေနံမြေမှာ ရင်းနှီးမြှုပ်နှံရမှာလဲ ကျွန်မတို့ဆီမှာ ဒေါ်လာ သန်း သုံးထောင်တောင် ရှိနေတာ အသစ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်တာ ပိုမကောင်းဘူးလား"
စူးမေက သံသယဖြင့် မေးလိုက်လေသည်။
"ဒါကို မင်း အများကြီး မေးနေစရာ မလိုပါဘူး မင်းရဲ့ ဦးနှောက်က တစ်နေကုန် မင်းရဲ့ အိုပါး ကိုပဲ တွေးနေတာလေ မင်း နားလည်မှာ မဟုတ်ပါဘူး ငါ့လို ဉာဏ်ကောင်းတဲ့ သူမှသာ ငါချလိုက်တဲ့ ဆုံးဖြတ်ချက်က မှန်သလား မှားသလား ဆိုတာကို သိနိုင်မှာ"
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်လေသည်။
"ရှင်က ဉာဏ်ကောင်းတယ် ဟုတ်လား အင်း ကောင်းပါပြီ တကယ်ကို နည်းနည်းတော့ တော်ပါတယ် နှစ်အနည်းငယ် အတွင်းမှာတင် ဒီလောက်ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းကြီးကို တည်ထောင်နိုင်ခဲ့တာပဲလေ ဒါပေမဲ့ ရှင်က ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ ပါရမီ ပါတယ် ဆိုတာကိုပဲ ကျွန်မ လက်ခံတယ် ပညာရပ်ပိုင်းတွေမှာတော့ ရှင်က တကယ့်ကို အညံ့စားလေးပဲ အင်္ဂလိပ်စာတောင် သေချာ မပြောတတ်ဘူး"
စူးမေက ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်လေသည်။
တကယ်တမ်းတော့ သူမကိုယ်တိုင်လည်း ဆွန်ဖုန်းမှာ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် အလွန် ပါရမီပါသည်ဟု တွေးမိသည်။ မည်သည့် ဆုံးဖြတ်ချက်မျိုးကို ချသည်ဖြစ်စေ အစပိုင်းတွင် အားလုံးက သူ့ကို အရူးဟု ထင်မှတ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သူ့ကို အထင်သေးခဲ့သူများသာ အရူးများ ဖြစ်သွားကြသည် မဟုတ်ပါလား။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် ဆွန်ဖုန်းက အမြဲတမ်း အမြတ်များများ ရရှိကာ အောင်မြင်သွားခဲ့သောကြောင့်ပင်။
သို့သော် စီမံခန့်ခွဲမှု ပညာရပ်နှင့် အခြားသော အသိပညာပိုင်းတွင်တော့ ဆွန်ဖုန်းမှာ တတိယတန်းစား တက္ကသိုလ် တစ်ခုမှ ဘွဲ့ရခဲ့သူ တစ်ဦးသာ ဖြစ်လေသည်။ အင်္ဂလိပ်စကားကိုပင် ကျွမ်းကျင်စွာ မပြောဆိုနိုင်ပေ။
ဒီတစ်နှစ်အတွင်း အတော်လေး တိုးတက်လာခဲ့သော်လည်း အရင်ကတော့ တကယ်ကို သေချာ မပြောတတ်ခဲ့ပေ။ ကနေဒါသို့ စတင် ရောက်ရှိလာချိန်က ဆိုလျှင် စူးမေကပင် ဘာသာပြန် အဖြစ် အမြဲတမ်း ကူညီပေးခဲ့ရခြင်း ဖြစ်လေသည်။
"ဘာလဲ မကျေနပ်ဘူးလား ငါက အဲဒီ စာကြမ်းပိုးတွေထက် အဆတစ်သောင်းလောက် ပိုမတော်ဘူးလား ဟွန့် ငါ့လို ထူးချွန်တဲ့သူကိုတောင် မင်းက သဘောမကျဘူးတဲ့လား"
ဆွန်ဖုန်းက ဟန်ဆောင် ဒေါသထွက်ပြကာ ပြောလိုက်လေသည်။
"အဲ... ဟိုလေ... ရှင် ဘယ်တော့ ပြန်လာမှာလဲ"
စူးမေက ဘာမှ မသိသလို ဟန်ဆောင်ကာ မေးလိုက်လေသည်။
"အရင်က ပြောပြီးပြီလေ ရက်အနည်းငယ် နေရင် ပြန်လာမှာပေါ့ မင်းက စကားလွှဲမနေနဲ့ ငါက စာကြမ်းပိုးတွေထက် အဆတစ်သောင်းလောက် ပိုမတော်ဘူးလား လို့"
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။
"အင်း ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်မရဲ့ ဘော့စ်က အတော်ဆုံးပါ ရပြီလား"
စူးမေက စကားမပြောချင်တော့သည့် ဟန်ဖြင့် ပြောလိုက်လေသည်။
"ဒါဆို မင်း ငါနဲ့ တွဲလေ"
"......"
