← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅ - သဘောတူတယ်

လူအုပ်ကြီးက ဒီအဘိုးကြီးကို အထင်သေးသွားကြလေသည်။ ဒီအဘိုးကြီးက အဲဒီကောင်မလေးကို အခွင့်အရေး ယူချင်နေတာ သေချာပေါက်ဖြစ်ပြီး ပါးစပ်ကတော့ အလွန် တရားကျနေသလို ပြောနေသေးသည် မဟုတ်ပါလား။

နောက်ဆုံးတွင် ဝမ်လွန်း ရေနံကုမ္ပဏီက ဒန်ကန် အမည်ရှိ ကိုယ်စားလှယ် တစ်ဦးကို စေလွှတ်ကာ ဆွန်ဖုန်းနှင့် သွားရောက် ဆွေးနွေးခိုင်းလိုက်လေသည်။

သုံးရက် အကြာတွင် ဒန်ကန်သည် လူသုံးလေးယောက်ကို ခေါ်ဆောင်ကာ စိန့်ဂျွန်မြို့ရှိ ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီသို့ ရောက်ရှိလာခဲ့သည်။

ဒီကောင်တွေ ရောက်လာပြီးနောက် ဆွန်ဖုန်းက သူတို့ကို ချက်ချင်း အတွေ့မခံခဲ့ပေ။ ဧည့်ခန်းမထဲတွင် အချိန်အတော်ကြာအောင် ပစ်ထားလိုက်ပြီး သူတို့ စိတ်ပူလာမှသာ သွားတွေ့ရန် ရည်ရွယ်ထားသည်။

ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် သူတို့က မိမိကို လာတောင်းပန်နေရခြင်း ဖြစ်ပြီး မိမိက သူတို့ကို တောင်းပန်နေရခြင်း မဟုတ်ပေ။ ထို့ကြောင့် သူတို့ကို စောင့်ခိုင်းထားခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။

ဧည့်ခန်းမ အတွင်းတွင် ထိုလူတစ်စုမှာ လက်ဖက်ရည်တွေ သောက်လို့ကုန်ပြီး အာခေါင်တွေ ခြောက်လာသည် အထိ စောင့်နေရသော်လည်း မည်သူကမျှ လာရောက် ဖြည့်တင်းပေးခြင်း မရှိပေ။

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အလကား ထိုင်စောင့်နေကြရလေသည်။ ဤသည်မှာ သူတို့၏ ဘဝတွင် ဒီလို စိတ်ပျက်စရာကောင်းသော ဧည့်ခံမှုမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ကြောင်း သူတို့ ကျိန်ဆိုရဲလေသည်။

"သောက်ကျိုးနည်း အဲဒီဆွန်ဖုန်းက ဘယ်လိုလုပ် အခုထိ မလာသေးတာလဲ ငါတို့ကို ဘယ်အချိန်အထိ စောင့်ခိုင်းနေမှာလဲ"

ဒန်ကန်၏ လက်အောက်ဝန်ထမ်း တစ်ဦးမှာ စောင့်ရလွန်း၍ ဒေါသထွက်လာပြီး ဖုန်းသုံးတာတောင် ဘက်ထရီ ကုန်သွားပြီ ဖြစ်သဖြင့် အချိန်ဖြုန်းရန် မကျေမနပ် ညည်းညူလိုက်လေသည်။

အကယ်၍ အထက်လူကြီးများက ဒီတစ်ခေါက် ဆွေးနွေးပွဲကို အလွန် အလေးထားနေခြင်းသာ မရှိပါက သူတို့ ထွက်သွားတာ ကြာပြီ ဖြစ်သည်။ ဝမ်လွန်း ရေနံကုမ္ပဏီမှ လူများ ဖြစ်သော သူတို့သည် ဒီလို စိတ်ပျက်စရာကောင်းသော ဆွေးနွေးပွဲမျိုးကို ဘယ်တုန်းက ကြုံဖူးခဲ့လို့လဲ။

"ကဲ တော်ကြတော့ ငါ ကြားတာတော့ အရင်တုန်းက မန်နေဂျာ ဒေးဗစ်နဲ့ ဒီဆွန်ဖုန်းတို့ နည်းနည်း ပြဿနာ ရှိခဲ့ဖူးတယ်တဲ့ ငါထင်တာတော့ ဆွန်ဖုန်းက ငါတို့ ဝမ်လွန်း ရေနံကုမ္ပဏီ တစ်ခုလုံးကို အငြိုးထားနေတာ သေချာတယ် စိတ်ရှည်ရှည်နဲ့ ထပ်စောင့်ကြည့်ကြတာပေါ့ ဟူး"

