← Chapters

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း ၃၅၄ သဘောမတူဘူး

ဖီးလက်စ်၏ စကားကို ကြားပြီးနောက် သူသာ ဒီနောက်ဆုံး တောင်းဆိုချက်ကို သဘောမတူပါက အရင်ပြောခဲ့သမျှ အားလုံး အလကားဖြစ်သွားပြီ မဟုတ်ပါလား။

'သောက်ကျိုးနည်း ဒီအဘိုးကြီးက ငါ့ကို ဂျင်းထည့်တာပဲ အလကား မျှော်လင့်ချက်တွေ ပေးပြီး အပျော်ကြီး ပျော်အောင် လုပ်သွားတာ' ဟု ဆွန်ဖုန်း တွေးလိုက်မိသည်။

အရင်တုန်းက ဒီအဘိုးကြီးက ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူမည့် စက်ရုံအသစ် တစ်ခုကို ရင်းနှီးမြှုပ်နှံမည်ဟု ပြောခဲ့သည်။ သူက အရင်းအနှီး ထုတ်မည်၊ မိမိက နည်းပညာ ထုတ်မည် ဟု ဆိုခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဒီလို ကွက်ကျော်ရိုက်သွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

တကယ်ပါပဲ ဒီစီးပွားရေး လုပ်ငန်းရှင်ကြီးများ ဆိုသည်မှာ ဘယ်သောအခါမှ လွယ်ကူသော သူများ မဟုတ်ကြပေ။ ကြည့်ရသည်မှာ အရင်က သူ တစ်ဖက်သတ် တွေးပြီး ပျော်နေခဲ့ခြင်းသာ ဖြစ်သည်။ မိမိထံသို့ ဒီလောက် ကောင်းမွန်သော အခွင့်အရေးကြီး ကျရောက်လာပြီဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်လေသည်။

ဆွန်ဖုန်း၏ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားသည်ကို မြင်သောအခါ ဖီးလက်စ်က ပြုံးကာ မေးလိုက်လေသည်။

"ဘယ်လိုလဲ ဒေါ်လာ သန်း ၅၀၀ ဆိုတာ မနည်းဘူးနော် ပြီးတော့ မင်းက ငါ့ရဲ့ ဒီစကားကို သဘောတူလိုက်တာနဲ့ ငါ ရင်းနှီးမြှုပ်နှံမယ့် စက်ရုံရဲ့ အရွယ်အစားက သေချာပေါက် ဒေါ်လာ ၁.၅ ဘီလီယံ အထက်မှာ ရှိတဲ့ စူပါ စက်ရုံကြီး ဖြစ်လာမှာ ဘယ်လိုလဲ အဲဒီအချိန်ကျရင် စက်ရုံ လည်ပတ်ပြီး ရလာတဲ့ အမြတ်ကို မင်းက ၅၀ ရာခိုင်နှုန်းတောင် ရဦးမှာနော် ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ အမြတ်အစွန်းလဲ စဉ်းစားကြည့် မမေ့နဲ့ မင်းက ဘာမှ ထုတ်စရာ မလိုဘဲ နည်းပညာ တစ်ခုတည်း ထုတ်ရုံပဲ"

ဆွန်ဖုန်းက ဖီးလက်စ်၏ အပြုံးကို ကြည့်ကာ မည်သို့ပင် ကြည့်စေကာမူ လူကို အရိုးမကျန် ဝါးမျိုစားသောက်မည့် အကောင် တစ်ကောင်နှင့် တူနေသည်ဟု ခံစားလိုက်ရသည်။

အကယ်၍ မိမိက X2 အမျိုးအစား စုပ်ယူရေး ပစ္စည်း ထုတ်လုပ်သည့် ဖော်မြူလာကို တစ်ဖက်လူထံ ပေးအပ်လိုက်ပါက တစ်ဖက်လူ အနေဖြင့် မည်မျှ ကြီးမားသော အကျိုးအမြတ်များ ဖန်တီးယူမည်ကို မသိနိုင်တော့ပေ။

သိထားရမည်မှာ တစ်ဖက်လူက ကမ္ဘာ့ထိပ်တန်း လုပ်ငန်းစုကြီး တစ်ခု ဖြစ်လေသည်။ အဲဒီအချိန်ကျရင် သူတို့က ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူမည့် စက်ရုံ အများအပြားကို တည်ဆောက်လိုက်ပါက သူတို့ကသာ တကယ့် အမြတ်ကြီးစားများ ဖြစ်သွားမည် မဟုတ်ပါလား။

"နိုး နိုး နိုး တကယ်လို့ ဒီလိုမျိုး ဆိုရင်တော့ ထားလိုက်ပါတော့ X2 အမျိုးအစား စုပ်ယူရေး ပစ္စည်း ဆိုတာက ကျွန်တော့်ရဲ့ အသက်သွေးကြောပဲ အဲဒါကိုတော့ ကျွန်တော် လုံးဝ ရောင်းမှာ မဟုတ်ဘူး"

