အခန်း ၃၇၀
Vol. 37 Ch. 370
အခန်း ၃၇၀ - တင်းမာလာသော အခြေအနေ
ယခုတော့ ဂျိုနသန် တစ်ယောက် ဘာစကားမှ မပြောနိုင်တော့ချေ။ အရင်က သူ ထင်ထားခဲ့သည်မှာ ရန်သူက ထိုမျှလောက် မစွမ်းဆောင်နိုင်သလို ကင်းလှည့် သင်္ဘောကြီး နှစ်စီးရှေ့တွင် ရောင့်တက်ရဲမည် မဟုတ်ဟုပင်။ သို့သော် ယခု သူ၏ မျက်စိရှေ့တွင်ပင် သူ အားကိုးယုံကြည်ရသော ကင်းလှည့် သင်္ဘောကြီးများ အမည်မသိ ရန်သူ၏ ချက်ချင်း ဖျက်ဆီးခြင်းကို ခံလိုက်ရသည်ကို မြင်သောအခါ သူ လုံးဝ ကြောင်အမ်းသွားပြီး မျှော်လင့်ချက်မဲ့သွားတော့သည်။
၎င်းတို့မှာ ငါးဖမ်းလှေများ မဟုတ်ဘဲ ကင်းလှည့် သင်္ဘောကြီး နှစ်စီး ဖြစ်လေသည်။ ကမ္ဘာ့အဆင့်မီ စစ်သင်္ဘောကြီးများ ဖြစ်သော်လည်း ရန်သူ၏ လက်ချက်ဖြင့် အကြောင်းရင်း မသိရဘဲ နစ်မြုပ်သွားခဲ့ရသည်။ အဆိုးဆုံးမှာ ယခုအချိန်အထိ ရန်သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရခြင်းက လူတိုင်းကို အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့သွားစေလေသည်။
ပင်လယ်ပြင် တစ်ခွင်တွင် ထိုဖိလစ်ပိုင် ရေတပ်သားများ နေရာအနှံ့ မျောပါနေကြလေသည်။ အသက်ကယ် လှေ မလုံလောက်သဖြင့် လူဦးရေ တစ်ဝက်ကျော်မှာ အေးစက်သော ပင်လယ်ရေထဲတွင်သာ စိမ်နေကြရလေသည်။
မကြာသေးမီကမှ သူတို့ အနည်းငယ် မျှော်လင့်ချက် ရောင်ခြည်လေးကို မြင်တွေ့ခဲ့ရပြီး မိမိတို့၏ ညီအစ်ကို ရေတပ် အုပ်စုက သူတို့ကို ကယ်တင်ရန် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ သို့သော် ကယ်ဆယ်ရေး လုပ်ငန်းများ စတင်နေစဉ်မှာပင် ဤဖျက်သင်္ဘောနှင့် အခြား ကင်းလှည့် သင်္ဘော နှစ်စီးမှာလည်း ရန်သူ၏ တိုက်ခိုက် ဖျက်ဆီးခြင်းကို ခံလိုက်ရပြန်လေသည်။
ဤရလဒ်က ဤသနားစရာ ဖိလစ်ပိုင် စစ်သားများကို နောက်ထပ် တစ်ကြိမ် ချောက်ကမ်းပါးထဲသို့ ကျသွားစေခဲ့ပြီး သေချာပေါက် သေရတော့မည်ဟု သူတို့ သိလိုက်ကြလေသည်။ ရန်သူက မထွက်သွားရုံတင် မကဘဲ သူတို့ကို ငါးစာ အဖြစ် အသုံးချပြီး သူတို့၏ ညီအစ်ကိုများကိုပါ လှည့်စား ဖျက်ဆီးသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ ယခုအခါ နစ်ခ်နှင့် ဂျိုနသန် တို့မှာ မျက်နှာ မည်းမှောင်ကာ ဝမ်းနည်း