ဒန်ကန်က သက်ပြင်းချကာ ပြောလိုက်လေသည်။

"သူများ အမိုးအောက် ရောက်နေတော့လည်း ခေါင်းငုံ့ရတာပေါ့"

ထိုသို့ဖြင့် နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက်မှသာ ဆွန်ဖုန်းသည် စူးမေးကို ခေါ်ဆောင်ကာ ဧည့်ခန်းမသို့ ဖြည်းဖြည်းချင်း ရောက်လာပြီး ဒန်ကန်တို့ အဖွဲ့နှင့် တွေ့ဆုံလေသည်။

"ဆောရီးပဲ ခင်ဗျားတို့ကို အကြာကြီး စောင့်ခိုင်းလိုက်မိပြီ ကျွန်တော် ခုနက အစည်းအဝေး လုပ်နေလို့ နည်းနည်း နောက်ကျသွားတာ ဒီလိုလုပ်ကြတာပေါ့ ကျွန်တော်တို့ အခုပဲ လိုရင်းကို မြန်မြန် ဆွေးနွေးကြမယ်"

ဆွန်ဖုန်းက အထဲသို့ ဝင်လာပြီးနောက် ထိုလူများကို ပြောလိုက်လေသည်။

ဆွန်ဖုန်း၏ စကားကြောင့် ထိုလူများမှာ သွေးအန်မတတ် ဖြစ်သွားရလေသည်။ သူတို့က မနက် ဆယ်နာရီ ကတည်းက ဒီကို ရောက်နေခဲ့တာလေ ယခု ညနေ သုံးနာရီတောင် ထိုးနေပြီ။ ထမင်းစားဖို့ မပြောနဲ့ ရေသောက်ဖို့တောင် တစ်ခွက်တည်းနဲ့ ကုန်သွားခဲ့တာ။ ခင်ဗျားက အစည်းအဝေးကို ငါးနာရီတောင် လုပ်သလား။ တကယ်ကို မျက်လုံးပြူးပြီး ဗြောင်လိမ်နေတာပဲ။

"ဟားဟား မစ္စတာဆွန်က အလုပ်များတဲ့ သူဆိုတော့ ကျွန်တော်တို့ နားလည်ပါတယ်"

ဒန်ကန်က အပြုံးမျက်နှာဖြင့် ပြောလိုက်သော်လည်း တကယ်တမ်း သူ၏ ရင်ထဲတွင်တော့ ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေလေပြီ။

"ကောင်းပြီ ကျွန်တော်လည်း ခင်ဗျားတို့နဲ့ စကားတွေ အများကြီး မပြောတော့ဘူး အရင်က ခင်ဗျားတို့ ကုမ္ပဏီက ကျွန်တော့်ကို ပြောတယ် ဂျားလော့ ရေနံမြေရဲ့ ပိုင်ဆိုင်ခွင့် အားလုံးကို ဒေါ်လာ ၁.၁ ဘီလီယံ နဲ့ ရောင်းမယ်ဆိုတာ ဟုတ်သလား"

ဆွန်ဖုန်းက ခန့်ညားစွာ ဝင်ထိုင်လိုက်ပြီးနောက် ဒန်ကန်ကို ကြည့်ကာ မေးလိုက်လေသည်။

"ဟုတ်ပါတယ်"

ဒန်ကန်က ငြင်းပယ်၍ မရနိုင်သဖြင့် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလေသည်။

"ဒါပေမဲ့ မစ္စတာဆွန် သိထားဖို့က ကျွန်တော်တို့ ဂျားလော့ ရေနံမြေကို အရင်က ဝယ်တုန်းက ဒေါ်လာ ၃ ဘီလီယံတောင် ပေးခဲ့ရတာပါ ဒါကြောင့် ဈေးနှုန်းပိုင်းမှာ ကျွန်တော်တို့ ကုမ္ပဏီ အရမ်းကြီး မရှုံးအောင် နည်းနည်းလောက် ထပ်ဆွေးနွေးလို့ ရမလား ကျွန်တော့် အကြံပြုချက်ကတော့ ဒေါ်လာ ၁.၁၅ ဘီလီယံလောက်ဆို ဘယ်လိုလဲ"