ဆွန်ဖုန်းက ခေါင်းခါကာ ငြင်းဆန်လိုက်လေသည်။

သူ၏ လက်ထဲတွင် ဒီ X2 အမျိုးအစား စုပ်ယူရေး ပစ္စည်း ရှိနေသရွေ့ မိမိတွင် ရန်ပုံငွေ လုံလောက်လာသော အချိန်ကျပါက ယူရေနီယမ် ဈေးကွက် တစ်ခုလုံးကို လက်ဝါးကြီးအုပ်နိုင်မည် ဖြစ်လေသည်။ မမေ့သင့်ပေ သူ၏ ယူရေနီယမ် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ အခြားသူများ၏ ၆၀ ရာခိုင်နှုန်းသာ ရှိလေသည်။

"ဆွန်ဖုန်း မင်း တကယ်ပဲ ငါနဲ့ မပူးပေါင်းတော့ဘူးလား သိထားဖို့က ငါ ကမ်းလှမ်းထားတဲ့ ဒီအခြေအနေတွေနဲ့ တောင်းဆိုချက်တွေက မင်းကို လုံးဝ ဂျင်းထည့်နေတာ မဟုတ်ဘူးနော်"

ဖီးလက်စ်က ဆွန်ဖုန်း၏ ငြင်းဆန်မှုကို ကြားပြီးနောက် အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက ဒီမျှလောက် ကောင်းမွန်သော အခွင့်အရေးကို ကမ်းလှမ်းထားပါလျက်နှင့် ဆွန်ဖုန်းက ချက်ချင်း ငြင်းပယ်လိုက်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

"ဖီးလက်စ် ခင်ဗျား ကမ်းလှမ်းတဲ့ အချက်တွေက တကယ်ကို မဆိုးပါဘူး ဒါပေမဲ့ ကျွန်တော်က လောလောဆယ် X2 အမျိုးအစား စုပ်ယူရေး ပစ္စည်းရဲ့ မူပိုင်ခွင့်ကို မရောင်းချင်သေးဘူး ဒါကြောင့် တောင်းပန်ပါတယ်"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

တစ်ဖက်လူက ဒေါ်လာ သန်း ၅၀၀ ပေးမည့်အပြင် ဒေါ်လာ ၁.၅ ဘီလီယံ ကုန်ကျမည့် ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူသည့် စက်ရုံကြီး တစ်ခုကိုပါ အခမဲ့ ရင်းနှီးမြှုပ်နှံပေးမည် ဖြစ်သည်။ အဲဒီအချိန်ကျရင် မိမိ အနေဖြင့် ဘာမှ ထုတ်စရာ မလိုဘဲ အမြတ်တစ်ဝက်ကို ရရှိမည် ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဒီကမ်းလှမ်းချက်က ဆွန်ဖုန်းကို လုံးဝ လိမ်လည် လှည့်စားနေခြင်း မဟုတ်ပေ။ အလွန်လည်း မက်လောက်စရာ ကောင်းလှသည်။ ဆွန်ဖုန်း အနေဖြင့် X2 အမျိုးအစား စုပ်ယူရေး ပစ္စည်းကို ဖီးလက်စ်ထံ အလွယ်တကူ ရောင်းချလိုက်နိုင်သည်။ အဲဒီအချိန်ကျမှ အသံလက်ထောက် စနစ်ကို အသုံးပြု၍ X3 သို့မဟုတ် X4 အမျိုးအစား စုပ်ယူရေး ပစ္စည်းများကို ဆက်လက် သုတေသန ပြုလုပ်ခိုင်းလိုက်လျှင်လည်း ရလေသည်။

သို့သော် ယခု X2 အမျိုးအစားပင် ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်နေပြီ ဖြစ်သည်။ အကယ်၍ ထပ်ပြီး အများကြီး လျှော့ချနိုင်မည် ဆိုပါက အခြားသူများက သူ၏ ဖုန်းရွေ့ သုတေသန ဌာနကို သာမန် မဟုတ်သော သတ္တဝါကြီး တစ်ကောင်အဖြစ် မြင်သွားကြပေလိမ့်မည်။ ထို့ကြောင့် ဆွန်ဖုန်း အနေဖြင့် သတိထား လုပ်ဆောင်ရန်သာ ရွေးချယ်လိုက်လေသည်။

"ဟူး ဒါဆိုရင်တော့ ငါ တကယ်ပဲ စိတ်ပျက်မိတယ်"

ဖီးလက်စ်က စိတ်ပျက်သွားသည့် ဟန်ဆောင်ကာ ပြောလိုက်လေသည်။ သူ၏ ရင်ထဲတွင် တကယ်ပဲ စိတ်ပျက်သွားသလား ဆိုတာကိုတော့ မသိနိုင်ပေ။

"ဟားဟား အရောင်းအဝယ် မဖြစ်ပေမယ့်လည်း မိတ်ဆွေတွေ ဖြစ်နေဆဲပါပဲ ဒီနေ့ ညစာစားပွဲ အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်"