ကြေကွဲနေကြပြီး မိမိကိုယ်ကိုယ် ကယ်တင်ရန်ပင် မညွှန်ကြားနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် မည်သို့မျှ အသုံးမဝင်တော့သောကြောင့်ပင်။ ဘုရားသခင်ထံ ဆုတောင်းကာ သူတို့ကို သနားရန်သာ တောင်းခံရုံသာ ရှိတော့သည်။ တစ်ခုခု အပြောင်းအလဲများ ဖြစ်လာနိုင်မည်လားပေါ့။
"ကံဆိုးတဲ့ အထဲက ကံကောင်းတာက ဒီကျိန်စာသင့်မယ့် ရန်သူတွေက ငါတို့လို ဘာမှ ပြန်မလုပ်နိုင်တဲ့ သူတွေကို အစုလိုက်အပြုံလိုက် မသတ်ဖြတ်သွားတာပဲ အဲဒီလိုမှ မဟုတ်ရင် ငါတို့ အကုန်လုံး ဘယ်လိုမှ ပြေးမလွတ်နိုင်ဘူး"
နစ်ခ်၏ အသက်မှာ ယခုနှစ်တွင် ငါးဆယ်ကျော်နေပြီ ဖြစ်သည်။ သူက သံမဏိ သွေးရှိသော စစ်သား တစ်ယောက် ဖြစ်သော်လည်း ယခုအချိန်တွင်မူ အနည်းငယ် ဝမ်းနည်းလာမိသည်။ သူ၏ ဇနီး သားနှင့် လှပချောမောသော မယားငယ်လေးကို လွမ်းဆွတ်နေမိသည်။
ယခုအခါ နစ်ခ်၏ အသက်ကယ် လှေမှာ ဂျိုနသန်တို့၏ ခေါင်းဆောင်များနှင့် လာရောက် ပူးပေါင်းမိလေပြီ။ နစ်ခ်၏ စကားကို ကြားသောအခါ ဂျိုနသန်က အေးစက်စွာ ပြောလိုက်လေသည်။
"ဟွန့် ရန်သူက ဒီတစ်ခေါက် နည်းနည်းတော့ ဆန်းကြယ်ပြီး အားကောင်းတယ် ဒါပေမဲ့ ငါတို့ဆီကို ကင်းလှည့် သင်္ဘောကြီး နှစ်စီး ဦးဆောင်တဲ့ ရေတပ် အုပ်စုကြီး လာကယ်တော့မယ် ငါ ယုံကြည်တယ် ပင်လယ်အောက်မှာ ပုန်းနေတဲ့ အဲဒီ သောက်ခွေးကောင်တွေ သေချာပေါက် ကြောက်ပြီး ထွက်ပြေးသွားတော့မှာပဲ"
ဂျိုနသန်၏ အမြင်တွင် သူ့ကို ချုံခို တိုက်ခိုက်ခဲ့သူမှာ နောက်ဆုံးပေါ် ရေငုပ်သင်္ဘော တစ်မျိုးသာ ဖြစ်ရမည်။ သို့သော် ထိုရေငုပ်သင်္ဘောများမှာ ကင်းလှည့် သင်္ဘောကြီးများ ရှေ့တွင် လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက အနည်းငယ် မကြောက်မရွံ့ ဖြစ်နေခြင်း ဖြစ်လေသည်။
"အဲဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ"
နစ်ခ်က သက်ပြင်းချကာ ပြောလိုက်လေသည်။
"ပိုင်ရှင် ကျွန်တော်တို့ ဒီစစ်သင်္ဘောတွေ အကုန်လုံးကို ဖောက်ခွဲပစ်လိုက်ပြီ"
ပင်လယ်ကြမ်းပြင် အောက်ရှိ ရေငုပ်ဝတ်စုံထဲတွင် ဆွန်ဖုန်းက မှန်ပြင်မှတစ်ဆင့် မိမိ၏ လက်ရာကို ကြည့်ကာ မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ပေါ်ထွက်လာလေသည်။
