အခန်း ၃၅၁
Vol. 36 Ch. 351
အခန်း ၃၅၁ - ခွေးပုလေးတစ်ကောင်လို ဖားယားနေတဲ့ ဒေးဗစ်
ဆွန်ဖုန်းသည် နယူးဖောင်လန်၊ စိန့်ဂျွန်မြို့သို့ ပြန်ရောက်ပြီးနောက် ဇနီးနှင့် ကလေးများနှင့်အတူ နှစ်ရက်ခန့် အနားယူကာ ပျော်ရွှင်စွာ အချိန်ဖြုန်းခဲ့လေသည်။ တတိယမြောက်နေ့တွင်တော့ နယူးဖောင်လန် အနောက်မြောက်ဘက်ရှိ ဒန်ဒီ ဟုခေါ်သော မြို့တစ်မြို့သို့ ထွက်ခွာလာခဲ့သည်။ ထိုမြို့တွင် အမေရိကန် ဝမ်လွန်း ရေနံကုမ္ပဏီ၏ ရုံးခွဲတစ်ခု ရှိလေသည်။
ထိုနေရာတွင် ဝမ်လွန်း ရေနံကုမ္ပဏီမှ လူများက ဆွန်ဖုန်းကို ဧည့်ခံမည်ဖြစ်ပြီး ထိုအချိန်ကျလျှင် ဆွန်ဖုန်း အနေဖြင့် ထိုလူများနှင့်အတူ ဂျားလော့ ရေနံမြေသို့ သွားရောက်ကာ မြေပြင်အခြေအနေကို လေ့လာနိုင်မည် ဖြစ်သည်။
ဆွန်ဖုန်းနှင့်အတူ စူးမေးလည်း လိုက်ပါလာခဲ့ပြီး စိန့်ဖုန်း ရေနံမြေမှ ရှာဖွေရေး ကျွမ်းကျင်သူများ ဟု ဆိုသော လူငါးယောက် ခြောက်ယောက်ခန့်ကိုလည်း ဟန်ပြအနေဖြင့် ခေါ်ဆောင်လာခဲ့လေသည်။
ဆွန်ဖုန်းက ဒီရေနံမြေကို လာရောက် လေ့လာရာတွင် သူတစ်ယောက်တည်း လာခဲ့၍ မဖြစ်ပေ။ အနည်းဆုံးတော့ ရေနံမြေ အကြောင်း နားလည်သော သူအချို့ကို ခေါ်လာရမည် မဟုတ်ပါလား။
ထိုသို့မဟုတ်လျှင် တစ်ဖက်လူက သံသယ ဝင်သွားနိုင်လေသည်။ ပိုက်ဆံတွေ အရမ်းများနေပြီး ဘာမှ နားမလည်ဘဲ ဖြစ်သလို လျှောက်ဝယ်နေသည်ဟု ထင်သွားနိုင်ပေသည်။ ဒီတစ်ကြိမ် လိုက်ပါလာသော ကျွမ်းကျင်သူ ငါးယောက် ခြောက်ယောက်ခန့်၏ ခေါင်းဆောင်မှာတော့ ချားလ်စ် အမည်ရှိ အဘိုးကြီးပင် ဖြစ်လေသည်။
ဒန်ဒီမြို့သို့ ရောက်ရှိပြီးနောက် ဆွန်ဖုန်းနှင့် စူးမေး အပါအဝင် ထိုဝန်ထမ်း ငါးယောက် ခြောက်ယောက်တို့သည် ဟိုတယ်တစ်ခုတွင် တည်းခိုလိုက်ကြသည်။ ဒုတိယနေ့ ရောက်မှသာ ဝမ်လွန်း ရေနံကုမ္ပဏီ ရုံးခွဲသို့ သွားရောက်ကာ ထိုလူများနှင့် သွားရောက် တွေ့ဆုံမည် ဖြစ်သည်။
ချားလ်စ် တစ်ယောက် ဟိုတယ်သို့ ရောက်ရောက်ချင်း ဆွန်ဖုန်းကို မြင်သည်နှင့် ချက်ချင်းပင် မေးလိုက်လေသည်။
"ဘော့စ် ဘာလို့များ ဒီလို တစ်ပတ်ရစ် ရေနံမြေမှာ ရင်းနှီးမြှုပ်နှံချင်ရတာလဲ တကယ် မတန်ပါဘူး"
