အခန်း ၃၇၅
Vol. 38 Ch. 375
အခန်း ၃၇၅ - ဂျားလော့ ရေနံမြေ
နယူးဖောင်လန်၏ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ဆွန်ဖုန်းက ဝမ်လွန်း ရေနံကုမ္ပဏီထံမှ ဝယ်ယူထားသော ဂျားလော့ ရေနံမြေ တည်ရှိနေလေသည်။
လက်ရှိတွင် ဤရေနံမြေ၌ တူးဖော်ရန် ကျန်ရှိနေသေးသော ရေနံစည်ပေါင်း သန်း ၄၅၀ ခန့် ရှိနေသေးရာ ဧရာမ ရေနံမြေကြီး တစ်ခုဟု ဆိုနိုင်ပေသည်။
ဆွန်ဖုန်း အနေဖြင့် ဤရေနံမြေကြီး တစ်ခုလုံးကို အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံတည်းဖြင့် ဝယ်ယူနိုင်ခဲ့သဖြင့် အလွန် ပျော်ရွှင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူ အကြီးအကျယ် မြတ်သွားပြီ ဖြစ်သောကြောင့်ပင်။
လွန်ခဲ့သော လဝက်ခန့်က ဝမ်လွန်း ရေနံကုမ္ပဏီသည် သူတို့၏ ပင်လယ်ရေနံ တူးဖော်ရေး စင်မြင့်များကို ဖြုတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ပင်လယ်ပြင်တွင် လာရောက် တပ်ဆင်နေသော ရေနံတူးဖော်ရေး စင်မြင့် သုံးခုမှာ ဆွန်ဖုန်း၏ ကုမ္ပဏီမှ တပ်ဆင်နေခြင်း ဖြစ်လေသည်။
မှန်ပါသည်။ ဆွန်ဖုန်းက ပင်လယ်ပြင် ရေနံတူးဖော်ရေး စင်မြင့် သုံးခုကို အရင် စမ်းသပ် တပ်ဆင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဤတူးဖော်ရေး စင်မြင့်များမှာ အသံလက်ထောက် စနစ်နှင့် ဖုန်းရွေ့ သုတေသန ဌာနတို့ ပူးပေါင်း ဖန်တီးထားခြင်း ဖြစ်လေသည်။
လအနည်းငယ်ကြာ ပြင်ဆင်မှုများနှင့် တပ်ဆင်မှုများ ပြုလုပ်ပြီးနောက် ယခုအခါ တူးဖော်ရေး စင်မြင့် သုံးခုစလုံးမှာ တပ်ဆင်မှု တစ်ဝက်ကျော် ပြီးစီးနေပြီ ဖြစ်သည်။ ဤ X အမျိုးအစား ရေနံတူးဖော်ရေး စင်မြင့်မှာ လက်ရှိ ကမ္ဘာပေါ်တွင် အသုံးပြုနေသော ကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်များထက် အများကြီး ပိုမို အဆင့်မြင့်လေသည်။ ရေနံတူးဖော်ရေး စွမ်းဆောင်ရည် အပိုင်းမှာ ပြောစရာပင် မလိုတော့ချေ။
တပ်ဆင်မှု အပိုင်းမှာပင် အခြား စင်မြင့်များထက် ပိုမြန်ပြီး ပိုမို လွယ်ကူလေသည်။ အချို့သော ရေနံကုမ္ပဏီများ တပ်ဆင်သည့် ကမ်းလွန် တူးဖော်ရေး စင်မြင့်များ ဆိုလျှင် နှစ်နှင့်ချီ၍ အချိန်ယူရပြီး မြန်လျှင်ပင် တစ်နှစ်ကျော်ခန့် ကြာမြင့်တတ်သည်။ ဆွန်ဖုန်း၏ စင်မြင့်ကမူ လအနည်းငယ် အတွင်း ပြီးစီးသွားပြီ ဖြစ်လေသည်။
ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ ဤလှုပ်ရှားမှုများကို ပြင်ပလောကမှ လူများက အနီးကပ် စောင့်ကြည့်နေကြလေသည်။ တကယ်တမ်းတွင် လူအများစုမှာ ပြဇာတ် ကြည့်ချင်သော သဘောဖြင့် စောင့်ကြည့်နေကြခြင်းသာ ဖြစ်သည်။