"ပတ်ဝန်းကျင်မှာ တခြား စစ်သင်္ဘောတွေ လာနေတာ ရှိသေးလား ရှာကြည့်လိုက် မရှိတော့ဘူး ဆိုရင်တော့ ငါ နားဖို့ နေရာတစ်ခု ရှာရတော့မယ်"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်"
သိပ်မကြာခင်မှာပင် အသံလက်ထောက်က ဆွန်ဖုန်း အတွက် ရှာဖွေပေးလိုက်ပြီး ကီလိုမီတာ ၃၅၀ ပတ်လည် အတွင်း ဖိလစ်ပိုင်တို့၏ စစ်သင်္ဘောများကို မတွေ့ရတော့ကြောင်း အစီရင်ခံလိုက်လေသည်။
နောက်ထပ် လာမည့် သင်္ဘောများ ရှိလျှင်ပင် အချိန်တိုအတွင်း ရောက်လာမည် မဟုတ်ကြောင်း ဆွန်ဖုန်း သိလေသည်။ ဘာပဲဖြစ်ဖြစ် ဤနေရာတွင် ကင်းလှည့် သင်္ဘောကြီး နှစ်စီးတောင် ရှင်းလင်းခံလိုက်ရပြီ ဖြစ်ရာ ရန်သူက ကင်းလှည့် သင်္ဘောကြီးများကိုပါ နစ်မြုပ်အောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်ထားမည် မဟုတ်ပေ။
"သွားစို့ ငါတို့ ပြန်ကြမယ်"
ဆွန်ဖုန်းက တစ်ချက် ကြည့်လိုက်လေသည်။ နစ်သင့်သော သင်္ဘောများ အားလုံး နစ်သွားပြီ ဖြစ်ရာ ဒီညအတွက် သူ ကစားရတာ လုံလောက်သွားပြီ ဖြစ်သည်။ ယနေ့ သူ၏ စွမ်းဆောင်ရည်က ဖိလစ်ပိုင်တွေကို အချိန်အတော်ကြာ ငိုကြွေးသွားစေမည်မှာ သေချာလှသည်။
စုစုပေါင်း ကင်းလှည့် သင်္ဘောကြီး နှစ်စီး ဖျက်သင်္ဘော ခြောက်စီးနှင့် အခြား အရန် သင်္ဘောငယ် အချို့ကို နစ်မြုပ်ပစ်နိုင်ခဲ့သည်။ ဤစွမ်းဆောင်ရည်မှာ တကယ်ကို ကမ္ဘာတုန်လောက်အောင် အံ့မခန်း ဖြစ်လေသည်။
......
"ခွပ်"
ဖိလစ်ပိုင် ရေတပ် ဌာနချုပ် ရုံးခန်းထဲတွင် အကြီးကဲဆုံး ခေါင်းဆောင်ကြီးမှာ ကင်းလှည့် သင်္ဘောကြီး နှစ်စီးလုံး ရန်သူ၏ နစ်မြုပ်ခြင်းကို ခံလိုက်ရကြောင်း ကြားသိရသောအခါ ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး သူ အနှစ်သက်ဆုံး လက်ဖက်ရည်ခွက် ပန်းအိုးနှင့် လက်ကိုင်ဖုန်းတို့ကိုပါ ရိုက်ခွဲပစ်လိုက်လေသည်။
"ဝက်တွေ အသုံးမကျတဲ့ ဝက်တွေ အဲဒီသောက်ခွေးကောင်တွေ အကုန်လုံးကို သေနတ်နဲ့ ပစ်သတ်ပစ်ရမယ် ငါက ကင်းလှည့် သင်္ဘောကြီး နှစ်စီးတောင် လွှတ်လိုက်တာ လူတွေကို မကယ်နိုင်တဲ့ အပြင် ကိုယ့်သင်္ဘောတွေပါ အနစ်ခံလိုက်ရတယ် အရေးအကြီးဆုံးက ရန်သူက ဘယ်သူလဲ ဆိုတာကိုတောင် မသိလိုက်ဘူး သူတို့က အသုံးမကျတဲ့ အမှိုက်တွေ မဟုတ်ရင် ဘာတွေလဲ သောက်ကျိုးနည်း ကင်းလှည့် သင်္ဘောကြီး တစ်စီး ဘယ်လောက် ဈေးကြီးလဲ ဆိုတာ သူတို့ မသိဘူးလား"