ဆွန်ဖုန်းက နှာခေါင်းကို ပွတ်ကာ ပြုံးလျက် ပြောလိုက်လေသည်။

"ရပါတယ် ငါက မင်းကို အထင်ကြီးပါတယ် ငါ့အဖေကလည်း မင်းရဲ့ အရည်အချင်းကို အထင်ကြီးတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အောင်မြင်မှုတွေ ရနေတာ မင်းလို အရွယ်နဲ့ ဒီလို စီးပွားရေး လုပ်ငန်းကြီးတွေ ပိုင်ဆိုင်ထားတာ ကမ္ဘာပေါ်မှာတောင် သိပ်မရှိပါဘူး ငါသာ မင်းလို အရွယ်တုန်းက မိသားစုကို မအားကိုးခဲ့ဘူး ဆိုရင် အခုလောက်ဆို သာမန်လူ တစ်ယောက်ပဲ ဖြစ်နေလောက်တယ် ဟားဟား"

ဖီးလက်စ်က ပြောလိုက်လေသည်။ တကယ်တမ်းတွင် ဖီးလက်စ် ပြောနေသည်များမှာ အမှန်တရားများသာ ဖြစ်လေသည်။

"အို တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်"

ဆွန်ဖုန်းက ဝမ်းသာအားရ ပြောလိုက်လေသည်။

ဖီးလက်စ်၏ ဖခင်၊ လက်ရှိ လက်တင် မိသားစု၏ အကြီးအကဲ ကိုယ်တိုင်ကပင် မိမိကို ချီးကျူးခဲ့ဖူးလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ဒီအချက်က ဆွန်ဖုန်းကို အတော်လေး ဂုဏ်ယူဝင်ကြွားသွားစေသည်။ ကြည့်ရသည်မှာ မိမိက တကယ်ကို အတော်ဆုံး လူငယ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်နေပြီပဲ။

သို့သော် ဖီးလက်စ်နှင့် သူ၏ ဖခင်တို့သာ မိမိက သူတို့၏ သမီး အီဗာကို သေလုမတတ် အချစ်စစ်ပွဲ ဆင်နွှဲခဲ့ဖူးကြောင်း သိသွားပါက ဘယ်လို ခံစားရမည် မသိပေ။ မိမိကို သတ်ဖို့ လူသတ်သမား တစ်သောင်းလောက် ချက်ချင်း ငှားရမ်းလိုက်မည်လား မသိနိုင်ပေ။

'ဟားဟား’

"ဖီးလက်စ် ဒီအရောင်းအဝယ်က မဖြစ်မြောက်ခဲ့ပေမယ့် အခု ကျွန်တော့်မှာ ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ အလုပ်ကိစ္စ တစ်ခု ရှိသေးတယ် ခင်ဗျား စိတ်ဝင်စားမလား မသိဘူး"

ဆွန်ဖုန်းက အပြုံးလေးဖြင့် ဖီးလက်စ်ကို စိတ်ဝင်စားအောင် စကားပလ္လင်ခံလိုက်လေသည်။

"အို ဘာအလုပ်များလဲ ပြောကြည့်ပါဦး"

ဖီးလက်စ်က ကြားပြီးနောက် စိတ်ဝင်စားသွားသည့် ဟန်ဖြင့် သေချာ နားထောင်ရန် ပြင်လိုက်လေသည်။

"နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းမှာ ရေနံစည်ပေါင်း ၃၅ ဘီလီယံလောက် ရှိနေတယ် ဆိုတာ ခင်ဗျား သိတယ် မဟုတ်လား"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

"သိတာပေါ့ ဒါပေမဲ့ အဲဒီဘက်က ဟာတွေ အကုန်လုံးက မြေလွှာကျောက် ရေနံမြေတွေချည်းပဲ တူးဖော်ဖို့ အရမ်း ခက်ခဲတယ် လောလောဆယ် မင်းရဲ့ စိန့်ဖုန်း ရေနံမြေကလွဲရင် ကျန်တာတွေကို ဘယ်သူကမှ သွားမတူးရဲကြဘူး အရင်က ဒီးလ် ရေနံကုမ္ပဏီက ရေနံမြေ အသေးလေး တစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့သေးတယ် အကုန်လုံး အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရတာပဲ မင်း အခုလို ပြောနေတာ မင်းမှာ အဲဒီဘက်က မြေလွှာကျောက် ရေနံမြေတွေကို တူးဖော်နိုင်တဲ့ စွမ်းရည် ရှိနေလို့လား"

ဖီးလက်စ်က မေးလိုက်လေသည်။

ဆွန်ဖုန်း၏ စိန့်ဖုန်း ရေနံမြေက ဘာကြောင့် ချောချောမွေ့မွေ့ တူးဖော်နိုင်ခဲ့သနည်း ဆိုလျှင် ထိုရေနံမြေတွင် မြေလွှာကျောက် အလွှာ နည်းပါးသောကြောင့် ဖြစ်သည်ဟု သူ အရင်က ကြားခဲ့ဖူးသည်။ သို့သော် ယခု ဆွန်ဖုန်း၏ စကားကို နားထောင်ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပုံ ရလေသည်။