ဝမ်လွန်း ရေနံကုမ္ပဏီက ဘာကြောင့် ဒီဂျားလော့ ရေနံမြေကို အလောတကြီး ရောင်းထုတ်သွားသနည်း ဆိုသည်ကို ပြင်ပလောကမှ လူတိုင်း သိရှိထားကြသည်။ ဤရေနံမြေက ဆက်လက် တူးဖော်ရန် မတန်တော့သောကြောင့်ပင်။ ဆက်တူးမည် ဆိုပါက အရှုံးပေါ်မည့် ကိန်းသာ ရှိတော့သည်။
သူတို့က နှစ်ဝက်လောက် ကြေညာထားခဲ့သော်လည်း ရောင်းမထွက်ခဲ့ပေ။ ယခုတော့ ဆွန်ဖုန်းက ဒီလောက် ရဲတင်းစွာ ဝယ်ယူရဲလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြပေ။ ရေနံလောကမှ လုပ်ငန်းရှင်ကြီး အများအပြားကတော့ ဒီဆွန်ဖုန်း ဆိုတဲ့လူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာလား ဒါမှမဟုတ် တစ်ခုခုကို အားကိုးနေတာများ ရှိနေသလား ဟု တွေးထင်နေကြလေသည်။
ဖီးလက်စ် ကိုယ်တိုင်ပင်လျှင် သံသယ ဝင်နေမိသည်။ လွန်ခဲ့သော လအနည်းငယ်က ဖုန်းရွေ့ သုတေသန ဌာနက X အမျိုးအစား ကမ်းလွန် တူးဖော်ရေး စင်မြင့်နှင့် တူးဖော်ရေး နည်းပညာ အသစ်ကို ထုတ်ပြန်ခဲ့သော်လည်း ၎င်းမှာ စာရွက်ပေါ်တွင်သာ ရှိသေးသည် မဟုတ်ပါလော။
အရာအားလုံးက လက်တွေ့ စမ်းသပ်ပြီးမှသာ အဖြေမှန်ကို သိရမည် ဖြစ်သည်။ မီးပြင်းပြင်းနှင့် စမ်းသပ်ပြီးမှသာ ရွှေစစ် မစစ် ဆိုတာကို သိနိုင်မည် မဟုတ်ပါလော။
ထို့အပြင် ဘယ်သူ၏ နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုကြောင့်မှန်း မသိရဘဲ သတင်းစာတိုက် အချို့က ဆွန်ဖုန်း၏ ဒီတစ်ကြိမ် ဂျားလော့ ရေနံမြေ ရင်းနှီးမြှုပ်နှံမှု အကြောင်းကို ရဲဝံ့စွာ ရေးသား ဖော်ပြလာကြလေသည်။ ဆွန်ဖုန်းကို လှောင်ပြောင် ရေးသားထားခြင်းပင် ဖြစ်လေသည်။
၎င်းတို့ထဲမှ တစ်ခုမှာ နယူးဖောင်လန် ဒေသခံ သတင်းစာတိုက် တစ်ခုပင် ဖြစ်သည်။
*ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီက ဂျားလော့ ရေနံမြေမှာ ဒေါ်လာ ၁.၁ ဘီလီယံ အကုန်အကျခံပြီး ရင်းနှီးမြှုပ်နှံလိုက်ပါတယ် တစ်ဖက်က အလောတကြီး ရောင်းထုတ်ချင်နေချိန်မှာ နောက်တစ်ဖက်က အရူးတစ်ယောက်လို အလောတကြီး ဝယ်ယူသွားခဲ့ပါတယ် အဲဒီလူကတော့ ဆွန်ဖုန်းပါပဲ သူ ပိုက်ဆံ အရမ်း လိုချင်နေလို့ ရူးသွားတာများလား ဒီရေနံမြေကို ဝယ်လိုက်တာက အပြင်ကကြည့်ရင်တော့ တကယ် မြတ်သွားသလိုပါပဲ ဒေါ်လာ ၁.