ထိုခေါင်းဆောင်ကြီးက အသံကုန် အော်ဟစ်နေလေသည်။ ဘေးတွင်ရှိသော အတွင်းရေးမှူးမလေးမှာလည်း ကြောက်လန့်လွန်း၍ နှုတ်ခမ်းများပင် ဖြူလျော်နေလေသည်။
စောစောက သူတို့ နှစ်ဦး ဘဝအကြောင်း၊ အနာဂတ်အကြောင်း ပျော်ရွှင်စွာ ပြောဆိုနေခဲ့ကြသော်လည်း ဤသတင်းဆိုးကို ကြားလိုက်ရသည်နှင့် ထိုခေါင်းဆောင်ကြီးမှာ ချက်ချင်းပင် ဒေါသတကြီး ခုန်ပေါက် အော်ဟစ်နေတော့သည်။ လုံးဝ ရပ်တန့်၍ မရနိုင်တော့ချေ။
ယခု ထိုခေါင်းဆောင်ကြီး၏ ရင်ထဲတွင် အလွန် နာကျင်နေလေသည်။ ဤကင်းလှည့် သင်္ဘောကြီး နှစ်စီးမှာ အမေရိကန် အဘထံမှ ဝယ်ယူထားခြင်း ဖြစ်ပြီး ဒေါ်လာ အမြောက်အမြား ကုန်ကျထားခဲ့သည်။
ထို့အပြင် ဖိလစ်ပိုင်တို့၏ ရေတပ် အင်အားမှာ မူလကတည်းက အားနည်းလှရာ ယခု ပင်မ စစ်သင်္ဘောကြီး နှစ်စီးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရသဖြင့် သူ မည်သို့ ရင်မနာဘဲ နေနိုင်မည်နည်း။
ဤသတင်းက သိပ်မကြာခင်မှာပင် ပျံ့နှံ့သွားလေသည်။
ဖိလစ်ပိုင် သတင်းစာ...
“မနေ့က ကျွန်ုပ်တို့ရဲ့ ရေတပ် အုပ်စုဟာ အမည်မသိ ရန်သူရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီး ကင်းလှည့် သင်္ဘောကြီး နှစ်စီး ဖျက်သင်္ဘော ခြောက်စီးနဲ့ တခြား သင်္ဘောငယ် အချို့ ပင်လယ်ကြမ်းပြင်မှာ နစ်မြုပ်သွားခဲ့ပါတယ် လူပေါင်း ၂၂၅ ယောက်လည်း သေဆုံးခဲ့ပါတယ် ဒီကိစ္စက သမိုင်းတစ်လျှောက် ကျွန်ုပ်တို့ ကြုံတွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဆုံးရှုံးမှုပဲ ဖြစ်ပါတယ် အခုချိန်ထိ ရန်သူက ဘယ်သူလဲ ဆိုတာကို မသိရသေးပါဘူး ဒါပေမဲ့ ရန်သူမှာ အရမ်း အားကောင်းတဲ့ လက်နက်တွေ ရှိနေပါတယ် ဒါဟာ တရုတ်တွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်လို့ ကျွန်ုပ်တို့ သံသယ ရှိပါတယ် ဘာလို့လဲဆိုတော့ ဒီရက်ပိုင်း ကျွန်ုပ်တို့နဲ့ သူတို့ကြားမှာ ပြဿနာတွေ ရှိနေလို့ပါ သူတို့ကလွဲပြီး တခြား ဘယ်သူ ရှိနိုင်မလဲ ဆိုတာ စဉ်းစားလို့ မရပါဘူး”
အမေရိကန် သတင်းစာ...
