← Chapters

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း ၃၆၅ - ကယ်ဆယ်ရေး ရောက်လာပြီ

"တကယ်လို့ ရေငုပ်သင်္ဘော ဆိုရင် အခုလောက်ဆို ငါတို့ ရှာတွေ့သင့်ပြီလေ ပြီးတော့ ရန်သူက တော်ပီဒိုကိုလည်း အသုံးမပြုဘူး ဆိုတော့ ငါတို့ တကယ်ပဲ နားမလည်နိုင်တော့ဘူး"

"အခု ဘယ်လို ဆက်လုပ်ကြမလဲ ချက်ချင်းပဲ သင်္ဘောကို စွန့်ပစ်လိုက်ရမလား ရန်သူက ဒုတိယ အကြိမ် တိုက်ခိုက်မှု စတင်နေပြီဆိုတော့ နောက်တစ်ခါဆို ငါတို့ကိုပါ ဖောက်ခွဲပစ်တော့မယ် ထင်တယ် တကယ်လို့ ငါတို့ ကြိုတင်ပြီး သင်္ဘောကို စွန့်ပစ်လိုက်ရင် ငါတို့ ရေတပ် မျိုးဆက်လေးတွေကိုတော့ ကယ်နိုင်ဦးမှာပါ"

ဒုတိယ ကပ္ပတိန်က အကြံပြုလိုက်လေသည်။

"ဟုတ်တယ် ငါတို့ အခု ဘာမှ ပြန်မခုခံနိုင်တော့ဘူး ရန်သူရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူးလေ ငါတို့ လုံးဝကို အရှုံးကြီး ရှုံးသွားပြီ ရန်သူက ကစားချင်သလို ကစားသွားတာပဲ ငါတို့ရဲ့ ကယ်ဆယ်ရေးက ရောက်လာဖို့ တစ်နာရီကျော်တောင် လိုသေးတယ် ဒီတစ်နာရီကျော် အတွင်းမှာ ရန်သူက ငါတို့ကို ထပ်မတိုက်ခိုက်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ ဒါကြောင့် သင်္ဘောကို စွန့်ပစ်လိုက်တာပဲ အကောင်းဆုံး ဖြစ်မယ်"

နောက်ဆုံးတွင် နစ်ခ်က သက်ပြင်းချကာ ပြောလိုက်လေသည်။

"ကောင်းပြီ ဒါဆိုရင် ကျွန်တော် အမိန့်ပေးလိုက်တော့မယ် တစ်ချိန်တည်းမှာပဲ ဟိုဘက်က ကင်းလှည့် သင်္ဘောကိုပါ သင်္ဘော စွန့်ပစ်ဖို့ ပြောလိုက်မယ်"

ထိုသို့ဖြင့် ဖိလစ်ပိုင် များ အလျှော့ပေးသွားကြပြီး သင်္ဘော စွန့်ပစ်ရန် အစီအစဉ်များ စတင် လုပ်ဆောင်ကြလေသည်။

ယခုအချိန်တွင် ဖိလစ်ပိုင် များ၏ ရေတပ် အုပ်စုငယ် တစ်စုနှင့် အလတ်စား ရေတပ် အုပ်စု တစ်စုတို့သည် ဤနေရာသို့ အလျင်အမြန် လာရောက်နေကြပြီ ဖြစ်သည်။

ထိုအုပ်စုငယ်မှာ ယခု အုပ်စုနည်းတူ ဖျက်သင်္ဘော တစ်စီးနှင့် ကင်းလှည့် သင်္ဘော နှစ်စီး ပါဝင်ပြီး နစ်ခ်တို့ထက် ကင်းလှည့် သင်္ဘော တစ်စီး ပိုများလေသည်။ ဤအုပ်စုမှာလည်း ကင်းလှည့်နေသော အုပ်စုများထဲမှ တစ်စု ဖြစ်ပြီး ဤနေရာသို့ ရောက်ရှိရန် တစ်နာရီခွဲခန့် အချိန်ယူရမည် ဖြစ်သည်။

