အခန်း ၃၆၄
Vol. 37 Ch. 364
အခန်း ၃၆၄ - ဖောက်ခွဲပစ် ဖောက်ခွဲပစ် ဖောက်ခွဲပစ်
"ပင်မ သင်္ဘောကြီးတောင် တိုက်ခိုက်ခံလိုက်ရပြီ ငါတို့ရဲ့ ကင်းလှည့် သင်္ဘော တစ်စီးတည်းနဲ့တော့ အဲဒီ မမြင်ရတဲ့ ရန်သူကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး"
ပြင်းထန်သော ပေါက်ကွဲသံကြီးကို ဤကင်းလှည့် သင်္ဘောပေါ်ရှိ လူအားလုံး ကြားလိုက်ရလေသည်။ အိပ်မောကျနေသော သင်္ဘောသား အချို့ပင် လန့်နိုးသွားကြလေသည်။
ကင်းလှည့် သင်္ဘော၏ ကပ္ပတိန်မှာ ခုနက သူ၏ အထက်လူကြီး ဖြစ်သော ဖျက်သင်္ဘော ကပ္ပတိန်ထံမှ အမိန့်ရရှိထားပြီး ဒဏ်ရာရနေသော ဖျက်သင်္ဘောကို သွားရောက် ကာကွယ်ပေးရန် ညွှန်ကြားခံထားရလေသည်။ သို့သော် သူ၏ ရင်ထဲတွင် ဘာမှ မတတ်နိုင်သော ခံစားချက်မျိုး ဖြစ်ပေါ်နေမိသည်။
လူတိုင်း သိထားကြသည်မှာ ယခုခေတ် ကင်းလှည့် သင်္ဘောများတွင် အလိုအလျောက် ပစ်ခတ်နိုင်သော အမြောက်များ၊ ရေအောက် ဗုံးများ၊ ဆိုနာ စနစ်များ၊ ရေဒါများ၊ တော်ပီဒိုများနှင့် အနီအောက်ရောင်ခြည် ထောက်လှမ်းရေး ကိရိယာများ စသည့် အဆင့်မြင့် လက်နက် ကိရိယာများ တပ်ဆင်ထားကြောင်းကိုပင်။ ထို့အပြင် ရေငုပ်သင်္ဘောများကို တိုက်ခိုက်နိုင်စွမ်း အနည်းငယ် ရှိသည်မှာလည်း အမှန်ပင် ဖြစ်သည်။
သို့သော် အဆင့်မြင့် ရေငုပ်သင်္ဘောများနှင့် ရင်ဆိုင်ရချိန်တွင်မူ ၎င်းတို့ အနေဖြင့် မည်သို့မျှ ပြန်လည် မခုခံနိုင်ပေ။ ဘယ်သူက သူတို့ကို တစ်ပတ်ရစ် အစုတ်အပြတ်များ ဝယ်ခိုင်းထားသနည်း။
လက်ရှိအချိန်တွင် ဖျက်သင်္ဘော တစ်စီးသာလျှင် တိုက်ခိုက်ရေး စွမ်းရည် အနည်းငယ် ရှိလေသည်။ ယ်ကြောင့်ဆိုသော် ဖျက်သင်္ဘောများမှာ အကြီးစား စစ်သင်္ဘောများ စာရင်းတွင် ပါဝင်ပြီး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး၊ လေကြောင်း ကာကွယ်ရေး၊ လိုက်လံ တိုက်ခိုက်ရေး တို့တွင် အတော်လေး ကောင်းမွန်သော တိုက်ခိုက်ရေး စွမ်းရည် ရှိသောကြောင့် ဖြစ်သည်။
သို့သော် တန်ချိန် ရာဂဏန်းသာ ရှိသော ဤကင်းလှည့် သင်္ဘောမျိုးကိုမူ ရန်သူက အဖက်ပင် လုပ်မည် မဟုတ်ချေ။
"အခု မရလည်း ရအောင် လုပ်ရတော့မယ် ငါတို့နဲ့ အနီးဆုံးမှာ ရှိတဲ့ ကင်းလှည့် သင်္ဘော အုပ်စုက ဒီကိုလာဖို့ တစ်နာရီခွဲလောက် အချိန်ယူရဦးမယ် အနီးဆုံး ဆိပ်ကမ်းကဆိုရင် သုံးနာရီလောက် ကြာလိမ့်မယ် အခုအချိန်မှာ ငါတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်မှ ရတော့မယ်"