၁ ဘီလီယံတည်းနဲ့ ဒီရေနံမြေကြီး တစ်ခုလုံးကို ဝယ်လိုက်ရတာလေ အထဲမှာ ရေနံစည်ပေါင်း သန်း ၄၅၀ လောက် တူးဖို့ ကျန်သေးတယ် ဒါပေမဲ့ ဒီရေနံမြေက တကယ်ပဲ အဲဒီလောက် တူးရလွယ်ပါ့မလား အဖြေကတော့ ရှင်းပါတယ် လုံးဝ မလွယ်ပါဘူး ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီ အနေနဲ့ ဒီဂျားလော့ ရေနံမြေရဲ့ ဒုက္ခပေးတာကို ဘယ်အချိန်မှာ ခံရမလဲ ဆိုတာကို ကျွန်ုပ်တို့ အလွန် သိချင်နေမိပါတယ် အခု ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီက တူးဖော်ရေး စင်မြင့်တွေ စတင် တပ်ဆင်နေပြီလို့ ကြားပါတယ် နောက်ထပ် လအနည်းငယ် အတွင်းမှာ သူတို့ ရေနံတွေ တူးဖော်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါပဲ*
အခြား သတင်းစာတိုက် တစ်ခုကတော့ ပို၍ပင် လှောင်ပြောင် ရေးသားထားပြီး ဆွန်ဖုန်း တစ်ယောက် အရှက်ကွဲမည့် အချိန်ကိုပင် စောင့်နေကြပုံ ရလေသည်။ သို့သော် ဤကိစ္စများ အားလုံးကို ဆွန်ဖုန်းက လုံးဝ ဂရုမစိုက်ပေ။ မိမိ အလုပ်ကိုသာ မိမိ လုပ်မည်၊ သူများတွေ ရယ်ချင်သလို ရယ်ပါစေ။ အဲဒီအချိန်ကျရင် ကိုယ် ပိုက်ဆံရရင် ပြီးတာပဲ မဟုတ်ပါလား။
ဝမ်လွန်း ရေနံကုမ္ပဏီ၏ ရုံးခန်း တစ်ခန်း အတွင်းတွင် ဒေးဗစ်က ဖုန်းလက်ခံ ဖြေကြားနေလေသည်။
"ဟလို မင်္ဂလာပါ ခင်ဗျားက မစ္စတာ ဒေးဗစ် လား ခင်ဗျာ"
"ဟုတ်ပါတယ် ကျွန်တော်ပါ"
ဒေးဗစ်က ဆေးလိပ်ကို ဖွာရင်း ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်လေသည်။
"ကျွန်တော်က နယူးဖောင်လန် သတင်းစာတိုက်က အယ်ဒီတာချုပ် ပါ ဟုတ်ကဲ့ ပြီးခဲ့တဲ့ အပတ်က ခင်ဗျား ခိုင်းထားတဲ့ ကိစ္စတွေ အကုန် ပြီးသွားပါပြီ သတင်းစာတွေကိုလည်း ခင်ဗျား တွေ့ပြီးလောက်ပြီ ထင်ပါတယ် ဒါကြောင့်..."
"အင်း မင်းတို့ တော်တော်လေး သပ်သပ်ရပ်ရပ် လုပ်နိုင်သားပဲ ငါ သတင်းစာတွေ အကုန်လုံး ဖတ်ပြီးပြီ ကျန်နေသေးတဲ့ ငွေတွေကို ငါ အခုပဲ လွှဲပေးလိုက်မယ် တခြား ကိစ္စ မရှိတော့ရင် ငါ ဖုန်းချလိုက်တော့မယ်"
ဒေးဗစ်က ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ခင်ဗျာ"
ဖုန်းချပြီးနောက် ဒေးဗစ်က ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်လေသည်။ သူ၏ ရုံးစားပွဲပေါ်တွင် တင်ထားသော သတင်းစာကို ကြည့်လိုက်သည်။ ထိုသတင်းစာမှာ ဆွန်ဖုန်းကို လှောင်ပြောင်ထားသော သတင်းစာပင် ဖြစ်သည်။
ဒါတွေ အားလုံးက ဒေးဗစ် နောက်ကွယ်မှ စီစဉ်ထားခြင်း ဖြစ်လေသည်။ သူက ဆွန်ဖုန်းကို အမည်ဖျက်ပြီး လှောင်ပြောင်ချင်ရုံ သက်သက်သာ ဖြစ်သည်။ အရင်တစ်ခေါက်က ကိစ္စကို သူ အမြဲတမ်း အငြိုးထားနေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူ့တွင် ပိုက်ဆံ မရှားပေ။ သတင်းစာတိုက်များကို ပိုက်ဆံ နည်းနည်း ပေးပြီး မိမိ၏ ရန်သူကို လှောင်ပြောင်ခိုင်းရသည်ကလည်း ပျော်စရာ တစ်မျိုးပင် မဟုတ်ပါလား။