အလတ်စား ရေတပ် အုပ်စုကတော့ ဆိပ်ကမ်းမှ ထွက်ခွာလာခြင်း ဖြစ်ပြီး သုံးနာရီခန့် အချိန်ယူရမည် ဖြစ်သည်။ သို့သော် ဤအလတ်စား အုပ်စုတွင် ဖျက်သင်္ဘော နှစ်စီး၊ ကင်းလှည့် သင်္ဘောကြီး တစ်စီး၊ ကင်းလှည့် သင်္ဘောငယ် နှစ်စီး၊ တော်ပီဒို သင်္ဘော လေးစီး စသည်ဖြင့် ပြည့်စုံသော တိုက်ခိုက်ရေး ရေတပ် အုပ်စု တစ်စု ပါဝင်လေသည်။ မိမိတို့၏ ရေပိုင်နက် အတွင်း ဤမျှ ကြီးမားသော ကိစ္စ ဖြစ်ပွားလာသောအခါ ဖိလစ်ပိုင် များ အနေဖြင့် အကောင်းဆုံး ရေတပ် အုပ်စုကို စေလွှတ်ရတော့မည် ဖြစ်လေသည်။

အကယ်၍ နစ်ခ်တို့သာ ထိုကယ်ဆယ်ရေး အဖွဲ့များ ရောက်လာသည် အထိ စောင့်နေမည် ဆိုပါက သူတို့အားလုံး ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်သွားကြပြီး ကယ်ဆယ်ရေး လုပ်ရန်ပင် အကြောင်း ရှိတော့မည် မဟုတ်ချေ။

နောက်တစ်စက္ကန့်တွင် ဖိလစ်ပိုင် များ၏ စစ်သင်္ဘော နှစ်စီးပေါ်တွင် လူတိုင်း အလုပ်ရှုပ်သွားကြလေသည်။

အရေးကြီးသော နေရာများတွင် စောင့်ကြပ်နေသူ အချို့မှလွဲ၍ ကျန်သူများ အားလုံး အသက်ကယ် အင်္ကျီများ ဝတ်ဆင်ကာ အသက်ကယ် လှေများပေါ်သို့ စတင် ခုန်ချနေကြပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့ည လေပြင်း မုန်တိုင်း မရှိသဖြင့် တော်သေးသည်။ မဟုတ်ပါက ဤအသက်ကယ် လှေငယ်လေးများမှာ လှိုင်းဒဏ်ကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

ဆွန်ဖုန်းက ထိုကင်းလှည့် သင်္ဘော၏ ပန်ကာကို ဖောက်ခွဲလိုက်ပြီး မကြာမီမှာပင် မနီးမဝေးရှိ ဖျက်သင်္ဘော ကုန်းပတ်ပေါ်တွင် လူများ အသက်ကယ် လှေများ ချရန် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရလေသည်။

"သောက်ကျိုးနည်း ဖိလစ်ပိုင် တွေ ထွက်ပြေးဖို့ ကြံနေတာပဲ ချီးပဲ တစ်ကောင်မှ အလွတ်မပေးဘူး"

မနီးမဝေးတွင် ထိုဖျက်သင်္ဘောပေါ်မှ ဖိလစ်ပိုင် များ အသက်ကယ် လှေများ ချရန် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ဆွန်ဖုန်း တစ်ယောက် ချက်ချင်းပင် လိုက်သွားလေတော့သည်။ ဒီသောက်ခွေးကောင်များကို သူ အလွတ်ပေးမည် မဟုတ်ပေ။

"ပိုင်ရှင် ဒီဖျက်သင်္ဘောကို ဖောက်ခွဲပစ်လိုက်တော့မလား"

သိပ်မကြာခင်မှာပင် ဆွန်ဖုန်းသည် ရပ်တန့်လုနီးပါး ဖြစ်နေသော ဖျက်သင်္ဘော၏ အောက်သို့ ရောက်ရှိလာပြီး အသံလက်ထောက်က မေးလိုက်လေသည်။

"အေး ဖောက်ခွဲပစ်လိုက် ဟွန့်"

ဆွန်ဖုန်းက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ ဤရိုင်းစိုင်းသော ဖိလစ်ပိုင် များ အပေါ် သူက ဘယ်တုန်းကမှ အမြင်မကြည်ခဲ့ပေ။

"လက်နက် စနစ်ကို ဖွင့်လိုက်"

ဆွန်ဖုန်း၏ အမိန့်နှင့်အတူ ရေငုပ်ဝတ်စုံ၏ လက်မောင်း နှစ်ဖက်တွင် အပြာရောင် စွမ်းအင်များ ထပ်မံ စုစည်းလာလေသည်။