"ဟားဟား ပွင့်ပွင့်လင်းလင်းပဲ ပြောရရင် ကျွန်တော့်ရဲ့ စိန့်ဖုန်း ရေနံမြေက တကယ်ပဲ ကံကောင်းသွားလို့ပါ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက ကျွန်တော်က ဒီနယူးဖောင်လန် အနောက်ဘက်က မြေလွှာကျောက် ရေနံမြေတွေကို ပစ်မှတ်ထားနေခဲ့တာ ဒါကြောင့် ကျွန်တော့်ရဲ့ ဖုန်းရွေ့ သုတေသန ဌာနကလည်း အဲဒီဘက်က မြေလွှာကျောက် ရေနံမြေတွေကို တူးဖော်နိုင်မယ့် နည်းလမ်းနဲ့ စက်ပစ္စည်းတွေကို အပြင်းအထန် သုတေသန လုပ်နေခဲ့တယ် မကြာသေးခင်ကပဲ ကြီးမားတဲ့ အောင်မြင်မှု အသစ်တွေ ရရှိထားပြီ နောက်ထပ် လအနည်းငယ် အတွင်းမှာ ပြီးပြည့်စုံတဲ့ တော်လှန်ရေး နည်းပညာနဲ့ စက်ပစ္စည်းတွေကို တီထွင်နိုင်တော့မယ်လို့ ကျွန်တော့်လူတွေက ပြောတယ် အဲဒီအချိန်ကျရင် ကျွန်တော်က မြေလွှာကျောက် ရေနံမြေတွေကို တူးဖော်တော့မှာ ဒါကြောင့် ကျွန်တော် မေးချင်တာက တကယ်လို့ ကျွန်တော့်ဆီမှာသာ အဲဒီလို နည်းပညာနဲ့ စက်ပစ္စည်းတွေ ရှိလာခဲ့ရင် ခင်ဗျား ရင်းနှီးမြှုပ်နှံချင်သလား"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

လက်ရှိအချိန်တွင် ရေနံတူးဖော်ရေး နည်းပညာနှင့် စက်ပစ္စည်းများမှာ နေ့စဉ်နှင့်အမျှ အဆင့်မြှင့်တင်နေကြသည်။ ၎င်းမှာ နည်းပညာ တိုးတက်လာမှုကြောင့်ပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ပင်လယ်ကြမ်းပြင်မှ ရေနံကို တူးဖော်နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ခဲ့ကြသော်လည်း ယခုတော့ လုပ်နိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် နည်းပညာ ဆိုသည်မှာ ထုတ်လုပ်မှု၏ မောင်းနှင်အားပင် ဖြစ်လေသည်။

ဘာပဲဖြစ်ဖြစ် အရာအားလုံးက ဖြစ်နိုင်ခြေ ရှိသည် ဟူသော စကားပင် ဖြစ်သည်။ ဆွန်ဖုန်းသည် နယူးဖောင်လန် အနောက်ဘက်ရှိ မြေလွှာကျောက် ရေနံမြေများကို မျက်စိကျနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ အရင်က သူ လုပ်ငန်း စတင်ခါစ ဖြစ်သဖြင့် အသံလက်ထောက် စနစ်ကို အသုံးပြု၍ အလွန် အဆင့်မြင့်သော စက်ပစ္စည်းများ ထုတ်လုပ်ရန် မဝံ့မရဲ ဖြစ်ခဲ့သည်။

သို့သော် ဒီတစ်နှစ်ကျော် ကာလအတွင်း ဖွံ့ဖြိုးတိုးတက်လာပြီးနောက် မိမိ၏ ဖုန်းရွေ့ သုတေသန ဌာနကလည်း အဆင့်မြင့် ရလဒ်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒီတစ်ကြိမ်တွင် ခြေလှမ်းသစ် တစ်ရပ် လှမ်းရမည့် အချိန်ရောက်ပြီဟု သူ သိလိုက်သည်။

ဥပမာအားဖြင့် LCD တီဗီများ ဆိုလျှင် နှစ်အနည်းငယ် အတွင်းမှာပင် ပေါ်ထွက်လာခြင်း မဟုတ်ပါလား။ ဤသည်မှာ နည်းပညာ၏ စွမ်းအားပင် ဖြစ်သည်။ စမတ်ဖုန်းများ ဆိုလျှင်လည်း ပေါ်ထွက်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ယခုအခါ နေရာအနှံ့ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း ကျော်လွန်နေသော နည်းပညာမျိုး မဟုတ်ပါက အစိုးရ၏ စစ်ဆေးမှုကို ခံရမည် မဟုတ်ပေ။ စစ်ဆေးလျှင်တောင်မှ ၎င်းမှာ မိမိ၏ သုတေသန ဌာနမှ တီထွင်ထားခြင်း ဖြစ်သဖြင့် ဘာမှ ဖြစ်မည် မဟုတ်ချေ။