စူးမေနှင့် စကား အနည်းငယ် ပြောပြီးနောက် ဆွန်ဖုန်းက ဖုန်းချလိုက်လေသည်။ စူးမေ ယူဆောင်လာပေးသော ဒီသတင်းက သူ့ကို အတော်လေး အံ့အားသင့်သွားစေသည်။
'တစ်ပတ်ရစ် ရေနံမြေ ဟွန့် ဟွန့်'
ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် လောဘရမ္မက် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
အကယ်၍ မိမိ တွေးထားသည်နှင့်သာ တကယ် တူညီနေမည် ဆိုပါက အနာဂတ်တွင် တစ်ပတ်ရစ် ရေနံမြေများကို ဝယ်ယူခြင်းက ရေနံမြေ အသစ်များကို ရင်းနှီးမြှုပ်နှံခြင်းထက်ပင် ပို၍ အမြတ်အစွန်း ရရှိနိုင်မည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် တစ်ပတ်ရစ် ရေနံမြေများ၏ တူးဖော်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များမှာ အလွန် ဈေးပေါမည်မှာ သေချာလှသည်။ အတွင်းတွင် ရေနံများလည်း အများအပြား ကျန်ရှိနေသေးသည်။ တူးဖော်ရန် ခက်ခဲခြင်း ဆိုသည်မှာ ဆွန်ဖုန်း အတွက်တော့ လုံးဝ ပြဿနာ မဟုတ်ပေ။
သုံးရက်မြောက်နေ့တွင် ဆွန်ဖုန်းသည် ပြည်တွင်းမှနေ၍ ကနေဒါသို့ ပြန်လာခဲ့လေသည်။ ဆေးဘက်ဝင် အပင်များနှင့် ပတ်သက်၍ ဆွန်ဖုန်းက လောလောဆယ် ဂရုမစိုက်သေးရန် ဆုံးဖြတ်လိုက်သည်။
အလျင်လိုသည်ဟု ဆိုလျှင်လည်း ဟုတ်ပါသည်။ ဆေးဘက်ဝင် အပင်များ အစုံအလင် ရရှိပါက အလယ်အလတ်အဆင့် မြှင့်တင်ရေး ဆေးရည်ကို မြန်မြန် ဖော်စပ်နိုင်မည် ဖြစ်သည်။ သို့သော် အလျင်လို၍လည်း မရပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် မရှိသော ရှားပါး ဒြပ်စင်များနှင့် ဆေးဘက်ဝင် အပင်များ အများအပြား ပါဝင်နေသောကြောင့်ပင်။
ဒီသုံးရက် အတွင်းတွင် စူးမေသည်လည်း ဆွန်ဖုန်း၏ ညွှန်ကြားချက်အတိုင်း အမေရိကန် ဝမ်လွန်း ရေနံကုမ္ပဏီနှင့် ဆက်သွယ်ကာ မိမိတို့ဘက်မှ ဆန္ဒကို အသိပေး ပြောကြားခဲ့လေသည်။
ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ ဒီလုပ်ရပ်က ဝမ်လွန်း ရေနံကုမ္ပဏီကို အလွန် အံ့အားသင့်သွားစေပြီး ဝမ်းသာပျော်ရွှင် သွားစေခဲ့လေသည်။
အမေရိကန် ရေနံကုမ္ပဏီ ဌာနချုပ်တွင် ဒါရိုက်တာ အဖွဲ့က ဒီသတင်းကို ရရှိသွားချိန်တွင် အလွန် အံ့အားသင့်သွားကြလေသည်။
ရောင်းရန် ကြေညာထားသည်မှာ နှစ်ဝက်ခန့် ရှိနေပြီ ဖြစ်သော ဒီတစ်ပတ်ရစ် ရေနံမြေကို ဝယ်ယူမည့်သူ ရှိလာလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။ သူတို့ အမြင်တွင် ဒီဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီမှာ စတင် တည်ထောင်ထားသည်မှာ သိပ်မကြာသေးသော ရေနံကုမ္ပဏီ တစ်ခုသာ ဖြစ်သော်လည်း သူတို့ အလွန် ဝမ်းသာနေကြသည်။
ခမ်းနား ထည်ဝါသော အစည်းအဝေး ခန်းမကြီး အတွင်းတွင် ဒါရိုက်တာ အချို့သာမက ဥက္ကဋ္ဌများ၊ အထွေထွေ မန်နေဂျာများ အားလုံး စုံညီစွာ ရောက်ရှိနေကြလေသည်။