နောက်တစ်စက္ကန့်တွင် အပြာရောင် သေမင်းတမန် အလင်းတန်း နှစ်ခုသည် လက်မောင်းမှ ထွက်ပေါ်လာပြီး ဆွန်ဖုန်း၏ ခေါင်းပေါ်ရှိ ဖျက်သင်္ဘော အောက်ခြေဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။ အထူး သံမဏိဖြင့် ပြုလုပ်ထားသော သင်္ဘောကိုယ်ထည်မှာ အပြာရောင် အလင်းတန်း နှစ်ခု၏ ထိုးဖောက်မှုကို ချက်ချင်း ခံလိုက်ရလေသည်။

"ဖောက် ဖောက်"

ထိမှန်သွားသော နေရာများတွင် မျက်နှာသစ် ဇလုံ အရွယ်အစားခန့် ရှိသော အပေါက်ကြီး နှစ်ပေါက် ဖြစ်ပေါ်လာပြီး များပြားလှသော ပင်လယ်ရေများက ချက်ချင်းပင် ထိုအပေါက်များမှ တစ်ဆင့် အတွင်းသို့ ရူးသွပ်စွာ ဝင်ရောက်လာတော့သည်။

ဆွန်ဖုန်းက ထိုအပေါက် နှစ်ပေါက်တည်းဖြင့် အားမရသေးဘဲ မျက်နှာသစ် ဇလုံ အရွယ်အစားရှိ အပေါက်ပေါင်း ငါးဆယ်ခန့်ကို တစ်ဆက်တည်း ထပ်မံ ဖောက်လိုက်လေသည်။ ယခုအခါ အပေါက်ပေါင်း ငါးဆယ့်နှစ်ပေါက်မှ ပင်လယ်ရေများ အဆက်မပြတ် ဝင်ရောက်လာနေလေပြီ။ ချက်ချင်းပင် အောက်ဆုံးထပ်ရှိ သင်္ဘောခန်းများ အားလုံး ရေများဖြင့် ပြည့်နှက်သွားတော့သည်။

ဤဖျက်သင်္ဘောကြီးမှာလည်း ရေများ အမြောက်အမြား ဝင်ရောက်လာသည်နှင့်အမျှ တစ်ဖက်သို့ စတင် ယိမ်းယိုင်လာပြီး အခြေအနေမှာ ပို၍ ဆိုးရွားလာလေသည်။

"ကပ္ပတိန်... ကပ္ပတိန်ကြီး ဒုက္ခပါပဲ ကျွန်တော်တို့ သင်္ဘော အောက်ခြေက အမည်မသိ တိုက်ခိုက်မှု ခံလိုက်ရတယ် အပေါက်ပေါင်း ဆယ်ဂဏန်းလောက် ဖြစ်သွားပြီး ပင်လယ်ရေတွေ အများကြီး ဝင်လာနေတယ် ကျွန်တော်တို့ ပြင်ဖို့ အချိန်မရလိုက်ဘူး အခု အောက်ဆုံးထပ် တစ်ခုလုံး ရေတွေ ပြည့်သွားပြီ အလယ်ထပ်တောင် ရောက်လာပြီ အလယ်ထပ်က ဂိုဒေါင်ထဲတောင် ရေဝင်လာပြီ ရန်သူက ဘာလက်နက် သုံးသွားတာလဲ မသိဘူး လေဆာ များလား"

ထိုအချိန်တွင် ဒုတိယ အရာရှိ တစ်ဦးက နစ်ခ်ထံ အလောတကြီး ပြေးလာပြီး အစီရင်ခံလိုက်လေသည်။

"ငါ သိပြီ"

နစ်ခ်၏ မျက်နှာမှာ မည်းမှောင်နေလေပြီ။

ရန်သူ၏ တိုက်ခိုက်မှုက ဤမျှ မြန်ဆန်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သင်္ဘော စွန့်ပစ်ရန် ပြင်ဆင်နေဆဲမှာပင် တိုက်ခိုက်မှု စတင်လာခြင်း ဖြစ်လေသည်။ ခုနက တုန်ခါမှု အကြိမ်ပေါင်းများစွာကို သူလည်း ခံစားလိုက်ရသည်။ ရန်သူက မည်သည့် တိုက်ခိုက်ရေး နည်းလမ်းကို အသုံးပြုခဲ့သနည်း ဆိုသည်ကိုမူ သူ နားမလည်နိုင်ပေ။