ဆွန်ဖုန်းက ကြားပြီးနောက် မူလက ပြုံးနေသော မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး အေးစက်စက် ရယ်မောကာ ပြောလိုက်လေသည်။

"ခင်ဗျားကို ကျွန်တော် ပြောမယ် ခင်ဗျားတို့ ၁.၁ ဘီလီယံ နဲ့ ရောင်းမယ်ဆိုတာကို ကျွန်တော် သဘောတူလိုက်တာကပဲ ခင်ဗျားတို့ကို အများကြီး မျက်နှာသာ ပေးလိုက်တာ အရင်က ကျွန်တော် ၁ ဘီလီယံပဲ ပေးခဲ့တာလေ အရင်က ခင်ဗျားတို့ ၁.၁ ဘီလီယံလို့ ပြောထားပြီး အခုကျမှ ဈေးထပ်တင်ချင်နေတာလား ခင်ဗျားက ဆက်မဆွေးနွေးချင်တော့ဘူးလား"

ဆွန်ဖုန်း၏ လေသံတွင် အာဏာပါသော အငွေ့အသက် အချို့ ပါဝင်နေလေသည်။ ထိုသို့ ဒန်ကန်ကို စိုက်ကြည့်လိုက်ရာ ဒန်ကန် တစ်ယောက် ချွေးအေးများပင် ပြန်လာသည်ဟု ခံစားလိုက်ရသည်။

ဆွန်ဖုန်းက မိမိကို ဈေးထပ်ဆစ်ရန် အခွင့်အရေး နည်းနည်းလေးမှ မပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒီလို ကြမ်းတမ်းသော အရောင်းအဝယ်မျိုးဖြင့် မိမိကို ခြိမ်းခြောက်နေခြင်း ဖြစ်လေသည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး မစ္စတာဆွန် အထင်လွဲသွားပါပြီ ကျွန်တော်က အကြံပြုရုံ သက်သက်ပါ ဟားဟား"

ဒန်ကန်က နဖူးမှ ထွက်လာသော ချွေးအေးများကို သုတ်ကာ ပြောလိုက်လေသည်။

ဒီတစ်ခေါက် အလုပ်က တကယ်ကို မလွယ်ကူကြောင်း စိတ်ထဲမှ ညည်းညူလိုက်မိသည်။ နည်းနည်းလေး အမှားလုပ်မိတာနဲ့ နှစ်ဖက်စလုံးကို စော်ကားမိသလို ဖြစ်သွားနိုင်လေသည်။

"ကျွန်တော် ခင်ဗျားကို ပြောပြီးပြီ ၁.၁ ဘီလီယံ ဈေးနဲ့ဆိုရင် ခင်ဗျားတို့ ကုမ္ပဏီနဲ့ အခုချက်ချင်း စာချုပ်ချုပ်လို့ ရတယ် တကယ်လို့ ခင်ဗျားတို့က ဈေးဆက်ဆစ်ချင်သေးတယ် ဆိုရင်တော့ ဆောရီးပဲ ကျွန်တော် အရမ်း အလုပ်များတယ် ခင်ဗျားတို့ အပြင်ထွက်ပြီး ညာဘက်ကို ကွေ့သွားလိုက်တော့"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

ဒီလောက် ပြတ်သားသော စကားကြောင့် ဒန်ကန်တို့ အဖွဲ့မှာ ဘာပြောရမှန်း မသိဖြစ်ကာ လက်မြှောက် အရှုံးပေးလိုက်ရလေသည်။

ယခုအချိန်တွင် ဒန်ကန်၏ ရင်ထဲတွင် မြင်းရိုင်းတစ်သောင်းခန့် ပြေးလွှားနေသကဲ့သို့ ခံစားနေရပြီး 'ငါတို့ ကောင်းကောင်းမွန်မွန် ဆက်ပြီး စကားပြောလို့ မရတော့ဘူးလား' ဟု စိတ်ထဲမှ ညည်းညူလိုက်မိသည်။