ချားလ်စ်က စိုးရိမ်တကြီးဖြင့် တားမြစ်နေသည်ကို မြင်သောအခါ ဆွန်ဖုန်းက အသာအယာ ပြုံးကာ ပြောလိုက်လေသည်။
"ရပါပြီ ချားလ်စ်ရာ မင်းရဲ့ ဘော့စ်က ကိုယ့်အတိုင်းအတာနဲ့ကိုယ် သိပါတယ် စိတ်ချပါ ငါက ရှုံးမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူး နောက်ရက် အနည်းငယ် နေရင်တော့ မင်း ငါ့ကို ဒီရေနံမြေ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို သေချာ ကြည့်ပေးရမယ်"
"ဘော့စ် ဒါပေမဲ့"
ချားလ်စ်သည် မိမိ၏ ဘော့စ်က စကားကို နားမထောင်သည်ကို မြင်သောအခါ အနည်းငယ် သက်ပြင်းချလိုက်မိသည်။ သူ ဆက်လက်၍ ဖျောင်းဖျချင်သေးသော်လည်း ဆွန်ဖုန်းနှင့် စူးမေးတို့မှာ အဝေးသို့ ရောက်သွားခဲ့ပြီ ဖြစ်လေသည်။
ချားလ်စ်၏ တားမြစ်ချက်များကို ဆွန်ဖုန်းက သိမြင်နားလည်ပါသည်။ ဒီလို တစ်ပတ်ရစ် ရေနံမြေမျိုးကို ရင်းနှီးမြှုပ်နှံခြင်းက သေချာပေါက် အရှုံးပေါ်မည်ဟု ချားလ်စ်က ယူဆနေကြောင်းကိုလည်း သူ သိသည်။ ထို့ကြောင့်သာ ဆွန်ဖုန်းကို ရင်းနှီးမြှုပ်နှံခြင်း မပြုရန် တားမြစ်နေခြင်း ဖြစ်သည်။ သို့သော် မိမိတွင် ရာခိုင်နှုန်းပြည့် သေချာမှု ရှိနေကြောင်းကိုတော့ ဆွန်ဖုန်း အနေဖြင့် ထိုလူများကို ပြောပြမည် မဟုတ်ပေ။
ဟိုတယ် အပြင်သို့ ထွက်လာချိန်တွင် စူးမေးက ဆွန်ဖုန်းကို ပြောလိုက်လေသည်။ သူတို့ နှစ်ယောက်က အပြင်သို့ထွက်ကာ လမ်းလျှောက်လည်ပတ်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
"ရှင် ကြည့်လေ ဒီအလုပ်ကို ဆယ်နှစ်ချီ လုပ်လာတဲ့ လူတွေတောင် ရှင့်ကို သတိထားဖို့ သတိပေးနေကြတာ ရှင် သူတို့ရဲ့ အကြံဉာဏ်တွေကို တစ်ချက်လောက် စဉ်းစားကြည့်သင့်တယ် မထင်ဘူးလား"
"မလိုပါဘူး မင်းကလည်း အပိုတွေ လျှောက်ပြီး စိတ်ပူမနေပါနဲ့ ဒီဒန်ဒီမြို့ရဲ့ ရှုခင်းတွေကိုပဲ ငါနဲ့အတူ လိုက်ခံစားပေးတာက ပိုကောင်းပါတယ်"
ဆွန်ဖုန်းက စူးမေး၏ တင်ပါးကို တစ်ချက် ပုတ်လိုက်ရာ စူးမေး တစ်ယောက် ရှက်ရွံ့ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်လေတော့သည်။
