အခန်း ၃၇၁
Vol. 38 Ch. 371
အခန်း ၃၇၁ - ကမ္ဘာတုန်လောက်သော တစ်ပတ်တာ
ထိုနေ့ညက ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ် အတွင်းရှိ လူသူကင်းမဲ့သော ကျွန်းငယ်လေး တစ်ကျွန်းကို ရှာဖွေကာ အနားယူခဲ့လေသည်။ သူ၏ သိုလှောင်မှု နေရာလွတ်ထဲတွင် အစားအသောက်နှင့် သောက်ရေများ ရှိနေသဖြင့် စားသောက်ရန်အတွက် လုံးဝ ပူပန်စရာ မလိုပေ။
ထို့အပြင် သက်တောင့်သက်သာ ရေချိုးနိုင်ပြီး သန့်ရှင်းသော အဝတ်အစားများ လဲလှယ်နိုင်ကာ ပင်လယ်ထဲ ဆင်း၍ ပုဇွန်ထုတ်ကြီး အချို့ ဖမ်းလာပြီး ကင်စားနိုင်သေးသည်။ ဘီယာလေးပါ သောက်လိုက်ရသဖြင့် အလွန် အရသာရှိလှပေသည်။ အားလပ်ရက် အပန်းဖြေ ခရီးထွက်လာသကဲ့သို့ပင်။
သို့သော် မည်သူကမျှ မသိရှိသည်မှာ မနေ့ညက ဆွန်ဖုန်းသည် သားသတ်သမား တစ်ဦးပမာ ဖိလစ်ပိုင်များကို အသေသတ် ကစားသွားခဲ့ကြောင်းကိုပင်။
"ဒီအမေရိကန်တွေက ဒီဘက်က ကိစ္စတွေကို သေချာပေါက် ဝင်ပါတော့မယ့် ပုံပဲ ဒီလောက် ကြီးမားတဲ့ ကိစ္စကြီး ဖြစ်လာတာကို တရုတ်တွေပါ ပါဝင်ပတ်သက်နေတယ် ဆိုတော့ ဒီလို အခွင့်အရေးကောင်းကို သူတို့ လွှတ်ခံမှာ မဟုတ်ဘူး"
ဆွန်ဖုန်းက ကန့်လန့်ဖြတ် ပေါက်နေသော အုန်းပင်စည် တစ်ခုပေါ်တွင် လှဲလျောင်းကာ ဆေးလိပ် တစ်လိပ် သောက်ရင်း အသံလက်ထောက်နှင့် ဆွေးနွေးနေလေသည်။
"ဟုတ်တယ် ဒီအမေရိကန်တွေက အမြဲတမ်း သူများကိစ္စ ဝင်ပါလေ့ ရှိတာပဲ ဒါပေမဲ့ ဒီတစ်ခေါက် ငါတို့ လုပ်လိုက်တဲ့ ကိစ္စက သေချာပေါက် ဒီအမေရိကန်တွေရဲ့ အာရုံစိုက်တာကို ခံရတော့မှာပဲ သူတို့က မနေ့ညက ဖြစ်သွားတဲ့ အခြေအနေတွေနဲ့ မနှစ်က တောင်တရုတ်ပင်လယ်မှာ ဖြစ်သွားတဲ့ ကိစ္စတွေကို ဆက်စပ် စဉ်းစားမိကြလိမ့်မယ် ဘာပဲဖြစ်ဖြစ် အရင်တစ်ခေါက်တုန်းကလည်း ငါတို့က အမေရိကန်ရဲ့ ဖျက်သင်္ဘော တစ်စီးကို ဖောက်ခွဲခဲ့သေးတာပဲလေ"
အသံလက်ထောက်က ပြောလိုက်လေသည်။
"အင်း သူတို့က ဒီကိစ္စတွေကို လူတစ်ယောက်တည်း လုပ်တာလို့ သိသွားရင်တောင် ဘာဖြစ်လဲ သူတို့ ဘယ်သူမှ ငါ့ကို မသိပါဘူး ငါတို့လည်း ပေါ်မသွားခဲ့ဘူးလေ ဒီအမေရိကန်တွေ ရောက်လာမှတော့ သူတို့ကိုပါ ရင်နာသွားအောင် လုပ်ပေးဖို့ ငါ ဝန်မလေးပါဘူး"
ဆွန်ဖုန်းက ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။
"ပိုင်ရှင်က အမေရိကန် စစ်သင်္ဘောတွေကိုပါ ရှင်းပစ်ချင်လို့လား"
အသံလက်ထောက်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။
"မဖြစ်နိုင်တာမှ မဟုတ်တာ"
ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်လေသည်။
ဤတစ်ကြိမ်တွင်တော့ အမေရိကန် စစ်သင်္ဘောများ တကယ်ပင် ရောက်ရှိလာခဲ့လေသည်။ လေယာဉ်တင် သင်္ဘော အုပ်စု တစ်စု ရောက်လာခြင်းပင်။
ဤအနေအထားက အလွန် ကြီးကျယ်ခမ်းနားလှပြီး ဤပင်လယ်ပြင် တစ်ခွင်ကို တင်းမာသွားစေရုံသာမက တရုတ်ဘက်တွင်လည်း အလွန်အမင်း တင်းမာလာစေလေသည်။ အမေရိကန်တို့ ဤတစ်ကြိမ် ရောက်လာခြင်းမှာ သေချာပေါက် စေတနာ မဟုတ်ကြောင်း လူတိုင်း သိကြလေသည်။
အမေရိကန်တို့ ရောက်လာသောအခါ ဖိလစ်ပိုင်များ အလွန် ဝမ်းသာသွားကြလေသည်။ သူတို့၏ အဘ ရောက်လာသဖြင့် သားဖြစ်သူများက ဝမ်းသာရသည်မှာ သဘာဝပင်။
အဘ၏ အထောက်အပံ့ ရှိနေသဖြင့် သူတို့ကို ချုံခို တိုက်ခိုက်သော ရန်သူဖြစ်စေ၊ တရုတ်များ ဖြစ်စေ လေယာဉ်တင် သင်္ဘောကြီး ရှေ့တွင် ခေါင်းငုံ့ရမည်သာ ဖြစ်သည်။
တနင်္လာနေ့တွင် အမေရိကန်တို့သည် လေယာဉ်တင် သင်္ဘောကို မောင်းနှင်ကာ ဖိလစ်ပိုင် ပြည်တွင်း ရေပိုင်နက်ထဲသို့ ရောက်ရှိလာပြီး နှစ်ဖက်စလုံးက ဘောင်းဘီ တစ်ထည်တည်း အတူတူ ဝတ်ထားသကဲ့သို့ ရင်းနှီးကြောင်း ပြသကြလေသည်။
ဖိလစ်ပိုင်များက သူတို့၏ နောက်ဖေး ဥယျာဉ်ကိုပင် အမေရိကန်တို့အား ကစားရန် ပေးအပ်လိုက်ကြသည်။ ယခင်က တံငါသည်များကို ပစ်သတ်ခဲ့သော ကိစ္စနှင့် ပတ်သက်၍ တရုတ်တို့နှင့် ဖြစ်ပွားခဲ့သော ပြဿနာကိုလည်း ယခု အမေရိကန် အဘ ရောက်လာသောအခါ သူတို့က လုံးဝ ငြင်းဆန်လိုက်ကြလေသည်။
မှားယွင်း ပစ်သတ်မိခြင်း ဖြစ်ပြီး သူတို့တွင် တာဝန် မရှိကြောင်းနှင့် တရုတ် တံငါသည်များက သူတို့၏ ပြည်တွင်း ရေပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်လာခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။
မည်သို့ပင်ဖြစ်စေ ဖိလစ်ပိုင်များမှာ အလွန် ရောင့်တက်လာကြပြီး တရုတ်များ၏ ရှုတ်ချမှုများကို ဂရုမစိုက်ကြတော့ပေ။ တရုတ်ဘက်ကလည်း ဤဖိလစ်ပိုင်များကို အဖက်မလုပ်တော့ပေ။
အရင်တစ်ခေါက်က ဖိလစ်ပိုင် ကင်းလှည့် သင်္ဘော နှစ်စီးကို ဝင်တိုက်ခဲ့သည်ကိုလည်း မတော်တဆမှု ဟုသာ အကြောင်းပြထားပြီး လျော်ကြေးပေးရန် လုံးဝ အစီအစဉ် မရှိချေ။
အင်္ဂါနေ့တွင် ဖိလစ်ပိုင် ပြည်တွင်း ရေပိုင်နက်ထဲရှိ ရေနံစည်ပေါင်း သန်း ၂၀၀ ခန့် သိုလှောင်ထားသော ကမ်းလွန် ရေနံမြေ တစ်ခုမှာ ညတွင်းချင်း ခိုးယူခံလိုက်ရလေသည်။ ဤသတင်း ထွက်ပေါ်လာသောအခါ တစ်နိုင်ငံလုံး ပွက်လောရိုက်သွားတော့သည်။