သို့သော် အထက်လူကြီးများက ဒန်ကန်ကို ပေးထားသော ညွှန်ကြားချက်မှာ ဈေးဆစ်၍ ရလျှင် ဆစ်ရန်၊ မရလျှင်လည်း ၁.၁ ဘီလီယံဖြင့် ရောင်းချရန် ဖြစ်သဖြင့် ဒန်ကန်က ခေါင်းညိတ် သဘောတူလိုက်ရုံသာ ရှိတော့သည်။

"ကောင်းပါပြီ မစ္စတာဆွန် ဒါဆိုလည်း ၁.၁ ဘီလီယံ နဲ့ပဲ အရောင်းအဝယ် လုပ်ကြတာပေါ့"

"အရမ်း ကောင်းတယ် ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်"

သိပ်မကြာခင်မှာပင် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ ဆွန်ဖုန်းက စူးမေးကို ဒန်ကန်တို့နှင့် အတူတူ သွားရောက် ဆောင်ရွက်ခိုင်းလိုက်လေသည်။ အချိန်အနည်းငယ် ယူပြီး လုပ်ငန်းစဉ် အားလုံး ပြီးစီးသွားပါက ဒီဂျားလော့ ရေနံမြေသည် ဆွန်ဖုန်း၏ ပိုင်ဆိုင်မှု ဖြစ်လာတော့မည်မှာ သေချာလှသည်။

ဆွန်ဖုန်းက စူးမေးကို ဒန်ကန်တို့နှင့် စာချုပ် အသေးစိတ် သွားရောက် ဆွေးနွေးရန် ချန်ထားခဲ့ပြီး သူကိုယ်တိုင်ကတော့ ရုံးခန်းထဲသို့ ပြန်သွားခဲ့လေသည်။ ရုံးခန်းထဲ ရောက်သည်နှင့် ဆွန်ဖုန်းက တံခါးကို ပိတ်ကာ အားပါးတရ ရယ်မောလိုက်လေတော့သည်။

"ဟားဟားဟား ဂျားလော့ ရေနံမြေမှာ တူးဖော်ဖို့ ကျန်နေသေးတဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ လုံးက ငါ့ဟာတွေ ဖြစ်လာတော့မယ်"

ဆွန်ဖုန်းက ဘော့စ် ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း အားရပါးရ ရယ်မောနေလေသည်။ ဒေါ်လာ ၁.၁ ဘီလီယံတည်းဖြင့် ဒီရေနံမြေကို ရလိုက်သဖြင့် ဆွန်ဖုန်းမှာ ရယ်ချင်စိတ်ကို မနည်း အောင့်ထားရလေသည်။

အခြားသူများ အမြင်တွင် မိမိ၏ ဒီရင်းနှီးမြှုပ်နှံမှုက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာနေခြင်း ဖြစ်ပြီး ငွေများလွန်း၍ သုံးစရာ နေရာမရှိသော အရူးတစ်ယောက်ဟု ထင်နေကြပေမည်။ သို့သော် မကြာမီ အနာဂတ်တွင် လူတိုင်း မျက်လုံးပြူးသွားအောင် လုပ်ပြမည်ဆိုတာကို သူ ကိုယ်တိုင်သာ အသိဆုံး ဖြစ်လေသည်။

သိပ်မကြာခင်မှာပင် ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီက ဝမ်လွန်း ရေနံကုမ္ပဏီ၏ တစ်ပတ်ရစ် ဂျားလော့ ရေနံမြေကို ဝယ်ယူလိုက်ပြီ ဆိုသော သတင်းက နေရာအနှံ့ ပျံ့နှံ့သွားလေသည်။ ဆွန်ဖုန်း၏ ဒီပရောဂျက်ကို လူအများအပြားက နားမလည်နိုင်အောင် ဖြစ်နေကြသည်။ အသိုင်းအဝိုင်း အတွင်းမှ လူများက ဆွန်ဖုန်း၏ ဦးနှောက်များ တံခါးညပ်သွားလေသလား ဟုပင် ထင်မှတ်နေကြလေသည်။

ဒေါ်လာ ၁.၁ ဘီလီယံ အကုန်အကျခံကာ ဆက်လက် တူးဖော်ရန် မဖြစ်နိုင်တော့သော တစ်ပတ်ရစ် ရေနံမြေကို ဝယ်ယူလိုက်သည်တဲ့လား။