"မင်းပြောတာ တကယ်လား မင်းရဲ့ သုတေသန ဌာနက နယူးဖောင်လန် ဘက်ကလို အရမ်းထူထဲတဲ့ မြေလွှာကျောက် အလွှာတွေကို တူးဖော်နိုင်တဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေကို တကယ် တီထွင်နိုင်တော့မှာလား"

ယခင်က သံသယ ဝင်နေခဲ့သော ဖီးလက်စ်မှာ ဆွန်ဖုန်း၏ စကားကို ကြားပြီးနောက် မျက်လုံးပြူးကာ မေးလိုက်လေသည်။

ဒီစကားကို အခြားလူများ ပြောမည်ဆိုပါက သူ ယုံကြည်မည် မဟုတ်ပေ။ သို့သော် ဖုန်းရွေ့ သုတေသန ဌာနက လက်ရှိတွင် ကြီးမားသော အောင်မြင်မှု အချို့ကို ရရှိထားကြောင်း သူ သိသည်။ ပထမဆုံး အချက်မှာ X အမျိုးအစား စုပ်ယူရေး ပစ္စည်းပင် ဖြစ်သည်။ ၎င်းမှာ ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်း၏ တတိယမြောက် တော်လှန်ရေး အဆင့်မြင့် နည်းပညာ တစ်ခုပင် ဖြစ်လေသည်။

ဆွန်ဖုန်း ပြောသည်မှာ တကယ် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ ဒီကိစ္စမျိုးနှင့် ပတ်သက်၍ ဆွန်ဖုန်းက လေလုံးမိုးလုံး ထွားနေမည် မဟုတ်ကြောင်း သူ သိလေသည်။

"ဟုတ်တယ် ကျွန်တော် ခင်ဗျားကို မလိမ်ပါဘူး ခင်ဗျား စိတ်ဝင်စားမလား မသိဘူး"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

"ရှိတာပေါ့ တကယ်လို့ မင်းသာ မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး အခက်အခဲကို ဖြေရှင်းနိုင်မယ် ဆိုရင် ငါက မင်းရဲ့ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီမှာ အစွမ်းကုန် ရင်းနှီးမြှုပ်နှံပေးမယ် နယူးဖောင်လန် အနောက်ဘက်က မြေလွှာကျောက် ရေနံမြေတွေကို သွားတူးကြတာပေါ့"

ဖီးလက်စ်က ပြတ်သားစွာ ပြောလိုက်လေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကနေဒါ၏ နံပါတ်တစ် လုပ်ငန်းစုကြီး အနေဖြင့် သူတို့၏ နာမည်အောက်တွင်လည်း ရေနံလုပ်ငန်း ရှိလေသည်။ နယူးဖောင်လန် အနောက်ဘက်ရှိ ရေနံစည်ပေါင်း ၃၅ ဘီလီယံကို သူတို့ မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး အကုန်လုံးကို ဝါးမျိုချင်နေခဲ့ကြသည်။ သို့သော် နည်းပညာ မရှိသဖြင့် လက်ပိုက်ကြည့်နေခဲ့ရခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဆွန်ဖုန်း၏ စိန့်ဖုန်း ရေနံမြေက သူတို့ကို မျှော်လင့်ချက် အချို့ ပေးခဲ့သည်။ သူတို့ ကြီးကြီးမားမား လုပ်ဆောင်ရန် ပြင်ဆင်နေချိန်တွင် ဒီးလ် ရေနံကုမ္ပဏီ၏ အရှုံးက လူတိုင်းကို ခြေလှမ်း ရပ်တန့်သွားစေခဲ့သည်။

နောက်ထပ် အချက်တစ်ခုမှာ လက်တင် မိသားစုတွင် ရန်ပုံငွေ လုံးဝ မရှားပါးပေ။ နယူးဖောင်လန် အနောက်ဘက်ရှိ မြေလွှာကျောက် ရေနံမြေများ အတွက် သူတို့ လိုအပ်နေသည်မှာ နည်းပညာပင် ဖြစ်သည်။ တူးဖော်ရေး နည်းပညာနှင့် စက်ပစ္စည်းများပင် ဖြစ်လေသည်။

ယခု ဆွန်ဖုန်းက ဒီသတင်းကို ပြောလိုက်သဖြင့် ဖီးလက်စ် တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားလေပြီ။ သူ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်သော ကိစ္စများ သိပ်မရှိသော်လည်း ယခု ဆွန်ဖုန်း ပြောလိုက်သော ကိစ္စကတော့ သူ့ကို တကယ်ပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။

အဲဒီနေရာမှာ ရေနံစည်ပေါင်း ၃၅ ဘီလီယံတောင် ရှိနေတာလေ။ အကယ်၍ အားလုံးကို တူးဖော်နိုင်မည် ဆိုပါက သူ၏ လက်တင် လုပ်ငန်းစုကြီးမှာ ဧရာမ ဝင်ငွေကြီး တစ်ခုကို ထပ်မံ ရရှိမည် ဖြစ်သည်။ သူတို့ လက်တင် မိသားစု၏ ကနေဒါ နိုင်ငံတွင်း ဩဇာလွှမ်းမိုးမှု အရ သူတို့သာ ဒီရေနံမြေကို တူးဖော်ရန် ဆုံးဖြတ်လိုက်ပါက ဘယ်သူကမှ သူတို့နှင့် လာလုရဲမည် မဟုတ်ပေ။