“ဖိလစ်ပိုင်တွေရဲ့ ပင်မ ကင်းလှည့် သင်္ဘောကြီး နှစ်စီး နစ်မြုပ်သွားပါတယ် ဒီလိုမျိုး မသိမသာနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကို လုပ်နိုင်စွမ်း ရှိတာ အနီးအနား ပတ်ဝန်းကျင်မှာ တရုတ်ပဲ ရှိပါတယ်”
ဖိလစ်ပိုင်နှင့် အမေရိကန်တို့က တိုင်ပင်ထားသကဲ့သို့ ဤကိစ္စကို တရုတ်များ အပေါ် အပြစ်ပုံချလိုက်သဖြင့် တရုတ်ဘက်တွင် အလွန် ဝမ်းသာသွားသလို ဒေါသလည်း ထွက်သွားကြလေသည်။
ဝမ်းသာရခြင်းမှာ ဤကိစ္စကို သူတို့ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း ဖိလစ်ပိုင်တို့၏ စစ်သင်္ဘော ဆယ်စီးကျော် ၎င်းတို့၏ ပြည်တွင်း ရေပိုင်နက်ထဲတွင် နစ်မြုပ်သွားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။ ဤကိစ္စက သူတို့ အတွက် အညှိုးပြေသွားစေသလို ဖြစ်လေသည်။
ဒေါသထွက်ရခြင်းမှာကား ဤဖိလစ်ပိုင်များ အလွန် အရှက်မရှိသောကြောင့် ဖြစ်သည်။ သူတို့နှင့် ဘာဆိုင်လို့လဲ။ သူတို့ လုံးဝ ဝင်မပါခဲ့ပေ။ သူတို့၏ စစ်သင်္ဘောများမှာ နိုင်ငံတကာ ရေပိုင်နက်တွင်သာ ရှိနေခဲ့ပြီး ဖိလစ်ပိုင်တို့၏ ပြည်တွင်း ရေပိုင်နက်ထဲသို့ လုံးဝ ဝင်ရောက်ခဲ့ခြင်း မရှိချေ။
နိုင်ငံတကာ ရေပိုင်နက်ရှိ စစ်သင်္ဘော တစ်စီးပေါ်တွင် ဖန်ဟူက ဌာနချုပ်မှ ပေးပို့လာသော သတင်းကို ကြည့်ကာ ပေါင်ကို ပုတ်လျက် ဟားတိုက် ရယ်မောလိုက်လေသည်။
"လောင်လျူ မင်း ကြည့်စမ်း မနေ့ညက အဲဒီဖိလစ်ပိုင်တွေ အမည်မသိ ရန်သူရဲ့ တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ ပြည်တွင်း ရေပိုင်နက်ထဲမှာ စစ်သင်္ဘော ဆယ်စီးကျော် နစ်မြုပ်သွားတယ် တဲ့ မင်း ကြည့် အဲဒီအထဲမှာ ငါးကြီး နှစ်ကောင် ဖြစ်တဲ့ ကင်းလှည့် သင်္ဘောကြီး နှစ်စီးတောင် ပါတယ် အို ဘုရားရေ ဘယ်သူများ ဒီလောက်တောင် စွမ်းနေတာလဲ ဖိလစ်ပိုင်တွေရဲ့ အိမ်ပေါက်ဝမှာ ဒီလောက် ကမ္ဘာတုန်လောက်တဲ့ ကိစ္စကြီးကို လုပ်ရဲတာ ငါတော့ တကယ်ကို လေးစားသွားပြီ"
"တကယ်လား"
ဘေးတွင် ရှိနေသော လျူယုံက ကြားပြီးနောက် အနားသို့ ကပ်လာကာ မေးလိုက်လေသည်။
"မယုံရင် ကြည့်လေ"
"သောက်ကျိုးနည်း တကယ်ကြီးပဲ ဘယ်သူကများ ဒီလောက် ရောင့်တက်နေတာလဲ အမေရိကန်တောင် ဒီလောက် ရောင့်တက်ရဲမယ် မထင်ဘူး ဒါက ဗြောင်ကျကျ စစ်ကြေညာနေတာပဲ"
လျူယုံ တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားလေသည်။