ကင်းလှည့် သင်္ဘော၏ ကပ္ပတိန်က သက်ပြင်းချကာ အမိန့်ပေးလိုက်လေသည်။ ထို့နောက် သူ၏ သင်္ဘောကို အရှိန်လျော့ကျသွားသော ဖျက်သင်္ဘောဆီသို့ ချဉ်းကပ်ရန် ညွှန်ကြားလိုက်ပြီး တစ်ချိန်တည်းမှာပင် ရန်သူ၏ ချုံခိုတိုက်ခိုက်မှုကို ရှာဖွေ ကာကွယ်နေလေသည်။
"ရန်သူကော ရန်သူ့ အရိပ်အယောင် ရှာတွေ့ပြီလား"
ဖျက်သင်္ဘောပေါ်တွင် ကပ္ပတိန် နစ်ခ် က သူ၏
လက်အောက်ငယ်သားများကို ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ အလတ်စား ဖျက်သင်္ဘောကြီး တစ်စီးလုံး ချုံခို တိုက်ခိုက်ခံလိုက်ရပါလျက်နှင့် ရန်သူ၏ အရိပ်အယောင်ကိုပင် မရှာတွေ့သေးသဖြင့် သူ မည်သို့ ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။
ဖျက်သင်္ဘောကို ထိခိုက်အောင် လုပ်နိုင်သူမှာ သေချာပေါက် သာမန် ရန်သူ မဟုတ်ကြောင်း သူ သိလေသည်။
"ကပ္ပတိန် ကျွန်တော့်အထင်တော့ အဲဒါက အဆင့်မြင့် ရေငုပ်သင်္ဘော တစ်စီး ဖြစ်ရမယ် တခြား စစ်သင်္ဘောတွေတော့ မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ရေဒါနဲ့ ကျွန်တော်တို့ မျက်စိနဲ့ ကြည့်ရသလောက် ပတ်ဝန်းကျင်မှာ တခြား သင်္ဘော လုံးဝ မရှိဘူး ဒါကြောင့် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ် အဲဒါက ရေအောက်က ရေငုပ်သင်္ဘောပဲ"
ဒုတိယ ကပ္ပတိန်က လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
"မှန်တယ် ငါလည်း အဲဒီလိုပဲ ထင်တယ် ငါတို့ ကင်းလှည့်နေတဲ့ အချိန်တုန်းက ဆိုနာနဲ့ ရေဒါတွေ အမြဲ ဖွင့်ထားတာပဲ ဘာလို့များ ရေငုပ်သင်္ဘောကို မရှာတွေ့ရတာလဲ ဒါမှမဟုတ် ရန်သူရဲ့ ထောက်လှမ်းရေး ရှောင်ကွင်းနိုင်စွမ်းက ငါတို့ထက် အများကြီး ပိုမြင့်နေလို့ ငါတို့ ရှာမတွေ့တာလား ဒါပေမဲ့ အခု ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပြီးတာ သုံးမိနစ်တောင် ကြာသွားပြီ သူတို့က ဒုတိယ အကြိမ် ဘာလို့ ဆက်မတိုက်သေးတာလဲ သူတို့ ဘာလုပ်ချင်နေတာလဲ လူတစ်ယောက် အားနည်းနေချိန်မှာ အသေသတ်ရမယ် ဆိုတာ သူတို့ မသိဘူးလား တစ်ဖက်လူရဲ့ လှုပ်ရှားမှုက ငါ့ကို နည်းနည်း နားမလည်နိုင်အောင် ဖြစ်စေတယ် စဉ်းစားကြည့် ငါတို့က အခု တိုက်ခိုက်ရေး စွမ်းရည် ဆုံးရှုံးသွားပြီ အင်ဂျင်လည်း သေသွားပြီ သူတို့ရဲ့ ရေငုပ်သင်္ဘောကို ဘာအန္တရာယ်မှ မပေးနိုင်တော့ဘူးလေ သူတို့က ငါတို့ကို အေးအေးဆေးဆေး ရှင်းပစ်လို့ ရနေပြီ ဒါမှမဟုတ် ရန်သူက ဟိုကင်းလှည့် သင်္ဘောကို ကြောက်နေလို့လား မဖြစ်နိုင်ပါဘူး"