သို့သော် ယခုအချိန်တွင် ၎င်းတို့မှာ အရေးမကြီးတော့ချေ။ ဤဖျက်သင်္ဘောကြီးကို မကယ်တင်နိုင်တော့ကြောင်း သူ သိလိုက်သဖြင့် ချက်ချင်း သင်္ဘော စွန့်ပစ်ရန်သာ ရွေးချယ်လိုက်ရလေသည်။ သင်္ဘောကြီးမှာ ကြာကြာ ခံနိုင်တော့မည် မဟုတ်ဘဲ မကြာမီ နစ်မြုပ်သွားတော့မည် ဖြစ်လေသည်။

"အမိန့်ပေးလိုက် အားလုံး သင်္ဘော စွန့်ခွာကြ ပြီးတော့ ကယ်ဆယ်ရေး ရေတပ် အုပ်စုတွေကို အမြန်ဆုံး လာဖို့ လှမ်းပြောလိုက် အဲဒီလိုမှ မဟုတ်ရင် ငါတို့ နှစ်သင်္ဘောလုံးပေါ်က လူတွေ အကုန် ငါးမန်းစာ သွားဖြစ်ကုန်လိမ့်မယ်"

နစ်ခ်က အားအင် ကုန်ခမ်းနေသော လေသံဖြင့် ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ"

သိပ်မကြာခင်မှာပင် အခြား ကင်းလှည့် သင်္ဘောမှာလည်း ဖျက်သင်္ဘော၏ ခြေရာကို နင်းသွားလေသည်။ ဆွန်ဖုန်း၏ အပေါက်ပေါင်း တစ်ရာ့လေးပေါက် ဖောက်ခြင်းကို ခံလိုက်ရပြီး ဖျက်သင်္ဘောထက်ပင် ပိုမို လျင်မြန်စွာ နစ်မြုပ်သွားလေသည်။ ဆယ်မိနစ်ခန့် အကြာတွင် လုံးဝ နစ်မြုပ်သွားတော့သည်။

အသက်ရှင် ကျန်ရစ်သူမှာ အယောက် နှစ်ဆယ်ပင် မပြည့်ပေ။ ဤကဲ့သို့ တန်ချိန်ငယ်သော ကင်းလှည့် သင်္ဘောမျိုးသည် ဆွန်ဖုန်း၏ အပေါက်ပေါင်း တစ်ရာကျော် ဖောက်ခံလိုက်ရပါက စက္ကန့်ပိုင်း အတွင်း နစ်မြုပ်သွားမည့် ကိန်းပင် ဖြစ်လေသည်။

အခြားတစ်ဖက်ရှိ အသက်ကယ် လှေပေါ်တွင် နစ်ခ်သည် မိမိတို့ထက် ပိုမို လျင်မြန်စွာ နစ်မြုပ်သွားသော ကင်းလှည့် သင်္ဘောကို ကြည့်ကာ ရင်ထဲတွင် အလွန် ဝမ်းနည်းကြေကွဲနေမိသည်။

လူအများအပြားမှာ သင်္ဘော စွန့်ခွာရန် အချိန်မမီလိုက်ဘဲ ပင်လယ်ရေ၏ မျိုချခြင်းကို ခံလိုက်ရသည်ကို သူ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ ရက်စက်သော ပင်လယ်ပြင်ကြီးက အသက်ပေါင်းများစွာကို မျိုချပစ်လိုက်လေပြီ။

ဖျက်သင်္ဘော ဘက်တွင်လည်း စောစောစီးစီး ကြိုတင် ပြင်ဆင်ထားသော်လည်း အသက်ကယ် လှေ မလုံလောက်မှု သို့မဟုတ် အချိန်မမီမှုများကြောင့် လူလေးငါးဆယ်ခန့် ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိသွားခဲ့ရသည်။

ယခုအချိန်တွင် တိုက်ခိုက်ခံရသည်မှစ၍ နာရီဝက်ခန့်သာ ကြာမြင့်သေးသည်။ သူတို့ အနေဖြင့် ကယ်ဆယ်ရေးကို စောင့်ဆိုင်းရန် အနည်းဆုံး တစ်နာရီခန့် အချိန်ယူရဦးမည် ဖြစ်သည်။