ဒုတိယနေ့တွင်တော့ ဆွန်ဖုန်းသည် စူးမေး၊ ချားလ်စ်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ဝမ်လွန်း ရေနံကုမ္ပဏီ ရုံးခွဲ အတွင်းသို့ ရောက်ရှိလာခဲ့လေသည်။ ဒီနေရာတွင် ဆွန်ဖုန်းက ယခင်က သူနှင့် တွေ့ဆုံဖူးသူ တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ အရင်က သူ့ကို လှောင်ပြောင်ခဲ့ဖူးသော အမေရိကန်လူမျိုး ဒေးဗစ်ပင် ဖြစ်လေသည်။
ဧည့်ခန်းမ အတွင်းတွင် ဆွန်ဖုန်းတို့ အဖွဲ့သည် မိန်းမလှလေး တစ်ဦး၏ လမ်းညွှန်မှုဖြင့် ရောက်ရှိလာခဲ့သည်။ အထဲသို့ ဝင်လိုက်သည်နှင့် ဒေးဗစ်က အပြုံးမျက်နှာဖြင့် ပြေးလာကာ ဆီးကြိုလိုက်လေသည်။
"မင်္ဂလာပါ မစ္စတာဆွန်ဖုန်း ကျွန်တော်က ဝမ်လွန်း ရေနံကုမ္ပဏီ ပရောဂျက် ဌာနရဲ့ အထွေထွေ မန်နေဂျာ ဒေးဗစ် ပါ"
ဒေးဗစ်က သူ၏ အိုမင်းနေသော မျက်နှာကြီးကို ပန်းပွင့်ကြီး တစ်ပွင့်အလား ဖြီးဖြဲကာ ဆွန်ဖုန်းကို လှိုက်လှဲစွာ ကြိုဆိုလျက် ပြောလိုက်လေသည်။ ထို့အပြင် ကိုယ်ကို ကိုင်းညွှတ်ကာ ဆွန်ဖုန်းနှင့် လက်ဆွဲ နှုတ်ဆက်ရန် သူ၏ လက်ကိုပါ ကမ်းပေးထားလေသည်။
"ဟားဟား မန်နေဂျာ ဒေးဗစ် မတွေ့ရတာ ကြာပြီပဲ"
ဆွန်ဖုန်းက လက်ပြန်မကမ်းပေးဘဲ ဒေးဗစ်ကို ပြုံးစစဖြင့် ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
'အရင်တစ်ခေါက်က မင်း တော်တော်လေး မောက်မာနေခဲ့တာ မဟုတ်ဘူးလား အခုကျတော့ ဘာလို့ ငါ့ကို မလှောင်တော့တာလဲ ဘာလို့များ ငါ့ရှေ့မှာ အောက်ကျနောက်ကျ လာခံနေရတာလဲ' ဟု သူ တွေးလိုက်မိသည်။
ယခုအချိန်တွင် ဆွန်ဖုန်း အနေဖြင့် အလွန် ရယ်ချင်စရာ ကောင်းနေသည်ဟု ခံစားနေရလေသည်။
"ဟားဟား မတွေ့ရတာ ကြာပါပြီ မစ္စတာဆွန် အထဲကို ကြွပါ"
ဆွန်ဖုန်းက လက်ဆွဲ မနှုတ်ဆက်သဖြင့် လေထဲတွင် ကန့်လန့်ကြီး ဖြစ်နေသော ဒေးဗစ်၏ လက်အစုံမှာ တောင့်တင်းသွားပြီး သူ အလွန် အနေရခက်သွားရလေသည်။ ဤသည်မှာ သူ၏ ဘဝတွင် လူအများရှေ့ မျက်နှာပြောင်တိုက် အရှက်ခွဲခံရခြင်း အကြိမ်ရေ အနည်းငယ်ထဲမှ တစ်ကြိမ်ပင် ဖြစ်သည်။ ပြုံးနေသော မျက်နှာကို လက်နှင့် မရိုက်ရ ဆိုသော စကား ရှိသော်လည်း ဆွန်ဖုန်းကတော့ သူ့ကို တကယ်ပင် ရိုက်ချလိုက်သည် မဟုတ်ပါလား။