ဒီလထဲတွင် ဆွန်ဖုန်း ပိုင်ဆိုင်သော ဖုန်းရွေ့ စက်မှုလုပ်ငန်းစုက စတော့ရှယ်ယာ ဈေးကွက်သို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်း ဒေးဗစ် သိထားလေသည်။ ထို့ကြောင့် ဆွန်ဖုန်း၏ စတော့ရှယ်ယာများ ထိခိုက်သွားစေရန် သူက အလွန် လိုလားနေပြီး အောက်ဆုံးထိ ထိုးကျသွားပါက သူ ပို၍ပင် ဝမ်းသာမည် ဖြစ်သည်။ ထို့ကြောင့် သူက သတင်းစာများမှ တစ်ဆင့် ဤမျှ ပြင်းပြင်းထန်ထန် လှောင်ပြောင်ခိုင်းနေခြင်း ဖြစ်လေသည်။
ထို့အပြင် ဆွန်ဖုန်းက ဒီဂျားလော့ ရေနံမြေကို ရင်းနှီးမြှုပ်နှံခြင်းသည် သေချာပေါက် အရှုံးပေါ်မည်ဟု ဒေးဗစ် ယုံကြည်နေလေသည်။ ဆွန်ဖုန်း အနေဖြင့် ပင်လယ်ကြမ်းပြင်ရှိ မြေလွှာကျောက် အလွှာများ အောက်မှ ရေနံများကို တူးဖော်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားပေ။
ဒေးဗစ်၏ ရည်ရွယ်ချက်မှာ ဆွန်ဖုန်းကို မည်းမည်းသည်းသည်း တိုက်ခိုက်ပြီး သူ ကုမ္ပဏီ စာရင်းဝင်လာချိန်တွင် အခက်တွေ့စေရန် ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းက အကျိုးသက်ရောက်မှု သိပ်မရှိနိုင်သော်လည်း အနည်းဆုံးတော့ အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှုတော့ ရှိနိုင်သည် မဟုတ်ပါလော။
ယခုအခါ ဒေးဗစ်သည် ဆွန်ဖုန်း တစ်ယောက် မိမိ တူးထားသော တွင်းထဲသို့ မည်သို့ ခုန်ဆင်းသွားမည်ကို ကိုယ်တိုင် မျက်ဝါးထင်ထင် ကြည့်ရှုရန်ပင် ဆုံးဖြတ်ထားလေပြီ။
ဂျားလော့ ရေနံမြေရှိ နံပါတ် ၁ တူးဖော်ရေး စင်မြင့်ပေါ်တွင် ဆွန်ဖုန်းက နောက်ဆုံး အချောသတ် တပ်ဆင်နေသော တူးဖော်ရေး စင်မြင့်ကို ကြည့်နေလေသည်။ နောက်ထပ် တစ်လခန့် အကြာတွင် တရားဝင် စမ်းသပ် တူးဖော်နိုင်တော့မည် ဖြစ်လေသည်။
ဤတစ်ကြိမ် တပ်ဆင်ရေး လုပ်ငန်းစဉ် အတွက် ဆွန်ဖုန်းက နိုင်ငံတကာတွင် အကျော်ကြားဆုံး တပ်ဆင်ရေး ကုမ္ပဏီ တစ်ခုကို ငှားရမ်းထားခြင်း ဖြစ်သည်။
ထိုကုမ္ပဏီတွင် ဧရာမ သင်္ဘောကြီးများ၊ ကရိန်းကြီးများ အစရှိသည့် တပ်ဆင်ရေး စက်ပစ္စည်းများ အပြည့်အစုံ ရှိသည့်အပြင် ကျွမ်းကျင် အင်ဂျင်နီယာကြီးများလည်း ရှိသဖြင့် တပ်ဆင်ရေး အရှိန်မှာ သေချာပေါက် မြန်ဆန်မည် ဖြစ်လေသည်။ သေချာသည်ပေါ့ ချားလ်စ် ဦးဆောင်သော ဝန်ထမ်း အများအပြားကလည်း လိုက်လံ ကူညီပေးနေကြလေသည်။
ဆွန်ဖုန်းက X အမျိုးအစား စင်မြင့်၏ နည်းပညာများ ပေါက်ကြားသွားမည်ကိုလည်း မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် အဓိက နည်းပညာများကို ထိုမျှ အလွယ်တကူ လေ့လာ သင်ယူ၍ မရနိုင်သောကြောင့်ပင်။ ထို့ကြောင့်လည်း သူက ပြင်ပလူများကို ငှားရမ်းပြီး တပ်ဆင်ခိုင်းရဲခြင်း ဖြစ်လေသည်။