ယခု သူတို့က ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီမှ နောက်တစ်ပတ်တွင် နယူးဖောင်လန် ရေပြင်ရှိ ဂျားလော့ ရေနံမြေသို့ လာရောက် လေ့လာမည့် ကိစ္စနှင့် ပတ်သက်၍ အစည်းအဝေး ပြုလုပ်နေကြခြင်း ဖြစ်သည်။
"အခြေအနေကို အားလုံး သိကြတဲ့အတိုင်းပဲ နောက်တစ်ပတ် နေရင် ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဆွန်ဖုန်း ကိုယ်တိုင် ဂျားလော့ ရေနံမြေကို လာရောက် လေ့လာပြီး ဆွေးနွေးမှာ ဖြစ်တယ် ကျွန်တော်တို့ တစ်ဖက်လူကို သဘောတူအောင် ပြောနိုင်မှ သူတို့က ဒီဂျားလော့ ရေနံမြေကို ဝယ်ယူဖို့ ဆုံးဖြတ်မှာပါ အားလုံး သိတဲ့အတိုင်း ကျွန်တော်တို့သာ ဒီဂျားလော့ ရေနံမြေကို ဆက်ပြီး တူးဖော်နေမယ် ဆိုရင် ရလာတဲ့ အမြတ်ထက် ကုန်ကျစရိတ်က ပိုများနေလိမ့်မယ် ဒါကြောင့် ဒီရေနံမြေကို ကျွန်တော်တို့ မဖြစ်မနေ ရောင်းထုတ်ပစ်ရမယ်"
"ဥက္ကဋ္ဌ လော်လီ ပြောတာ မှန်တယ် ဒီဆွန်ဖုန်းက တစ်ပတ်ရစ် ရေနံမြေကို ဘာလို့ ဝယ်ချင်နေတာလဲ ကျွန်တော်တို့ စားကြွင်းစားကျန် ဖြစ်တဲ့ ဒီလို တူးဖော်ဖို့ ခက်ခဲတဲ့ ရေနံမြေကို ဝယ်ဖို့ ဘယ်ကနေ ယုံကြည်မှုတွေ ရနေတာလဲ ဆိုတာကို ကျွန်တော်တို့ မသိပေမယ့် သူ အရူးပဲ ဖြစ်ဖြစ် ပိုက်ဆံတွေ များလွန်းလို့ သုံးစရာ နေရာမရှိလို့ပဲ ဖြစ်ဖြစ် ဒီတစ်ခေါက်တော့ ကျွန်တော်တို့ တစ်ဖက်လူကို သေချာပေါက် သဘောကျအောင် ဖျောင်းဖျရမယ် သူတို့ သဘောကျပြီး ဝယ်လိုက်တာနဲ့ ကျွန်တော်တို့က တိတ်တိတ်လေး ကြီးပွားသွားပြီပဲ"
"မမေ့ကြနဲ့ဦး ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီက လူတွေက ကျွန်တော်တို့ကို အရိပ်အမြွက် ပြောထားတယ် သူတို့က ရေနံတွင်း အနည်းငယ်လောက်ကိုပဲ ရိုးရိုးရှင်းရှင်း ဝယ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး တကယ်လို့ သင့်တော်မယ် ထင်ရင် ရေနံမြေ တစ်ခုလုံးကို ဝယ်ယူဖို့ ရည်ရွယ်ထားတာ"
ဒီအကြီးအကဲများက အချင်းချင်း အပြင်းအထန် ဆွေးနွေးနေကြလေသည်။
"ကောင်းပြီ ဒါဆိုရင်လည်း အစည်းအဝေးကို ဒီမှာပဲ ရပ်လိုက်ကြတာပေါ့ ဒီတစ်ခေါက် ကျွန်တော်တို့က မန်နေဂျာ ဒေးဗစ်ကို အဲဒီ ဆွန်ဖုန်းကို ဧည့်ခံဖို့ လွှတ်လိုက်မယ် ဒေးဗစ် ဒီတစ်ခေါက်တော့ မင်းရဲ့ စကားပြောစွမ်းရည် အပေါ်မှာပဲ မူတည်နေပြီ သေနေတဲ့ အရာကိုတောင် ရှင်လာအောင် ပြောနိုင်ပြီး အဲဒီ ဆွန်ဖုန်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့မယ် ဆိုရင် မင်းက ကြီးမားတဲ့ အကျိုးပြုမှု တစ်ခုကို လုပ်ဆောင်နိုင်ခဲ့တာပဲ"
ဒါရိုက်တာ တစ်ဦးက ဒေးဗစ်၏ ပခုံးကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ဒါရိုက်တာ ဇက်"
ဒေးဗစ်က ဘယ်လိုလုပ်ပြီး အလေးအနက် မထားဘဲ နေရဲမည်နည်း။
သို့သော် ယခုအချိန်တွင် သူ၏ ရင်ထဲတွင်တော့ အနည်းငယ် ခါးသက်နေလေသည်။ လွန်ခဲ့သော တစ်နှစ်ကျော်က သူ ဆွန်ဖုန်းကို လှောင်ပြောင်ခဲ့ဖူးသော်လည်း ယခုတော့ အမြီးကုပ်ကာ တစ်ဖက်လူ ပျော်ရွှင်အောင် ဖားယားရတော့မည် ဖြစ်ရာ သူ သွေးအန်ချင်စိတ်ပင် ပေါက်လာလေတော့သည်။