ကပ္ပတိန် နစ်ခ်က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိလေသည်။
ယခု သူ၏ ရင်ထဲတွင် ကြိုတင် ပြင်ဆင်မှုများ ရှိနေပြီ ဖြစ်သည်။ ရန်သူ၏ သေဒဏ်ပေးမှုကို စောင့်ဆိုင်းနေခြင်းပင်။ သို့သော် မိနစ် အနည်းငယ် ကြာသွားသည့်တိုင် ရန်သူက ဆက်လက် တိုက်ခိုက်ခြင်း မပြုသလို လူလုံးလည်း ထွက်မလာသဖြင့် သူတို့ ဘာလုပ်ချင်နေသနည်း ဆိုသည်ကို မသိနိုင်တော့ချေ။
"ကပ္ပတိန် ဒီလို အချိန်ဆွဲနေနိုင်လေ ပိုကောင်းလေပဲ ငါတို့ ဌာနချုပ်က အကြောင်းပြန်လာပြီ သူတို့က ငါတို့ကို ကယ်ဖို့ ရေတပ် အုပ်စု နှစ်စု စေလွှတ်လိုက်ပြီ တဲ့ တစ်စုက ငါတို့နဲ့ တစ်နာရီခွဲ ခရီးပဲ ကွာတော့တယ် နောက်တစ်စုကတော့ သုံးနာရီလောက် ကြာရင် ရောက်လာလိမ့်မယ် တဲ့"
ဒုတိယ ကပ္ပတိန်က ပြောလိုက်လေသည်။
"အင်း အများကြီး မစဉ်းစားနဲ့တော့ လူတိုင်းကို သင်္ဘော စွန့်ခွာဖို့ အသင့် ပြင်ထားခိုင်းလိုက် တကယ်လို့ အန္တရာယ် ဖြစ်လာရင် ချက်ချင်း သင်္ဘောကို စွန့်ခွာရမယ် ပြီးတော့ ကင်းလှည့် သင်္ဘောကိုလည်း သတိထားဖို့ လှမ်းပြောလိုက်"
"ဟုတ်ကဲ့ပါ"
ဖိလစ်ပိုင် စစ်ဌာနချုပ်မှ ခေါင်းဆောင်များသည် ပြည်တွင်း ရေပိုင်နက် အတွင်းတွင် သူတို့၏ ဖျက်သင်္ဘော တစ်စီး အမည်မသိ ရန်သူ၏ ချုံခို တိုက်ခိုက်ခံရပြီး တိုက်ခိုက်ရေး စွမ်းရည် ဆုံးရှုံးသွားကြောင်း သတင်းရရှိသောအခါ အလွန်အမင်း တုန်လှုပ်သွားကြလေသည်။
ဤကိစ္စမှာ ကြီးမားသော ကိစ္စကြီး တစ်ခု ဖြစ်လေသည်။ တစ်ဖက်လူက သူတို့၏ အိမ်ပေါက်ဝအထိ လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ခြိမ်းခြောက်မှုနှင့် ရောင့်တက်မှု တစ်ခုပင် ဖြစ်လေသည်။
ဖိလစ်ပိုင် ခေါင်းဆောင်များ၏ ပထမဆုံး တုံ့ပြန်မှုမှာ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ရန် ဖြစ်သည်။ ထို့နောက်တွင်တော့ ခန့်မှန်းချက်များ စတင်လာလေသည်။ ဤကိစ္စကို တရုတ်များ လုပ်ဆောင်ခြင်း ဖြစ်နိုင်သလော။ လက်ရှိတွင် သူတို့နှင့် တရုတ်တို့ အကြား ပွတ်တိုက်မှု အနည်းငယ် ရှိနေပြီး သူတို့၏ ရန်သူမှာလည်း တရုတ်သာလျှင် ဖြစ်လေသည်။ သို့သော် ဤအရာများ အားလုံးမှာ ခန့်မှန်းချက်များသာ ဖြစ်ပြီး မည်သည့် သက်သေ အထောက်အထားမျှ မရှိသေးချေ။
တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်များက ဤသတင်းကို အမေရိကန် တို့ထံ အကြောင်းကြားလိုက်ပြီး မည်သည့် အခြေအနေ ဖြစ်နေသည်ကို ကူညီ စစ်ဆေးပေးရန် တောင်းဆိုလိုက်လေသည်။ တကယ်တမ်းတွင် ဖိလစ်ပိုင်များက အမေရိကန် ကို ရေတပ် အုပ်စု တစ်စုလောက် လွှတ်ပြီး အင်အားပြခိုင်းချင်ရုံသာ ဖြစ်သည်။ ၎င်းမှာ တရုတ်များကို ခြိမ်းခြောက်ချင်သောကြောင့်ပင်။