ဒီရေနံမြေတွင် ရေနံစည်ပေါင်း သန်း ၄၀၀ ခန့် သိုလှောင်မှု ကျန်ရှိနေသေးသည် ဆိုသော်လည်း ဒီဂျားလော့ ရေနံမြေ၏ တစ်ဝက်ကျော်ကို မြေလွှာကျောက် အလွှာများက ဖုံးလွှမ်းထားကြောင်း ပြင်ပလောကမှ လူတိုင်း သိရှိထားကြသည်။

ဆက်လက် တူးဖော်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဖြစ်နိုင်လျှင်တောင် ကြီးမားသော ရန်ပုံငွေများ ကုန်ကျမည် ဖြစ်ပြီး အကျိုးအမြတ်ထက် အရှုံးက ပိုများမည်မှာ သေချာလှသည်။ မဟုတ်လျှင် ဝမ်လွန်း ရေနံကုမ္ပဏီက ဘာကြောင့် ရောင်းထုတ်ချင်မည်နည်း။ သူတို့ဘာသာ ဆက်တူးနေမှာပေါ့။ ဒီလောက် ဈေးပေါပေါနဲ့ ဝယ်ခွင့်ရဖို့ အလှည့်တောင် ရောက်လာမှာ မဟုတ်ဘူး။

မိမိ၏ ဇနီးများကပင် ဒီသတင်းကို ကြားသောအခါ ဆွန်ဖုန်းကို အရူးများ ဖြစ်သွားပြီလားဟု လာမေးကြလေရာ ဆွန်ဖုန်း တစ်ယောက် အလွန် အနေရခက်သွားရလေသည်။

ဘာပဲဖြစ်ဖြစ် လူတိုင်းက ဆွန်ဖုန်းကို အကောင်းမမြင်ကြပေ။ ဆွန်ဖုန်း တစ်ယောက် ရှေ့လျှောက် ဘယ်လို ရှုံးမလဲ ဆိုတာကို ဇာတ်ကား တစ်ကား ကြည့်သလို စောင့်ကြည့်နေကြလေသည်။ စူးမေး ကိုယ်တိုင်လည်း ယုံကြည်မှု ကင်းမဲ့နေပြီး သံသယ ဝင်နေမိသည်။ သို့သော် သူမ၏ ဘော့စ်က တစ်ခုခုကို ဆုံးဖြတ်ပြီးပါက ဘယ်တော့မှ မပြောင်းလဲတတ်ကြောင်း သိသဖြင့် သူမ အနေဖြင့် လိုက်နာရုံသာ ရှိတော့သည်။

သို့သော် ဝမ်လွန်း ကုမ္ပဏီကတော့ ပျော်ရွှင်နေကြလေသည်။

နောက်ဆုံးတွင် သူတို့က ဒီမီးခဲပူကြီးကို လွှင့်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ရောင်းရသော ဈေးနှုန်းက အနည်းငယ် နည်းပါးပြီး သူတို့ကို မကျေနပ်စေသော်လည်း အနည်းဆုံးတော့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို လွှင့်ပစ်လိုက်နိုင်ပြီ ဖြစ်သည်။ ယခု သူတို့က ဆွန်ဖုန်း တစ်ယောက် ဘယ်လို ရယ်စရာ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်နေကြပြီး ဒီကမ်းလွန် မြေလွှာကျောက် ရေနံမြေကို တူးဖော်နိုင်မယ့် စွမ်းရည် ရှိမရှိ စောင့်ကြည့်နေကြလေသည်။

"ဟွန့် ဆွန်ဖုန်း ဆွန်ဖုန်း မင်း နောင်တရမလား ဆိုတာ ငါ စောင့်ကြည့်နေမယ် မင်းရဲ့ ၁.၁ ဘီလီယံ ကတော့ ရေစုန်မျောသွားဖို့ သေချာနေပြီ ပြီးတော့ မင်း ဒီရေနံမြေကို ပြန်ရောင်းချင်ရင်တောင် ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ဂျားလော့ ရေနံမြေက စားမရ ကိုက်မရ ဖြစ်နေတဲ့ အမှိုက်ကြီးမို့လို့ပဲ"

တစ်နေရာတွင် ဒေးဗစ် တစ်ယောက် အလွန် ကျေနပ်နေသော မျက်နှာဖြင့် ပြောလိုက်လေသည်။

All Chapters