သို့သော် ဒေးဗစ် ဆိုသည်မှာ ဘယ်လို လူမျိုးနည်း။ အခြေအနေ မျိုးစုံကို ဖြတ်သန်း ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည်။ ဆွန်ဖုန်းက သူ့ကို အဖက်မလုပ်သော်လည်း သူ၏ ရင်ထဲတွင် ဒေါသထွက်နေသော်ငြား မျက်နှာပေါ်တွင်တော့ အပြုံးများ မပျက်စေဘဲ ဆွန်ဖုန်းတို့ အဖွဲ့ကို အထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။
"ကောင်းပြီ"
ဆွန်ဖုန်းက ပြောလိုက်သည်။ ထိုင်ခုံတွင် နေရာယူပြီးနောက် နှစ်ဖက်စလုံး ယဉ်ကျေးမှုအရ စကား အနည်းငယ် ပြောဆိုကြပြီးနောက် ဒေးဗစ်က ဆွန်ဖုန်းကို ပြောလိုက်လေသည်။
"မစ္စတာဆွန် အခု ကျွန်တော်က ဂျားလော့ ရေနံမြေ အကြောင်းကို အကြမ်းဖျင်း ရှင်းပြပေးမယ် ဘယ်လိုလဲ"
"ကောင်းတာပေါ့"
ဆွန်ဖုန်းက ခေါင်းညိတ် ပြလိုက်လေသည်။
အားလုံး ပြင်ဆင်ပြီးစီးသွားသောအခါ ဒေးဗစ် ကိုယ်တိုင် ထွက်လာပြီး ပရိုဂျက်တာကို အသုံးပြုကာ ဂျားလော့ ရေနံမြေနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ပြသရင်း ဆွန်ဖုန်းကို စတင် ရှင်းပြတော့သည်။
ရှင်းပြနေသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင်တော့ လိမ်လည် လှည့်စားနေခြင်းသာ ဖြစ်သည်။ ယခု သူက ဆွန်ဖုန်းကို လိမ်လည် လှည့်စားနေခြင်း ဖြစ်လေသည်။ ဂျားလော့ ရေနံမြေက ဘယ်လောက် ကောင်းမွန်ကြောင်း၊ ဘယ်လောက် အကျိုးအမြတ် ရနိုင်ကြောင်းများကို အမွှမ်းတင်ကာ ပြောဆိုနေလေသည်။
သူ၏ ရင်ထဲတွင်တော့ အေးစက်စက် ရယ်မောနေမိသည်။
'ဟွန့် မင်းလို ငတုံးကမှ ဒီဂျားလော့ ရေနံမြေလို တစ်ပတ်ရစ် ရေနံမြေကို လာဝယ်မှာ ငါတို့ စားလို့ကျန်တဲ့ အကြွင်းအကျန်တွေကို လာစားတာပေါ့' ဟု သူ တွေးလိုက်မိသည်။
ယခုအချိန်တွင် ဒေးဗစ်က ဆွန်ဖုန်း တစ်ယောက် ဒီဂျားလော့ ရေနံမြေကို ချက်ချင်း ဝယ်ယူရန် ဆုံးဖြတ်လိုက်ဖို့ အလွန် မျှော်လင့်နေလေသည်။ ထိုသို့ ဖြစ်လာပါက သူ အလွန် ဝမ်းသာသွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက ဆွန်ဖုန်းကို အောင်မြင်စွာ ဂျင်းထည့်နိုင်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ထိုသို့သာ ဆိုလျှင် ခုနက သူ ခံစားခဲ့ရသော ဒေါသများ အားလုံးကို တစ်ပြိုင်နက်တည်း လက်စားချေနိုင်သွားပြီ ဖြစ်လေသည်။ မိမိက အခြားသူကို ဂျင်းထည့်ရခြင်းက အတော်လေး ပျော်စရာ ကောင်းသည် မဟုတ်ပါလား။ အထူးသဖြင့် အခြားသူအတွက် တွင်းနက်ကြီး တစ်တွင်း တူးပေးလိုက်ရခြင်းက ပို၍ပင် ကျေနပ်စရာ ကောင်းလှသည်။