"ဘော့စ် နောက်ထပ် တစ်လခန့် အကြာမှာ ကျွန်မတို့ ရေနံ စတင် တူးဖော်နိုင်တော့မယ်နော် ကျွန်မကတော့ နည်းနည်း စိတ်ပူနေတယ်"
ဆွန်ဖုန်း၏ ဘေးတွင် ရပ်နေသော စူးမေး ၏ ဆံနွယ်လေးများက ပင်လယ်လေကြောင့် လွင့်ဝဲနေပြီး သူမ၏ မျက်နှာလေးမှာ အလွန် လှပ ကျက်သရေ ရှိနေလေသည်။ သို့သော် သူမ၏ မျက်နှာပေါ်တွင်တော့ အနည်းငယ် စိုးရိမ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
"ဟေး မိန်းမတွေက ဒီလိုပဲ စကားများပြီး အမြဲတမ်း စိတ်ပူနေတတ်ကြတာ ဆံပင်သာ ရှည်ပြီး ဉာဏ်တိုတယ် မင်း အခုလို စိုးရိမ် နောင်တရနေတော့ကော ဘာထူးမှာလဲ ဒီအထိ ရောက်နေပြီကို ရင်းနှီးမြှုပ်နှံစရာ ရှိတာ အကုန် ရင်းနှီးမြှုပ်နှံပြီးနေပြီလေ အခု ငါတို့က မျက်စိမှိတ်ပြီး ဆက်လုပ်ဖို့ပဲ ရှိတော့တယ် ပြီးတော့ ငါက ငါ့ရဲ့ ဒီဂျားလော့ ရေနံမြေ အပေါ်မှာ ယုံကြည်မှု အပြည့် ရှိတယ်"
ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြောလိုက်လေသည်။
"အင်းပါ ကျွန်မက ရှင့်ကို စိတ်ပူလို့ ကုမ္ပဏီကို စိတ်ပူလို့ ပြောတာကို ရှင်က ကျွန်မကို ပြန်နှိမ်နေတယ်ပေါ့"
စူးမေးက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်လေသည်။
"အို အခုတော့ မင်းက ငါ့ကို စိတ်ပူတတ်နေပြီပေါ့ ဒါ မင်း ငါ့ကို သဘောကျနေပြီ ဆိုတဲ့ အဓိပ္ပာယ်လား"
ဆွန်ဖုန်းက စူးမေး၏ စကားကို ကြားပြီးနောက် သူမ၏ လက်ကလေးကို ဆွဲကာ မေးလိုက်လေသည်။
"ဟေး ဘာလုပ်တာလဲ ဘယ်သူက ရှင့်ကို သဘောကျလို့လဲ ကုမ္ပဏီ ဒေဝါလီ ခံသွားရင် ကျွန်မ ဒီလောက် ကောင်းတဲ့ လစာ ယူစရာ မရှိတော့မှာ စိုးလို့ ဒီလောက် မြင့်တဲ့ ရာထူးမှာ ထိုင်စရာ မရှိတော့မှာ စိုးလို့ စိတ်ပူတာပါ"
စူးမေးက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ဆွန်ဖုန်း၏ လက်ထဲမှ ရုန်းထွက်လိုက်လေသည်။
"ဟူး အပေါ်ယံ အတွေးတွေ"
ဆွန်ဖုန်းက ပြန်ပြောလိုက်လေသည်။
"အဲ... ကျွန်မက တကယ်တော့ အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး"
စူးမေးက ဆွန်ဖုန်း အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်ကို မြင်သောအခါ အလျင်အမြန် ရှင်းပြလိုက်လေသည်။ သူမ၏ နောက်ပြောင်မှုက ဆွန်ဖုန်းကို စိတ်မကောင်း ဖြစ်သွားစေမည်ဟု သူမ မထင်ထားခဲ့ပေ။
"ကဲပါ နောက်တာပါ ဟားဟား ငါ့ကို ကြည့်ပြီး မင်း လန့်သွားတာလား"
"......”