"ဟုတ်တယ်"

ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။

"တကယ်လို့ အဲဒီလိုသာ အမှန်ဆိုရင် ငါတို့ အတူတူ ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အရေး အများကြီး ရှိတယ်လို့ ငါ ယုံတယ်"

ဖီးလက်စ်က ပြောလိုက်လေသည်။

"ဒါပေမဲ့ အခုက မင်း ပါးစပ်က ပြောရုံပဲ ရှိသေးတာလေ အဲဒီအချိန် ရလဒ်တွေ ထွက်လာမှ ငါတို့ ဆက်ဆွေးနွေးကြတာပေါ့ ဘယ်လိုလဲ"

ဖီးလက်စ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆွန်ဖုန်းကို ပြောလိုက်လေသည်။

"ပြဿနာ မရှိပါဘူး အဲဒီအချိန် ကျွန်တော့်ဘက်က ရလဒ်တွေ ထွက်လာရင် ခင်ဗျားနဲ့ ပြန်လာဆွေးနွေးပါ့မယ်"

ဆွန်ဖုန်းကလည်း မိမိ အနေဖြင့် စကား တစ်ခွန်း နှစ်ခွန်းတည်းဖြင့် ဖီးလက်စ်ကို လှည့်စားနိုင်မည် မဟုတ်ကြောင်း သိလေသည်။ စီးပွားရေး လုပ်ငန်းရှင်များ ဆိုသည်မှာ ယုန်မမြင်ဘဲ သိမ်းငှက် မလွှတ်တတ်သူများ မဟုတ်ပါလား။

သို့သော် ဆွန်ဖုန်း အနေဖြင့် အလွန် ယုံကြည်မှု ရှိနေသည်။ မကြာမီ အနာဂတ်တွင် မိမိက ရေနံလောက၌ အောင်မြင် ကြီးပွားလာမည်ဟု ယုံကြည်နေသည်။ သူက လက်တင် လုပ်ငန်းစုကြီးကို အသုံးချပြီး မိမိကိုယ်ကိုယ် တရားဝင် နေရာတစ်ခု ရရှိအောင် လုပ်ဆောင်မည် ဖြစ်လေသည်။

"ကောင်းပြီ ကတိအတိုင်းပဲနော်"

ထိုသို့ဖြင့် နောက်ထပ် အနည်းငယ် စကားပြောပြီးနောက် ဆွန်ဖုန်းလည်း ပြန်ထွက်လာခဲ့လေသည်။ ယခင်က ဆွေးနွေးခဲ့သော ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်း ကိစ္စမှာလည်း မဖြစ်နိုင်တော့သဖြင့် ဆွန်ဖုန်း အနေဖြင့် အီဗာကို လမ်းညွှန်ပေးရန် အခွင့်အရေး မရှိတော့ပေ။

......

ဒီရက်ပိုင်းများတွင် ဆွန်ဖုန်းက စူးမေးကို တစ်ပတ်ရစ် ရေနံမြေများ ဆက်လက် ရှာဖွေခိုင်းနေခဲ့သည်။ အကြီးစား တစ်ပတ်ရစ် ရေနံမြေ တစ်ခုတွင် ရင်းနှီးမြှုပ်နှံချင်သလို ရေနံမြေ အသစ် တစ်ခုတွင်လည်း ရင်းနှီးမြှုပ်နှံချင်နေသည်။

သို့သော် ဆွန်ဖုန်းက နယူးဖောင်လန် အနောက်ဘက်ရှိ မြေလွှာကျောက် ရေနံမြေများကိုသာ ဆက်လက် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသည်။

လွန်ခဲ့သော နှစ်ဝက်ခန့် ကတည်းက ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို အသုံးပြု၍ အဆင့်မြင့် မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး နည်းပညာနှင့် စက်ပစ္စည်းများကို ဒီဇိုင်းဆွဲခိုင်းခဲ့သည်။

ယခုတော့ အားလုံးနီးပါး ပြီးစီးနေပြီ ဖြစ်သည်။ စမ်းသပ်မှု အပိုင်းများလည်း တစ်ဝက်ကျော် ပြီးစီးနေပြီ ဖြစ်ပြီး လက်ရှိတွင် နောက်ဆုံး အချောသတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မကြာမီ အချိန်အတွင်း လောကကြီးကို ချပြနိုင်တော့မည်ဟု သူ ယုံကြည်လေသည်။

စိန့်ဂျွန်မြို့သို့ ပြန်ရောက်ပြီးနောက် ဆွန်ဖုန်းသည် မထင်မှတ်ထားသော သတင်းတစ်ခုကို ရရှိခဲ့လေသည်။