ယမန်နှစ်က ပင်လယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော အင်အားစု ပြန်လည် ပေါ်လာပြီဟု အားလုံးက ခန့်မှန်းနေကြလေသည်။ ဤကိစ္စက ဖိလစ်ပိုင်များကို တုန်လှုပ်သွားစေသလို အမေရိကန်များကိုပါ ထိတ်လန့်သွားစေသည်။
နှစ်ဖက်စလုံး ပူးပေါင်းကာ ဖိလစ်ပိုင် ပြည်တွင်း ရေပိုင်နက် အတွင်း ကင်းလှည့်မှုများ တိုးမြှင့်လိုက်ပြီး ဤစူပါ ရာဇဝတ်ဂိုဏ်းကို ဖမ်းဆီးရန် ကြံစည်ကြလေသည်။
ဗုဒ္ဓဟူးနေ့တွင် ဖိလစ်ပိုင် ပြည်တွင်း ရေပိုင်နက်ထဲရှိ အမေရိကန်နှင့် ဖက်စပ် လုပ်ကိုင်နေသော ရေနံ တူးဖော်ရေး စင်မြင့် တစ်ခုမှာ အပိုင်းပိုင်း အစစ ဖောက်ခွဲခံလိုက်ရပြီး ဤရေနံမြေမှ ရေနံတန်ချိန် ထောင်ပေါင်းများစွာလည်း ခိုးယူခံလိုက်ရပြန်လေသည်။
သတင်းရရှိပြီး ရောက်ရှိလာသော အမေရိကန် ရေတပ်နှင့် ဖိလစ်ပိုင် ရေတပ်တို့မှာ တရားခံ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ရပေ။
ဤအချိန်တွင် သူတို့သည် အစပိုင်းကဲ့သို့ ရောင့်တက်နေသော ဟန်ပန်များ မရှိတော့ဘဲ အနည်းငယ် ထိတ်လန့်လာကြလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ အနေဖြင့် တရားခံကို လုံးဝ မကာကွယ်နိုင် သလို ဖမ်းဆီး၍လည်း မရနိုင်ကြောင်း သိရှိသွားသောကြောင့်ပင်။
ကြာသပတေးနေ့တွင် ဖိလစ်ပိုင် ပြည်တွင်း ရေပိုင်နက်ထဲရှိ အကြီးစား ရွှေကြောကြီး တစ်ခု ခိုးယူခံလိုက်ရပြန်သည်။ ကြည့်ရသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့၏ လက်ချက်ပင် ဖြစ်လောက်သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်တို့မှာ ဘာမှ တိုးတက်မှု မရှိသေးချေ။ ဤသတင်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေပြီး လူတိုင်းက ပြဇာတ်ကို စောင့်ကြည့်နေကြလေသည်။
အမေရိကန်များ အနေဖြင့် အရှက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့က လေယာဉ်တင် သင်္ဘောကြီးကို ကြွားဝါစွာ မောင်းနှင်လာခဲ့သော်လည်း အနည်းငယ်မျှပင် အသုံးမဝင်ခဲ့ပေ။ ရန်သူက သားအဖ နှစ်ယောက်လုံးကို အရူးလုပ်ပြီး ကစားနေခြင်း ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် တရုတ်ဘက်ကတော့ ပြဇာတ်ကို အားပါးတရ ကြည့်ရှုနေကြလေသည်။
ထို့အပြင် ကမ္ဘာတစ်ဝှမ်းရှိ လူများကလည်း ဤပင်လယ်နက်ထဲမှ လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းမှာ ဤမျှ စွမ်းဆောင်နိုင်နေသဖြင့် လူသားများ လုပ်နိုင်သော အရာ မဟုတ်ဟု ခန့်မှန်းနေကြလေသည်။ ထို့ကြောင့် ယခုအခါ ကမ္ဘာ့လူသား အားလုံးက ဤရာဇဝတ် ဂိုဏ်းကို ဂြိုဟ်သား တရားခံ ဟုပင် ခေါ်ဝေါ်နေကြလေပြီ။