"ဂျားလော့ ရေနံမြေရဲ့ ရေနံ သိုလှောင်မှု ပမာဏက အကြမ်းဖျင်းအားဖြင့် ရေနံစည်ပေါင်း သန်း ၅၅၀ လောက် ရှိပါတယ် ရေနံမြေ တစ်ခုလုံးရဲ့ ပျမ်းမျှ ပင်လယ်ရေ အနက်က မီတာ တစ်ထောင်ပဲ ရှိပါတယ် အဲဒီအထဲမှာ မြေပြင် ဖွဲ့စည်းပုံ တစ်ဝက်က သာမန် ကျောက်လွှာတွေ ဖြစ်ပြီး ကျန်တဲ့ တစ်ဝက်ကတော့ မြေလွှာကျောက်တွေ ဖြစ်ပါတယ် ကျွန်တော်တို့ ကုမ္ပဏီက လောလောဆယ် ရေနံလွှာရဲ့ သတ္တမပုံ နှစ်ပုံကိုပဲ တူးဖော်ထားရပါသေးတယ် ကျန်တဲ့ သတ္တမပုံ ငါးပုံကတော့ လုံးဝ မတူးဖော်ရသေးပါဘူး အဲဒီ သတ္တမပုံ ငါးပုံထဲက အနည်းဆုံး နှစ်ပုံက မြေလွှာကျောက်တွေ မဟုတ်ပါဘူး ဒါကြောင့် ဒေါ်လာ ၁.၅ ဘီလီယံ နဲ့ ဒီတူးဖော်ခွင့်ကို ဝယ်လိုက်မယ် ဆိုရင် လုံးဝ မရှုံးပါဘူး ခင်ဗျား အနေနဲ့ နှစ်သုံးဆယ် တူးဖော်ခွင့် ရရှိမှာပါ"
ဒေးဗစ်က ဆွန်ဖုန်းတို့ကို မိတ်ဆက် ရှင်းပြနေလေသည်။
"အင်း အခြေခံ အချက်အလက်တွေကိုတော့ ငါ နားလည်ပါပြီ ငါ့အနေနဲ့ မြေပြင် အခြေအနေကို သွားရောက် လေ့လာပြီးမှ မင်းတို့ရဲ့ ဂျားလော့ ရေနံမြေကို ဝယ်သင့် မဝယ်သင့် သေချာ ဆုံးဖြတ်ရမယ် ထင်တယ်"
ဆွန်ဖုန်းက ဒေးဗစ်ကို စိတ်မရှည်သည့် ဟန်ဖြင့် လက်ဝှေ့ယမ်းပြကာ ဆက်ပြောနေစရာ မလိုတော့ကြောင်း အချက်ပြလိုက်လေသည်။
"ဟားဟား မစ္စတာဆွန်ဖုန်း ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့ သေချာပေါက် ဖြည့်ဆည်းပေးမှာပါ ဒါဆို ဒီလို လုပ်ကြတာပေါ့ ကျွန်တော်တို့ မနက်ဖြန် ဂျားလော့ ရေနံမြေကို သွားကြမယ် ဘယ်လိုလဲ"
ဒေးဗစ် တစ်ယောက် အားပါးတရ ရှင်းပြနေစဉ် ဆွန်ဖုန်းက ဖြတ်ပြောလိုက်သဖြင့် သူ အလွန် မျက်နှာပျက်သွားရလေသည်။ သို့သော် သူက ဒေါသ မထွက်ရဲဘဲ အပြုံးမျက်နှာဖြင့် ဆွန်ဖုန်းကို ဆက်လက် ပြောလိုက်လေသည်။
"ကောင်းပြီ ရတယ် မနက်ဖြန် ငါတို့ သွားကြည့်ကြတာပေါ့ ဒီလိုဆိုမှတော့ ငါတို့ အရင် သွားနှင့်တော့မယ်"