ရုံးခန်း အတွင်းတွင် ဆွန်ဖုန်းက အရေးကြီးသော စာရွက်စာတမ်း အချို့ကို လက်မှတ်ထိုးပြီးနောက် အပြင်သို့ လမ်းထွက်လျှောက်ရန် ပြင်ဆင်နေလေသည်။ ကုမ္ပဏီထဲတွင် အမြဲ နေရခြင်းက သူ့ကို အနည်းငယ် ပျင်းရိလာစေသည်။

"ဘော့စ် အမေရိကန် ဝမ်လွန်း ရေနံကုမ္ပဏီ ဘက်က သတင်းလာတယ်"

ထိုအချိန်တွင် စူးမေး ဝင်လာပြီး အပြင်ထွက်ရန် ပြင်နေသော ဆွန်ဖုန်းကို ပြောလိုက်လေသည်။

ဆွန်ဖုန်းက ကြားပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။

'တစ်ဖက်လူက ငါ့ကြောင့် ဒေါသထွက်ပြီး သွေးအန်မတတ် ဖြစ်သွားတာ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ငါ့ကို လာရှာသေးတာလဲ သူတို့က ဒီလောက်တောင် သည်းခံနိုင်တာလား' ဟု သူ တွေးလိုက်မိသည်။

"သူတို့က ဂျားလော့ ရေနံမြေကို ဒေါ်လာ ၁ ဘီလီယံ နဲ့ ရောင်းမယ်လို့ ပြောတာလား"

တကယ်လို့ အဲဒီလိုသာ ဆိုရင်တော့ ဆွန်ဖုန်းက သေချာပေါက် ဝယ်ယူမည်သာ ဖြစ်လေသည်။

"အဲ... ဘော့စ် မူလကတော့ ကျွန်မ ရှင့်ကို မပြောပြဖို့ စဉ်းစားထားတာပါ ဘာလို့လဲဆိုတော့ အရင်တစ်ခေါက်က ရှင် ပြောခဲ့တယ်လေ တစ်ဖက်လူက ဒေါ်လာ ၁ ဘီလီယံထက် တစ်ပြားလေး ပိုရင်တောင် ရှင် မဝယ်ဘူးလို့ ဒါပေမဲ့ ဒီတစ်ခေါက် သူတို့က ၁.၁ ဘီလီယံတည်း နဲ့ ရောင်းမယ်တဲ့ အဲဒါ ရှင် နည်းနည်းလောက် စဉ်းစားကြည့်ဦးမလား"

စူးမေးက ပြောလိုက်လေသည်။

"၁.၁ ဘီလီယံ ဟုတ်လား"

ဆွန်ဖုန်းက ကြားပြီးနောက် ဒေါသမထွက်မိပေ။ တကယ်တမ်းတွင် အရင်တစ်ခေါက်က ဒေါ်လာ ၁ ဘီလီယံဟု ပြောခဲ့ခြင်းမှာ ထိုဒေးဗစ်ကို အရှက်ခွဲချင်ရုံ သက်သက်သာ ဖြစ်သည်။

ယခု တစ်ဖက်လူက တကယ်ပင် ဒီလောက် ကြီးမားစွာ အလျှော့ပေးလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ယခင်က ဒေါ်လာ ၁.၅ ဘီလီယံ ဈေးခေါ်ထားခဲ့ပြီး ယခု ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ရောင်းချမည် ဆိုသဖြင့် ဆွန်ဖုန်းမှာ အတော်လေး ဝမ်းသာသွားလေသည်။

သူ အရင်က ပြောခဲ့သော စကားများ ဆိုသည်မှာ ဘာမှ မဟုတ်ပေ။ အနည်းဆုံးတော့ ဒီလောက် ကြီးမားသော အကျိုးအမြတ် ရှေ့တွင် ထိုစကားများ အားလုံးက အလကားသာ ဖြစ်လေသည်။

"အင်း ၁.၁ ဘီလီယံ ဆိုရင်တော့ ငါ စဉ်းစားကြည့်လို့ ရပါတယ်"

ဆွန်ဖုန်းက ဘော့စ် ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီး စဉ်းစားကာ ပြောလိုက်လေသည်။

"မင်း အခု သူတို့ကို ချက်ချင်း ပြန်အကြောင်းကြားလိုက် သူတို့ လူလွှတ်ပြီး ငါနဲ့ လာဆွေးနွေးပါလို့ ပြောလိုက်"

ဆွန်ဖုန်းက စူးမေးကို ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ ဘော့စ်"

သိပ်မကြာခင်မှာပင် ဆွန်ဖုန်းဘက်မှ သတင်းသည် ဝမ်လွန်း ရေနံကုမ္ပဏီသို့ ရောက်ရှိသွားလေသည်။ ထိုဘက်မှ လူများက ဒီသတင်းကို ရရှိသွားသောအခါ တိတ်တဆိတ် သက်ပြင်းချနိုင်သွားကြလေသည်။