သောကြာနေ့ ဖိလစ်ပိုင်တို့၏ ကင်းလှည့် ရေတပ် အုပ်စု တစ်စုမှာ ဌာနချုပ်နှင့် ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထိုနေ့ ညတွင်မှ ထိုကင်းလှည့် ရေတပ် အုပ်စုမှာ ပင်လယ်ထဲတွင် နစ်မြုပ်သွားပြီ ဖြစ်ကြောင်း သူတို့ တွေ့ရှိလိုက်ကြလေသည်။
ဤသတင်း ထွက်ပေါ်လာသောအခါ ဖိလစ်ပိုင်များမှာ ထိတ်လန့်သွားရုံမှလွဲ၍ ဘာမှ မခံစားနိုင်တော့ချေ။ ဤဂြိုဟ်သား တရားခံက သူတို့ကို ပစ်မှတ်ထားနေပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြလေသည်။
ဤအချက်က သူတို့ကို အလွန် စိတ်ပျက်သွားစေသည်။ သူတို့က ဒီဂြိုဟ်သား တရားခံကို ဘယ်တုန်းက သွားရှုပ်မိလို့လဲ။ မည်သို့ပင်ဖြစ်စေ ဖိလစ်ပိုင်များ အလွန် စိတ်ရှုပ်နေကြလေပြီ။
စနေနေ့တွင် နိုင်ငံတကာ ရေပိုင်နက် အတွင်း ရပ်နားထားသော အမေရိကန် လေယာဉ်တင် သင်္ဘော အုပ်စု တစ်ခုလုံးမှာ ဂြိုဟ်သား တရားခံ၏ ချုံခို တိုက်ခိုက်မှုကို အောင်မြင်စွာ ခံလိုက်ရပြီး အားလုံး ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားလေသည်။
အသက်ဆုံးရှုံးသူ နှစ်ထောင်ကျော် ရှိခဲ့သည်။ မှတ်သားစရာ ကောင်းသည်မှာ သူတို့ အနေဖြင့် ရန်သူ၏ အရိပ်အယောင်ကို ယခုတိုင် မတွေ့ရသေးခြင်းပင် ဖြစ်သည်။
အမေရိကန် လေယာဉ်တင် သင်္ဘော၏ အဆင့်မြင့် ကာကွယ်ရေး စနစ် အားလုံးကို ကျော်ဖြတ်ကာ သူတို့၏ မျက်စိရှေ့တွင်ပင် စစ်သင်္ဘောများကို တစ်စီးပြီး တစ်စီး မည်သို့ နစ်မြုပ်အောင် လုပ်သွားသနည်း ဆိုသည်ကို သူတို့ မသိကြချေ။
ဤသတင်း ထွက်ပေါ်လာသောအခါ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတိုင်းကို မျက်လုံးပြူး အံ့သြသွားစေခဲ့သည်။ လေယာဉ်တင် သင်္ဘောကြီးလေ။ အမေရိကန်၏ လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေး အုပ်စုကြီးမှာ ဂြိုဟ်သား တရားခံ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ပင်လယ်ကြမ်းပြင်သို့ အကုန် နစ်မြုပ်သွားခဲ့ရသည်။
ဤသတင်းက တကယ်ကို မမျှော်လင့်ထားလောက်အောင် အံ့သြစရာ ကောင်းလွန်းပြီး ရယ်ချင်စရာလည်း ကောင်းလှသည်။ ကမ္ဘာ့ခေါင်းဆောင် ကြီးမှာ အခြားသူများ၏ ချုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်တဲ့လား။