သို့သော် နစ်ခ် အနေဖြင့် ယခုအချိန်တွင် အနည်းငယ် ကံကောင်းသည်ဟု ခံစားနေရသည်မှာ ရန်သူက ထပ်မံ ပေါ်မလာသလို သူတို့ကိုလည်း ဆက်လက် မတိုက်ခိုက်တော့ခြင်းပင်။ ဖျက်သင်္ဘော တစ်စီးနှင့် ကင်းလှည့် သင်္ဘော တစ်စီး ဆုံးရှုံးသွားရသော်လည်း အနည်းဆုံးတော့ သင်္ဘောသား အများစုကို ကယ်တင်နိုင်ခဲ့သည် မဟုတ်ပါလော။

ဖိလစ်ပိုင် များ၏ ဌာနချုပ်သို့ ဤဝမ်းနည်းဖွယ် သတင်း ရောက်ရှိသွားသောအခါ ခေါင်းဆောင်များ အားလုံး အလွန်အမင်း ဒေါသထွက်သွားကြလေသည်။

ရန်သူကို မတွေ့ရဘဲနှင့် မိမိတို့၏ စစ်သင်္ဘော နှစ်စီး လျှို့ဝှက်ဆန်းကြယ်စွာ ဖျက်ဆီးခံလိုက်ရသည်တဲ့လား။ ဤသတင်းက သူတို့ကို အံ့အားသင့်သွားစေသလို အလွန်အမင်း ဒေါသထွက်သွားစေသည်။ တစ်ချိန်တည်းမှာပင် ကယ်ဆယ်ရေး ရေတပ် အုပ်စု နှစ်စုကိုလည်း အမြန်ဆုံး အကူအညီ ပေးရန် အလျင်အမြန် စေလွှတ်လိုက်လေသည်။ သို့မဟုတ်ပါက အသက်ရှင် ကျန်ရစ်သော ထိုသင်္ဘောသားများပါ သေဆုံးသွားနိုင်လေသည်။ သိထားရမည်မှာ သင်္ဘောသား တစ်ယောက်ကို မွေးထုတ်ရန် လူ့စွမ်းအား၊ ငွေကြေးနှင့် အချိန် မည်မျှ ကုန်ကျရသနည်း ဆိုသည်ကိုပင်။

ယခုအချိန်တွင် ပင်လယ်ပြင်ပေါ်တွင် အသက်ကယ် လှေငယ်လေးများ အများအပြား မျောပါနေကြပြီး လှိုင်းတံပိုးများနှင့်အတူ နိမ့်ချည် မြင့်ချည် ဖြစ်နေကြလေသည်။ ပင်လယ်ပြင် တစ်ခွင်တွင်လည်း ညည်းညူ အော်ဟစ်သံများ ဆူညံနေလေသည်။

အချို့မှာ အသက်ကယ် လှေ မရရှိဘဲ ပင်လယ်ရေထဲတွင် ဒီအတိုင်း မျောပါနေရသဖြင့် အလွန် ကြေကွဲဖွယ် ကောင်းလှသည်။ အချို့မှာ ဒဏ်ရာရထားကြပြီး အနာများမှ ထွက်ကျလာသော သွေးများကြောင့် ငါးမန်းများကို ဆွဲဆောင်လာမည်ကိုပင် စိုးရိမ်နေကြရလေသည်။ ဤသင်္ဘောသားများမှာ ယခုအခါ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့နေကြပြီ ဖြစ်သည်။ ရန်သူ ရုတ်တရက် ပေါ်လာပြီး သူတို့ကို သေနတ်ဖြင့် အကုန် ပစ်သတ်သွားမည်ကိုလည်း စိုးရိမ်နေကြရသည်။ အကယ်၍ ထိုသို့သာ ဖြစ်လာပါက သူတို့ အနေဖြင့် ဘာမှ ပြန်မခုခံနိုင်ဘဲ သေရန်သာ ရှိတော့မည် ဖြစ်လေသည်။

"အားလုံး မကြောက်ကြနဲ့ ငါတို့ရဲ့ ကယ်ဆယ်ရေး အဖွဲ့ သိပ်မကြာခင် ရောက်လာတော့မယ်"

နစ်ခ်သည် စစ်သားများ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ အားပေး နှစ်သိမ့်စကား ပြောလိုက်လေသည်။

All Chapters