"ဒီလို ကိစ္စမျိုး ဖြစ်သွားပြီး ရန်သူက ဘယ်သူလဲ ဆိုတာကိုလည်း မသိရသေးသလို ငါတို့နဲ့ ပြဿနာ ဖြစ်မလား ဆိုတာလည်း မသိရသေးလို့ အထက်က ငါတို့ကို အမြဲတမ်း သတိထားနေဖို့ အမိန့်ပေးထားတယ် တစ်ခုခု ထူးခြားတာ တွေ့ရင် ချက်ချင်း သတင်းပို့ဖို့ တဲ့"
ဖန်ဟူက လေးနက်စွာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ဒီလို ကိစ္စမျိုး ဖြစ်သွားတော့ ငါတို့ကလည်း အရမ်း နီးကပ်နေတာ ဆိုတော့ သေချာပေါက် သတိထားမှ ရမယ်"
လျူယုံက ပြောလိုက်လေသည်။
ဤတစ်ကြိမ်တွင် တရုတ်ဘက်က ပြဇာတ်ကို အားပါးတရ ကြည့်ရှုခွင့် ရလိုက်သော်လည်း အခြေအနေများကတော့ ပိုမို တင်းမာလာလေသည်။ ယခင်က အမေရိကန်တို့သည် ဤအသေးအမွှား ကိစ္စလေးများကြောင့် လာရောက်လိုခြင်း မရှိခဲ့သော်လည်း မိမိတို့၏ သားဖြစ်သူ၏ စစ်သင်္ဘော ဆယ်စီးကျော် အမည်မသိ ရန်သူ၏ ဖျက်ဆီးခြင်း ခံလိုက်ရသည်ကို မြင်သောအခါ တောင်တရုတ်ပင်လယ် ဘက်သို့ လာရောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ တစ်ချိန်တည်းမှာပင် ဤနေရာသို့ လာရောက်ခြင်းဖြင့် တရုတ်များကို အင်အားပြ ခြိမ်းခြောက်နိုင်မည် ဖြစ်လေသည်။
အမေရိကန် သတင်းစာ...
“ကျွန်ုပ်တို့ အနေနဲ့ လေယာဉ်တင် သင်္ဘော တစ်စီး ကင်းလှည့် သင်္ဘောကြီး သုံးစီး ဖျက်သင်္ဘော ခြောက်စီး ကို တောင်တရုတ်ပင်လယ်ကို စေလွှတ်သွားပါမယ်…”
ဤတစ်ကြိမ်တွင် အမေရိကန်တို့က ဖိလစ်ပိုင်တို့ ဘက်သို့ လေယာဉ်တင် သင်္ဘော အုပ်စု တစ်စု စေလွှတ်မည်ဟု ပေါ်ပေါ်ထင်ထင် ကြေညာလိုက်လေသည်။
ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ဟု အကြောင်းပြသော်လည်း တကယ်တမ်း ဘာလုပ်မည် ဆိုသည်ကိုမူ သူတို့ကိုယ်တိုင်သာ သိလေသည်။ သို့သော် သူတို့၏ ဤလုပ်ရပ်ကြောင့် တရုတ်ဘက်တွင် အနည်းငယ် စိုးရိမ်လာကြလေသည်။ ထို့ကြောင့် အခြေအနေများမှာ ရုတ်တရက် တင်းမာလာတော့သည်။
'သောက်ကျိုးနည်း အမေရိကန်တွေက ဒီလောက်တောင် ရောင့်တက်ရဲတယ် လေယာဉ်တင် သင်္ဘောကြီးတောင် လွှတ်လိုက်တယ်ပေါ့ စိတ်ဝင်စားစရာပဲ ဒီတစ်ခါတော့ ပွဲကြမ်းတော့မယ် ကောင်းကောင်း ကြည့်ရဦးမယ်'
လူသူကင်းမဲ့သော ကျွန်းငယ်လေး တစ်ကျွန်းပေါ်တွင် ဆွန်ဖုန်းသည် လက်ကိုင်ဖုန်းဖြင့် ဤသတင်းကို ကြည့်ရှုပြီးနောက် အပြုံးများ ပေါ်ထွက်လာလေတော့သည်။