မဟုတ်သေးဘူး၊ အခြားသူများ၏အမြင်တွင် ပေါ်ပေါ်ထင်ထင် နစ်မြုပ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ တစ်ဖက်လူက နေ့စဉ် ရက်ဆက် ပြဿနာ ရှာနေသော်လည်း အမေရိကန် ဆိုသည့် ကမ္ဘာ့ခေါင်းဆောင်ကြီးက ရန်သူများကို မတားဆီးနိုင်ခဲ့ပေ။ နောက်ဆုံးတွင် တစ်ဖက်လူက သူတို့၏ လေယာဉ်တင် သင်္ဘောကိုပါ နစ်မြုပ်ပစ်လိုက်လေသည်။
လှောင်ပြောင်စရာ ဖြစ်နေသော်လည်း ကမ္ဘာပေါ်ရှိ အင်အားစု အသီးသီးက တောင်တရုတ်ပင်လယ်ကို လက်ရှိတွင် အန္တရာယ် အများဆုံး နေရာ အဖြစ် သတ်မှတ်လိုက်ကြလေသည်။
ကြည့်လေ၊ ကမ္ဘာပေါ်တွင် အတော်ဆုံး ဖြစ်သော အမေရိကန်ပင် ထိုနေရာသို့ သွားသောအခါ အခြားသူများ၏ ကစားခြင်းကို ခံရပြီး ရေနစ်သော ခွေးကဲ့သို့ ဖြစ်သွားကာ လေယာဉ်တင် သင်္ဘော တစ်စီးနှင့် အခြား စစ်သင်္ဘော အများအပြား ဆုံးရှုံးသွားခဲ့ရသည်။
ထို့ကြောင့် ယခုအခါ ထိုနေရာမှာ တားမြစ် ပင်လယ်ပြင် အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ ကုန်သွယ်ရေး သင်္ဘောများပင် ထိုနေရာသို့ ဖြတ်သန်းသွားလာရန် မရဲတော့ဘဲ လမ်းကြောင်း ပြောင်းသွားကြလေသည်။
ဤသတင်း ထွက်ပေါ်လာခြင်းက မရေမတွက်နိုင်သော အင်အားစုများကိုလည်း ပင်လယ်ကြမ်းပြင်တွင် ဂြိုဟ်သားများ တကယ်ပဲ ပုန်းအောင်းနေသလား ဟု စတင် သံသယ ဝင်လာစေလေသည်။
တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင် ကမ်းလွန် ပင်လယ်ပြင် အတွင်းရှိ နောက်ထပ် အသေးစား ရေနံမြေ နှစ်ခု ခိုးယူခံလိုက်ရပြန်သည်။
ဤအချိန်တွင် ဖိလစ်ပိုင်များ လည်း မတားဆီးရဲတော့ပေ။ မမြင်ဘူးလား။ သူတို့၏ အမေရိကန် အဘပင် ရန်သူ၏ တိုက်ခိုက်မှုကြောင့် အလဲလဲ အကွဲကွဲ ဖြစ်သွားပြီး အသံပင် မထွက်ရဲတော့ချေ။
သူတို့က ဘာသွားလုပ်ရဲမည်နည်း။ ဤဒေါသများကို မြိုသိပ်ထားရုံသာ ရှိတော့သည်။ အမေရိကန်များပင် ယခုအခါ အောင့်အည်း သည်းခံနေရလေသည်။
ရန်သူ၏ အင်အားကြီးမားမှုကို သူတို့ ကိုယ်တိုင် ကိုယ်ကျ ခံစားခဲ့ရပြီ မဟုတ်ပါလော။ သူတို့၏ လေယာဉ်တင် သင်္ဘောကြီး ရှင်းလင်းခံလိုက်ရသော်လည်း ရန်သူ ဘယ်မှာ ရှိနေသနည်း၊ မည်သည့် နည်းလမ်းဖြင့် ရှင်းလင်းသွားသနည်း ဆိုသည်ကို သူတို့ မတွေ့ရှိခဲ့ရပေ။
ထို့ကြောင့် ယခုအခါ အမေရိကန်တို့ အနေဖြင့် လေယာဉ်တင် သင်္ဘောများ ထပ်မံ စေလွှတ်ရန် အလွယ်တကူ မလုပ်ရဲတော့ချေ။ အင်အား အစစ်အမှန်ကို မသိရသေးခင် အမေရိကန်နှင့် ဖိလစ်ပိုင်တို့မှာ သည်းခံနေရုံသာ ရှိတော့သည်။