သို့သော် အမေရိကန် က အလွယ်တကူ ရောက်လာမည် မဟုတ်ပေ။ ကြီးမားသော ကိစ္စများ ရှိမှသာ လာရောက်မည် ဖြစ်သည်။ ထို့အပြင် လောင်စာဆီက အလကား ရသည်များ ထင်နေသလော။ စစ်သင်္ဘော တစ်စီး ဆိပ်ကမ်းမှ ထွက်ခွာသည်နှင့် ငွေများ ရေလို စီးထွက်သွားမည် ဖြစ်သည်။ ဆိပ်ကမ်းတွင် ရပ်နားထားလျှင်ပင် ပြုပြင် ထိန်းသိမ်းစရိတ်များ လိုအပ်သေးသည် မဟုတ်ပါလော။
ဆွန်ဖုန်းကတော့ ထိုဖိလစ်ပိုင် များ ဘာလုပ်ချင်သည်ကို ဂရုမစိုက်ပေ။
ခုနက သူသည် ထိုဖျက်သင်္ဘော၏ ပန်ကာကို ဖောက်ခွဲလိုက်ပြီးနောက် ဆက်လက်၍ အပေါက်များ ဖောက်ရန် မလုပ်ဆောင်ခဲ့ပေ။ ကြောင်က ကြွက်ကို ဖမ်းသကဲ့သို့ ဖြည်းဖြည်းချင်း ကစားရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆွန်ဖုန်းက အခြား ကင်းလှည့် သင်္ဘောကိုပါ သွားရောက် ဖောက်ခွဲရန် ရည်ရွယ်လိုက်သည်။ ထိုသူများ အားလုံး ထိတ်လန့်သွားချိန်ကျမှသာ ဒီသင်္ဘော နှစ်စီးလုံးကို စကာပေါက် ဖြစ်သွားအောင် ဖောက်ခွဲပစ်မည် ဖြစ်လေသည်။
"ကပ္ပတိန် ရန်သူ့ အရိပ်အယောင်ကို လုံးဝ မတွေ့ရသေးပါဘူး ကျွန်တော်တို့ အားလုံး သင်္ဘော စွန့်ခွာဖို့ အသင့် ပြင်ထားပြီးပါပြီ အသက်ကယ် အင်္ကျီတွေနဲ့ လှေတွေကိုလည်း အားလုံး ချထားပေးပြီးပါပြီ ပြီးတော့ ကင်းလှည့် သင်္ဘောကလည်း ကျွန်တော်တို့ဆီ ချဉ်းကပ်လာနေပါပြီ သူတို့လည်း အဆိုးရွားဆုံး အခြေအနေ အတွက် အသင့် ပြင်ထားပြီးပါပြီ ကပ္ပတိန် အမိန့်ပေးပါ"
ထိုလက်အောက်ငယ်သားက ဖျတ်ကနဲ သတိဆွဲကာ နစ်ခ်ကို အစီရင်ခံလိုက်လေသည်။
"အင်း အရမ်း ကောင်းတယ် ကြည့်ရတာ ဒီရန်သူက ငါတို့ကို အသေအချာ နစ်မြုပ်ပစ်ဖို့ မရဲဘူး ထင်တယ် သူတို့က ငါတို့ကို ခြိမ်းခြောက်ချင်ရုံ သက်သက် ဒါမှမဟုတ် ငါတို့ နိုင်ငံကို အင်အား လာပြတာပဲ ဖြစ်ရမယ်"
နစ်ခ်က မျက်နှာ မည်းမှောင်စွာဖြင့် ပြောလိုက်လေသည်။
"ကပ္ပတိန် ဆိုလိုတာက တစ်ဖက်လူက တရုတ်တွေ ဖြစ်နိုင်တယ်လို့ ပြောချင်တာလား"
ဒုတိယ အရာရှိ တစ်ဦးက မေးလိုက်လေသည်။
"အင်း ငါ အဲဒီလို ထင်တယ် သူတို့ကလွဲပြီး တခြား ဘယ်သူ ရှိနိုင်ဦးမလဲ အိန္ဒိယ ဟုတ်လား မဖြစ်နိုင်ပါဘူး သူတို့က ဒီဘက်ကို လာလေ့ မရှိပါဘူး ပြီးတော့ ငါတို့နဲ့ သူတို့ ဆက်ဆံရေးက အဲဒီလောက် မဆိုးပါဘူး"
"အင်း ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်"
ဘုန်း ဘုန်း...