ဆွန်ဖုန်းက ပြောပြီးသည်နှင့် အစည်းအဝေး ခန်းမ အတွင်းမှ ခပ်သုတ်သုတ် ထွက်ခွာသွားလေတော့သည်။
ဆွန်ဖုန်း ထွက်သွားသည်ကို မြင်သောအခါ ဒေးဗစ်၏ မျက်လုံးထဲတွင် အမုန်းတရားများ ထွက်ပေါ်လာလေသည်။
'ဟွန့် မင်း နောင်တရစေရမယ်' ဟု ဒေးဗစ်က စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။
ယနေ့တွင် သူက ခွေးပုလေး တစ်ကောင်လို ဆွန်ဖုန်းရှေ့တွင် အမြီးတနှံ့နှံ့ဖြင့် ဖားယားနေခဲ့ရသည်။ ဤအခြေအနေက သူ့ကို အလွန် အရှက်ရစေသည်။ အကယ်၍ အထက်လူကြီးများက သူ့ကို ဆွန်ဖုန်း သဘောကျအောင် လုပ်ရမည်ဟု တာဝန် ပေးမထားပါက သူက ဆွန်ဖုန်းကို ဂရုစိုက်နေမည်ပင် မဟုတ်ပေ။
"မန်နေဂျာ ဒီဖုန်းရွေ့ စက်မှုလုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဆွန်ဖုန်းက ကျွန်တော်တို့ရဲ့ ဂျားလော့ ရေနံမြေကို တကယ် ဝယ်ချင်နေလိမ့်မယ်လို့ မထင်ထားဘူး မန်နေဂျာ့ အထင် သူက အရူးများလား ဒါမှမဟုတ် ပိုက်ဆံတွေ များလွန်းလို့ သုံးစရာ နေရာမရှိ ဖြစ်နေတာလား"
"ငါ့အမြင်ကို ပြောရရင်တော့ ဒီလို စီးပွားရေး ပါရမီရှင် ဆိုတဲ့ သူတွေရဲ့ ကမ္ဘာကို ငါတို့ နားမလည်နိုင်ပါဘူး ဒါပေမဲ့ ဝန်ခံရမှာက ဒီဆွန်ဖုန်းမှာ အခု ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေက တကယ်ကို ကြီးမားတယ် ဆိုတာပဲ ဟို ရွှေသင်္ဘော အုပ်စု လေလံပွဲ တစ်ခုတည်းနဲ့တင် သူက ဒေါ်လာ ဘီလီယံချီ အမြတ်ရသွားခဲ့တာလေ"
"တစ်ပတ်ရစ် ရေနံမြေမှာ ရင်းနှီးမြှုပ်နှံရင် သေချာပေါက် ရှုံးမယ် ဆိုတာကို ဘယ်သူက မသိလို့လဲ တစ်ခုလုံးကို ဝယ်ဖို့ဆိုတာ လုံးဝ မသင့်တော်ပါဘူး ဒီဆွန်ဖုန်းက ကြည့်ရတာ တကယ် သတ္တိကောင်းတာပဲ"
ဆွန်ဖုန်း ထွက်သွားပြီးနောက် ဝမ်လွန်း ရေနံကုမ္ပဏီမှ အစည်းအဝေး တက်ရောက်ခဲ့သူများက မနေနိုင်ဘဲ ဝိုင်းဝန်း ဆွေးနွေးကြလေတော့သည်။
"ကဲ တော်ကြတော့ မင်းတို့တွေ သွားပြင်ဆင်ကြတော့ မနက်ဖြန် သူတို့ကို ခေါ်ပြီး မြေပြင်ကွင်းဆင်း လေ့လာရမယ် အဲဒီအချိန်ကျရင် အလုပ်သမားတွေကို မျက်စိရှင်ရှင် ထားဖို့ ပြောထားကြ နားလည်လား"
ဒေးဗစ်က ထိုလူများကို ကြည့်ကာ ညွှန်ကြားလိုက်လေသည်။
"နားလည်ပါပြီ အထွေထွေ မန်နေဂျာ”