ဒေါ်လာ ၁.၁ ဘီလီယံ ဆိုသည့် ဈေးက သူတို့ကို အနည်းငယ် ရင်နာစေသည်ကတော့ အမှန်ပင်။ သို့သော် ဒီငွေ ၁.၁ ဘီလီယံကို ရရှိလိုက်ပါက သူတို့ ရင်းနှီးမြှုပ်နှံခဲ့သော ဒီဂျားလော့ ရေနံမြေမှာ အနည်းဆုံးတော့ အရှုံးအမြတ် မရှိ ဖြစ်သွားမည် ဖြစ်သည်။ အကယ်၍ မရောင်းချရပါက တကယ်ပင် အရှုံးပေါ်သွားနိုင်ပြီး အကြီးအကျယ် ရှုံးသွားနိုင်လေသည်။

"ဟားဟား မဆိုးဘူး မဆိုးဘူး ဒီဆွန်ဖုန်းက တကယ် သဘောတူလိမ့်မယ်လို့ မထင်ထားဘူး ကြည့်ရတာ သူ အရင်က ပြောခဲ့တဲ့ ၁ ဘီလီယံ ဆိုတာက ငါတို့ကို ခြောက်လှန့်လိုက်တာ သက်သက်ပဲ အဲဒီအချိန် လူလွှတ်ပြီး သူ့နဲ့ ဆွေးနွေးတဲ့အခါ ဈေးကို နည်းနည်း ထပ်တင်ဖို့ လိုအပ်မယ်"

ဒီသတင်းကို ရရှိပြီးနောက် အရင်က ဒီအရောင်းအဝယ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သော ဒါရိုက်တာ တစ်ဦးက ကောက်ကျစ်စွာ ပြုံးကာ ပြောလိုက်လေသည်။

"ဟုတ်တယ် ငါ အဲဒီဆွန်ဖုန်းကို ကြည့်လို့မရဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်း မောက်မာလွန်းတယ် သူက ဂျားလော့ ရေနံမြေကိုတောင် ဝယ်ရဲသေးတယ် ဟွန့် သူက ရင်းနှီးမြှုပ်နှံတတ်တယ်လို့ ပြောရမလား ဒါမှမဟုတ် အရူးတစ်ယောက်လို ရင်းနှီးမြှုပ်နှံတယ်လို့ ပြောရမလားပဲ ငါတော့ သူ အမြန်ဆုံး ဒေဝါလီ ခံရပါစေလို့ ဆုတောင်းတယ်"

"ကဲ တော်ကြတော့ ဒီတစ်ခေါက် ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီနဲ့ သွားဆွေးနွေးဖို့ ဘယ်မန်နေဂျာကို လွှတ်ကြမလဲ"

ဒီလူများက ဆွန်ဖုန်းကို ကျိန်ဆဲပြီးနောက် အစောပိုင်းက အသက်ကြီး ဒါရိုက်တာက မေးလိုက်လေသည်။

"အင်း ငါ့အမြင်တော့ ဒေးဗစ်ကို ထပ်လွှတ်ဖို့ မသင့်တော်တော့ဘူး လူသစ် တစ်ယောက်ကို လွှတ်ရမယ်"

အောက်တွင် ထိုင်နေသော ဒေးဗစ်က ဒီစကားကို ကြားသောအခါ ဝမ်းသာလွန်း၍ ငိုပင် ငိုချင်သွားလေသည်။ ဒီတစ်သက် ဆွန်ဖုန်းကို ဘယ်တော့မှ ထပ်မတွေ့ရပါစေနဲ့ဟု သူ ကျိန်ဆိုလိုက်မိသည်။

ဘာပဲဖြစ်ဖြစ် အရှက်ခွဲခံရခြင်း၏ ခံစားချက်က တကယ်ကို မကောင်းလှပေ။ ထို့အပြင် မိမိ အထင်သေးခဲ့ဖူးသူ၏ အရှက်ခွဲခြင်းကို ခံရခြင်း ဖြစ်လေသည်။ တစ်ဖက်လူက မိမိထက် အများကြီး ပိုမို အောင်မြင်နေသည်ကို မြင်ရခြင်းက တကယ်ကို ရင်နာစရာ ကောင်းလှသည်။ မိမိက အတော်လေး အောင်မြင်နေပြီ ဆိုသော်လည်း ဝန်ထမ်း ဘဝသာ ရှိသေးသည်။ တစ်ဖက်လူကတော့ တကယ့် သူဌေးကြီး ဖြစ်နေပြီ မဟုတ်ပါလား။

"ဒါကတော့ အရည်အချင်း အပေါ် မူတည်တာပေါ့ စကားပြော ကောင်းတဲ့သူ တစ်ယောက်ကို သေချာပေါက် လွှတ်ရမယ် အင်း ငါ့အမြင်တော့ မိန်းမချောလေး တစ်ယောက် လွှတ်လိုက်ပြီး အလှမာယာ သုံးခိုင်းလိုက်ရင် ပိုကောင်းမယ် မထင်မှတ်ထားတဲ့ အကျိုးအမြတ်လေးတွေတောင် ရလာနိုင်သေးတယ်"

အဘိုးကြီး တစ်ယောက်က ကောက်ကျစ်စွာ ပြုံးကာ ပြောလိုက်လေသည်။

All Chapters