ထိုလူများ ဆွေးနွေးနေကြချိန်တွင် သူတို့နှင့် မနီးမဝေး ပင်လယ်ပြင်ဆီမှ ယခင်ကကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်လေသည်။
"ဘာဖြစ်တာလဲ ရန်သူ တိုက်ခိုက်ပြန်ပြီလား မြန်မြန် မြန်မြန် ချက်ချင်း ခုခံကြ ချက်ချင်း ခုခံကြ ရန်သူ ဘယ်မှာလဲ ဆိုတာကို အမြန် ရှာ"
ဤတစ်ကြိမ် ပေါက်ကွဲသံကို ကြားရသောအခါ လူတိုင်း ထိတ်လန့်သွားကြသော်လည်း ယခင်ကထက် ကြိုတင် ပြင်ဆင်မှု ရှိနေကြသဖြင့် အမိန့်များ အမြန်ဆုံး ပေးကာ ရန်သူကို စတင် ရှာဖွေကြလေသည်။
"အစီရင်ခံပါတယ် ကပ္ပတိန် ကျွန်တော်တို့ရဲ့ ညီအစ်ကို သင်္ဘော ဖြစ်တဲ့ ကင်းလှည့် သင်္ဘောလေး ရန်သူ့ တိုက်ခိုက်မှု ခံလိုက်ရပါပြီ သင်္ဘောအမြီးပိုင်းက အင်ဂျင်ခန်း ပျက်စီးသွားပြီး အင်ဂျင် ရပ်သွားပါပြီ ကျွန်တော်တို့လိုပဲ တိုက်ခိုက်ရေး စွမ်းရည် ဆုံးရှုံးသွားပါပြီ"
မိနစ် အနည်းငယ် အကြာတွင် ဆက်သွယ်ရေးမှူး တစ်ဦးက နစ်ခ် ရှေ့သို့ ဝမ်းနည်းစွာ ရောက်လာပြီး အစီရင်ခံလိုက်လေသည်။
"ဘာ အခြေအနေက ငါတို့လိုပဲ ဖြစ်သွားတာလား ချီးပဲ ဒီရန်သူတွေက ဘယ်သူတွေလဲ သူတို့ လက်နက် အဆင့်မြင့်တာကို အားကိုးပြီး ငါတို့ကို လာကစားနေတာလား"
နစ်ခ် တစ်ယောက် အော်ဆဲလိုက်လေသည်။
ခုနက သင်္ဘောပေါ်ရှိ လေ့လာရေးမှူးများက ပတ်ဝန်းကျင်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ကြပြီး စက်ပစ္စည်း အားလုံးကိုလည်း ဖွင့်ထားခဲ့သည်။ ထို့ကြောင့် ခုနက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ရန်သူကို မတွေ့ရုံသာမက ရန်သူ၏ တိုက်ခိုက်ရေး လက်နက်က တော်ပီဒို မဟုတ်ကြောင်းကိုပါ သူ သိရှိလိုက်ရသည်။
ဤသတင်းက သူ့ကို အလွန် အံ့အားသင့်သွားစေသည်။ တော်ပီဒို မဟုတ်ဘူး၊ အမြောက် မဟုတ်ဘူး ဆိုလျှင် ဘာများလဲ။ ဤသည်မှာ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားပြီ ဖြစ်လေသည်။
လက်ရှိ ရေအောက် တိုက်ခိုက်ရေး လက်နက်များတွင် အများအားဖြင့် တော်ပီဒိုများကို အဓိက အသုံးပြုကြသည်။ သို့သော် ခုနက အခြေအနေကို ကြည့်ရသလောက် လေကြောင်း တိုက်ခိုက်မှု မဟုတ်ဘဲ ရေအောက် ချုံခို တိုက်ခိုက်မှုသာ ဖြစ်သည်။ သို့သော် တော်ပီဒို၏ အရိပ်အယောင်ကိုမူ လုံးဝ မတွေ့ရချေ။ ဤအချက်က လူတိုင်းကို ခေါင်းကုတ်သွားစေလေသည်။