ယခု နှစ်ဖက်စလုံးက အလွန် ဝမ်းနည်းဖွယ် ကောင်းသည်ဟု ခံစားနေကြရသည်။ အထူးသဖြင့် အမေရိကန်တို့ပင်။ မူလက သားဖြစ်သူ အတွက် အင်အားပြရန်နှင့် ကြုံတုန်း ကြုံခိုက် အကျိုးအမြတ် အနည်းငယ် ယူရန် ရည်ရွယ်ထားခဲ့သော်လည်း ရောက်လာပြီးနောက် အကြီးအကျယ် အရှုံးပေါ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေး အုပ်စု တစ်ခုလုံး ဒီအတိုင်း ပင်လယ်ထဲ နစ်မြုပ်သွားခဲ့ရသည်။ ဒေါ်လာ ဘယ်လောက်တောင် ကုန်ကျသွားသလဲ ဆိုတာဘယ်သူမှမသိပေ။ ဒီလိုပဲ အချည်းနှီး ဖြစ်သွားခဲ့ရသည်။
ဤအချိန်တွင် ဖိလစ်ပိုင်များမှာ အမေရိကန် အဘ၏ ဆဲဆို ကြိမ်းမောင်းခြင်းကို အလူးအလဲ ခံနေရလေပြီ။ ပြဿနာပေါင်းစုံကိုသာ ရှာပေးနေသောကြောင့်ပင်။
သို့သော် တရုတ်ဘက်ကတော့ ဤအခြေအနေကို မြင်သောအခါ အလွန် ဝမ်းသာနေကြလေသည်။ သူတို့လည်း ထိုနေရာသို့ စစ်သင်္ဘောများ မစေလွှတ်တော့ပေ။ ဘာပဲဖြစ်ဖြစ် သွားလျှင် ကိုယ့်ကိုယ်ကိုယ် မီးဟပ်သွားနိုင်သည် မဟုတ်ပါလော။ ဒီအတိုင်း အဝေးကနေ ကြည့်နေရတာက ပိုကောင်းလေသည်။
သို့သော် ဤတစ်ပတ်တာ ကာလသည် တကယ်ကို ကမ္ဘာတုန်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော တစ်ပတ်တာ ဖြစ်သွားခဲ့လေသည်။ ဤတစ်ပတ် အတွင်း ကမ္ဘာတစ်ဝှမ်းရှိ လူများမှာ နေ့စဉ်နှင့်အမျှ ပေါက်ကွဲလုမတတ် သတင်း ခေါင်းစီးများကို ခံစားခဲ့ရလေသည်။
သို့သော် ဤတစ်ပတ် အလွန်တွင် ထိုဂြိုဟ်သား တရားခံမှာ နောက်ဆုံးတော့ အနည်းငယ် ငြိမ်သက်သွားပြီး ဖိလစ်ပိုင်များကို ဆက်လက် ဒုက္ခပေးခြင်း မရှိတော့ချေ။ ဤအချက်က ဖိလစ်ပိုင်များနှင့် အမေရိကန်များကို သက်ပြင်းချနိုင်သွားစေလေသည်။
သို့သော် ဤဂြိုဟ်သား တရားခံကို ကမ္ဘာတစ်ဝှမ်းရှိ အင်အားစု အသီးသီးက နံပါတ်တစ် ရန်သူ အဖြစ် သတ်မှတ်လိုက်ကြလေပြီ။ သေချာသည်ပေါ့ ဤသတ်မှတ်ချက်မှာ သူတို့ အချင်းချင်း လျှို့ဝှက် ဆွေးနွေးမှု၏ ရလဒ်သာ ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ဤခြိမ်းခြောက်မှုက အလွန် ကြီးမားလွန်းလှသည်။ တကယ်လို့ တကယ့် ဂြိုဟ်သားများ ဖြစ်နေပြီး ဤဂြိုဟ်သား တရားခံက ကမ္ဘာကြီးကို ဖျက်ဆီးချင်နေလျှင် ဘယ်လို လုပ်မည်နည်း။
ထို့ကြောင့် ဂြိုဟ်သား တရားခံအား ပစ်မှတ်ထားသော စစ်ဆင်ရေး အစီအစဉ်များ စတင်လာတော့သည်။ သို့သော် လက်ရှိ အချိန်အထိ ဘာမှ ထူးခြားမှု မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ ဘယ်မှာ ရှိနေသနည်း ဆိုသည်ကိုပင် မသိသောကြောင့် ဖြစ်လေသည်။